← Chapters

တယောက်ကပုန်း တယောက်ကဖုံး ၂

Vol. 2 Ch. 20

တယောက်ကပုန်း တယောက်ကဖုံး ၂

Vol. 2 Ch. 20

မည်မျှကြာအောင်သတိလစ်နေသည်မသိ။ စုချန်းသတိရလာသောအခါ တလောကလုံး မှောင်မဲနေ၏။ မြင်လေသမျှ မှောင်မှောင်မဲနေသောအခါ မျက်လုံးများ နောက်တကြိမ်ကွယ်သွားလေပြီလားဟူသော အတွေးနှင့်စုချန်းခမျာ အတော်လေး ထိတ်လန့်သွားရှာသည်။ ပြတင်းပေါက်မှန်ကို ဖြတ်ပြေးသွားသော လရောင်ကို မြင်လိုက်ရမှ ညအချိန်မှန်း သိလိုက်ရ၍ စိတ်သက်သာသွားရှာသည်။

စုချန်း သက်ပြင်းချလိုက်၏။ ထိုအခိုက်မှာပင်မျက်မမြင်ဒုက္ခိတဘဝမှ မျက်စိနှစ်ကွင်း အလင်းရလိုက်ခြင်း၏ ထူးဆန်းအံ့သြဖွယ်ကောင်းသော ကြည်နူးနှစ်သိမ့်မှုကို သူ ခံစားလိုက်ရလေသည်။ ညအချိန်ဖြစ်၍ မှောင်မဲနေသည်ဟု ထင်ရသော်လည်း မှန်ပြတင်းပေါက်မှ ဖြတ်ဝင်လာသော အဝါရောင်ဖျော့ဖျော့အလင်းရောင်အောက်ဝယ်ပရိဘောဂများသည်တမျိုးတဖုံ လှပနေ၏။

သူသည်စန္ဒကူးသားနှင့်တခုတ်တရ ပြုလုပ်ထားသော ကုတင်ကြီးပေါ်တွင်လဲလျောင်းနေခြင်း ဖြစ်သည်။ သူက အခန်း၏ အနေအထားကို အကဲခတ်ကြည့်လိုက်၏။ ကြီးကျယ်လှသော အခန်းကြီးပေတကား။

အခန်း၏ မျက်နှာကျက်တခုလုံးကို အနီရောင်ပိတ်သားစနှင့်ယက်လုပ်ထားပြီး ၎င်းပိတ်စပေါ်တွင်ရာပေါင်းများစွာသော ငှက်ကလေးများ ဖီးနစ်ငှက်တကောင်အဖြစ်ပေါင်းစပ်နေပုံကို လက်ရာမြောက်စွာ ရေးထိုးထား၏။ ၎င်းပိတ်သားစကြီးသည်မျက်နှာကျက်မှ ကုတင်ခြေရင်းသို့တိုင်တွဲရွဲကျနေ၏။ ကုတင်ခြေရင်းတွင်ကား စန္ဒကူးသစ်သားနှင့်ပင်ပြုလုပ်ထားဟန်ရှိသော စင်ငယ်တစင်ရှိပြီး အဆိုပါ စင်ကလေးပေါ်တွင်အမျိုးသမီးများ အသုံးပြုလေ့ရှိသည့်မျက်နှာချေများ၊ အမွှေးနံသာများ အစီအရီ တင်ထား၏။ ကုတင်၏ ရှေ့တွင်ကား အရောင်ငါးမျိုးပါဝင်သည့်မှန်သားလိုက်လေးတခု ချထား၏။ အခန်း၏ ပြတင်းပါက်များကိုမူကား အလွန်နူးညံသော ချည်သားစများနှင့်ကာရံထားလေသည်။

မြတ်စွာဘုရား! ဤအခန်းသည်ကုချိန်းလွှာ၏ အခန်းများ ဖြစ်နေမည်လော။ သူမသည်သူ့ကို အမှန်တကယ်ပင်သူမ၏ အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်လာခြင်းပေလော။

