ဆရာချန်းရဲ့ နောက်လိုက်ခွေး
Vol. 2 Ch. 120
ဝူကျွင်းကျဲ့၏ သူငယ်ချင်း တင်းယို့ဝေသည် ကံအားလျော်စွာ အပန်းဖြေစခန်း အနီးသို့ ရောက်နေခြင်းဖြစ်ရာ ဘယ်သူမှ မရောက်သေးခင် သူအရင်ဆုံး ရောက်လာသည်။
တင်းယို့ဝေ ရောက်မလာခင် အပန်းဖြေစခန်း ပိုင်ရှင်သည် ခိုက်ရန်ဖြစ် ထားသော လူနှစ်စုအား ကြီးမားလှသော အစည်းအဝေးခန်း တစ်ခုထဲသို့ ဖိတ်ကြားထားသည်။ ထို့ကြောင့် လူနှစ်စုသည် အခန်းအတွင်းရှိ စားပွဲကြီး၏ တစ်ဖက် တစ်ချက်စီတွင် ထိုင်နေကြသည်။ ယွင်ချန်ချန်က ပုံမှန်ဝတ်စုံ ပြန်လဲထားပြီး နေကာ မျက်မှန်ကြီးကိုလည်း ပြန်လည် တပ်ဆင်ထားသည်။
ချန်းဖန်သည် ထိုင်ခုံ တစ်လုံးတွင် ခြေတစ်ဖက် ချိတ်ကာ ထိုင်နေပြီး စားပွဲပေါ်ရှိ သစ်သီး ပန်းကန်ထဲမှ သစ်သီးများအား အေးအေးဆေးဆေး စားနေသည်။ ထုံရှန်းကတော့ ချန်းဖန်၏ နောက်တွင် သံရုပ်တု တစ်ခုအလား ရပ်လျက်ရှိသည်။
သခင်လေးတင်း ရောက်လာချိန်တွင် ထုံရှန်းအား ပထမဆုံး သတိထားမိသည်။ ထို့နောက် ဝူကျွင်းကျဲ့ ထံသို့ သွားကာ မေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ ကျွင်းကျဲ့ ...”
“ငါ့ရဲ့ သူငယ်ချင်း မလေးက ဒီလူတွေနဲ့ ပြဿနာ တချို့ ဖြစ်ထားတယ် အဲဒါ မင်းများ ကူညီနိုင် မလားလို့ပါ”
ဝူကျွင်းကျဲ့က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော အပြုံးတစ်ခုနှင့် တောင်းဆိုလိုက်သည်။
“ကိစ္စမရှိဘူး ထျန်းဟယ်မြို့က ဘယ်သူမဆို ငါ့ကို အနည်းနဲ့ အများတော့ မျက်နှာသာ ပေးကြပါတယ်”
သခင်လေးတင်းက သူ့ရင်ဘတ် သူပုတ်လျက် ဝူကျွင်းကျဲ့အား ပြောလိုက်သည်။
ရုတ်တရက် အရပ်ပုပုလူ ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီမှာ ကောင်လေး ငါမင်းကို ဘယ်တုန်းကများ မျက်နှာသာ ပေးဖူးလို့လဲ ...”
“ဒုတိယ သခင်လေးဖန် ...”
