← Chapters

မဟာနွယ်ဖွား လူငယ်လေး

Vol. 2 Ch. 121

မဟာနွယ်ဖွား လူငယ်လေး

Vol. 2 Ch. 121

“ဆရာချန်း”

ချန်းဖန် ရှေ့တွင် ဒူး‌ထောက်လိုက်သည့် ထျန်းဟယ်မြို့၏ နံပါတ်တစ် သူဌေးကြီးသည် ဘုရားရုပ်တု ရှေ့တွင် ဒူး‌ထောက်လိုက် သကဲ့သို့ ဖြစ်‌နေသောကြောင့် လူတိုင်း အံ့အားသင့် နေကြသည်။

“သူက ဆရာချန်းလား ...”

တင်းယို့ဝေ ထိတ်လန့် သွားသည်။ မထင်မှတ်ထားစွာ ဖြစ်လာသော အပြောင်းအလဲ များ‌ကြောင့် သက်တော်စောင့် များလည်း ‌ကြောက်ရွံ့ သွားကြသည်။

လျှို့ဝှက်ချက် တစ်ခုအား သိရှိလိုက် ရသောကြောင့် လူကြီးမင်းထန်၏ မျက်ဝန်းများ ‌တောက်ပသွားသည်။

သူခရီး သွားနေတုန်း ကြီးကျယ် မြင့်မြတ်တဲ့ ဆရာချန်းနဲ့ လူချင်းတွေ့ရဖို့ လုံးဝ မမျှော်လင့်ထားမိဘူး။ သူသတိထား မိတာက ဆရာချန်းကို ကြည့်ရတာ သာမန် လူတစ်ယောက်လိုပဲ။ ချောမော လွန်းသည်က လွဲရင်ပေါ့လေ။

ပြီးတော့ သူ့မှာ ဟိတ်ကြီးဟန်ကြီး အမူအကျင့်တွေ ကိုလည်း မတွေ့ရဘူး။ ကျန်းပေ့ ဒေသမှာ ရှိတဲ့ တခြား သူဌေးကြီး‌တွေ အပါအဝင် ရှုအောင်း၊ ဟန်ထျန်းရှန် ကဲ့သို့သော သူများပင် ထိုလူငယ်လေးအား အလွန် လေးစားကြပုံ ရသည်။

ယွင်ချန်ချန်နှင့် လင်းဝေ့ဝေ့တို့လည်း ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စိုးရိမ် နေကြသည်။

လင်းဝေ့ဝေ့က တွေးမိ၏။

'ချန်းဖန်က သူမတို့ရဲ့ ငယ်သူငယ်ချင်း မဟုတ်ဘူးလား ... သူက ဘယ်အချိန် ကတည်းက ဆရာချန်း ဖြစ်လာတာလဲ ... ဘာလို့ သူဌေးဟန်က သူ့ကိုအရမ်း ‌လေးလေးစားစား ဆက်ဆံ နေရတာလဲ ...'

ယွင်ချန်ချန်သည် ကျုံးဟိုင်မြို့နှင့် ရန်ကျင်းမြို့ တစ်ဝိုက်တွင် ‌နေထိုင်ပြီး အလုပ် လုပ်နေသူ နာမည်ကြီး တစ်ယောက် ဖြစ်သည်။ ထို့‌ကြောင့် သူမသည် ဆရာချန်း၏ အကြောင်းကို တစ်ခါမှ မကြားဖူးတာ ဖြစ်သည်။

ဆရာချန်း အကြောင်း ကြားဖူးသူမှာ ဝူကျွင်းကျဲ့ တစ်ယောက်တည်း ဖြစ်သည်။

သူသည် ဆရာချန်း၏ အာဏာကြီးမား လာခြင်း အကြောင်း အခြား‌သော ချမ်းသာ ကြွယ်ဝသည့် ဆယ်ကျော်သက်များ ထံမှ ကြားသိခဲ့ရသည်။ သို့သော် သူသည် သူ၏ ငယ်စဉ် ကလေးဘဝ သူငယ်ချင်း ချန်းဖန်နှင့် လျှို့ဝှက် ဆန်းကြယ်သော ဆရာချန်း အကြားရှိ ဆက်နွှယ်မှုအား မရိပ်မိခဲ့။

ဒုတိယ သခင်‌လေးဖန်သည် ယခုထိတိုင် သူ၏ အခြေအနေကို မသိရှိသေးပါ။ သူက အကျယ်ကြီး ‌‌အော်ဟစ် ပြောဆို လိုက်သည်။

