← Chapters

ကျိန်စာသင့် လက်ပတ်

Vol. 2 Ch. 117

ကျိန်စာသင့် လက်ပတ်

Vol. 2 Ch. 117

ယွင်ချန်ချန်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဤသစ်သား လက်ပတ်လေးသည် ဘာမှ ထူးခြားသည့်ပုံ မပေါ်သော်လည်း ဘုန်းတော်ကြီး တစ်ပါးထံမှ ကောင်းချီးပေး ခံရသော လက်ပတ်လေး ဖြစ်ကာ သူမ သူငယ်ချင်းမှ လက်ဆောင် ပေးထားခြင်း ဖြစ်သည်။ ထို့ပြင် လက်ပတ်လေး၏ တန်ဖိုးသည် ယွမ်တစ်ထောင်ခန့် ရှိသည်။

ချန်းဖန်နှင့် သူမသည် ယနေ့မှ တွေ့ကြခြင်း ဖြစ်သော်လည်း ချန်းဖန်က သူမ တစ်ကိုယ်လုံးတွင် ဝတ်ဆင် ထားသမျှထဲမှ တန်ဖိုး အကြီးဆုံးအား တောင်းဆိုနေခြင်း ဖြစ်ရာ ယွင်ချန်ချန်၏ နေရာတွင် ဘယ်သူမဆို တုံ့ဆိုင်းမိမှာ ဖြစ်သည်။

“အစ်မယွင် အဲဒီ လက်ပတ်က အဝါရောင် နှင်းဆီသားနဲ့ လုပ်ထားတာ မလား ...”

ဝူကျွင်းကျဲ့က မေးလိုက်သည်။

“ကျင်းမြို့တော်က ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက် ဝတ်ထားတာ တွေ့ဖူးတယ် သူပြောတာတော့ ယွမ်နှစ်ရာ့ရှစ်ဆယ် ပေးရတယ်တဲ့ ဒါပေမဲ့ အစ်မ လက်ပတ်က သူ့ဟာထက် ပိုလှတယ် ဈေးပိုကြီးမယ် ထင်တယ်”

လင်းဝေ့ဝေ့နှင့် ရန်ရှောင်ပိုင် တို့သည် လက်ပတ်၏ တန်ဖိုးကြောင့် အံ့ဩသွားကြသည်။

ဝူကျွင်းကျဲ့တို့သည် ယွင်ချန်ချန်၏ မျိုးရိုးနာမည်မှာ ယွင်ဖြစ်ကြောင်း သိပြီးကတည်းက အစ်မယွင် ဟုသာ ခေါ်ကြတော့သည်။ သို့သော် ယွင်ချန်ချန်က မျိုးရိုး နာမည်သာ ပြောပြ ထားသောကြောင့် တကယ့် မင်းသမီး ယွင်ချန်ချန် ဖြစ်ကြောင်း မသိကြသေး။

လက်ပတ်၏ တန်ဖိုးအား ဝူကျွင်းကျဲ့မှ ထုတ်ဖော်လိုက်ပြီး ဖြစ်၍ ယွင်ချန်ချန်လည်း တုံ့ဆိုင်း မနေတော့ပဲ လက်ပတ်အား ချွတ်ကာ ချန်းဖန်ထံ ကမ်းပေးလိုက်ရင်း ပြောသည်။

“ဈေးက အဓိက မဟုတ်ဘူး ဒါပေမဲ့ ဒီလက်ပတ်က ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းက ခက်ခက်ခဲခဲ ရလာပြီး ကျွန်မကို လက်ဆောင် ပေးထားတာ အဲဒါကြောင့် သူက ဒီလက်ပတ်လေးကို အချိန်တိုင်း ဝတ်ထားဖို့နဲ့ မျက်စိအောက်က အပျောက်မခံဖို့ မှာထားလို့ပါ”

ချန်းဖန်သည် စကား ထပ်မပြောတော့ပဲ လက်ပတ်ကိုသာ လှမ်းယူလိုက်သည်။

နတ်ဘုရား စိတ်အာရုံ၏ စစ်ဆေးမှု အောက်တွင် သစ်သား လက်ပတ်၏ အဝါရောင်မှာ မှေးမှိန်သွားပြီး မူရင်းအရောင် ထွက်ပေါ်လာသည်။ လက်ပတ်တွင် ပါဝင်သော သစ်သားစေ့ တစ်စေ့ချင်းစီသည် နက်မှောင်နေပြီး အငြိုးအတေး ချီများက ပုတီးစေ့များအား ဝန်းရံထားသည်။

'ကျိန်စာ ...'