ထိုအခိုက်အတန့်တွင်ကုချိန်းလွှာသည်အခန်းတွင်း၌ မရှိချေ။ ထိုအခါ စုချန်းသည်အခန်းတွင်းရှိ ပုံရိပ်များကို နှလုံးသားအတွင်း၌ စွဲနစ်သွားသည်အထိ မှတ်သားထားလိုက်တော့သည်။ ဤသို့ မှတ်ထားခြင်းသည်လူ့ကျင့်ဝတ်ကို နားမလည်သောကြောင့်မဟုတ်ပေ။ သူ့အနေနှင့်ယခုမှ မျက်လုံးပြန်မြင်ရခြင်း ဖြစ်လေရာ ကမ္ဘာလောကကြီးအတွင်းရှိ ကွဲပြားခြားနားစွာ တည်ရှိနေကြသော အရာဝတ္တုများကို အငမ်းမရ ကြည့်ရှုလိုစိတ်ကို ထိန်းချုပ်၍ မရသောကြောင့်သာ ဖြစ်သည်။

မျက်စိရှေ့မှောက်တွင်မြင်တွေ့နေရသော အရောင်အသွေး စုံလင်လှသည့်လောကကြီးကို ငေးကြည့်နေရင်း သနားစရာ စုချန်းခမျာ ခေါင်းကိုမော့ကာ အားရပါးရ ငိုချချင်စိတ်များ ပေါ်ပေါက်လာ၏။ သို့သော်သူသည်အံကို တင်းတင်းကြိတ်ကာ မငိုမိအောင်အားတင်းထားလေသည်။ ဤနေရာသည်သူငိုသင့်သော နေရာမဟုတ်။ ဤအချိန်သည်သူငိုရမည့်အချိန်မဟုတ်။

သုံးနှစ်။

သုံးနှစ်တိတိ ကြာမြင့်ခဲ့လေပြီ။ ဤသုံးနစ်လုံးလုံး အမှောင်ထဲ၌ ခါးသီးစွာ စောင့်ဆိုင်းခဲ့ရ၏။ ရှည်လျားမှောင်မဲနေသော ဥမင်လှိုဏ်ခေါင်း၏ အဆုံးတွင်အလင်းရောင်တွေ့မြင်ရသော လူတယောက်အဖို့ အဘယ်မှာ စိတ်မလှုပ်ရှားပဲ နေနိုင်အံ့နည်း။ အဘယ်မှာ ဝမ်းမသာပဲ နေနိုင်အံ့နည်း။

အတန်ကြာသော်စုချန်းတယောက်အိပ်ယာမှ လူလဲထက ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်၏ ။ သူ့ဒဏ်ရာအတော်များများမှာကား သိသိသာသာပင်သက်သာပျောက်ကင်းနေကြောင်း တွေ့ရှိလိုက်ရသည်။ နာကျင်မှုများပင်အတော်လေး လျော့ပါးသွားခဲ့ပေပြီ။ ဤသို့ဖြစ်ရခြင်းမှာ ကုချိန်းလွှာ၏ ဆေးကြောင့်ပင်ဖြစ်လိမ့်မည်ဟု သူအတပ်သိလိုက်သည်။

ထို့နောက်သူက အခန်းဝမှ လှမ်းထွက်လိုက်၏ စုချန်းရောက်ရှိနေသော အခန်း၏ အပြင်ဖက်တွင်တိတ်ဆိတ်သော အလုံပိတ်အခန်းတခန်းရှိ၏။ ကုချိန်းလွှာသည်အဆိုပါအခန်း၏ အလယ်တွင်တင်ပျဉ်ခွေလျက်ထိုင်နေ၏။ သူမ၏ နဖူးပြင်ပေါ်၌ကား သိပ်သည်းလှသော အဖြူရောင်အလင်းစုတခုသည်ဝဲကတော့ကဲ့သို့ လှည့်ပတ်လျက်ရှိသည်။ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူနေခြင်းပေတကား။

အခန်းဝမှ ဆူညံသော အသံများကို ကြားရသော်ကုချိန်းလွှာ၏ မျက်ဝန်းထောင့်သည်မသိမသာ တွန့်သွားကာ ဝမ်းသာကြည်နူးဟန်ပေါ်လာ၏။ သို့သော်လည်း သူမက မျက်လုံးကို မဖွင့်ပဲ ပြောလိုက်သည်။

"ရှင်တောင်သတိရလာပြီကိုး ခနလေးထိုင်ပါအုံးရှင်ကျွန်မလေ့ကျင့်နေတာလေး လက်စသတ်လိုက်အုံးမယ်"