“အစ်ကိုဟန် ဘာတွေ လုပ်နေတာလဲ ... ဒါက ကျုပ်ကို စော်ကားခဲ့တဲ့ ကောင်ပဲ သူက မင်းကိုတောင် စောက်ကားမော်ကား ‌ပြောခဲ့‌သေးတယ်”

ဟန်ထျန်းရှန် ငြိမ်ဝပ်စွာ ရပ်လျက် သူ့ယောက်ဖ၏ ကြိမ်းမောင်းသံကို မကြားချင်ယောင် ‌ဆောင်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူရင်း ချန်းဖန်အား ‌မေးသည်။

“ဆရာချန်း ... သူ့ကို ဘယ်လို လုပ်စေချင်ပါလဲ ...”

ချန်းဖန်သည် စပျစ်သီးအား အခွံနွှာ လိုက်ပြီးသူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ‌ပြောလိုက်သည်။

“အဲဒီကောင်ကို ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး”

ဟန်ထျန်းရှန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်သွားခဲ့သည်။ သူက စိတ်ကို စုစည်းပြီး ပြန်ဖြေ လိုက်ရသည်။

“ဟုတ်ကဲ့”

သူက နောက်သို့ လှည့်ကာ အေးတိအေးစက် အမိန့်ပေး လိုက်သည်။

“ရှောင်ချီ သူ့ကို‌ ခေါ်သွားလိုက်”

ရှောင်ချီသည် အရပ်ပုပု လူနှင့် အတူ လိုက်ပါလာသည့် ကိုယ်ရံတော် များထဲမှ တစ်ဦး ဖြစ်သည်။

သူဌေး၏ အမိန့်အား ကြားလျှင် ရှောင်ချီသည် တွန့်ဆုတ်ခြင်း မရှိဘဲ အခြား ကိုယ်ရံတော်များ နှင့်အတူ အခန်းထဲမှ အရပ်ပုပု လူအား ဆွဲထုတ်လာခဲ့သည်။

ဒုတိယ သခင်လေးဖန်သည် လက်ရှိ အ‌ခြေအနေနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်နေဆဲ ဖြစ်သည်။ သူက သွေးရူးသွေးတန်းနှင့် လျှောက်အော်နေသည်။

“မင်းတို့တွေ ဘာလုပ် နေကြတာလဲ လွှတ်စမ်း ငါ က သူဌေးဟန်ရဲ့ ယောက်ဖပဲ”

ဟန်ထျန်းရှန်က ဒုတိယ သခင်လေးဖန် ပြောသမျှအား ဘာမှ မကြားဟန် ‌ဆောင်နေသည်။ ဒုတိယ သခင်လေးဖန်၏ ဆရာချန်းအပေါ် မလေးမစား စကားများအား ကြားရသောအခါ သူ၏ ‌နောက်ကျော၌ ‌ချွေးစေးများ ပြန်လာ‌တော့သည်။ သူ့တွင် အပ်တစ်ချောင်းသာ အဆင်သင့် ရှိပါက ဒုတိယ သခင်လေးဖန်၏ ပါးစပ်အား ချုပ်ပစ်မိ‌ပေ လိမ့်မည်။

စိတ်ပြတ်သားသည့် ကိုယ်ရံတော် တစ်ယောက်သည် အခြေအနေကို လျင်မြန်စွာ ကိုင်တွယ် နိုင်ခဲ့သည်။ သူ့ရဲ့ သူဌေးကို ကူညီရန် ဒုတိယ သခင်လေးဖန်၏ ဝမ်းဗိုက်အား တစ်ချက်ထိုးကာ ပေါက်ကရ စကားများ ဆက်ထွက် မလာစေတော့။

အရပ်ပုပု လူအား ‌ခေါ်ထုတ် သွားပြီးနောက် အစည်းဝေးခန်းမ အတွင်း၌ တိတ်ဆိတ်မှု များသာ ကျန်ခဲ့သည်။ ဟန်ထျန်းရှန်လည်း စကားမပြောဝံ့ပေ။ ယွင်ချန်ချန်နှင့် လင်းဝေ့ဝေ့ တို့သည် အဖြစ်အပျက်တွေကို နားလည်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ လူကြီးမင်းထန်က ချန်းဖန်အား စူးစိုက်ကြည့်ပြီး ‌သေ‌သေချာချာ အကဲခတ် နေခဲ့သည်။

ဟန်ထျန်းရှန်နှင့် အတူလာသော တခြား စီးပွားရေးသမား ‌တော်တော်များများက ‌ကြောက်ရွံ့ တုန်လှုပ်နေသည်။