ချန်းဖန် ခန့်မှန်းသည်က မှန်နေခဲ့၏။

ကျိန်စာများသည် ခေတ်ကာလ ပြောင်းလာသည်နှင့် အမျှ အသုံးပြုပုံ များကလည်း အမျိုးမျိုးရှိ၏။ ရှေးယခင်က လူပုံသဏ္ဌာန် အရုပ်များနှင့် ကျိန်စာ တိုက်လေ့ ရှိကြသော်လည်း အသုံးအဆောင် ပစ္စည်းများတွင် ကျိန်စာ ထည့်သွင်း၍ သက်ရောက် စေသည်ကလည်း အသုံးများသော နည်းတစ်ခု ဖြစ်သည်။

ချန်းဖန်သည် သိလိုစိတ် ပြင်းပြသွားပြီး နတ်ဘုရား စိတ်အာရုံအား ပု‌တီးစေ့များ ထဲသို့ တိုးဝင် စေလိုက်သည်။

“ချပ်”

ချန်းဖန်၏ စိတ်ထဲ၌ ခပ်အုပ်အုပ် အသံတစ်ခုအား ကြားလိုက် ရပြီးနောက် မြင်ကွင်းတစ်ခုက သူ့ရှေ့တည့်တည့်၌ ဖြစ်ပေါ်လာသည်။

ချန်းဖန်၏ စိတ်အသိက မှောင်မည်း နေသော ဘုရားကျောင်း ဟောင်းကြီး တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ထိုဘုရားကျောင်း ထဲ၌ နတ်ဆိုး နတ်ဘုရားများ ကဲ့သို့ ခေါင်းလေးလုံး၊ လက်လေးဖက် ရှိသော ရုပ်တုများအား ကိုးကွယ် ပူဇော်ထားသည်။ နတ်ရုပ်များ၏ ရှေ့၌ ခေါင်းတုံးပြောင်နှင့် ဘုန်းကြီး တစ်ပါး မတ်တတ် ရပ်နေသည်။ ဘုန်းကြီး၏ လည်ပင်း၌ လူအရိုးများနှင့် ပြုလုပ်ထားသော ဆွဲကြိုးတစ်ကုံး ဆွဲထားသည်။ ထိုဘုန်းကြီး၏ အရှေ့ ကြမ်းပြင်၌ ဆွဲဆောင်မှု ရှိသော မိန်းမလှ တစ်ယောက် ဒူးထောက် ထိုင်နေသည်။ ဘုန်းကြီးက သစ်သား လက်ပတ် တစ်ခုအား ထုတ်ယူလိုက်ပြီး ထိုမိန်းမလှအား ကမ်းပေးလိုက်သည်။ ထို့နောက်တွင် ဘုန်းကြီးက မိန်းမလှ၏ ခေါင်းအား လက်ဖြင့်ထိ၍ တစ်စုံတစ်ရာအား တီးတိုး ‌ရွတ်ဖတ် လိုက်သည်။ နောက်ဆုံးတွင် မိန်းမလှသည် ဘုန်းကြီးအား ဦးညွှတ် နှုတ်ဆက်ပြီးနောက် ဘုရားကျောင်း အတွင်းမှ ထွက်ခွာ သွားသည်။ ချန်းဖန် မြင်နေရသော မြင်ကွင်းသည်လည်း ပျောက်ကွယ် သွားသည်။

ချန်းဖန်၏ ခေါင်းထဲ၌ မေးခွန်းများစွာ ပေါ်လာသည်။

'ခုန မိန်းမက ယွင်ချန်ချန်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဆိုတဲ့ တစ်ယောက်လား ...'

သူ၏ အတိတ်ဘဝက ယွင်ချန်ချန်နှင့် ပတ်သက်သည့် သတင်းများအား ပြန်လည် စဉ်းစား ကြည့်ပြီးနောက် ဖြစ်နိုင်သည်ဟု တွေးမိသည်။

ချန်းဖန်သည် လက်ပတ်အား ယွင်ချန်ချန် ထံသို့ ပြန်ပေးလိုက်ပြီး လေးနက်စွာ ပြောသည်။

“ခင်ဗျား ဒီလက်ပတ်ကို လွှင့်ပစ်ရင်ပစ် မဟုတ်ရင်လည်း မီးရှို့ပစ်လိုက်ပါ”

“ဘာကြီး ...”

