← Chapters

ပူးပေါင်းကြံစည်ခြင်း ၂

Vol. 2 Ch. 17

ပူးပေါင်းကြံစည်ခြင်း ၂

Vol. 2 Ch. 17

နေရာမှာ မြောက်ပိုင်းမြို့တော်၊ တောင်ပိုင်းခရိုင်၊ လင်မျိုးနွယ်စု ပင်မခြံဝင်းအတွင်း၌ ဖြစ်သည်။ ခြံဝင်းသည်ဟက်တာပေါင်းများစွာ ကျယ်ဝန်းလှပြီး ခြံဝင်းအလယ်တွင်ကား အိမ်အလုံးပေါင်း ရာနှင့်ချီ၍ တည်ဆောက်ထား၏။ ထိုမျှသာမကာသေး အလွန်လှပသော ပန်းဥယျဉ်ပေါင်း ဆယ်ခုမကပင်ရှိနေသေး၏။ ခြံဝင်းတခုလုံးသည်စုလစ်မွန်းချွံ အဆင်တန်ဆာအမျိုးမျိုးနှင့်မျက်စိကျိန်းစပ်လောက်အောင်ဝင်းလက်တောက်ပြောင်နေပြီး မြင်ရုံနှင့်အလွန်ကြွယ်ဝချမ်းသာမှန်း သိသာနေသည်။

လင်မျိုးနွယ်စု၏ ဘိုးဘေးဘီဘင်များသည်မူလက သားလိုက်မုဆိုးများ ဖြစ်ကြ၏။ တနေ့တွင်တော့ မုဆိုးများထဲမှ တယောက်သည်အမဲလိုက်နေရင်း အလွန်ရှားပါးသည့်နတ်ဆိုးမျိုးနွယ်သားပေါက်တကောင်ကို မမျှော်လင့်ပဲ ဖမ်းဆီးရရှိခဲ့လေသည်။ ထိုနေ့ထိုအချိန်မှစ၍ လင်မျိုးနွယ်များသည်တဟုန်ထိုး ကြွယ်ဝချမ်းသာလာခဲ့ပြီး ကိုယ်ပိုင်အိမ်တော်တခုကို တည်ဆောက်နိုင်ခဲ့၏။

အမှန်တကယ်အားဖြင့်ကျန်သော မျိုးနွယ်စု သုံးစုသည်လည်း အထက်ပါ နည်းလမ်းအတိုင်း တိုးတက်အောင်မြင်လာခြင်းသာ ဖြစ်သည်။

စုချန်ချင်းသည်မူလက အနီရောင်စွန်ပလွံသီးများကို ရောင်းဝယ်သော သာမာန်ကုန်သည်တယောက်သာ ဖြစ်သည်။ တနေ့တွင်တော့ သူသည်အစာရေစာ ငတ်မွတ်မှုကြောင့်သေမတတ်ဖြစ်နေသော အဖိုးအိုတယောက်ကို စွန်ပလွံသီးများ လှုဒါန်းလိုက်ရာမှာ "ဒေါသထွက်နေသော မီးလျံ၏ နှလုံးသား" နည်းစနစ်ကို ရရှိခဲ့၏။ နောက်ဆုံးတွင်သူသည်ချီလမ်းကြောင်းပေါ်တွင်အောင်မြင်စွာ လျှောက်လမ်းနိုင်ခဲ့ပြီး ကိုယ်ပိုင်အိမ်တော်ကို တည်ထောင်နိုင်ခဲ့တော့သည်။