အရပ်ပုပု လူအား မြင်လျှင်မြင်ချင်း တင်းယို့ဝေ မျက်မှောင်ကြုတ် သွားသည်။
ဒုတိယ သခင်လေးဖန်သည် အရည်အချင်း ရှိသူ မဟုတ်သော်လည်း ယောက်ဖ၏ အရှိန်အဝါနှင့် ထင်ရာ စိုင်းနေသူ ဖြစ်သည်။ သူဌေးဟန်သည် မကြာသေးခင် ကမှ သူဌေးရှင်း၏ အရိုက်အရာအား ဆက်ခံထားရာ ဒုတိယ သခင်လေးဖန်မှာ ပိုမို မောက်မာလာသည်။
တင်းယို့ဝေ အနေနှင့် သူဌေးဟန်အား မယှဉ်နိုင်သော်လည်း ယခု အခန်းထဲ၌ ရှိနေသည်မှာ ဒုတိယ သခင်လေးဖန်သာ ဖြစ်သည်။ သူဌေးဟန် မဟုတ်ပေ။ သို့ဖြစ်ရာ သူက ကူညီရန် တတ်နိုင်သေးသည်။
“ဒုတိယ သခင်လေးဖန် ခင်ဗျားက ပြဿနာ ရှာပြန်ပြီလား ... ဒါက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ သူတို့ထဲက ဘယ်သူ့ကိုမှ ထိဖို့ မကြိုးစားနဲ့”
တင်းယို့ဝေက ပြောလိုက်သည်။
သူက အခန်းထဲသို့ စဝင်လာ ကတည်းက ယွင်ချန်ချန်နှင့် လင်းဝေ့ဝေ့တို့အား မြင်သည်။ ယွင်ချန်ချန်သည် နေကာ မျက်မှန်ကြီး တပ်ကာ မျက်နှာအား ကွယ်ထားသော်လည်း အလွန် လှပသူ ဖြစ်ကြောင်း သိနိုင်သေးသည်။ လင်းဝေ့ဝေ့ သည်လည်း အရပ်ရှည်ရှည်နှင့် ချစ်ဖို့ကောင်းသူ ဖြစ်ရာ တင်းယို့ဝေ ထင်လိုက်သည်က ဒုတိယ သခင်လေးဖန်သည် ထိုမိန်းကလေး နှစ်ယောက်အား နှောင့်ယှက်ရာမှ ပြဿနာ အစပြုသည် ဟူ၍။
“တင်းယို့ဝေ မင်းကိုယ်မင်း ဘာများ မှတ်နေလဲကွ”
ဒုတိယ သခင်လေးဖန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
“ဒီတော့ မင်းက သူတို့ကို အလွတ် မပေးနိုင်ဘူးပေါ့ ...”
တင်းယို့ဝေ၏ မျက်နှာမှာ တည်တင်းသွားသည်။
ထျန်းဟယ်မြို့ရှိ လူတော်တော် များများသည် သူ့ဖခင်၏ မျက်နှာနှင့် သူ့အား လိုက်လျော တတ်ကြသည်။ သူဌေးဟန်၏ ပံ့ပိုးမှုအား ဖယ်လိုက်လျှင် ဒုတိယ သခင်လေးဖန်က သူ့လောက်ပင် အသုံးကျသူ မဟုတ်သည်ကို တင်းယို့ဝေက နားလည်သည်။ ထို့ကြောင့် သူက ဒုတိယ သခင်လေးဖန်အား အလျှော့ မပေးလိုခြင်း ဖြစ်သည်။
“ထွက်သွားစမ်း”
ဒုတိယ သခင်လေးဖန်သည် ရုတ်တရက် တင်းယို့ဝေအား ဖန်ခွက် တစ်ခွက်ဖြင့် ပိတ်ပေါက်လိုက်သည်။
တင်းယို့ဝေက ကပျာကယာ ခေါင်းငုံ့ကာ ရှောင်လိုက်၍ လွတ်သွားသော်လည်း ဒေါသ အလွန် ထွက်သွားသည်။ သူ့မျက်နှာက မည်းမှောင်သွားပြီး ဒုတိယ သခင်လေးဖန် ထံသို့ ပြေးသွားမည် ပြုသည်တွင် ဝူကျွင်းကျဲ့က အလျင်အမြန် တားလိုက်ရသည်။
“သူ့မှာ သက်တော်စောင့် တစ်ဒါဇင်လောက် ပါလာတယ် သတိထားမှပေါ့”
“ဟမ့် သူတို့လား ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ”
တင်းယို့ဝေက ကြိမ်းဝါး လိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ကြောက်ရွံ့ သွားသည်။
“ငါတို့က အဲဒီကောင်ကို မကြောက်ပါဘူး သူက သူ့သူဌေးကို ဖုန်းဆက်ခေါ်မယ် ဆိုလို့ မင်းကို အကူအညီ တောင်းရတာပါ”
ဝူကျွင်းကျဲ့က ပြောသည်။
“သူ့သူဌေး ...”