ဝူကျွင်းကျဲ့ ခဏမျှ ဆွံ့အသွားသည်။

ယွင်ချန်ချန် သည်လည်း အံ့ဩ သွားသည်။ သူမ မျက်လုံးများထဲ၌ သတိနှင့် သံသယတို့ ဖြစ်ပေါ်လာပြီး မေးလိုက်သည်။

“ဘာကို ဆိုလိုတာလဲ ...”

“မနောက်နဲ့လေ ရှောင်ဖန် ဒီလက်ပတ်က ယွမ်တစ်ထောင်လောက် တန်တဲ့အပြင် အစ်မယွင်ရဲ့ အချစ်ဆုံး သူငယ်ချင်းက လက်ဆောင် ‌ပေးထားတာကို ဘယ်လိုဖြစ်ပြီး လွှင့်ပစ်တာတို့ မီးရှို့တာတို့ လုပ်ရမှာလဲ”

ဝူကျွင်းကျဲ့က အခြေအနေအား ဝင်ထိန်းသည့် အနေနှင့် စသလိုလို နောက်သလိုလိုနှင့် ‌ပြောလိုက်သည်။

ချန်းဖန်သည် ယွင်ချန်ချန်၏ အမူအရာအား ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“ဒီရက်ပိုင်း ခင်ဗျားရဲ့ အလုပ်မှာ အဆင်မပြေမှုတွေ ကြုံနေရတယ် ဆက်တိုက် ကံဆိုးနေပြီး ညဘက်တွေလည်း အိပ်မပျော်ဘူး အလုပ် လုပ်တဲ့နေရာမှာ အလွဲလွဲ အချော်ချော်တွေ ဖြစ်လာတယ် ကျွန်တော်ပြောတာ မှန်လား ...”

“မင်း ဘယ်လို သိတာလဲ ...”

ယွင်ချန်ချန်၏ အသံက သံသယတို့ ပြည့်နှက်နေသည်။

မင်းသမီး တစ်ယောက် အနေနှင့် သူမသည် အခြား သူများထက် သံသယ ကြီးတတ်သောစိတ် ရှိသည်။ ချန်းဖန်၏ တစ်လုံး မကျန် မှန်ကန်နေသော စကားများက သူမ၏ သတိထားမှုအား ပိုကြီးသွားစေသည်။ အနုပညာ လောကကား စစ်မြေပြင် တစ်ခု ဖြစ်သည်။ ယုံကြည်ရသူ များကပင် သစ္စာဖောက်တတ် ကြသည်ကို သူမ အမြဲ မြင်နေခဲ့ရသည်။ ထို့ကြောင့်လည်း သူမသည် ဤတစ်လျှောက်လုံး ကိုယ်ပိုင် ရေဘူး ယူလာပြီး အခြား သူတစ်ယောက် တိုက်သော ရေကိုပင် မသောက်ခဲ့။

ချန်းဖန်သည် ခေါင်းယမ်းပြီး စကား ဆက်မပြောတော့။ သူက ယွင်ချန်ချန်နှင့် ကံအကြောင်း တိုက်ဆိုင်စွာ တွေ့ခဲ့ ရသောကြောင့် ကူညီပေးဖို့ ကြိုးစားခဲ့သော်လည်း သူမကသာ သူ့အား မယုံကြည်ပါက သူ့အနေနှင့် သူမ သေသေရှင်ရှင် ဂရုစိုက်မည် မဟုတ်။

ချန်းဖန် ဘာမှ ဆက်ပြော မလာသည်ကို တွေ့ရတော့ ယွင်ချန်ချန်၏ သံသယများမှာ ပိုမို ကြီးထွား သွားသည်။ ကျန်လူ များမှာလည်း ချန်းဖန်နှင့် ယွင်ချန်ချန်၏ အခြေအနေအား အကဲခတ်ကာ စကား မပြောကြသောကြောင့် ရေကန်တစ်ခုလုံး ကိုးရိုးကားရား တိတ်ဆိတ် သွားသည်။

ခဏ ကြာပြီးနောက် ယွင်ချန်ချန်က မတ်တတ် ရပ်ကာ နှုတ်ဆက် လိုက်သည်။

“ကျွန်မမှာ ကိစ္စလေး တချို့ ရှိနေသေးလို့ ခွင့်ပြုပါဦး”

