တစ်စစီ ကျိုးပဲ့သွားသော
Vol. 2 Ch. 118
“မန်နေဂျာ ... ကျုပ်တို့ ဘာဆက် လုပ်ကြမလဲ ...”
သက်တော်စောင့်များက ချီတုံချတုံဖြင့် အရပ်ပုပု လူအား မေးလိုက်သည်။
အရပ်ပုပုလူမှာ အလွန် ဒေါသ ထွက်နေပြီး အသံဝင်မတတ် အော်လိုက်သည်။
“သွားချလေ ဘာတွေ ကြောက်နေတာလဲ သူက တစ်ယောက်တည်း မင်းတို့က တစ်ဒါဇင်လောက် ရှိတယ်”
အရပ်ပုပု လူ၏ ဒေါသအကြောင်း သိနေသောကြောင့် သက်တော်စောင့် များလည်း ထပ်မမေးတော့ပဲ အချင်းချင်း အားပေး လိုက်ကြသည်။
“ဟုတ်တယ် ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်း ငါတို့က လူများတာပဲ”
သို့သော်လည်း သူတို့၏ တက်ကြွမှုလေးမှာ ကြာကြာပင် မခံလိုက်ပေ။
ထုံရှန်းထံသို့ ပထမဆုံး ပြေးဝင်သွားသော သက်တော်စောင့် နှစ်ယောက်သည် ထုံရှန်း၏ သိမ်းကြုံး ရိုက်လိုက်သော လက်ဝါးချက် အောက်တွင် လွင့်ထွက် သွားကြသည်။ ထိုသက်တော်စောင့် နှစ်ယောက်၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး အနည်းဆုံး နံရိုးအနည်းငယ် ကျိုးသွားသည်မှာ သေချာသလောက် ရှိသည်။
ကျန်သက်တော်စောင့် များမှာ ထုံရှန်းထံသို့ ပြေးလာနေကြရင်း နေရာတွင်ပင် တုံ့ခနဲ ရပ်သွားကြကာ 'မင်းအရင်သွား ငါအရင်သွား' ဟု အဓိပ္ပာယ်ရသော အကြည့်များဖြင့် မျက်လုံးချင်း စစ်ဖြစ် နေကြတော့သည်။
လင်းဝေ့ဝေ့သည် စိတ်လှုပ်ရှားစွာနှင့် ထုံရှန်း၏ ကျောကုန်းအား ရိုက်ကာ ပြောလိုက်သည်။
“အရမ်းမိုက်တာပဲ အစ်ကိုကြီးက တော်လိုက်တာ”
ထို့နောက် သူမသည် အရပ်ပုပုလူအား လှမ်းကြည့်ကာ သူမ မေးစေ့အား လက်ဖြင့် ပွတ်ရင်း ရန်စလိုက်သည်။
“ကျွန်မကို သူ့အိပ်ရာပေါ်ကို တင်မယ်လို့ ပြောတာ ဘယ်သူ ပါလိမ့်နော် ... လာလေ အခုလာခေါ် ဘာကို စောင့်နေတာလဲ ...”