တင်းယို့ဝေ၏ မျက်နှာ အမူအရာမှာ လုံးလုံးလျားလျား ပြောင်းလဲ သွားသည်။
ဒုတိယ သခင်လေးဖန်သည် အလွန် မောက်မာပြီး လူတစ်ယောက်မှ လွဲ၍ ဘယ်သူ့ကိုမှ သူဌေးဟု မခေါ်သည်ကို သူမှတ်မိသည်။
“ဘယ်သူလဲတော့ ငါလည်း သေချာမသိဘူး”
ဝူကျွင်းကျဲ့က ရှင်းပြသည်။
“အစ်မယွင် ပြောတာတော့ သူဌေးဟန် ဆိုတဲ့လူ တည်ခင်းတဲ့ ညစာစားပွဲကို မသွားချင်လို့ ရှောင်ထွက် လာရင်း ဒုတိယ သခင်လေးဖန်က အစ်မယွင်ကို လိုက်ခေါ်နေတာတဲ့”
“သူဌေးဟန် ... ဟန်ထျန်းရှန် ...”
တင်းယို့ဝေ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
“အမှန်ပဲ သူက ငါ့သူဌေးပဲ ဘယ်လိုလဲ တင်းယို့ဝေ ငါ့သူဌေးကို ဆန့်ကျင်ချင်တာ သေချာပြီလား ...”
ဒုတိယ သခင်လေးဖန်သည် ထိုင်ခုံ၌ ထိုင်နေရင်း အထင်သေးစွာ မေးသည်။
တင်းယို့ဝေ ရှော့ခ်ရ သွားသည်။
“ကျွင်းကျဲ့ မင်းငါ့ကို ပြောတုန်းက သူဌေးဟန် အကြောင်း ဘာလို့ မပါတာလဲ ...”
တင်းယို့ဝေက ဝူကျွင်းကျဲ့အား လှည့်မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ ...”
ဝူကျွင်းကျဲ့က ဇဝေဇဝါနှင့် ပြန်မေးလိုက်သည်။
“အခုနေ တောင်းပန်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ် ကျွင်းကျဲ့ မဟုတ်ရင် သူဌေးဟန် ရောက်လာတဲ့အခါ တောင်းပန်ဖို့ အခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး”
တင်းယို့ဝေက အရိုးသားဆုံးနှင့် အပွင့်လင်းဆုံး ပြောလိုက်သည်။
“ဘာအတွက် တောင်းပန်ရမှာလဲ ... နှာဘူး ကျတာက အဲဒီကောင်လေ ငါတို့မှ မဟုတ်တာ”
လင်းဝေ့ဝေ့က ငြင်းဆို လိုက်သည်။
တင်းယို့ဝေသည် ဘာမှ ပြန်မပြောသော်လည်း သူ့မျက်နှာပေါ်၌ စိတ်ပျက်လက်ပျက် ဖြစ်မှုတို့အား မြင်နေရသည်။
“ဝေ့ဝေ့ပြောတာ မှန်တယ် တောင်းပန် သင့်တာက သူတို့ပဲ”
ချန်းဖန်သည် ပါးစပ်အပြည့် သစ်သီးများ စားနေရင်း ဝင်ပြောလိုက်သည်။
ချန်းဖန်၏ ထောက်ခံမှုကြောင့် လင်းဝေ့ဝေ့က ပိုလို့ပင် ယုံကြည်မှု ရှိသွားသည်။