ဝူကျွင်းကျဲ့၏ ဆက်နေရန် တောင်းပန်မှုအား လျစ်လျူရှုကာ ယွင်ချန်ချန်သည် ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားသည်။

“အစ်မယွင်”

လင်းဝေ့ဝေ့သည်လည်း မတ်တတ်ရပ်ကာ ယွင်ချန်ချန် နောက်မှ လိုက်သွားသည်။

ရုတ်တရက် လူတစုက ရေကန်ရှိရာသို့ ဝင်လာကြသည်။

လူစု၏ ခေါင်းဆောင်မှာ အစောပိုင်းက ယွင်ချန်ချန်အား အတင်း ဆွဲခေါ်ခဲ့သော အရပ် ပုပုနှင့်လူ ဖြစ်သည်။ သို့သော် ယခု တစ်ကြိမ်တွင် ထိုလူ့ဘေး၌ ဖက်ရှင်ကျကျ ဝတ်စားထားသော မိန်းမ တစ်ယောက်ပါ ပါလာသည်။

ထိုမိန်းမအား မြင်သည်တွင် ယွင်ချန်ချန်က အံ့ဩသွားသည်။

“အစ်မချင် ... ဘာလို့ ဒီကို ရောက်နေတာလဲ ...”

“မင်းသမီးလေး ... နင်ငါ့ကို အသေများ သတ်ချင် နေတာလားဟင် ... ညစာစားပွဲမှာ ငါ့ကို တစ်ယောက်တည်း ထားခဲ့တာ ဒီနေရာကို လာဖို့လား ...”

ထိုမိန်းမသည် အသက် သုံးဆယ်ခန့် ရှိမည့်ပုံ ပေါ်ပြီး အရမ်းကြီး မလှသော်လည်း စမတ်ကျကျ ဝတ်ဆင် ထားသောကြောင့် ထက်မြက်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၏ ပုံစံနှင့် တူသည်။ သူမက ယွင်ချန်ချန်၏ မန်နေဂျာ ဖြစ်သည်။

“မမလေးယွင် ဒီမှာ မမလေးရဲ့ မန်နေဂျာလည်း ရောက်နေပြီ ဆိုတော့ ကျုပ်တို့နဲ့ လိုက်ခဲ့ပေးလို့ ရပြီလား သူဌေးနဲ့ လူကြီးမင်းထန် နှစ်ယောက်လုံးက မမလေးယွင်ကို စောင့်နေကြတယ်”

အရပ်ပုပုနှင့် လူက စိတ်မရှည်စွာ ပြောသည်။

“လူကြီးမင်း ထန်လည်း ရောက်နေတာလား ...”

ယွင်ချန်ချန်၏ မျက်နှာက ‌အရောင် ဖျော့သွားသည်။

“အစ်မယွင် ... အစ်မက တကယ်ပဲ မင်းသမီး ယွင်ချန်ချန်လား ...”

လင်းဝေ့ဝေ့က မယုံနိုင်စွာ မေးသည်။

ဝူကျွင်းကျဲ့သည် အံ့ဩမှုကြောင့် ထပင် ခုန်မိတော့ မတတ်။

သူမ၏ ဟန်ဆောင်မှု ပေါ်သွားသောကြောင့် ထပ်မံ ဖုံးကွယ် မနေတော့ဘဲ ယွင်ချန်ချန်က နေကာ မျက်မှန်ကြီးအား ချွတ်လိုက်သည်တွင် ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေး ထွက်‌ပေါ်လာသည်။

“အားလုံးကို ညာထားမိလို့ တောင်းပန်ပါတယ်”

ယွင်ချန်ချန်သည် လင်းဝေ့ဝေ့တို့အား တောင်းပန်သည့် အပြုံးတစ်ခု ပြုံးပြပြီး သူမ၏ မန်နေဂျာ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အစ်မချင် ကျွန်မ တစ်ယောက်တည်း အချိန်တစ်ခု အထိ နေချင်တယ်လို့ ပြောထားတယ်လေ လူကြီးမင်းထန်ကို ကျွန်မအစား တောင်းပန်တယ်လို့ ပြောပေးပါ”

အစ်မချင်က ပြောလာသည်။

“ချန်ချန် လူကြီးမင်းထန်က နင့်ကိုတွေ့ဖို့ ထျန်းဟယ်မြို့ အထိ ရောက်အောင် လာခဲ့ရတာလေ အနည်းဆုံး တစ်ကြိမ်လောက်တော့ သွားတွေ့ သင့်တယ်လို့ မထင်ဘူးလား ပြီးတော့လည်း..”