မျိုးနွယ်စုလေးစုအနက်လင်မျိုးနွယ်စု တခုတည်းသာလျင်စစ်မြေပြင်တွင်စွမ်းရည်များ တိုးမြင့်လာအောင်ဆက်လက်လေ့ကျင့်ခဲ့ကြပြီး နောက်ဆုံးတွင်စစ်သည်တော်ကောင်းများ ဖြစ်လာကြ၏။ သူတို့မျိုးနွယ်စုများ လက်ခံရရှိခဲ့သည့်ကံကြမ္မာသည်မည်မျှပင်ကွဲပြားခြားနားစကာမူ သူတို့၏ ခွန်အားနှင့်စွမ်းအင်မှာကား ညီတူညီမျှသာတည်း။ ဤကမ္ဘာပေါ်တွင်သူတို့ကဲ့သို့ ကံကြမ္မာကောင်းနှင့်ကြုံတွေ့ခဲ့ရသူ များစွာရှိကြသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်လာအောင်မလုပ်နိုင်ခဲ့လျင်သူတို့၏ အောင်မြင်မှုသည်အကန့်အသတ်နှင့်သာ ရှိနေပေလိမ့်မည်။

လက်ရှိ လင်မျိုးနွယ်စု၏ ခေါင်းဆောင်မှာ လင်ယွန်ရှင်းဖြစ်၏ ။ သူ့တွင်သားသုံးယောက်နှင့်သမီးနှစ်ယောက်ရှိလေသည်။ အခြားသော မျိုးနွယ်စုများနည်းတူ လင်းမျိုးနွယ်စုသည်လည်း စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို ပိုင်ဆိုင်ကြသည်။ သို့သော်ငြားလည်း သူတို့၏ အဓိက စီးပွားရေးလုပ်ငန်းမှာကား သားရဲတိရိစ္ဆာန်ဥယျဉ်ပင်ဖြစ်၏။ လင်မျိုးနွယ်များ အားလုံးလိုလိုသည်သားရဲတိရိစ္ဆာန်များကို မွေးမြူရာနှင့်လေ့ကျင့်ရာတွင်တဖက်ကမ်းခတ်သူများ ဖြစ်ပြီး အလွန်ရိုင်းစိုင်းကြမ်းတမ်းသော တိရိစ္ဆာန်များကိုပင်ခိုင်းစေအသုံးပြုနိုင်ရန်လေ့ကျင့်ပေးနိုင်ကြ၏။

လူသားမျိုးနွယ်စုများကို လေ့လာကြည့်လျင်ထိုကဲ့သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူ အများကြီး မရှိချေ။ သားရဲဆိုးများသည်သူတို့ နာမည်နှင့်လိုက်အောင်အလွန်ပင်ရိုင်းစိုင်းကြမ်းတမ်းလှပြီး ထိမ်းချုပ်ရန်ခက်ခဲ၏။ ထိုသတ္တဝါများသည်ဒေါသထွက်လွယ်ပြီး အကြမ်းဖက်မှုများ မကြာခန ပြုလုပ်တတ်လေရာ သူတိုို့ကို ယဉ်ကျေးသိမ်မွေ့လာအောင်ပြုလုပ်ရန်ကိစ္စမှာ အလွန်တရာ ခက်ခဲလှ၏။

သို့သော်လင်မျိုးနွယ်များအဖို့ကား ထိုကိစ္စမှာ သိပ်မခက်လှ။ သူတို့သည်ရိုင်းစိုင်းသော သတ္တဝါဆိုးများကို လိမ္မာယဉ်ကျေးလာအောင်ပြုလုပ်ပြီး မင်းမျိုးမင်းနွယ်များထံတွင်ဈေးတင်ကာ ရောင်းစားကြလေသည်။ အထက်ပါနည်းလမ်းဖြင့်လင်မျိုးနွယ်စုသည်မိမိကိုယ်မိမိ အခြေခိုင်မာအောင်ကြိုးစားနိုင်ခဲ့ကြ၏။