“သူဌေးဟန် ဆိုတာ ဘယ်သူမှန်းရော သိကြရဲ့လား ... ချူကျိုးမြို့က တတိယ သခင်ကြီးဝေ့တောင် သူ့ကို လေးလေးစားစား တန်းတူ ဆက်ဆံရတယ် မင်းတို့ ဆိုလို့ကတော့”
တင်းယို့ဝေက စိတ်မရှည်စွာ ပြောလိုက်သည်။
“ဟုတ်တယ် ဝေ့ဝေ့ ဒီတိုင်း တောင်းပန်လိုက်ကြ ရအောင်လား”
မနေသာသည့် အဆုံး ယွင်ချန်ချန်ပင် ဝင်ပြောလာသည်။
ယွင်ချန်ချန်သည် သူဌေးဟန်နှင့် လူကြီးမင်းထန်တို့ ရောက်လာပါက တောင်းပန်ရန် တွေးထားပြီး ဖြစ်သည်။ လူကြီးမင်း ထန်အား မည်သို့ တောင်းပန် ရပါစေ ထိုဆယ်ကျော်သက် လေးများအား လွှတ်ပေးရန် မရမက ပြောဖို့ ဆုံးဖြတ်ထားသည်။ အနည်းဆုံးတော့ ထိုဆယ်ကျော်သက် လေးများသည် သူမကြောင့်နှင့် ဤအရှုပ်အထွေး ထဲသို့ ဝင်ပါလာရခြင်း ဖြစ်သည်။
“အစ်မယွင်”
လင်းဝေ့ဝေ့၏ မျက်နှာလေးမှာ နီရဲသွားသည်။
သူမသည် လောကကြီးအား ရိုးရှင်းသော အမြင်ဖြင့်သာ ကြည့်တတ် သေးသော ဆယ်ကျော်သက်လေး ဖြစ်သည်။ ထို့ကြောင့် သူမ မမှားဘဲ တစ်စုံတစ်ယောက်အား တောင်းပန်ရမည် ဆိုသည့် အသိက သူမအား ဖင်မထိုင်နိုင် ဖြစ်စေသည်။
“ဒါက အားလုံး ကောင်းဖို့ အတွက်လေ ဒါပေမဲ့ စိတ်ချပါ သူဌေးဟန်က မင်းတို့ အားလုံးကို အန္တရာယ် မပြုစေရဘူး”
ယွင်ချန်ချန်သည် ဆုံးဖြတ်ချက် ချပြီးဟန်နှင့် နူးညံ့စွာ ပြောသည်။
လင်းဝေ့ဝေ့သည် မျက်နှာလေး စူပုတ်လျက် ခေါင်းငုံ့သွားပြီး မကျေမနပ်နှင့် ကြမ်းပြင်အား ခြေဖြင့် ကန်နေတော့သည်။
“အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ မမလေး ယွင်ချန်ချန်ရဲ့ မျက်နှာကြောင့် မင်းတို့သာ ငါ့ကို သူဌေးလို့ ခေါ်ပြီး တောင်းပန်ရင် ဒီနေ့ကိစ္စကို မဖြစ်ခဲ့သလို သဘော ထားပေးမယ်”
ဒုတိယ သခင်လေးဖန်သည် အမြင်ကတ်ချင် စဖွယ် အပြုံးကြီးနှင့် ပြောလာသည်။
“မဟုတ်လို့ ငါ့ယောက်ဖ ရောက်လာမှဆိုရင် ကိစ္စတွေက တောင်းပန်တာ လောက်နဲ့ ပြီးမှာ မဟုတ်ဘူးနော်”
“သူက ယွင်ချန်ချန် ...”