စုချန်းက အင်းဟု ခေါင်းညိတ်လိုက်၏။ ထို့နောက်သူသည်ကုချိန်းလွှာ အနှောင့်အယှက်မဖြစ်စေရန်ငြိမ်သက်စွာ ထိုင်နေရင်း သူမလေ့ကျင့်နေသည်ကို ငေးမောကြည့်ရှုနေလေသည်။ လွန်ခဲ့သောလအနည်းငယ်က ကုချိန်းလွှာ၏ အဆင့်သည်စုချန်းကဲ့သို့ နတ်ဘုရားကိုယ်ထည် အဆင့်မျှသာ ရှိသေးသည်။ လက်ရှိ သူမလေ့ကျင့်နေသော အနေအထားကို သုံးသပ်ရလျင်ချီလမ်းကြောင်းများ ရေးဆွဲခြင်းအလွှာကို ဝင်ရောက်ပြီး ချီစွမ်းအားပညာတော်သင်အဆင့်သ်ို့ ရောက်ရှိသွားပြီမှန်း မြင်သာနေ၏။

ဤကာလအတွင်းတွင်ကုချိန်းလွှာ အဘယ်ကြောင့်အလာကျဲသွားသနည်း ဟူသည့်အဖြေကို နောက်ဆုံးတော့ စုချန်းတယောက်နားလည်သွားခဲ့လေပြီ။ လက်စသတ်တော့ သူမသည်ချီလမ်းကြောင်းရေးဆွဲခြင်းအလွှာသို့ ဝင်ရောက်နိုင်ရန်အပြင်းအထန်ကြိုးစားအားထုတ်နေခြင်းပေတကား။ ဟုတ်တော့လည်း ဟုတ်သည်။ အလုပ်တခုကို အောင်မြင်အောင်ကြိုးစားရာတွင်အာရုံမပျံ့လွင့်အောင်ထိန်းချုပ်ပြီး ကျားကုတ်ကျားခဲ ကြိုးစားနိုင်မှ။ သို့မဟုတ်လျင်အောင်မြင်ရန်မလွယ်။

နောက်ဆုံးတွင်ကား သူ့သူငယ်ချင်း ကုချိန်းလွှာတယောက်သူ့ထက်ရှေ့တလှမ်းတိုးနိုင်ခဲ့လေပြီ တကား။ စုချန်းက ပင့်သက်တချက်ရှိုက်လိုက်၏။ သို့သော်ငြားလည်း ဤကိစ္စမှာ ပြသနာတရပ်တော့ မဟုတ်လှ။ ယခုအချိန်တွင့်သူ့မျက်လုံးများ ပြန်လည်ကောင်းမွန်လာခဲ့ပေပြီ။ ထို့ကြောင့်မျက်မမြင်ဘဝတွင်ဆုံးရှုံးခဲ့ရသည့်အချိန်များကို တခနတာအတွင်း ပြန်လည်အစားထိုးနိုင်ပေလိမ့်မည်။ သူသည်တနှစ်အတွင်း ချီရေးဆွဲခြင်းအလွှာသို့ ဝင်ရောက်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထိုအခါ စုချန်းက ကုချိန်းလွှာ၏ လှုပ်ရှားမှုများကို လေ့လာကြည့်ရှုလိုက်သည်။ သူသည်မူလက ပျင်းရိငြီးငွေ့စွာနှင့်ကြည့်ရှုသော်လည်း အချိန်အတန်ကြာသောအခါ တစုံတရာသည်ထူးခြားနေကြောင်း သတိထားမိလာတော့သည်။

ကုချိန်းလွှာသည်ချီစွမ်းအင်မွေးမြူခြင်းကျင့်စဉ်ကို ဂရုတစိုက်နှင့်လေ့ကျင့်နေ၏။ သူမသည်ချီစွမ်းအားများကို သူမကိုယ်တွင်းသို့ စုပ်ယူနိုင်ရန်နှင့်၎င်းစွမ်းအားများ တကိုယ်လုံးသို့ ပျံ့နှံ့သွားစေရန်လုပ်ဆောင်နေခြင်း ဖြစ်သည်။ စုချန်းသည်ကုချိန်းလွှာ၏ လေ့ကျင့်ပုံလေ့ကျင့်နည်းကို လေ့လာစောင့်ကြည့်နေရင်း သူမ၏ နှာသီးဖျားတွင်ဝင်ချည်ထွက်ချည်သွားလာနေသော ချီစွမ်းအင်များကို သတိထားမိလာကာ သူကိုယ်တိုင်လည်း ထိုကဲ့သို့ မသိမသာ ပြုလုပ်နိုင်စွမ်း ရှိလာခြင်းပင်။