အရပ်ပုပုနှင့် လူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့တွသွားသည်။ သူ၏ ဒေါသများအား သက်တော်စောင့်များ ထံသို့ ပုံချကာ အော်လိုက်သည်။
“တစ်ပြိုင်နက်တည်း ဝင်တိုက်ကြလေ ငတုံးကောင်တွေရဲ့”
သက်တော်စောင့် များသည် အရပ်ပုပု လူအား သိပ်မကြည် ကြသော်လည်း သူ့ညီမကသာ သူဌေးအား သွေးထိုးစကား တချို့ ပြောလိုက်ပါက သူတို့အားလုံး ငရဲကို သွားရဖို့ သေချာသလောက် ရှိနေသည်။
သက်တော်စောင့် များလည်း ရွေးချယ်စရာ မရှိဘဲ အားတင်းကာ ထုံရှန်းထံသို့ ပြေးဝင် သွားကြသည်။
ရုတ်တရက် ထုံရှန်း၏ ပတ်လည်၌ သက်တော်စောင့်များ ဝန်းရံ သွားကြသည်။ တိုက်ပွဲတစ်ခု ဖြစ်လာ တော့မည်ကို တွေ့ရသော် ရေပူစမ်း တစ်ဝိုက်တွင် ရှိနေသော အခြား ဧည့်သည်များ အားလုံး အပန်းဖြေစခန်း ဘက်သို့ အပြေးအလွှား ထွက်ခွာ သွားကြသည်။
အခြေအနေက တင်းမာ လာသောအခါ လင်းဝေ့ဝေ့သည် ထုံရှန်းအတွက် စိုးရိမ်သွားကာ ရေပူစမ်း အတွင်းတွင် ရေစိမ်နေဆဲ ဖြစ်သော ချန်းဖန်အား လှမ်းကြည့်သည်။
ချန်းဖန်သည် သူမ အကြည့်အား နားလည်သောကြောင့် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
“မစိုးရိမ်နဲ့ ဒီလောက်က ထုံရှန်းအတွက် ဘာမှ မဟုတ်ဘူး”
သို့သော်လည်း လင်းဝေ့ဝေ့သည် ထုံရှန်းအတွက် စိတ်မပူဘဲ မနေနိုင်ပေ။ ထုံရှန်းက မည်မျှ သန်မာပါစေဦး။ ကျွမ်းကျင်အဆင့် သက်တော်စောင့် တစ်ဒါဇင်အား တစ်ပြိုင်နက် ရင်ဆိုင်ရခြင်းက မလွယ်လောက်ပေ။
“အစ်မချင်”
ယွင်ချန်ချန်က သူမ၏ မန်နေဂျာအား သနားစဖွယ် ကြည့်သည်။ ဤဖြစ်ရပ်၏ အစမှာ သူမသာဖြစ်ရာ နှစ်ဖက်လုံး အတွက် အပြစ်မကင်း သလို ခံစားရသည်။ ထို့ကြောင့် သူမအနေနှင့် တတ်နိုင်သော ဘက်က ကူညီပေးချင်သည်။
အစ်မချင်သည် ယွင်ချန်ချန်၏ အကူအညီ တောင်းမှုအား မသိကျိုးကျွန်ပြုပြီး ယွင်ချန်ချန်အား ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်လာခဲ့သည်။
“ချန်ချန် ကျေးဇူးပြုပြီး ဦးနှောက်လေး နည်းနည်း သုံးပါဦး အခု ဘာတွေဖြစ်နေလဲ ဆိုတာ မတွေ့ဘူးလား ... သိတာ မကြာသေးတဲ့ ဆယ်ကျော်သက်လေးတွေ အတွက်နဲ့ သူဌေးဟန်တို့၊ လူကြီးမင်းထန် တို့ကို ဆန့်ကျင်မလို့လား ... နောက်မှ အဲဒီကလေးတွေ အတွက် သူဌေးဟန် ဆီမှာ ပြန်တောင်းပန် ပေးလို့လည်း ရတာပဲလေ ဒါပေမဲ့ အခုတော့ ဝင်ပါလို့ မရဘူး”
“သူတို့က ကျွန်မကို ကူညီပေးခဲ့တာ”
ယွင်ချန်ချန်က အော်လိုက်သည်။
“ပြီးတော့လည်း သူဌေးဟန် ဆိုတာ ဘယ်သူကြီးတုန်း ...”