“အားလုံးပဲ ‌နွေဦးပွဲတော် အားလပ်ရက်ကို ခံစားရမဲ့ အချိန်ပဲ ငါတို့ ထွက်ခွာသင့်ပြီ”

ထိုသို့ ‌ပြောပြီးနောက် ချန်းဖန်သည် ထိုင်ခုံမှ ထလာကာ ဝူကျွင်းကျဲ့အား လက်ပြလိုက်ပြီး သူနှင့်အတူ ထွက်ခွာ‌ရန် အချက်ပြလိုက်သည်။

သို့သော်လည်း ဝူကျွင်းကျဲ့၏ စိတ်ထဲတွင် ‌မေးခွန်းများဖြင့် ပြည့်နှက်လျက် ရှိသည်။ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူသည် တိတ်ဆိတ်စွာ အလိုက်အထိုက် ‌နေရန်သာ ဆုံးဖြတ်ခဲ့သည်။ လင်းဝေ့ဝေ့သည် အခန်းမှ မထွက်သွားခင် ယွင်ချန်ချန်အား နှုတ်ဆက် ခဲ့‌သေးသည်။ သူမက ယွင်ချန်ချန်၏ ပရိသတ် တစ်ယောက် ဖြစ်တဲ့အတွက် နှုတ်ဆက်စကား ပြောဖို့ ခက်ခဲနေခဲ့သည်။

ဟန်ထျန်းရှန်သည် သူ့ဘေးမှ ဖြတ်လျှောက် သွားသော ချန်းဖန်အား ဦးညွှတ်လိုက်သည်။

ချန်းဖန်နှင့် သူ၏သူငယ်ချင်းများ ‌ပျောက်ကွယ် မသွားခင်အထိ သူဌေးကြီးမှာ စိတ်မအေးနိုင်ပေ။ သူ၏ မျက်နှာပေါ်တွင် ‌အေးဆေး တည်ငြိမ်မှုများ နေရာယူ ထား‌သော်လည်း သူ၏ စိတ်နှလုံး အတွင်း၌ ‌ကြောက်ရွံ့ခြင်းများ ရှိနေခဲ့သည်။

“သူဌေးဟန် ဒီကောင်လေးက ဆရာချန်းလား ...”

လူကြီးမင်းထန်က ‌မေးလိုက်တယ်။ သူက ယွင်ချန်ချန်ကိုလည်း ဖျက်ခနဲ လှမ်းကြည့် လိုက်သည်။

“အမှန်ပါပဲ သူက ဆရာချန်းပါ”

“အဲဒါဆို သူပေါ့”

ချန်းဖန်က ဟိတ်ကြီး ဟန်ကြီးဖြင့် ပြဿနာ မရှာဘဲ ထွက်ခွာသွားခြင်းကို မြင်သောအခါ သူ အလွန် အံ့အားသင့် သွားသည်။

ဟန်ထျန်းရှန်က ဘာမျှမပြောချေ။ သို့သော် သူသည် စိတ်ထဲတွင် သက်ပြင်း ချလိုက်သည်။ ဒါက ကျိန်းသေပေါက် အဆုံးသတ် မဟုတ်ခဲ့ပေ။ ချန်းဖန်သည် အမိန့်အား အလွန် ရှင်းရှင်းလင်းလင်း ပေးခဲ့သည်။ သူပြောသည်မှာ ဒုတိယ သခင်‌လေးဖန်အား ‌နောက်ထပ် ဘယ်တော့မှ မ‌တွေ့ချင်ဘူး ဟူ၍ ဖြစ်သည်။ သို့သော်လည်း ဒါဟာ သူ လျှို့ဝှက်စွာ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်သည်။

လူကြီးမင်းထန်သည် ထပ်မံ၍ မေးခွန်းများ ‌မေးရန်ပြင်နေစဉ် ယွင်ချန်ချန်က သူ့ထံ ချဉ်းကပ်လာသည်။

“သူဌေးဟန် ... လူကြီးမင်းထန် ကျွန်မ စိတ်မကောင်းပါဘူး လူကြီးမင်းထန် ရောက်လာမယ်မှန်း ကျွန်မ မသိခဲ့ဘူး ဒါတွေအကုန် ကျွန်မ အမှားပါပဲ”

“ရပါတယ် ချန်ချန် မင်း စိုးရိမ်လွန်နေပြီ ငါနားလည်ပါတယ်”

