← Chapters

ထျန်းဟယ်မြို့၏ ခေါင်းဆောင် အသစ်

Vol. 2 Ch. 119

ထျန်းဟယ်မြို့၏ ခေါင်းဆောင် အသစ်

Vol. 2 Ch. 119

“နင်တို့ သူဌေးကို ဖုန်းဆက်တော့ရော ဘာဖြစ်လဲ ... ငါတို့က ကြောက်မယ်များ ထင်နေလား ...”

လင်းဝေ့ဝေ့က ရဲဝံ့စွာ ပြောသည်။

ထို့နောက် သူမက ဝူကျွင်းကျဲ့၏ ကျောကုန်းအား ပုတ်ကာ မေးသည်။

“ကျွင်းကျဲ့ ဘာလို့ နင့်သူငယ်ချင်းကို မခေါ်တာလဲ ... နင်ပြောတော့ နင့်သူငယ်ချင်းက ထျန်းဟယ်မြို့မှာ နာမည်ကြီးဆို ...”

“သခင်လေး တင်းလား ...”

ဝူကျွင်းကျဲ့၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ အရပ်ပုပု လူ၏ ပြောစကားအရ သခင်လေးတင်း၏ အဖေ ရောက်လာလျှင်ပင် သူတို့အား ကူညီနိုင်မည် မဟုတ်။

သို့သော် လင်းဝေ့ဝေ့၏ မရမက တောင်းဆိုမှုကြောင့် ဝူကျွင်းကျဲ့သည် မဆက်ချင် ဆက်ချင်ဖြင့် သခင်လေးတင်းအား ဖုန်းဆက် လိုက်ရသည်။

အရပ်ပုပု လူသည် ဝူကျွင်းကျဲ့ ဖုန်းဆက် နေသည်အား မတားပေ။ သရော်ပြုံး တစ်ခုနှင့်သာ စောင့်ကြည့် နေသည်။

“အစ်မချင် ... ကြည့်ရတာ သူဌေးဟန်နဲ့ လူကြီးမင်းထန်ကို ကျွန်မ ကိုယ်တိုင် စကားပြောသင့်ပြီ ထင်တယ်”

အခြေအနေက ပိုမို ဆိုးရွား လာသည်ကို ကြည့်ရင်း ယွင်ချန်ချန်သည် မျက်ခုံး နှစ်ဖက်ကြားသို့ လက်ဖြင့်ဖိကာ ပြောမိသည်။

“ဒီကလေးတွေ ကြောင့်နဲ့ လူကြီးမင်း ထန်ဆီမှာ ကျေးဇူးကြွေး အတင်ခံချင်တာ သေချာပြီလား ...”

အစ်မချင်က ခနဲ့တဲ့တဲ့ ပြောသည်။

ယွင်ချန်ချန်မှာ ပြန်လည် တွေဝေသွားပြီး ဘာပြောရမည်မှန်း မသိတော့။

လူကြီးမင်းထန်သည် ယွင်ချန်ချန်အား ထောက်ပံ့ ပေးနေသူများ ထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် သူမပါဝင်သော တီဗွီ ပရိုဂရမ်တိုင်းအား ငွေအမြောက်အမြား စပွန်ဆာ ပေးလေ့ရှိပြီး သူမကလည်း သူလိုချင်သော အရာအား ရှင်းရှင်းလင်းလင်း သိသည်။ သို့သော် သူမအတွက် ထောက်ပံ့ ပေးနေသူများမှာ မရှားလှရာ လူကြီးမင်းထန်၏ ဆွဲဆောင်မှုအား ယွင်ချန်ချန်က အမြဲ လျစ်လျူရှု ထားခဲ့သည်။

ယခုနေသာ သူမက ဆယ်ကျော်သက် လေးများအစား လူကြီးမင်းထန်အား တောင်းပန်ပါက လူကြီးမင်း ထန်သည် သူမမျက်နှာဖြင့် ကျိန်းသေ ခွင့်လွှတ် ပေးလိမ့်မည်။ သို့သော် နောက်ပိုင်းတွင် သူမသည် လူကြီးမင်းထန်၏ တောင်းဆိုမှုတို့အား ငြင်းဆန်၍ မရဘဲ လက်ခံ ပေးရတော့မှာ ဖြစ်သည်။