ယွင်ချန်ချန်သည် ထျန်းဟယ်မြို့မှ ထွက်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်ရာ နယ်ခံ သူဌေးများ၏ နာမည်တို့အား မမှတ်မိတော့။
“သူက ထျန်းဟယ်မြို့ရဲ့ ထိပ်တန်း သူဌေးကြီးပဲ”
အစ်မချင်က ရှင်းပြသည်။
“သူ့ရဲ့ ပိုင်ဆိုင်မှုက ယွမ်သန်း ရာနဲ့ချီတယ် ထျန်းဟယ်မြို့ရဲ့ အချမ်းသာဆုံး တွေထဲက တစ်ယောက်ပဲ အဲဒီလိုမှ မဟုတ်ရင် သူနဲ့ သွားတွေ့ဖို့ ငါက တိုက်တွန်း နေမှာတောင် မဟုတ်ဘူး”
ယွင်ချန်ချန်၏ မျက်နှာမှာ တည်သွားသည်။ သူမ၏ ဆယ်စုနှစ် တစ်ခုစာ အတွေ့အကြုံ များအရ ဤပြဿနာမှာ လွယ်လွယ်နှင့် ဖြေရှင်းနိုင်မည့် ပြဿနာ မဟုတ်ကြောင်း နားလည်လိုက်သည်။
ထိုသို့ တွေးမိ သွားသောကြောင့် ယွင်ချန်ချန်သည် ဘာမှ ထပ်မပြောတော့ပဲ ဆယ်ကျော်သက် လေးများအား ကယ်တင်ရန် အတွေးကိုလည်း လက်လျှော့ လိုက်သည်။
အစ်မချင် ပြောတာ မှန်ပေသည်။ သူမနှင့် ထိုဆယ်ကျော်သက် လေးများသည် သိတယ် ဆိုရုံမျှသာ ဖြစ်ပြီး မိတ်ဆွေ အဆင့်ကိုပင် မရောက်သေးပေ။
ထိုအချိန်တွင် သက်တော်စောင့် အုပ်စု၏ ခေါင်းဆောင်သည် ထုံရှန်းအနီးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
တပည့် နှစ်ယောက်၏ အဖြစ်ဆိုးအား မြင်ထားရသည်မို့ သက်တော်စောင့် ခေါင်းဆောင်သည် မပေါ့ဆရဲပဲ ပြင်းထန်သော လက်သီးချက်အား ထုံရှန်းထံ ပစ်သွင်းလိုက်သည်။
“ဝှစ်”
လက်သီးတွင် ပါဝင်သော ပြင်းအားကြောင့် လေတိုးသံ တစ်သံပင် ထွက်လာသည်။ ထိုလက်သီးကွက်သည် သက်တော်စောင့် ခေါင်းဆောင် အလွန် အားထားရသော အကွက်ဖြစ်ပြီး ထုံရှန်းအား လှဲသိပ်နိုင်ရန် ယုံကြည်ချက် အပြည့်ရှိသည်။
“အစ်ကိုကြီး လက်သီးကို ရှောင်”
လင်းဝေ့ဝေ့က စိုးရိမ်စွာဖြင့် ထုံရှန်းအား လှမ်းအော် လိုက်သည်။ ဝူကျွင်းကျဲ့နှင့် ရန်ရှောင်ပိုင်တို့ သည်လည်း ရင်တထိတ်ထိတ်ဖြင့် အသက်မရှူရဲပဲ ရှိကြသည်။ သူတို့ အားလုံးသည် ဟေးလား ဝါးလားဖြင့် ကြီးပြင်းလာသော သာမန် လူငယ်လေးများ ဖြစ်ကြရာ ယခုကဲ့သို့ အတည်အတံ့ တိုက်ပွဲမျိုးအား တစ်ခါမှ မကြုံဖူးခဲ့။
ထုံရှန်းသည် လင်းဝေ့ဝေ့၏ သတိပေးမှုအား လျစ်လျူရှုလျက် ကျောက်ရုပ်ကြီး တရုပ်အလား မလှုပ်မယှက်ဖြင့် လက်သီးချက်အား ခံယူလိုက်သည်။
“ဘန်း”
ကျယ်လောင်လှသော အသံကြီး ထွက်လာသော်လည်း လူတိုင်း မျှော်လင့်ထား သကဲ့သို့ ထုံရှန်း လွင့်ထွက် သွားသော အသံတော့ မဟုတ်။ လက်သီးနှင့် သတ္တုတုံး တစ်ခု ထိမိသကဲ့သို့ အသံမျိုးသာ ဖြစ်သည်။ အားလုံး သေချာ ကြည့်မိကြသည်တွင် သက်တော်စောင့် ခေါင်းဆောင်၏ လက်သည်သာ သွင်သွင်ကျိုး သွားသည်ကို တွေ့လိုက်ရသည်။
“ဘုရားသခင်”
လူတိုင်း ရှော့ခ်ရ သွားကြသည်။
