← Chapters

တယောက်ကပုန်း တယောက်ကဖုံး ၁

Vol. 2 Ch. 19

တယောက်ကပုန်း တယောက်ကဖုံး ၁

Vol. 2 Ch. 19

လင်ချီး၏ ကိုယ်ခန္ဓာအတ္တဘောကြီးသည်မြေပေါ်သို့ တအိအိနှင့်ပြိုလဲကျသွားလေ၏။ အလာင်း၏ အိတ်ကပ်ထဲမှ အရာဝတ္တုတခုသည်ချွင်ခနဲ အသံမြည်လျက်ပြုတ်ကျလာ၏။ ကြည့်ရသည်မှာ အမိန့်ပေးတံဆိပ်ပြားတခု ဖြစ်ပုံရသည်။

တံဆိပ်ပြားတခုလုံးကို ရွှေအစစ်နှင့်ပြုလုပ်ထားပြီး တံဆိပ်ပြားပေါ်တွင်ကြီးမားသော အနက်ရောင်တံခါးတချပ်ကို လက်ရာမြောက်စွာ ထွင်းလုပ်ထား၏။ အဆိုပါ တံခါးသည်တဝက်တပြက်ပွင့်နေပြီး တံခါး၏ နောက်ကွယ်၌ကား အလွန်တောက်ပသော အလင်းရောင်တမျိုး ထွန်းလင်းနေလေသည်။ ထိုအလင်းတန်းသည်မည်သို့သော အလင်းတန်းမျိုး ဟူသည်ကိုကား တိတိပပ ခွဲခြားရန်ခဲယဉ်းလှသည်။

စုချန်းသည်တံဆိပ်ပြားကို အကျီ င်္ရင်ဘတ်ကြားသို့ ထိုးထည့်ပြီး လင်ချီး၏ အလောင်းကို လှန်လှောစစ်ဆေးလိုက်သည်။ ရွှေငွေတချို့မှလွဲပြီး အခြား တန်ဖိုးရှိသောအရာဟူ၍ မတွေ့တော့။ စုချန်းသည်ရွှေငွေတို့ကို မဆိုထားနှင်ြ ပုစဉ်းရင်ကွဲဓားမြှောင်ကိုပင်မက်မောသူမဟုတ်လေရာ အချိန်အနည်းငယ်အတွင်းတွင်ထွက်ခွာရန်အသင့်ဖြစ်နေခဲ့လေပြီ။ သို့သော်ခြေလှမ်းများများစားစားပင်မလှမ်းလိုက်ရ။ သူ့ရှေ့မှ ခြေသံတချို့ကို စုချန်း ကြားလိုက်ရသည်။

သူ့အတွက်အခြေအနေ မကောင်းတော့မှန်း စုချန်း ကောင်းကောင်း သိလိုက်သည်။ လင်မျိုးနွယ်အစောင့်များအနေနှင့်သူတို့နှစ်ယောက်၏ တိုက်ခိုက်ခြင်းကို အတိုင်းသား ကြားရမည်မှာ သေချာလှသည်။ တဖန်ကနဦးက လင်ချီး၏ အော်ဟစ်သံမှာလည်း အလွန်ပင်ဆူညံလှသည်မဟုတ်ပါလား။ လက်ရှိအခြေအနေတွင်အဖမ်းခံလိုက်ရပါက သူ့အတွက်လွတ်မြောက်လမ်းဟူသည်မှာ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်သွားပေလိမ့်မည်။ ထိုအချက်ကို စုချန်း ကောင်းကောင်း နားလည်သဘောပေါက်ထား၏။