ထိုသို့အတွေးနှင့် ယွင်ချန်ချန်မှာ နောက်တစ်ကြိမ် မဆုံးဖြတ်နိုင် ဖြစ်သွားရသည်။

ထိုအချိန်တွင် ... ထျန်းဟယ်မြို့၊ လျှို့ဝှက်ကလပ် တစ်ခု၏ VIP ခန်းမ အတွင်း၌။

VIPခန်းမသည် ကျယ်ဝန်းပြီး အကောင်းစား ပစ္စည်းများဖြင့် ပြင်ဆင်ထားသည်။ ခန်းမ အလယ်၌ စားပွဲဝိုင်း တစ်ခု ခင်းကျင်းထားပြီး လူတစုသည် စားပွဲဝိုင်း၌ စကားစမြည် ပြောရင်း ဝိုင်သောက် နေကြသည်။

စားပွဲဝိုင်းရှိ ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ဘေး၌ လှပ၍ ဆွဲဆောင်မှု ရှိသော စားပွဲထိုး မယ်လေးများက ရပ်လျက် ဝိုင်ငှဲ့ပေး နေကြသည်။

ထျန်းဟယ်မြို့ခံ ဖြစ်သော မည်သူမဆို တစ်ချက် ကြည့်လိုက်ရုံနှင့် ဤအခန်းတွင်းရှိ လူများမှာ ထျန်းဟယ်မြို့၏ ကျော်ကြားသော သူဌေးကြီးများ ဖြစ်ကြောင်း သိနိုင်မှာ ဖြစ်သည်။ သူတို့အထဲမှ အဆင်းရဲဆုံး သူပင်လျှင် ယွမ်သန်း တစ်ရာခန့် ပိုင်ဆိုင်ပေသည်။

ထိုလူများသည် ၎င်းတို့ နံဘေး၌ ရပ်နေသော လှပသည့် စာပွဲထိုးမယ် လေးများအား စိတ်ဝင်စားမှု အလျှင်း မရှိပေ။ အဲဒီအစား ထိုသူများ၏ အာရုံမှာ စားပွဲဝိုင်း၏ ထိပ်ဘက် ထိုင်ခုံများ၌ ထိုင်နေသော လူနှစ်ယောက် ထံတွင်သာ ရှိနေသည်။

ဘယ်ဘယ်ခြမ်း၌ ထိုင်နေသူသည် အသက် သုံးဆယ်ခန့် ရှိပြီး ရွှေကိုင်းမျက်မှန် တပ်ထားသည်။ အီတလီစတိုင် အနောက်တိုင်း ဝတ်စုံက သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်နှင့် အလွန် ပနံသင့်စွာ စမတ် ကျနေ‌သည်။

ညာဘက်ရှိ လူမှာမူ အသက်ပိုကြီးဟန် ရပြီး ခပ်ဝိုင်းဝိုင်း မျက်နှာနှင့် အနက်ရောင် ရွှဲရွှဲ ဆံပင်များ ရှိသည်။ ထိုလူက ဘယ်ဘက်ရှိ လူအား အပြုံးတစ်ခုနှင့် မေးလိုက်သည်။

“ဘယ်လိုလဲ လူကြီးမင်းထန် ကျုပ် ပြင်ဆင်ပေးထား တာတွေကို သဘောကျရဲ့လား ...”

“အားလုံး အဆင်ပြေပါတယ် ကျေးဇူးပါ”

ရွှေကိုင်းမျက်နှာနှင့် လူကြီးမင်းထန်က ယဉ်ကျေးစွာ ပြန်ဖြေသည်။ သို့သော် အထင်သေးသော အရိပ်အယောင် တစ်စွန်းတစ်စက သူ့မျက်လုံးများ ထဲတွင် ရှိနေသည်။

သူသည် အင်အားကြီး မိသားစု တစ်စု၏ မျိုးဆက် ဖြစ်ပြီး ငယ်စဉ်ကပင် ဇိမ်ခံပစ္စည်းများနှင့် ကြီးပြင်း လာရသည်။ သူဌေးဟန်၏ ကလပ်သည် ကောက်ကာငင်ကာ ချမ်းသာလာသော သူဌေးများ၏ မျက်လုံးထဲတွင် အလွန် ခမ်းနားကောင်း ခမ်းနား နေနိုင်သော်လည်း သူ့ကဲ့သို့ ဆွေစဉ်မျိုးဆက် ချမ်းသာလာသူ တစ်ယောက်၏ မျက်လုံးထဲတွင်မူ ရယ်စရာ တစ်ခုမျှသာ ဖြစ်သည်။

“ဟား..ဟား ... လူကြီးမင်းထန် နှစ်သက်တယ် ဆိုရင် ကျေနပ်ပါပြီဗျာ”