သားရဲတိရိစ္ဆာန်ဥယျာဉ်သည်လင်ခြံဝင်း၏ အနောက်ဘက်တွင်ရှိ၏။ တချိန်တည်းမှာပင်ထိုနေရာသည်စုချန်း လာရာလမ်းပေါ်တွင်ရှိနေသည်ဟု ဆိုနိုင်ပေသည်။ အမှန်တကယ်အားဖြင့်စုချန်းအနေနှင့်လင်မျိုးနွယ်စု၏ သားရဲဥယျာဉ်ကို ခပ်ဝေးဝေးမှပင်ရှောင်ကွင်းသွားချင်လှသည်။ သို့သော်ထိုသို့ ပြုလုပ်၍ မရပေ။ အကြောင်းမှာ ကုချိန်းလွှာသည်သားရဲဥယျာဉ်အနီးရှိ ရေကန်လေးဘေးတွင်တည်ဆောက်ထားသော အိမ်ငယ်လေးတလုံးအတွင်း၌ နေထိုင်လျက်ရှိသောကြောင့်ပင်။

အဆိုပါ ရေကန်လေးသည်အလွန်တရာမှပင်သာယာလှပပြီး မျက်စိ ပသာဒ ဖြစ်လှပေ၏။ ရေကန်အနီးတွင်အဖြူရောင်ကျူပင်များသည်အဆုပ်လိုက်အခဲလိုက်ပေါက်ရောက်နေကြပြီး တခါတရံတွင်ကား အနက်ရောင်ဘဲငန်းများ ဟိုမှသည်မှ လူးလားကူးခတ်နေသည်ကိုပင်တွေ့ရှိရတတ်ပေသည်။ စုချန်း၏ ငယ်ဘဝကား ပျော်စရာကောင်းလှ၏။ တခါတရံတွင်သူသည်အဆိုပါ ရေကန်အနီးသို့ လာရောက်ဆော့ကစားလေ့ ရှိလေသည်။

လင်မျိုးနွယ်စုများနှင့်ပက်ပင်း တိုးမိသည့်အခါတွင်ကား ၎င်းတို့သည်သူ့အား ဖမ်းဆီးကာ စုမျိုးနွယ်ဆီသို့ ပြန်ပို့တတ်၏။ နောက်ဆုံးတွင်စုချန်းတယောက်မိဘများ၏ ရိုက်နှက်ခြင်း ခံရသည်သာ အဖတ်တင်လေ့ရှိသည်။ ထိုအချိန်က စုချန်းသည်တင်ပါးရှိ ဒဏ်ရာများကို ပွတ်သပ်ကာ ဤနေရာသို့ ဘယ်တော့မှ ပြန်မလာတော့ဟု ကျိန်ဆိုခဲ့ဖူး၏။ ရေကန်အနီးရှိ အိမ်ငယ်လေးသို့ နောက်တကြိမ်သူပြန်ရောက်လာလိမ့်မည်ဟု မည်သူ တဦးတယောက်ကမျှ မျှော်လင့်လိမ့်မည်မဟုတ်။

သို့သော်ယခုအချိန်တွင်ကား စုချန်းအဖို့ ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ ဆိုးကျိုးများနှင့်ပတ်သက်၍ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။ သူသည်မျက်မမြင်တယောက်မျှသာ ဖြစ်လေရာ အကယ်၍ လင်မျိုးနွယ်ဝင်များ သူ့ကို တွေ့ရှိသွားလျင်ပင်သိပ်တော့ ပြသနာ မရှိသေး။ သူ့အနေနှင့်လမ်းမှား၍ ရောက်လာသည်ဟု ပြောနိုင်မည်မဟုတ်ပါလား။ ထိုအကြောင်းပြချက်သည်လက်သင့်ခံနိုင်လောက်သော အကြောင်းပြချက်ဖြစ်လေရာ စုချန်းသည်စိုးရိမ်ပူပန်ခြင်း မရှိပဲ ရှေ့သို့ ဆက်လက်လျှာက်လာခဲ့၏။

လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်လှသော တောတွင်း မုဆိုးလမ်းလေးအတိုင်း စုချန်း လျှောက်လှမ်းလာ၏။ သူသည်လျင်လျင်မြန်မြန်ပင်တောအုပ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။ သူ့မျက်လုံးရှေ့တွင်မှုန်ဝါးဝါး ရေပြင်ကျယ်ကြီး ပေါ်လာ၏။ ရေကန်ငယ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်ရှိလာခဲ့လေပြီ။