ကုချိန်းလွှာ ရှုသွင်းနေသည်မှာ အဖြူရောင်ရှိသော ချီစွမ်းင်များ ဖြစ်သည်။ သို့သော်ပမာဏအားဖြင့်ကား နည်းလှ၏။ အသက်ရှုသွင်းရှုထုတ်တကြိမ်လုပ်ပြီးတိုင်း ကုချိန်းလွှာ၏ ကိုယ်ခန္ဓာထဲတွင်တစုံတရာကျန်ရစ်ခဲ့ကြောင်း စုချန်း တွေ့နေရသည်။ ထိုအရာသည်မည်သည့်အရာပေနည်း။ မူလစွမ်းအင်များပင်ဖြစ်လေသလော။ တချိန်တည်းမှာပင်သူရှာဖွေတွေ့ရှိခဲ့သော အရာအတွက်စုချန်း တုန်လှုပ်သွား၏။

မူလစွမ်းအင်ဟူသည်လေကဲ့သို့ မမြင်နိုင်သော အရာတမျိုးမှန်း စုချန်းတယောက်သဘာပေါက်သွားခဲ့လေပြီ။ ထိုအရာသည်တည်ရှိနေမှန်းတော့ သိ၏။ သို့သော်နားလည်နိုင်စွမ်းတော့ မရှိကြ။သို့သော်ယခုတွင်ကား ချီဓာတ်စွမ်းအင်များကို စုချန်း၏ မျက်လုံးထဲတွင်ရှင်းရှင်းလင်းလင်း မြင်တွေ့နေရလေပြီ။ ဆန်းကြယ်လှပသည်တကား။ အဘယ်ကြောင့်ပေနည်း။

ထိုအရာသည်ဝိုးတိုးဝါးတားနိုင်လှပြီး ပိုင်းခြားသိမြင်ရန်ခက်ခဲလှသော်လည်း ထိုအရာရှိနေမှန်း စုချန်း မြင်တွေ့နေရ၏။ ထိုမျှသာမကသေး သူ့အမြင်အာရုံသည်အရေပြားများအတွင်း ဖောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိသည်ဟု စုချန်း၏ စိတ်ထဲတွင်ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော်ကုချိန်းလွှာ၏ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်သွားသော ချီစွမ်းအင်များ၏ လုပ်ငန်းစဉ်ကို သူ့မျက်လုံးထဲတွင်မသိမသာ မြင်တွေ့နေရသောကြောင့်ဖြစ်သည်။

သို့သော်ထိုအမြင်အာရုံက ပို၍ပင်ဝေဝါး၏။ ပို၍ပင်မရေမရာနိုင်၏။ ထိုအမြင်အာရုံသည်အစစ်အမှန်ထက်စိတ်၏ လှည့်စားမှုနှင့်သာ တူလှသည်။ စုချန်းမြင်တွေ့နေရသော ချီစွမ်းအင်များသည်ကုချိန်းလွှာ၏ နှာခေါင်းမှ ဝင်လာပြီး လည်မျိုနေရာသို့အရောက်တွင်ပျောက်ကွယ်သွား၏။ ထိုအမြင်အာရုံသည်အစစ်မှန်ဟုတ်မဟုတ်ဝေခွဲရန်ကား ခက်ခဲလှပေသည်။ အကြောင်းမှာ ကုချိန်းလွှာ ဝတ်ဆင်ထားသော အဝတ်အစားများကြောင့်စုချန်းသည်လည်ပင်းနေရာအထိသာ မြင်ရလေရာ ကျန်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများအတွင်း ချီစွမ်းအင်လှည့်ပတ်ပုံကို မြင်တွေ့နိုငစွမ်း မရှိသောကြောင့်ပင်တည်း။

All Chapters