သူဌေးဟန်က ဂုဏ်ယူစွာ ‌ပြုံးရင်း ပြောလိုက်သည်။

လူကြီးမင်းထန်သည် ကျုံးဟိုင်မြို့ရှိ အင်အားကြီး မိသားစု တစ်စုမှ ဖြစ်ပြီး ၎င်းတို့ မိသားစုသည် ဝေ့မိသားစုနှင့် မတိမ်းမယိမ်း အင်အား ရှိသူများ ဖြစ်သည်။ ထို့ပြင် လူကြီးမင်း ထန်သည် မိသားစုထဲတွင် လေးစား ခံရသော အရည်အချင်း ရှိသူ ဖြစ်သည်။ သူက စီးပွားရေး လောကထဲသို့ လုံးလုံးလျားလျား ဝင်မလာ သေးသော်လည်း တရားဝင် ကုမ္ပဏီ နှစ်ခု၏ ဥက္ကဌ ဖြစ်နေပြီး ဖြစ်သည့်အပြင် ရုပ်ရှင် ထုတ်လုပ်ရေး တစ်ခု၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဟန်ထျန်းရှန် (သူဌေးဟန်) သည် လူကြီးမင်းထန်နှင့် မယှဉ်သာပေ။

သို့သော်လည်း ဟန်ထျန်းရှန်က အများကြီး ဂရုမထားပေ။ မကြာသေးခင် ကမှ ထျန်းဟယ်မြို့၏ ခေါင်းဆောင် အသစ် ဟူသော ဂုဏ်ပုဒ်အား ရရှိထားသဖြင့် ဟန်ထျန်းရှန်၏ မာနက အနည်းငယ် မြင့်တက်နေသည်။ လူကြီးမင်းထန်သည် မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်ပါစေ၊ လောလောဆယ်တွင် သူ၏ ပိုင်နက် ထျန်းဟယ်မြို့ အတွင်း၌ ရှိနေတာ ဖြစ်သည်။

ထိုသို့အတွေးနှင့် ဟန်ထျန်းရှန်၏ ခံစားချက်များက ပိုမို ကောင်းမွန်လာသည်။ သို့သော် သူက နောင်တများ ပြည့်နှက်နေသော မျက်နှာပေးနှင့် ညည်းညူ လိုက်သည်။

“တကယ်တော့ ဒီကလပ်ရဲ့ ပိုင်ရှင်က သူဌေးရှင်း ဖြစ်ခဲ့တာပါ ကျုပ်က သူဌေးရှင်းရဲ့ နောက်လိုက် တစ်ယောက်ပါပဲ မမျှော်လင့်ပဲ သူဌေးရှင်းက မပြစ်မှားသင့်တဲ့ သူကို ပြစ်မှားမိပြီး အသက်ပေး ခဲ့ရတယ်လေ သူဌေးရှင်း ဆုံးသွားတော့ ဖရိုဖရဲ ဖြစ်သွားတဲ့ လုပ်ငန်းတွေရဲ့ အခြေအနေကို ထိန်းဖို့ ကျုပ်ပဲ ဦးဆောင်ပြီး တာဝန် ယူလိုက်ရတယ်”

ထိုစကားများကို ကြားသော် လူကြီးမင်း ထန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကျုပ်ကြားတာတော့ ရှင်းကျုံး ဆုံးသွားတဲ့နောက် သူ့ရဲ့ 'ယွမ်ကန်း'လုပ်ငန်းစုကို ခင်ဗျား ဆက်ခံပြီး ကိုယ်စားလှယ်(C.E.O) ဖြစ်လာတယ်ဆို ... 'ယွမ်ကန်း'လုပ်ငန်းစုက အနည်းဆုံး ယွမ်ဘီလီယမ်နဲ့ ချီပြီး တန်တယ်မလား ...”

“မဟုတ်ပါဘူးဗျာ ... ကျုပ်က 'ယွမ်ကန်း'လုပ်ငန်းစုရဲ့ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာရုံပါ တကယ့် ပိုင်ရှင်က သူဌေး ရှင်းပဲလေ ပြောရရင်ဗျာ ကျုပ်အနေနဲ့ အချိန်တွေကို နောက်ပြန်ဆုတ်ပြီး အရင်တုန်းက အပူအပင် သိပ်မရှိခဲ့တဲ့ အချိန်တွေကိုသာ ပြန်သွားချင် တော့တာပါပဲ”

ဟန်ထျန်းရှန်၏ နှိမ့်ချလွန်းသော စကားများအား သူ့မျက်နှာပေါ်ရှိ အပြုံးကြီးက သစ္စာဖောက် နေသည်။