တင်းယို့ဝေက အံ့ဩစွာ မေးလိုက်မိသည်။ နောက်ဆုံးတော့ သူက အရာ အားလုံးအား နားလည် သွားလေပြီ။ ကိစ္စများ၏ အစက ဤလှပသော မင်းသမီးလေးမှ အစပြုခြင်း ဖြစ်ရပေမည်။
သူက ချန်းဖန်တို့အား ကြည့်ကာ ခေါင်းယမ်းမိသည်။ ယွင်ချန်ချန်သည် ထိပ်တန်းကြယ်ပွင့် မင်းသမီး တစ်ယောက် ဖြစ်ပြီး ဤအခက်အခဲအား ကျော်လွှားရန် နည်းလမ်းပေါင်း များစွာ ရှိသည်။ ချန်းဖန်နှင့် ဝူကျွင်းကျဲ့တို့ကား သာမန် အထက်တန်း ကျောင်းသားလေး များသာ ဖြစ်ပြီး ယွင်ချန်ချန်၏ အခြေအနေနှင့် လုံးလုံးလျားလျား ကွဲပြားပေသည်။
“ငါတို့ တကယ်ပဲ တောင်းပန် ရမှာလား ...”
လင်းဝေ့ဝေ့၏ မျက်လုံးများထဲ၌ မျက်ရည်များ ဝေ့သီလာပြီး မေးလိုက်သည်။
ဝူကျွင်းကျဲ့သည် ဘာမှ မတတ်နိုင်ပဲ လက်သီးသာ တင်းတင်း ဆုပ်ထားမိသည်။ ဤအဖြစ်အပျက်က ကျင်းမြို့တော်တွင် ဖြစ်ပွားခဲ့သော အရှက်ကွဲမှုအား သတိ ရသွားစေသည်။ သို့သော် ဤတစ်ကြိမ်ကား ပို၍ အခြေအနေ ဆိုးသည်။ သူက ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ရုံ သာမက သူငယ်ချင်းများ ကိုလည်း ကာကွယ် မပေးနိုင်ပေ။
ဝူကျွင်းကျဲ့၏ စိတ်ထဲ၌ သူကိုယ်တိုင်၏ အသုံးမကျမှုအား ကျိန်ဆဲနေမိသည်။
ရန်ရှောင်ပိုင်သည်ပင် ပြုံးမနေနိုင်တော့ပဲ မျက်နှာကြီး တည်နေသည်။
ချန်းဖန်သည် လက်ထဲရှိ စားလက်စ အသီးအား ချကာ ထိုင်နေရာမှ ထလိုက်သည်။
“တောင်းပန်ရမယ် ... ဘာလို့လဲ ... ဝေ့ဝေ့က ဘာမှ အမှားမလုပ်ခဲ့ဘူး အဲဒီအတွက် တောင်းပန်စရာလည်း မလိုအပ်ဘူး”
“မင်းတို့ရဲ့ အကြီးမားဆုံး အမှားက အားနည်းလွန်း နေတာပဲ”
တင်းယို့ဝေသည် ချန်းဖန်အား ထိုးနှက်ရန် အခွင့်အရေးအား လက်လွတ်မခံပေ။
“ဒီကမ္ဘာမှာ အားအကြီးဆုံးနဲ့ အာဏာအရှိဆုံး သူတွေကသာ အမြဲမှန်တယ် သူဌေးဟန်မှာ ပိုက်ဆံနဲ့ အာဏာရှိတယ် ဒါပေမဲ့ မင်းမှာက ဘာရှိလဲ ... ဘာမှ မရှိဘူးလေ”
“ရှောင်ဖန်”