ခြေသံများသည်သူ့ရှေ့တည့်တည့်မှ ထွက်ပေါ်လာခြင်း ဖြစ်ရာ သူ့အတွက်ပြေးစရာ လမ်းမရှိတော့။ စုချန်း အံတင်းတင်းကြိတ်လိုက်၏။ ထို့နောက်သူက လင်မျိုးနွယ်စုခြံဝင်းအတွင်းသို့ ပြန်လှည့်ရန်ဆုံးဖြတ်လိုက်တော့သည်။ သူ့ဒဏ်ရာများမှာ အတော်ပင်ပြင်းထန်လှ၏။ သို့သော်စက္ခုအာရုံ ပြန်ရခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ဓာတက်ကြွမှုက သူ့အား ဆက်လက်လှုပ်ရှားရန်လှုံ့ဆော်ပေးနေလေသည်။

စုချန်း ပြေးလေပြီ။ သူက တောအုပ်အတွင်း၌ ဖြတ်၍ ပြေးနေခြင်း ဖြစ်သည်။ မြင်တွေ့ရသမျှသော သစ်ပင်ပန်းမန်များ၊ မြက်ခင်းများမှာ အံ့သြဘနန်း လှပလွန်းပေသည်ဟု စုချန်း၏ စိတ်ထဲတွင်ခံစားနေရ၏။ ကံမကြောင်းအကြောင်းလှစွာပင်မျက်လုံးပြန်မြင်ရသော အခိုက်အတန့်တွင်သူ့အနေနှင့်လူတယောက်ကို မလွဲသာမရှောင်သာ သတ်ဖြတ်ခဲ့ရ၏။ မျက်လုံးပြန်မြင်ပြီး အချိန်အနည်းငယ်အကြာတွင်ကား တောအုပ်အတွင်း၌ အူယားဖားယားနှင့်ပြေးလွှားနေခဲ့ရလေပြီ။ အဆိုပါ အဖြစ်အပျက်များသည်စုချန်း၏ စိတ်အာရုံကို ညိုးနွှမ်းစေလှသည်။

ဆန်းကြယ်လှသော ကံကြမ္မာအလှည့်အပြောင်းကို စဉ်းစားရင်စုချန်း သက်ပြင်းချလိုက်၏။ အကယ်၍ ယနေ့တိုက်ပွဲမျိုးသာ မဖြစ်ပွားခဲ့လျင်သူ့မျက်လုံးများသည်ယခုလောက်စောစော ပြန်ကောင်းချင်မှ ကောင်းလာပေလိမ့်မည်။ စိတ်ကသာ အတွေးများနှင့်ရှုပ်ရှက်ခတ်နေသော်လည်း လူကတော့ အဆက်မပြတ်ပြေးလွှားနေ၏။ အတန်ကြာသောအခါ စုချန်းတယောက်ရေကန်အနီးသို့ ပြန်လည်ရောက်ရှိလာတော့သည်။

ရေကန်၏ ရှေ့တွင်ရေကန်အတွင်းသို့ တိုးထွက်နေသော ဝရန်တာလေးတခုရှိ၏။ ဝရန်တာ၏ ပတ်ပတ်လည်တွင်ကြာမျိုးကြာနွယ်ပေါင်းစုံတို့သည်ငွားငွားစွင့်စွင့်ဖူးပွင့်နေကြလေ၏။ ယခုလသည်နှစ်တနှစ်၏ လေးလမြောက်လ ဖြစ်လေရာ မြင်လေသမျှ ကြာပန်းများနှင့်သာ ပြည့်နှက်နေ၏။ ကြာပန်းဝတ်ဆံများသည်ကား အလွန်နူးညံ့ပျော့ပြောင်းဟန်ရှိပြီး အမွှေးနံ့များကြောင့်ပတ်ဝန်းကျင်တခုလုံး သင်းသင်းထုံနေတော့သည်။ ထိုဝရန်တာနှင့်တွဲလျက်မှာကား အိမ်ငယ်လေးတလုံးဖြစ်သည်။