ထုံရှန်းသည် ရေကူး ဘောင်းဘီတို လေးသာ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းတွင် မည်သည့် အကာအကွယ်မှ ရှိမနေပေ။
အားလုံးက သက်တော်စောင့် ခေါင်းဆောင်၏ လက်သီးချက် ထိသွားသော ထုံရှန်း၏ ရင်အုံသို့ ကြည့်မိကြသည်။ ထုံရှန်း၏ ရင်အုံသည် ပွန်းပဲ့ရာလေးပင် ထင်မသွားသော်လည်း သက်တော်စောင့် ခေါင်းဆောင်၏ လက်သာ ကျိုးသွားခဲ့သည်။
ဒါကြီးက အဓိပ္ပာယ် မဲ့လွန်းတာထက်ကို ပိုတယ်။
“ငါမယုံနိုင်ဘူး”
သက်တော်စောင့် ခေါင်းဆောင်သည် ကျိုးသွားသော လက်အား ဆုပ်ကိုင်ရင်း သွေးရူးသွေးတန်းဖြင့် အော်လိုက်သည်။
“ငါ..ငါ နေရာမှားပြီး ထိုးမိတာ ဖြစ်ရမယ် မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက် မာနေစရာ အကြောင်းကို မရှိဘူး”
ပြောရင်းဆိုရင်း သက်တော်စောင့် ခေါင်းဆောင်သည် ထုံရှန်းထံသို့ ပြေးဝင်ကာ နောက်လက် တစ်ဖက်ဖြင့် ထိုးလိုက်ပြန်သည်။
ယခု တစ်ကြိမ်တွင် သက်တော်စောင့် ခေါင်းဆောင်သည် သူနှစ်ပေါင်း များစွာ လေ့ကျင့် ထားခဲ့သော လက်သီးသိုင်းအား အသုံးပြု ထားသောကြောင့် ပထမ တစ်ကြိမ်ကထက် ပြင်းထန်သော အားများ ပါဝင်သည်။
“သေလိုက်တော့”
ကျေနပ်နေသော ရယ်သံ တစ်ခုနှင့်အတူ သက်တော်စောင့် ခေါင်းဆောင်၏ လက်သီးသည် ထုံရှန်း၏ ရင်ဘတ်အား တည့်တည့်မတ်မတ် ထိမှန်သွားသည်။
သို့သော် သက်တော်စောင့် ခေါင်းဆောင်၏ ရယ်သံမှာ စက္ကန့်ပိုင်း လောက်သာ ကြာလိုက်သည်။
“ဘန်း”
ယခု တစ်ကြိမ်တွင် သတ္တုနှင့် လက်သီး ထိမိသော အသံသာမက အရိုးများ ကျိုးသွားသံကိုပါ တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။ သက်တော်စောင့် ခေါင်းဆောင်၏ နောက်ထပ် လက်တစ်ဖက်သည် ပထမ တစ်ဖက်ထက် ပို၍ အခြေအနေဆိုးစွာ တစ်စစီ ကျိုးသွားခြင်း ဖြစ်သည်။
“ဒါ… ဒါက ...”
သက်တော်စောင့် ခေါင်းဆောင်၏ လက်နှစ်ဖက်လုံးသည် ပခုံးမှနေ၍ တွဲလောင်း ကျနေပြီး လုံးလုံးလျားလျား မလှုပ်ရှား နိုင်ကြတော့။
သက်တော်စောင့် ခေါင်းဆောင်၏ စကားများသည် လည်ချောင်းဝ၌ တစ်နေကာ ထွက်မလာတော့ပဲ ထုံရှန်းအား မကောင်းဆိုးဝါး တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
ထုံရှန်းသည် လက်ချောင်းလေး တစ်ချောင်းမျှ မလှုပ်ရ သေးသော်လည်း သူ့ပြိုင်ဘက်မှာမူ လက်နှစ်ဖက်လုံး ကျိုးသွားပြီ ဖြစ်သည်။ ဤတိုက်ပွဲကား အဆင့်တူချင်း တိုက်ပွဲနှင့်ပင် မတူတော့ပဲ တစ်ဖက်သတ် အနိုင်ကျင့်နေသော တိုက်ပွဲကြီးနှင့်သာ တူတော့သည်။
ရေပူစမ်း တစ်ခုလုံး တိတ်ဆိတ် သွားသည်။
“သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ သံနဲ့ လုပ်ထားတာ များလား ...”
