← Chapters

သွေးစွန်းသောတိုက်ပွဲ

Vol. 2 Ch. 18

သွေးစွန်းသောတိုက်ပွဲ

Vol. 2 Ch. 18

တောအုပ်အတွင်းတွင်စုချန်းတယောက်ခြေကုန်သုတ်၍ ပြေးလွှားနေ၏။ သူ၏ ပုံစံမှာ မီးပုံအတွင်းရောက်ရှိနေသည်နှင့်တူလှသည်။

သူ့ကိုယ်သူ ကြီးမားသော ဒုက္ခတောကြီးအတွင်း ဆွဲသွင်းမိပြီဖြစ်ကြောင်း စုချန်း ကောင်းကောင်း သဘောပေါက်၏။ သူတပါး၏ လျှို့ဝှက်ချက်များကို အမှတ်မထင်ပဲ ကြားသိခဲ့ရပြီ ဖြစ်လေရာ ၎င်းတို့သည်သူ့အား အလွယ်တကူနှင့်လွှတ်ပေးတော့မည်မဟုတ်။ မရမက လိုက်လံဖမ်းဆီးတော့မည်သာ။

လင်ချီးသည်လင်မျိုးနွယ်စု၏ ဒုတိယမျိုးဆက်များထဲမှ တယောက်ဖြစ်သည်။ သူသည်ပင်မမျိုးနွယ်စုထဲမှ မဟုတ်ပဲ ဆွေမျိုးနီးစပ်သာ ဖြစ်သော်လည်း ချီပညာတော်သင်အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့၏။ ထို့ကြောင့်စုချန်း၏ မျက်လုံးများ အလုံးစုံ ကောင်းမွန်နေခဲ့လျင်ပင်လင်ချီးသည်စုချန်း၏ ပြိုင်ဘက်မဟုတ်။

ချီစွမ်းအားပညာရှင်တယောက်၏ တိုက်ခိုက်မှုကို စုချန်း ကောင်းကောင်း မြင်ဖူး၏။ သူတို့၏ တိုက်ခိုက်ပုံသည်သာမာန်တိုက်ခိုက်ရေးပညာရှင်တယောက်၏ တိုက်ခိုက်ပုံနှင့်သိပ်မတူညီလှ။ ၎င်းတို့သည်သာမာန်လူသားတယောက်ကိုင်တွယ်သုံးစွဲရန်မဖြစ်နိုင်သော မူလစွမ်းအင်များကို သိုင်းကွက်များအတွင်း ပေါင်းစပ်အသုံးပြုနိုင်စွမ်း ရှိကြ၏။

"ငါ ဒီအန္တရာယ်က လွတ်အောင်လုပ်ရမယ်"

နှလုံးသားထဲတွင်ကျယ်လောင်စွာ အော်ဟစ်ရင်း စုချန်းတယောက်အစွမ်းကုန်ပြေးလွှားနေ၏။ သို့သော်သူပို၍ ထိတ်လန့်လာလေလေ သူ့အာရုံမှာ ပို၍ ရှုပ်ထွေးလာလေလေပင်။ သူ့အနေနှင့်ရှေ့တူရှုရှိ သစ်ပင်များကို မြင်နိုင်သော်လည်း အနှီသစ်ပင်များ၏ အမြစ်များကိုမူ မြင်နိုင်စွမ်းမရှိလေရာ အတော်ပင်ဒုက္ခရောက်နေ၏။ ထိုအခိုက်မှာပင်စုချန်းသည်သစ်ပင်တပင်၏ အမြစ်ကို ဝုန်းခနဲ ဝင်တိုက်မိကာ လေထဲသို့ လွင့်ထွက်သွားလေတော့သည်။ အကျနာသွားသော်လည်း စုချန်း စိတ်မလျှော့ပါ။

သူက လေးဘက်ထောက်၍ တွားသွားရန်ကြိုးစားလိုက်သည်။ သို့သော်သူနောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ခြေထောက်တချောင်းက သူ၏ ကျောပြင်ကို ဖိနင်းထားခဲ့လေပြီ။ လင်ချီး၏ ခြေထောက်ပေတည်း။ လင်ချီးက အေးစက်သောလေသံနှင့်ရယ်မောလိုက်သည်။