စုချန်းသည်အတိတ်ကာလတုန်းကကဲ့သို့ ရေကန်ငယ်၏ သဘာဝအလှတရားကို မြင်နိုင်စွမ်း မရှိတော့သော်ငြား သူမှတ်မိနေသေးသည့်လမ်းအတိုင်း အိမ်ကလေးဆီသို့ ဦးတည်ကာ တလှမ်းပြီးတလှမ်း ဂရုတစိုက်နှင့်လျှောက်လှမ်းနေ၏။

အဆိုပါ နယ်မြေသည်လင်မျိုးနွယ်စု၏ အစောင့်အရှောက်များ အတော်လေး ထူထပ်သော နယ်မြယ်ဖြစ်သည်။ သို့သော်စုချန်းသည်သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနှင့်တောစပ်ကလေးသဖွယ်ဖြစ်ပေါ်နေသော နေရာတွင်ရောက်ရှိနေရာ မြင်ကွင်း ကန့်သတ်ချက်ရှိနေသည့်အပြင်သူ၏ အကြားအာရုံကလည်း အံ့မခန်း ကောင်းမွန်နေခဲ့၏။ ထို့ကြောင့်ပင်သူသည်အစောင့်အုပ်စုနှစ်စုကို အလွယ်တကူပင်ရှောင်ကွင်း သွားလာနိုင်ခဲ့လေသည်။

ရေကန်အနီးရှ်ိ အိမ်ငယ်သို့ ရောက်ခါနီး ဆဲဆဲတွင်သူ့ရှေ့မှ သစ်ရွက်များပေါ်ကို နင်းဖြတ်ကာ လျှောက်နင်းလာသော ခြေသံများကို စုချန်း ရုတ်တရက်ကြားလိုက်ရ၏။ ခြေသံမှာ သိပ်မကျယ်လှပါ။ သို့သော်ထိုမျှလောက်သော အသံသည်ပင်စုချန်းအတွက်လုံလောက်နေခဲ့ပြီ။ ထိုအခါ သူက ကြီးမားသော သစ်ပင်ကြီးတပင်၏ နောက်တွင်ရုတ်တရက်ပုန်းအောင်းလိုက်၏။

ခြေသံမှာ တဖြည်းဖြည်း နီးကပ်လာ၏။ နားထောင်မိသည့်ပုံစံအရ လူနှစ်ဦးလမ်းလျှောက်လာသည့်ခြေသံများပင်။ ကံမကောင်းအကြောင်းမလှစွာပင်ထိုလူနှစ်ဦး၏ ခြေသံများသည်စုချန်းရှိရာသို့ ဦးတည်နေ၏။ ထိုလူနှစ်ယောက်၏ လမ်းလျှောက်ပုံကလည်း လျင်မြန်လှသည်။

အချိန်တစက္ကန့်မျှ တွန့်ဆုတ်ခဲ့ခြင်းကြောင့်စုချန်းအဖို့ ထွက်ပြေးလွတ်မြောက်ရန်အခွင့်အရေး ဆုံးရှုံးခဲ့ရပေပြီ။ အကယ်၍ ထွက်ပြေးခဲ့လျင်ပင်မျက်မမြင်တယောက်အဖို့ ထွက်ပြေးလွတ်မြောက်နိုင်ဖွယ်ရာ သိပ်မရှိ။ သူ့အနေနှင့်တခြားရွေးချယ်စရာ သိပ်မရှိတော့။ သစ်ပင်နောက်ကွယ်၌ပင်မူလပုံစံအတိုင်း ပုန်းကွယ်နေရန်သာ ရှိတော့သည်။

ကံကောင်းထောက်မစွာပင်ထိုလူနှစ်ယောက်သည်သစ်ပင်ကြီးနှင့်သိပ်မဝေးလှသော နေရာတွင်ရပ်တန့်သွား၏။

All Chapters