“ပြီးတော့ ဘာလဲ ...”

ယွင်ချန်ချန်က မေးသည်။

“ကျုပ်တို့ သူဌေးကလည်း မမလေးကို တွေ့ဖို့ စောင့်နေတယ် ကျုပ်တို့ သူဌေးကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့”

အရပ်ပုပုနဲ့ လူက ခြိမ်းခြောက် လိုက်သည်။

“ထျန်းဟယ်မြို့မှာ ကျုပ်တို့ သူဌေးကို ဘယ်သူမှ လာမရှုပ်ရဲဘူး”

“ရှင့်သူဌေးက ဘယ်သူလဲ ...”

ယွင်ချန်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

အရပ်ပုပုလူပင် ပြန်မဖြေရသေးခင် လင်းဝေ့ဝေ့က စိတ်မရှည်စွာ ‌ဝင်ပြောလိုက်သည်။

“အစ်မယွင်က မသွားချင်ဘူးလို့ ပြောနေတယ်လေ ရှင်တို့က ဘာတွေ လျှာရှည် နေတာလဲ ...”

ယွင်ချန်ချန်၏ ပရိသတ် တစ်ယောက် အနေနှင့် ယွင်ချန်ချန် အခက်တွေ့ နေသည်ကို လင်းဝေ့ဝေ့က မမြင်ရက်ပေ။

အရပ်ပုပုလူက လှောင်ပြောင်သံ စွက်လျက် ပြောလိုက်သည်။

“နားထောင်စမ်း ကလေးမ ငါတို့က ပြဿနာ မဖြစ်ချင်လို့ စကားကောင်းကောင်း ပြောနေတာ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးနေ”

ရုတ်တရက် ဝတ်စုံနက်များ ဆင်တူနှင့် သက်တော်စောင့် တစ်ဒါဇင်ခန့် အရပ်ပုပု လူ၏ အနောက်ဘက်၌ ထွက်ပေါ်လာသည်။ ထိုများဆီမှ ရှိန်လောက်စရာ အငွေ့အသက်ကြောင့် လင်းဝေ့ဝေ့နှင့် ဝူကျွင်းကျဲ့တို့ ထိတ်လန့် သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့ အားလုံးကား အထက်တန်း ကျောင်းသားလေး များသာ ဖြစ်ကြရာ ဤသို့သော မြင်ကွင်းမျိုးနှင့် အသား မကျသေးပေ။

ဝူကျွင်းကျဲ့က သတ္တိမွေး၍ ပြောလိုက်သည်။

“အစ်ကိုတို့ ကျွန်တော့် သူငယ်ချင်းက ထျန်းဟယ်မြို့က သခင်လေးတင်းပါ ကျွန်တော်တို့ စကားနဲ့ပဲ အေးအေးဆေးဆေး ဖြေရှင်းလို့ မရဘူးလား ...”

“သခင်လေးတင်း ဆိုတာ ဘယ်သူလဲ ...”

အရပ်ပုပု လူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“တင်းယို့ဝေပါ”

“ဟား..ဟား..”

အရပ်ပုပု လူက အထင်သေးစွာ ရယ်မောလိုက်သည်။

“မင်းက သူ့ကို သခင်လေး တပ်ပြီး ခေါ်တယ်ပေါ့လေ ... ဟာသပဲ တင်းယို့ဝေရဲ့ အဖေတောင် ငါတို့ သူဌေးကို မလွန်ဆန်ရဲဘူး”

ဝူကျွင်းကျဲ့လည်း မျက်နှာ ပျက်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့။ သူတို့ ရင်ဆိုင် နေရသူကား တင်းယို့ဝေ၏ ဖခင်ထက်ပင် အာဏာရှိသူ ဖြစ်နေသည်။

အရပ်ပုပုနှင့် လူသည် အမြင်ကတ်ဖွယ် အပြုံးကြီး တစ်ခုနှင့် ယွင်ချန်ချန်၏ လက်ကောက်ဝတ်အား လှမ်းဆွဲလိုက်သည်။

“ဝေးဝေး သွားစမ်း”