အိမ်ငယ်လေး၏ ဝရန်တာစွန်းတွင်မိန်းမပျိုလေးတဦး ထိုင်နေ၏။ သူမသည်အစိမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ခေါင်းပေါင်းတခုကို ဆင်မြန်းထား၏။ သူမ၏ မျက်လုံးများသည်မိုးမခပင်မှ အရွက်များနှင့်တူလှပြီး သူမ၏ ပါးပြင်မှာကား တရုတ်ဇီးသီးများကဲ့သို့ ရဲရဲနီနေ၏။ စုချန်းအနေနှင့်ဤမိန်းကလေးသည်အလွန်လှပလွန်းသည်ဟူသော စကားမှအပ ဖော်ပြရန်စကားလုံး မရှိတော့။ သူမသည်မေးပေါ်တွင်လက်ထောက်ရင်း ကန်ရေပြင်ကို တွေတွေကြီး စိုက်ကြည့်နေလေ၏။ သူမတယောက်မည်သည့်အကြောင်းအရာများကို စဉ်းစားတွေးတောနေကြောင်း တန်ခိုးရှင်တဦးဦးမှတပါး အခြားမည်သူမျှ သိရှိနိုင်လိ်မ့်မည်မထင်။

စုချန်းသည်ကုချိန်းလွှာ၏ ရုပ်ရည်ကို မမြင်ဖူးသလို သူမြင်တွေ့နေရသည့်မိန်းကလေးသည်ကုချိန်းလွှာ ဟုတ်မဟုတ်ကိုလည်း ဝေခွဲနိုင်စွမ်းမရှိ။ သို့သော်အနှီမိန်းကလေးသည်တန်ဖိုးကြီးမားသော ဝတ်စုံကို ဝတ်ဆင်ထား၏။ တဖန်ရေကန်လေးဘေးတွင်တယောက်တည်း လာထိုင်နေသောကြောင့်အစေခံတယောက်လည်း မဟုတ်နိုင်ပြန်။ ထို့ကြောင့်အနှီမိန်းကလေးသည်ကုချိန်းလွှာသာ ဖြစ်ဖို့များနေ၏။

ရေကန်ဘေးတွင်ထိုင်နေသော မိန်းကလေးသည်ကံကောင်းထောက်မ၍ ကုချိန်းလွှာ ဖြစ်နေခဲ့လျင်ပင်သူမအနေနှင့်သူ့ကို မည်သို့ဆက်ဆံမည်မှန်း ခွဲခြား၍ မရနိုင်သေး။ သူတို့နှစ်ယောက်တွေ့ဆုံခဲ့သည်မှာ တိုတောင်းလှသော အချိန်ကာလမျှသာ ရှိသေးသည်။ ဤမျှသော အချိန်တိုအတွင်းတွင်သူမအနေနှင့်သူ့အကြောင်းကို အလုံးစံနားလည်ရန်ခက်ခဲ၏။ လက်ရှိ စုချန်း၏ အခြေအနေသည်အတော်အတန်အတွေ့အကြုံ ရင့်ကျက်နေခဲ့ပြီ ဖြစ်လေရာ တစုံတယောက်သည်သူငယ်ချင်း ဖြစ်ရုံမျှနှင့်အလုံးစုံကူညီလိမ့်မည်ဟု ယုံကြည်ရလောက်အောင်မမိုက်မဲတော့ချေ။

သို့သော်လက်ရှိအခြေအနေတွင်ကား စုချန်းအတွက်ရွေးချယ်စရာလမ်း များများစားစား မရှိ။ ထိုအခါ စုချန်းက အံတင်းတင်းကြိတ်ကာ ရေကန်အနီးရှိ အိမ်လေးသို့ ဦးတည်လျှောက်သွားရင်း အသံပြုလိုက်၏။ တောအုပ်အတွင်းမှ သူလျှောက်လာသော အသံကို သူမက ကောင်းစွာ ကြားလိုက်ပုံရသည်။ ချာခနဲ နောက်ပြန်လှည့်ကြည့်လိုက်၏။ သူ့ကို မြင်သောအခါ ပထမတော့ သူမအလွန်အံ့သြသွားပုံရသည်။ ပါးစပ်ကြီး အဟောင်းသားနှင့်ငေးကြည့်နေရှာ၏။ သို့သော်ချက်ချင်းလိုလိုပင်သူမမျက်နှာပေါ်တွင်အလွန်ဝမ်းသာအားရဖြစ်သော အမူအရာများပေါ်လာပြန်၏။ တဖန်မျက်ကလူးဆန်ပြာနှင့်ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်ပြန်သည်။