"ဟား ဟား ဟား ပြေးလေကွာ ပြေးစမ်းပါ ဘာလို့ ဆက်မပြေးတော့တာလဲ မျက်မမြင်တယောက်က ဘယ်လောက်မြန်မြန်ပြေးနိုင်မလဲ ငါသိချင်သေးတယ်"

စုချန်းက အံကို တင်းတင်းကြိတ်လိုက်၏။ ထို့နောက်သွားကြားထဲမှ ထွက်လာသောအသံနှင့်ပြန်လည်ဟိန်းဟောက်လိုက်သည်။

"ငါ ဘယ်လောက်မြန်မြန်တိုက်ခိုက်နိုင်မလဲ မင်းသိရတော့မှာပါ"

ပြောပြောဆိုဆို သူက တံတောင်ဆစ်ကို အသုံးပြုကာ နောက်ပြန်တွက်လိုက်၏။ နောက်ပြန်တွက်ရသည့်အတွက်စုချန်း၏ အင်အားနှင့်လက်အနေအထားမှာ ကန့်သတ်ချက်တချို့ ဖြစ်ပေါ်နေခဲ့ရာ သူ့လှုပ်ရှားမှုမှာ အတော်ပင်မြန်ဆန်သော်ငြား လင်ချီးအတွက်မှာမူကား မည်သည့်အန္တရာယ်မျိုးမှ မဖြစ်ပေါ်စေခဲ့ချေ။ စုချန်း၏ တံတောင်ရိုက်ချက်ကို လင်ချီးက သက်တောင့်သက်သာနှင့်ပင်တားဆီးလိုက်သည်။

မျက်မမြင်တယောက်၏ မမျှော်လင့်သော တုံ့ပြန်မှုကြောင့်လင်ချီး ဒေါသအမျက်ချောင်းချောင်းထွက်လာ၏။

"တယ်ဟုတ်တဲ့ကောင်ပဲ မင်းက ငါနဲ့ တိုက်ခိုက်ချင်တာပေါ့ ဟုတ်လား"

အမှန်တကယ်တွင်တော့ စုချန်းသည်နတ်ဘုရားကိုယ်ထည်အဆင့်မျှသာ ရှိပြီး မျက်မမြင်တယောက်လည်း ဖြစ်နေသေးရာ ဤအခြေအနေမျိုးတွင်လင်ချီးကို ဒူးထောက်တောင်းပန်သင့်၏။ သို့သော်ဒင်းက မတောင်းပန်သည့်အပြင်သူ့ကိုပင်ပြန်လည်တုံ့ပြန်ရန်ကြိုးစားနေသေးသည်။ မသိသားဆိုးဝါးလှသော မျက်မမြင်လူငယ်ကိုကြည့်ရင်း လင်ချီးတယောက်ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူက စုချန်း၏ ညာဖက်လက်ကို အင်အားအနည်းငယ်သုံးကာ ဖြတ်ခနဲ ဆုပ်ကိုင်လိုက်၏။

ချွတ်ခနဲ အရိုးကျိုးသံ ပေါ်လာ၏။ စုချန်း၏ ညာဖက်လက်သည်ကား သွင်သွင်ကျိုးသွားခဲ့လေပြီ။

"အား"

ပြင်းထန်သော နာကျင်မှုကြောင့်စုချန်းတယောက်မခံနိုင်တော့ပဲ အော်ဟစ်လိုက်မိတော့သည်။

လင်ချီးသည်စုချန်း၏ ကိုယ်ခန္ဓာအား ဆုပ်ကိုင်ထားရာမှ မလွှတ်သေးချေ။ သူက ညာဖက်လက်သီးကို ဆုပ်ရင်း စုချန်း၏ ကိုယ်ခန္ဓာ အလယ်ပိုင်းကို အားရပါးရ ထိုးနှက်ရန်ဟန်ပြင်လိုက်သည်။ ထူးဆန်းသည်မှာ ၎င်း၏ ညာဖက်လက်သည်မှေးမှိန်ဖျော့တော့သော အလင်းရောင်တမျိုးနှင့်ထူးဆန်းစွာ တောက်ပလာခြင်းပင်။ အနှီ လက်သီးချက်မျိုးသည်စွမ်းအင်မပြည့်ဝလျင်မည်သည့်အကျိုးသက်ရောက်မျိုးမျှ မရှိချေ။ လက်သီးကွက်မှ ထွက်ပေါ်လာသော စွမ်းအားကြောင့်စုချန်း၏ ကိုယ်ခန္ဓာတခုလုံးသည်နှစ်ခြမ်းကွဲတော့မည်ကဲ့သို့ ခံစားနေရ၏။