လင်းဝေ့ဝေ့သည် ရေနစ်နေသူ တစ်ယောက် နောက်ဆုံး မြက်ပင်လေးအား ဆုပ်ကိုင်လိုသည့် အကြည့်မျိုးဖြင့် ချန်းဖန်ထံ ကြည့်လာသည်။
ချန်းဖန်သည် လင်းဝေ့ဝေ့ထံသို့ လျှောက်သွားပြီး သူမ၏ ခေါင်းလေးအား ညင်သာစွာ ပုတ်ပေး လိုက်သည်။
“နင်က ငါ့ရဲ့ သူငယ်ချင်းလေ ဘယ်သူ့ကိုမှ ဘာအကြောင်းနဲ့မှ လုံးဝ တောင်းပန်စရာ မလိုဘူး”
ချန်းဖန်က လေးနက်စွာ ပြောသည်။
“ငါ့မှာ ဘာမှ မရှိတော့ရင်တောင် အသန်မာဆုံး လက်သီးတွေ ရှိတယ် အဲဒီ လက်သီးတွေနဲ့ နင်တို့ကို ကာကွယ်ပေးမယ်”
လင်းဝေ့ဝေ့သည် ချန်းဖန်၏ အပြောကြောင့် ကြည်နူး သွားရသည်။ သို့သော်လည်း အခြားသူများ ရှေ့တွင် ဖြစ်သောကြောင့် ဆက်မပြောတော့ရန် ချန်းဖန်၏ ရင်ဘတ်အား လက်သီးဆုပ်ဖြင့် ခပ်ဖွဖွ ထိုးလိုက်သည်။
သူငယ်ချင်း နှစ်ယောက်၏ အပြန်အလှန် စကားများအား ကြားရသော် ယွင်ချန်ချန်သည် အပြစ် မကင်းသလို ခံစားလိုက်ရသည်။ ဝူကျွင်းကျဲ့နှင့် ရန်ရှောင်ပိုင်တို့ သည်လည်း ချန်းဖန်၏ စကားကြောင့် ရင်ထဲထိသွားကာ မျက်လုံးများ နီရဲလာကြသည်။
ရုတ်တရက် အက်ကွဲကွဲ အသံတစ်ခုက ကြည်နူးဖွယ် အခိုက်အတန့် လေးအား ဖျက်ဆီးလိုက်သည်။
“ကောင်လေး အပြောကြီး မနေနဲ့ ငါ့ယောက်ဖ ရောက်လာတဲ့ အခါ မင်းဆက်ပြီး ဟီးရိုး လုပ်နိုင်ဦး မလားလို့ စောင့်ကြည့် နေမယ်”
ချန်းဖန်သည် သူ့ထိုင်ခုံ ရှိရာသို့ ပြန်သွားကာ ထိုင်လိုက်ပြီးမှ ဒုတိယ သခင်လေးဖန်အား တုံ့ပြန်သည်။
“မင်းယောက်ဖ ရောက်လာတဲ့အခါ ငါက မင်းကို ပင်လယ်ထဲ ပစ်ချလိုက်ဖို့ ပြောရင်တောင် ကန့်ကွက်ဝံ့မှာ မဟုတ်ဘူး”
ဒုတိယ သခင်လေးဖန်သည် ချန်းဖန် စကားကြောင့် ဒေါသ ထွက်သွားပြီး ပြန်ပြောမည် ပြုစဉ်မှာပဲ တင်းယို့ဝေက ပြောလိုက်သည်။
“ဆက်ပြီး မောက်မာနေလိုက် ဟေ့ကောင် သူဌေးဟန်ကို အမိန့်ပေးရအောင် မင်းကိုယ်မင်း ဘာများ ထင်နေလဲ ... ဝေ့မိသားစုက အဘိုးဝေ့လား မင်းက ...”