သူမ၏ မျက်နှာထားနှင့်အပြုအမူကို ထောက်ရှုလျင်သူမသည်ကုချိန်းလွှာမှန်း တိကျသေချာနေ၏။ ကုချိန်းလွှာသည်ထိုင်နေရာမှ ဝုန်ခနဲထရပ်ပြီး ဝရန်တာပေါ်မှ ခုန်ဆင်းကာ စုချန်းဆီသို့ ပြေးလာ၏။ စုချန်းအနီးသို့ရောက်သော လက်များကို ကပျာကယာဆုပ်ကိုင်ရင်း ကသောကမျောနှင့်မေးလိုက်သည်။

"စုချန်း ရှင်..ရှင်..ဘယ်လိုလုပ်ဒီနေရာက်ို ရောက်လာတာလဲ ကြည့်စမ်းပါအုံး ဒဏ်ရာတွေကလည်း အများကြီးပါလား ဘုရား ဘုရား...ရှင့်ဒဏ်ရာတွေကလည်း ပြင်းထန်လိုက်တာ"

စုချန်းက အလွန်တရာအလောတကြီးနိုင်သော အမူအရာနှင့်ပြောလိုက်၏။

"မေးစရာရှိတာ ခနလောက်အောင့်ထားအုံးဗျို့ လင်မျိုးနွယ်စုအစောင့်တွေ ကျုပ်နောက်က လိုက်ပါလာတယ်"

ကုချိန်းလွှာက

"ရှင်တို့မျိုးနွယ်စုလေးစုဟာ မတည့်ကြဘူးဆိုတာ ကျွန်မ အစောကြီးကတည်းက သိပါတယ်ဒါပေမဲ့ ဒီလောက်ထိ ဆိုးလိမ့်မယ်မထင်ဘူး ဒီလောက်အန္တရာယ်များတာတောင်ရှင်က ကျွန်မကို လာတွေ့ရဲသေးတယ်ဟုတ်လား"

သူမသည်တစုံတရာကို နားလည်မှု လွဲမှားနေပုံရ၏။ စုချန်းကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးများသည်စိတ်လှုပ်ရှားမှုများနှင့်ပြည့်လျှမ်းနေလေသည်။ သို့သော်ငြားလည်း သူမ၏ အမြင်သည်တနည်းအားဖြင့်မှန်ကန်နေသည်ဟုလည်း ဆိုနိုင်ပြန်သည်။ အဘယ်ကြောင့်သော်သူတပါးခြံထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့သော စုချန်းအဖို့ ယခုဖြစ်ရပ်နှင့်မကြုံတွေ့လျင်ပင်လင်မျိုးနွယ်အစောင့်များ၏ ဖမ်းဆီးခံရပါက မုချ ဒုက္ခရောက်ရမည်သာ။ ယခုအခြေအနေလောက်မဆိုးလျင်ပင်သက်သာလိမ့်မည်မဟုတ်သည်ကတော့ သေချာနေ၏။

စုချန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"လောလောဆယ်ကျွန်တော့ကို အရင်ဖွက်ထားပေးပါလားဗျာ တော်ကြာ အစောင့်တွေရောက်လာရင်ဒုက္ခများကုန်လိမ့်မယ်သိပ်မကြာဘူး ကျွန်တော်ပြန်ထွက်သွားမှာပါ"

ကုချိန်းလွှာက လှပစွာ ပြုံးလိုက်သည်။

"စိတ်ကိုလျှော့ထားစမ်းပါရှင်ဒီနေရာကို ရောက်မှတော့ ဘာမှ စိတ်ပူနေစရာမလိုတော့ဘူး ဒီနေရာကို ဘယ်အစောင့်မှ လာမရှာရဲဘူးရှင့်"

All Chapters