သက်တော်စောင့် တစ်ယောက်က ရေရွတ်မိသည်။
ချန်းဖန်သည် ဖြစ်စဉ် အစမှအဆုံး စကားတစ်ခွန်း ဝင်မပြောခဲ့။
ထုံရှန်းသည် ကြေးနီ အလောင်းကောင် အဖြစ် ပြောင်းလဲ မခံရခင်ကပင် အစွမ်း ထက်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ ကြေးနီ အလောင်းကောင် ဖြစ်လာပြီးနောက် လက်သီး မဆိုထားနှင့်၊ လက်နက်များပင် တိုးမပေါက်သော ခန္ဓာကိုယ်မျိုး ဖြစ်သွားခဲ့သည်။ ထို့ပြင် ချန်းဖန်ကလည်း လျှို့ဝှက် ဆန်းကြယ် ဆေးလုံးများ တိုက်ထား ခဲ့သောကြောင့် ဆေးအစွမ်းအား သေချာ စုပ်ယူ သန့်စင်ပြီးနောက် ထုံရှန်း ၏ ခန္ဓာကိုယ် ခုခံနိုင်စွမ်းမှာ အခြား စွမ်းရည်များ ထက်ပင် တိုးတက် လာခဲ့သည်။
လင်းဝေ့ဝေ့၊ ဝူကျွင်းကျဲ့နှင့် ရန်ရှောင်ပိုင် တို့သည် ထုံရှန်းအား ပါးစပ် အဟောင်းသားဖြင့် ကြည့်နေ မိကြသည်။
ယွင်ချန်ချန်နှင့် အစ်မချင်တို့ သည်လည်း အံ့အားသင့် နေကြသည်။ အထူးသဖြင့် ယွင်ချန်ချန် ဖြစ်သည်။ သူမသည် သိုင်းကားများ၌ မကြာခဏ ပါဝင် ရိုက်ကူးခဲ့ ဖူးသောကြောင့် အထင်ကြီးဖွယ် သိုင်းပညာ စွမ်းရည်များ အကြောင်း တခမ်းတနား ဖော်ပြထားသော ဇာတ်ညွှန်းများ မရေမတွက် နိုင်အောင် ဖတ်ခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့ စွမ်းရည်မျိုးက လက်တွေ့ ဘဝတွင် ရှိနေခဲ့မည်ဟု လုံးဝ မတွေးခဲ့ဖူးပါ။
“မန်နေဂျာ ကျုပ်တို့ ဘာဆက် လုပ်ကြမလဲ ...”
သက်တော်စောင့် များသည် အပြေးအလွှား နောက်ပြန်ဆုတ် လာကြပြီး အရပ်ပုပု လူအား မေးသည်။
အရပ်ပုပု လူသည်လည်း ထုံရှန်း၏ စွမ်းရည်များကြောင့် အံ့ဩနေဆဲ ရှိသည်။ သူက ကိုယ့်စိတ်ကိုယ် ပြန်လည် စုစည်းကာ အော်လိုက်သည်။
“ဒီအခြေအနေမှာ မင်းတို့က ဘာဆက် လုပ်ချင်သေးလို့လဲ ... သူဌေးကို ဖုန်းဆက်လိုက်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ဆက်လက် မတိုက်ခိုက် ခိုင်းတော့သဖြင့် သက်တော်စောင့်များ အလွန် ပျော်ရွှင် သွားကြပြီး စိတ်အား ထက်သန်စွာ ပြန်ဖြေ လိုက်ကြသည်။
သူတို့အားလုံး ယုံကြည် ကြသည်မှာ ထုံရှန်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က မည်မျှ ထူးခြားနေပါစေ၊ သူတို့သူဌေး ရောက်လာပါက ဘာမှ တတ်နိုင်တော့မည် မဟုတ် ဟူ၍။
အရပ်ပုပု လူသည် ဒေါသရောင် လက်နေသော မျက်လုံးများဖြင့် ချန်းဖန်အား ကြည့်ကာ ပြောသည်။
“ငါ့ယောက်ဖ ရောက်လာတဲ့ အခါ ဘယ်သူက တကယ့် အနိုင်ရသူလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့”
ထိုစကားများအား ကြားရသော် အစ်မချင်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
“သေစမ်း သူဌေးဟန် ရောက်လာတော့မယ်”
***