စကား အသွားအလာကို ကြည့်ရင်း စားပွဲဝိုင်းတွင် ထိုင်နေသော အခြား သူဌေးများ သည်လည်း သူဌေးဟန်အား နည်းလမ်း ပေါင်းစုံဖြင့် ဝိုင်းဝန်း ချီးမွမ်း ဂုဏ်ပြု နေကြတော့သည်။

လူကြီးမင်း ထန်သည်လည်း အပြုံးတု တစ်ခုအား မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။

အစပိုင်းတွင် ဟန်ထျန်းရှန်သည် ရှင်းကျုံး၏ နောက်လိုက် ခွေးမျှသာ ဖြစ်သော်လည်း ရှင်းကျုံး သေဆုံးပြီးနောက် ရှင်းကျုံး၏ တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစား တည်ထောင်ခဲ့သော ယွမ်ကန်း လုပ်ငန်းစုအား ဟန်ထျန်းရှန်က အခန့်သင့်လေး ရသွားပြီး အလွန် ကြီးပွားသွားသည်။

လူကြီးမင်းထန်သည် စိတ်ထဲ၌ တွေးတော‌ နေသည်က တစ်မျိုး ဖြစ်သော်လည်း အပြင်ပိုင်းတွင်တော့ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

“အခုဆိုရင် သူဌေးဟန်က ကောင်းကင်ရေစင် ရောင်းချခွင့် ရတော့မယ် ဆိုတော့ အရင်ကထက် ပိုပြီး အောင်မြင် လာတော့မှာပဲ ကြိုပြီး ဂုဏ်ပြုပါတယ်ဗျာ”

“ကောင်းကင်ရေစင် အကြောင်းကို လူကြီးမင်း ထန်လည်း ကြားတယ်ပေါ့ ...”

ဟန်ထျန်းရှန်၏ မျက်နှာမှာ လေးနက်သွားပြီး မေးလိုက်သည်။

“ကျုပ်ရဲ့ အဆက်အသွယ်‌တွေ ကနေ တစ်ဆင့် ကောင်းကင်ရေစင်က စီးပွားရေး လောကကို တော်တော်လေး လှုပ်ခတ် သွားစေတယ် ဆိုတဲ့ အကြောင်း ကြားမိပါတယ်”

လူကြီးမင်းထန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

ကောင်းကင် ရေစင်သည် ဈေးကွက်အတွင်း တရားဝင် မရောင်းချရ သေးသော်လည်း လူကြီးမင်းထန် ကဲ့သို့ ကျုံးဟိုင်မြို့၌ နေသည့်သူပင် ကြားရလောက်သည် အထိ ကြီးကြီးမားမား လှုပ်ခတ် သွားခဲ့သည်။

“အဲဒါက ဒီလို ရှိတယ်ဗျ ကောင်းကင်ရေစင် ရောင်းချခွင့်က ဆရာချန်းရဲ့ စိတ်အခြေအ‌နေနဲ့ ဆုံးဖြတ်ချက် ပေါ်မှာပဲ မူတည်တယ် ကျုပ်က ပြောရရင် နောက်ပေါက် သူဌေး တစ်ယောက်ပဲလေ အများဆုံးရမှ တစ်နေ့ကို ကောင်းကင်ရေစင် ပုလင်း နှစ်ဆယ်လောက်ပဲ ရမှာ ဒီပမာဏက ကျုပ်မိသားစုထဲမှာ ရောင်းရလောက်တဲ့ ပမာဏပဲ ရှိပါတယ်ဗျာ”

ဟန်ထျန်းရှန်က ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။

လူကြီးမင်း ထန်သည် သူဌေးဟန်၏ စကားအား အလုံးစုံ မယုံသော်လည်း အလိုက်အထိုက် ‌ပြန်ပြောပေး လိုက်သည်။

“အင်း ... ဒါက စိတ်မကောင်း စရာပဲ”

ထို့နောက် လူကြီးမင်းထန်က တစ်စုံတစ်ခုအား သတိရသွားပြီး မေးလိုက်သည်။

“ဒီလိုဆိုရင် ကောင်းကင်ရေစင်က ဆရာချန်း ကိုယ်တိုင် ထုတ်လုပ်တာ ပေါ့လေ ...”

“အမှန်ပဲ မဟုတ်ရင် ဘယ်လိုမျိုး သာမန်စမ်းရေက ဒီလောက် အစွမ်းထက်မှာလဲ ...”