“ငါက အဘိုးဝေ့ မဟုတ်ဘူး ဒါပေမဲ့ ဟန်ထျန်းရှန်က ငါ့ရဲ့ နောက်လိုက် ခွေးတွေထဲက တစ်ယောက်ထက် မပိုဘူး ငါက အမိန့်ပေးရင် နာခံရမှာ သူ့အလုပ်ပဲ”
ချန်းဖန်၏ မောက်မာလှသော စကားများကို ကြားရသော် လူတိုင်းမှာ ဆွံ့အကြရသည်။
သက်တော်စောင့်များ သည်လည်း အံကြိတ်မိကြသည်။ ထုံရှန်းကို ကြောက်နေ၍သာ မဟုတ်ပါက မောက်မာလှသော ထိုကောင်လေးအား တစ်ချက်လောက် ပြေးရိုက်နေကြပြီး ဖြစ်လောက်သည်။
ယွင်ချန်ချန်ပင် အလိုမကျစွာ မျက်မှောင်ကြုတ် မိသည်။ ယခုအချိန်က နေရင်းထိုင်ရင်း မောက်မာ နေရမည့် အချိန် မဟုတ်ပေ။
အစ်မချင်သည် နှာခေါင်းရှုံ့ကာ ပြောလေ၏။
“အဲဒီကလေးတွေ ဘယ်လောက် မိုက်မဲလဲ ဆိုတာ တွေ့လား ချန်ချန် ... သူတို့က နင့်ကို ကူညီနေ သယောင် ထင်ရပေမဲ့ တကယ်တမ်း ကျတော့ သူတို့က နင့်ကိုပါ သူတို့နဲ့အတူ ဆွဲချနေတာ နင်က သူတို့ကို ဒီတစ်ကြိမ် ကူညီ ပေးရင်တောင် နောက်တစ်ကြိမ် ဒုက္ခ ရောက်ဦးမှာပဲ မိုက်မဲမှုက ကုစားလို့ ရတဲ့အရာ မဟုတ်ဘူး ငါသာ နင့်နေရာမှာဆို ဖာသိဖာသာပဲ နေလိုက်တယ်”
ယွင်ချန်ချန်လည်း စိတ်ကျဉ်းကျပ်စွာ သက်ပြင်းသာ ချမိသည်။
ရုတ်တရက် ဝင်ပေါက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အခန်းအတွင်းသို့ လူတစ်စု ဝင်ရောက်လာသည်။ လူစု၏ ခေါင်းဆောင်မှာ အနည်းငယ် အသက်ကြီးကြီး လူတစ်ယောက်နှင့် ရွှေကိုင်းမျက်မှန် တပ်ထားသော ခပ်ဖြောင့်ဖြောင့် လူရွယ် တစ်ယောက်တို့ ဖြစ်ကြသည်။
သူတို့မှာ သူဌေးဟန်နှင့် လူကြီးမင်းထန်တို့ ဖြစ်ကြသည်။
ဒုတိယ သခင်လေးဖန်၏ မျက်လုံးများမှာ အရောင် တောက်သွားပြီး ထိုလူစုထံသို့ ပြေးသွားကာ နှုတ်ဆက် လိုက်သည်။
“အစ်ကိုဟန် နောက်ဆုံးတော့ ရောက်လာပြီပဲ”
ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်ကာ လှောင်ပြောင်လိုက်သည်။
“ငါ့ယောက်ဖက ရောက်လာပြီ မင်းရဲ့ဘဝ ဘယ်လို အဆုံးသတ် သွားမလဲ ဆိုတာ စောင့်နေလိုက်”
သို့သော်လည်း သူက သူဌေးဟန်ဘက်သို့ ပြန်ကြည့်မိ သည်တွင် ကြောက်ရွံ့မှုကြောင့် တကိုယ်လုံး တုန်ယင်နေသော သူဌေးဟန်အား တွေ့လိုက်ရသည်။
သူဌေးဟန်သည် သခင်အား တွေ့လိုက်ရသော ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ ချန်းဖန်ထံသို့ ပြေးသွားပြီး ကြမ်းပြင်သို့ ခေါင်းထိတော့ မတတ် ဦးညွှတ်လိုက်သည်။ ထို့နောက် တတ်နိုင်သမျှ နှိမ့်ချထားသော လေသံဖြင့် အလွန် လေးစားစွာ နှုတ်ဆက် လိုက်လေသည်။
“ဆရာချန်း”
ချန်းဖန်သည် ထိုင်ခုံ၌ ပျင်းရိပျင်းတွဲ ထိုင်နေပြီး စပျစ်သီး တစ်လုံးအား စိမ်ပြေနပြေ အခွံခွာလျက် ရှိသည်။ စပျစ်သီး၏ အခွံများ အလုံးစုံ ကျွတ်သွားပြီ ဆိုတော့မှ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း လက်ဝါးတစ်ဖက် မြှောက်ကာ သူဌေးဟန်အား ပြန်လည် နှုတ်ဆက်လိုက်သည်။
“ဟိုင်း”
***