လင်ချီးက တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

"ငါ့ရဲ့ သံမဏိလက်သီးကွက်က ဘယ်လောက်တောင်ထူးခြားဆန်းကြယ်ပြီး လှပလိုက်သလဲဆိုတာ ကြည့်ထားစမ်းဟေ့ ဒါမျိုးက ငါတို့လို ချီစွမ်းအား ပညာရှင်တွေပဲ အသုံပြုနိုင်တာမျိုးကွ ဒါတောင်ငါက အင်အားကို ဆယ်ပုံပုံရင်သုံးပုံလောက်ပဲ အသုံးပြုထားသေးတာ တကယ်လို့ အင်အား အပြည့်အဝသာ အသုံးပြုလိုက်ရင်မင်းလိုကောင်ရဲ့ ကိုယ်ခန္ဓာက တစစီ ဖြစ်သွားတော့မှာပဲ ဟား ဟား ဟား"

ချီစွမ်းအားပညာရှင်များနှင့်သာမာန်သိုင်းပညာရှင်များ ကြားထဲမှ အကြီးမားဆုံးသော ကွဲပြားခြားနားချက်မှာ မူလစွမ်းအင်ကို အသုံးပြုနိုင်စွမ်း ရှိခြင်း/မရှိခြင်းဟူသော အချက်ဖြစ်သည်။ လက်သီးထိုးသော နည်းစနစ်များမှာ သိပ်မကွဲပြားလှသော်လည်း လက်သီးကွက်တွင်မူလစွမ်းအင်ကို ထည့်သွင်းအသုံးပြုနိုင်ခြင်းဟူသော အချက်ပေါ်တွင်မူတည်ပြီး ချီစွမ်းအားပညာရှင်များ၏ လက်သီးကွက်သည်သာမာန်သိုင်းပညာရှင်များထက်အဆပေါင်းများစွာ သာလွန်၏။ မူလစွမ်းအင်ကို တိုက်ခိုက်မှုများတွင်ထည့်သွင်း အသုံးပြုနိုင်သော စွမ်းရည်ကိုပင်မူလစွမ်းအင်ကျွမ်းကျင်မှု သို့မဟုတ်မူလကျွမ်းကျင်မှုဟု ခေါ်ဆိုသမုတ်ကြကုန်၏။

မူလကျွမ်းကျင်မှု အမ်ျိုးအစားပေါင်းများစွာ ရှိ၏။ တခုချင်းစီတွင်လည်း ကိုယ်ပိုင်ထူးခြားသော ဝိသေသလက္ခဏာပေါင်းများစွာ ရှိကြလေသည်။ ၎င်းတို့၏ ခွန်အားနှင့်ဝါစဉ်ကို နှိုင်းယှဉ်သုံးသပ်ကြည့်လျင်ကား တမျိုးနှင့်တမျိုးမတူပဲ ကွဲပြားခြားနားနေကြောင်း တွေ့ရပေလိမ့်မည်။ ယခု လင်ချီး ထုတ်ဖော်လိုက်သည်ထူးခြားဆန်းကြယ်သံမဏိလက်သီးကွက်အမျိုးအစားသည်မူလကျွမ်းကျင်မှုဟုပင်သတ်မှတ်ခြင်း မခံရသည့်အဆင့်နိမ့်နည်းစနစ်တမျိုးမျှသာ ဖြစ်သည်။

ပျံသန်းခြင်း၊ ကိုယ်ဖျောက်နိုင်ခြင်း၊ မီးတောက်မီးလျံများကို ထိန်းချုပ်နိုင်ခြင်း စသည့်လူသားတို့၏ လုပ်ဆောင်မှု နယ်နိမိတ်ကို ကျော်လွန်နေသော စွမ်းရည်မျိုးကိုသာ မူလကျွမ်းကျင်မှုဟု သတ်မှတ်ကြလေသည်။ အထက်ပါ လက်သီးကွက်မျိုးလောက်ကို မူလကျွမ်းကျင်မှုထဲတွင်ထည့်သွင်း သတ်မှတ်လေ့ မရှိချေ။ မူလစွမ်းအင်နှင့်ပေါင်းစပ်အသုံးပြုနိုင်သော အနှီ လက်သီးကွက်မျိုးကို လူအများက တိုက်ပွဲဝင်စွမ်းရည်များဟုသာ သတ်မှတ်ခေါ်ဆိုကြ၏။