ဟန်ထျန်းရှန်က လေးစားစွာ ပြောသည်။

“ကောင်းကင် ရေစင်ထဲမှာ ဆရာချန်းရဲ့ စွမ်းအားတွေ ပါဝင်နေတယ်လေ ဒါ့ကြောင့်လည်း လူတွေက ရေတစ်ပုလင်းကို ယွမ်တစ်သိန်း ပေးပြီး ဝယ်ဖို့ စိတ်အား ထက်သန် နေကြတာပေါ့”

လူကြီးမင်းထန်က မျက်မှောင်ကြုတ်ကာ ‌ပြန်ပြောလာသည်။

“ကျုံးဟိုင်မြို့ မှာတောင် ဆရာချန်းရဲ့ အကြောင်းတွေ ကြားရတယ် ဒါပေမဲ့ ကောလာဟလတွေ ဆိုတာက ယုံဖို့ ခက်ပါတယ် ကျုပ်အမြင်တော့ ဆရာချန်း ဆိုတဲ့သူက ခင်ဗျားလောက်တောင် အစွမ်းအစ မရှိဘူးလားလို့”

“ကျုပ်ကို ဆရာချန်းနဲ့ မနှိုင်းပါနဲ့ဗျာ”

ဟန်ထျန်းရှန်သည် အလွန် ထိတ်လန့်သွားကာ လက်တကာကာဖြင့် ငြင်းဆိုလိုက်သည်။

“ဆရာချန်းက ... နတ်ဘုရား တစ်ပါးလိုပဲ ကျုပ်က သူ့ရဲ့ နောက်လိုက်တွေ အများကြီးတွေ ထဲက တစ်ယောက်ထက် မပိုပါဘူးဗျာ တကယ်ပြောတာ”

ဟန်ထျန်းရှန်သည် ချန်းဖန်မှ သူ၏ သူဌေး ရှင်းကျုံးအား လက်တစ်ချောင်း လှုပ်လိုက်ရုံဖြင့် သတ်ခဲ့သော မြင်ကွင်းအား ယခုထက်ထိ မမေ့နိုင်‌သေးပေ။ ထို့ပြင် သူ့အနေနှင့် ချန်းဖန်၏ ကောင်းကင် ရေစင်အား လိုအပ်နေသေးသည်။

ထို့ကြောင့် ဟန်ထျန်းရှန်သည် ထျန်းဟယ်မြို့အား လက်လွှဲ ယူပြီးသည့် နေ့မှစ၍ ချန်းဖန်အား အမြဲရိုသေ လေးစားခဲ့သည်။

“သူဌေးဟန်က နှိမ့်ချလွန်း နေပါပြီ”

လူကြီးမင်းထန်က ယခုထက်ထိ ယုံကြည်ဟန် မရ။

“သူဌေးဟန်က အခုဆိုရင် ထျန်းဟယ်မြို့မှာ နံပါတ်တစ် သူဌေးကြီးပဲလေ တစ်နေ့ကျရင် သူ့ရဲ့ နေရာကို အစားထိုး နိုင်မှာပါ”

ဟန်ထျန်းရှန်သည် ခေါင်းသာ ယမ်းရင်း လူကြီးမင်းထန်၏ တုံးအမှုအား စိတ်ထဲတွင် လှောင်ပြောင်မိ၏။

'ခင်ဗျားတို့ ထန်မိသားစုရဲ့ ခေါင်းဆောင်တောင် ဆရာချန်းနဲ့ မယှဉ်နိုင်တာ ခင်ဗျားက ဆရာချန်းရဲ့ နေရာကို အစားထိုးဖို့ အကြောင်း ပြောရဲတယ်ပေါ့ ...'

ရုတ်တရက် ဟန်ထျန်းရှန်၏ ဆဲလ်ဖုန်းက မြည်လာသောကြောင့် သူက ဖုန်းဖြေလိုက်သည်။

ဖုန်းချ လိုက်ပြီးနောက် ဟန်ထျန်းရှန်၏ မျက်နှာက စိတ်ပျက်သည့်ဟန် ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ ...”

“အရေးမပါတဲ့ လူတချို့က ပြဿနာ နည်းနည်း ရှာနေလို့ပါ”

ဟန်ထျန်းရှန်၏ မျက်လုံးထဲ၌ ဒေါသတချို့ ဖြတ်ပြေးသွားပြီး ပြောသည်။

“လူကြီးမင်းထန် ... ကျုပ်တို့ ဝူတောင် ရေပူစမ်း အပန်းဖြေ စခန်းကို ကိုယ်တိုင်သွားပြီး ကျုပ်တို့ရဲ့ မင်းသမီးလေးကို သွားဖိတ်ကြမလား ...”

“သိပ်ကောင်း တာပေါ့”

လူကြီးမင်းထန်က ထိုင်ခုံမှ ထလျက် စိတ်အား ထက်သန်စွာ ပြောလိုက်သည်။

***

All Chapters