လင်းဝေ့ဝေ့မှာ နဂိုကပင် စိတ်ဆတ်သူ ဖြစ်သည့် အလျောက် ပါးစပ်က အော်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ကပါ လှုပ်ရှားသွားသည်။ လင်းဝေ့ဝေ့၏ တစ်ပတ်လည် ကန်ချက်ကြောင့် အရပ်ပုပု လူမှာ အနောက်ဘက်သို့ လွင့်ထွက်သွားသည်။

“မန်နေဂျာ”

အရပ် ပုပုနှင့်လူ လွင့်ထွက် သွားသည်ကို ကြည့်ရင်း သက်တော်စောင့်များ၏ မျက်နှာမှာ အရုပ်ဆိုး သွားသည်။ အရပ်ပုပု လူကား သူဌေး၏ ယောက်ဖ တော်စပ်သူ ဖြစ်သည်။ သူဌေး‌တွင် မိန်းမပေါင်း များစွာ ရှိသည့်အနက် အရပ်ပုပုလူ၏ ညီမ ဒုတိယဇနီးကား သူဌေး အချစ်ဆုံး ဖြစ်သည်။ အရပ်ပုပု လူသာ တစ်ခုခု ဖြစ်သွားပါက သူတို့အား သူဌေးက ဒီတိုင်း ထားမည် မဟုတ်ပေ။

အရပ်ပုပု လူသည် မြေပြင်ပေါ်မှ မနည်း ကုန်းရုန်း ထလာရပြီး လင်းဝေ့ဝေ့အား စူးစူးရဲရဲ လှမ်းကြည့်ကာ အော်လိုက်သည်။

“အဲဒီ ကလေးမကို မလွတ်စေနဲ့ ငါ့အိပ်ရာပေါ်ကို ခေါ်ခဲ့ ဒီလောက် ရိုင်းစိုင်းနေတာ ယဉ်ပါးအောင် သင်ပေးရမယ်”

သက်တော်စောင့် များသည် လင်းဝေ့ဝေ့ထံသို့ တစ်ရှိန်ထိုး ပြေးဝင်လာကြသည်။

လင်းဝေ့ဝေ့၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမက သိုင်းပညာ မတောက်တခေါက် တတ်သည် ဆိုသော်လည်း ကျွမ်းကျင်သော သက်တော်စောင့် တစ်ဒါဇင်ခန့်အား တစ်ပြိုင်နက်တည်း တိုက်ခိုက် နိုင်လောက်အောင် မဟုတ်ပေ။

“မလုပ်နဲ့”

ယွင်ချန်ချန်က အော်လိုက်သည်။ လင်းဝေ့ဝေ့သည် သူမအတွက်နှင့် ဤကိစ္စအတွင်း ပါဝင်လာရခြင်း ဖြစ်ရာ သူမအနေနှင့် လက်ပိုက် ကြည့်မနေနိုင်ပေ။

သို့သော်လည်း သက်တော်စောင့်များက မရပ်တန့်ကြ။ ယွင်ချန်ချန်သည် အစ်မချင်အား အကူအညီ ရလိုရငြား လှည့်ကြည့် သော်လည်း အစ်မချင် ကိုယ်တိုင်တောင် ဘာမှ မတတ်နိုင်ပါ။

ဝူကျွင်းကျဲ့နှင့် ရန်ရှောင်ပိုင်တို့သည် ‌ကြောက်ဒူး တုန်နေကြ သော်လည်း လင်းဝေ့ဝေ့အား ကာကွယ်ရန် သူမရှေ့၌ ပိတ်ရပ်လိုက်သည်။ သူတို့ အားလုံးက အတူတူ ကြီးပြင်း လာခဲ့ကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ အတူတူ ဒုက္ခ ရောက်ရမည် ဆိုလျှင်တောင် သူမ တစ်ယောက်တည်းအား ပစ်မထားနိုင်ပေ။

ရုတ်တရက် တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော ချန်းဖန်က အော်လိုက်သည်။

“ထုံရှန်း”

ထုံရှန်းက မတ်တတ်ရပ် လိုက်သည်တွင် သူ၏ အမြှောင်းလိုက် ထနေသော ကြွက်သားများနှင့် ကြေးနီရောင် ခန္ဓာကိုယ်ကြီးက မပြိုလဲနိုင်သော တောင်ကြီးတစ်တောင် အလား ထင်ရစေသည်။

“သေတာပဲ”

သက်တော်စောင့် တစ်ယောက်က ကူကယ်ရာမဲ့စွာ အော်လိုက်သည်။

***

All Chapters