မူလကျွမ်းကျင်မှုပင်ဖြစ်စေ၊ တိုက်ပွဲဝင်စွမ်းရည်ပင်ဖြစ်စေ လင်ချီး အသုံးပြုထားသော သံမဏိလက်သီးကွက်သည်စုချန်းကဲ့သို့သော လူတယောက်ကို တိုက်ခိုက်ရန်လုံလောက်သည်ထက်ပင်ပိုနေသေး၏။ သူ အသုံးပြုထားသည့်ဆယ်ပုံသုံးပုံမျှသော အင်အားသည်စုချန်းကို အလုံးစုံဖိနှိပ်ထားလေရာ စုချန်းခမျာ လင်ချီးပြုသမျှ နုရတော့မည့်ဘဝသို့ ရောက်ရှိနေခဲ့လေပြီ။

လင်ချီး၏ လက်ခုပ်ထဲမှရေဘဝသို့ ရောက်ရှိနေခဲ့သော်လည်း စုချန်းကား အနည်းငယ်မျှ ခေါင်းမငုံ့ အောက်မကျို့။ ပြန်၍ ရွဲ့လိုက်သေး၏။ သို့သော်သူ့အသံမှာကား တိုးညှင်းလှသည်။

"ခင်ဗျားရဲ့ သံမဏိလက်သီးက ထင်သလောက်လဲ မထူးခြားပါဘူးဗျာ"

စုချန်း၏ အရွဲ့တိုက်သော စကားကို ကြားရသောအခါ လင်ချီး၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွား၏။

"တယ်လဲ ခံနိုင်ရည်ရှိတဲ့ကောင်ပါလား ဟရို့ မင်းဘယ်လောက်ထိ ခေါင်းကြောမာမလဲ စောင့်ကြည့်ကြသေးတာပေါ့ကွာ"

လင်ချီး၏ နောက်ထပ်လက်သီးတချက်က စုချန်း၏ ကိုယ်ခန္ဓာပေါ်သို့ ကျရောက်လာ၏။ ပြင်းထန်သော ထိုးနှက်မှုကြောင့်စုချန်းတယောက်အသက်ရှုရပ်မတတ်နာကျင်သွားရှာသည်။ သူ့ပါးစပ်ထဲမှာ သွေးများ ပွက်ခနဲ အန်ထွက်လာ၏။ စုချန်းသည်သူ့ပါးစပ်အတွင်းမှ သွေးများကို ငုံကာ လင်ချီး၏ မျက်နှာဆီသို့ ပျစ်ခနဲ ထွေးထုတ်လိုက်လေသည်။

မမျှော်လင့်သော အဖြစ်အပျက်ကြောင့်လင်ချီးတယောက်အငိုက်မိသွား၏။ သူ့မျက်နှာတခုလုံး စုချန်းထွေးထုတ်လိုက်သော သွေးများ ရစရာမရှိအောင်ပေကျံသွားတော့သည်။ လင်ချီးတယောက်အကြီးအကျယ်ဒေါသထွက်သွားလေပြီ။ သူက ကျယ်လောင်စွာ အော်ဟစ်ကျိန်းမောင်းရင်း စုချန်းအား တလစပ်ထိုးနှက်တော့သည်။

"မင်းကများ ငါ့ကို ညစ်ပတ်အောင်လုပ်ရဲတယ်ပေါ့ ဟုတ်လား သေချင်နေပြီနဲ့တူတယ်"

လင်ချီး၏ လက်သီးချက်များကို စုချန်းခမျာ မည်သို့မျှ ကာကွယ်နိုင်စွမ်း မရှိ။ သူ့တကိုယ်လုံးသည်ဖွဲအိတ်ကြီးသဖွယ်တဖုန်းဖုန်း တဒိုင်းဒိုင်းနှင့်ထိုးနှက်ခံနေရတော့သည်။

All Chapters