လူကြီးမင်းထန်က နွေး‌ထွေးစွာ ပြုံးပြလိုက်သည်။ သူသည် မင်းသမီးနှင့် စကားပြော နေစဉ်တွင်ပင် သူ၏စိတ်မှာ ချန်းဖန်ဆီသာ အာရုံရောက် နေလေသည်။ ယွင်ချန်ချန်ကဲ့သို့ အရုပ်‌လေးနှင့် နှိုင်းယှဉ်လျှင် ဆရာချန်းသည် လူကြီးမင်းထန် အတွက် ပို၍ အရေးကြီးသည်။ ထို့အပြင် သူသည် ဆရာချန်း ထိန်းချုပ်ထား‌သော ယွမ်ဘီလီယံပေါင်း များစွာ တန်ဖိုးရှိသည့် ကောင်းကင် ရေစင် လုပ်ငန်းကိုလည်း ‌လေ့လာ လို‌သေးသည်။

လူကြီးမင်းထန်နှင့် သူဌေးဟန်တို့ နှစ်ဦးစလုံး အခြား အတွေးများနှင့် အလုပ်များ နေသည်ကို မြင်သောအခါ ယွင်ချန်ချန်သည် တိတ်ဆိတ်စွာ ရပ်နေရန်သ ဆုံးဖြတ်ခဲ့သည်။

ထို့‌နောက်တွင် လူကြီးမင်းထန်က ယွင်ချန်ချန်အား ဟိုတယ်သို့ ပြန်လည်ပို့ဆောင်‌ ပေးရန် ကမ်းလှမ်းခဲ့သည်။ ပြီးနောက် ယွင်ချန်ချန်နှင့် အစ်မချင်တို့လည်း သူတို့၏ ဟိုတယ်ခန်းသို့ ‌ရောက်ရှိ လာကြသည်။ မင်းသမီးက သူ၏ ‌ဒေါက်မြင့်ဖိနပ်ကို ချွတ်ကာကန်ထုတ် လိုက်ပြီး‌နောက် ခုတင်ကျယ်ကြီး‌ ပေါ်တွင် ပစ်လှဲလိုက်သည်။ သူမသည် ‌နောက်ဆုံးတွင် ဒီ‌တစ်နေ့တာ အတွက် သန့်ရှင်း သပ်ရပ်သော မြို့သူ အမျိုးသမီး အဖြစ် ဟန်ဆောင် နေရခြင်းအမှု ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

“အား ... ဒီမွေ့ရာက သိပ်ဇိမ်ရှိတာပဲ သိပ်ကို သာယာတဲ့ ‌နေ့တစ်‌နေ့ပဲ ထန်မျိုးနွယ် ပြီးတော့ အဲဒီမှာ ဟန်ထျန်းရှန်လည်း ရှိတယ် ငါတော့ ဒီလို‌နေ့မျိုး ထပ်ရှိနိုင်တော့မယ် မထင်ဘူး”

“ချန်ချန် နာမည်ကျော် တစ်ယောက်အနေနဲ့ မင်းရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို အမြဲ ဂရုစိုက်သင့်တယ်”

အစ်မချင်က အိပ်ရာပေါ်တွင် ဖြဲကားပြီး လှဲနေ‌သော သူမအား လှမ်းဆူလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ”

ယွင်ချန်ချန် တစ်ယောက် သူမ၏လက်အား စိတ်ပျက် လက်ပျက်နှင့် ဝှေ့ယမ်း ပြလိုက်သည်။ သူမသည် ထိုင်လိုက်ပြီး ‌တောက်ပနေသော မျက်လုံးများဖြင့် ‌မေးလိုက်သည်။

“အစ်မချင် ဆရာချန်း ဆိုတာ ဘယ်သူလဲ သိလား ... သူဌေးဟန်က ဘာလို့ သူ့ကို အရမ်းရိုသေ လေးစား‌ပြီး ‌ကြောက်ရွံ့ နေရတာလဲ ...”

“ငါလည်း‌ ‌သေ‌သေချာချာတော့ မသိဘူး သူက အင်အား ကြီးမားတဲ့ မိသားစု တစ်စုရဲ့ မိသားစုဝင် တစ်ယောက်များလား ...”

အစ်မချင်က မျက်ခုံးပင့်၍ ပြန်ပြောသည်။ သူမသည် သူမ၏ဇာတိ ထျန်းဟယ်မြို့ အပြင်ဘက်ရှိ အင်အားစု မျိုးနွယ်များနှင့် အကျွမ်းတဝင် မရှိခဲ့ပါ။ ချန်းဖန်သည် မကြာသေးမီကမှ ကျန်း‌ပေ့‌ဒေသတွင် အာဏာ ရလာခဲ့သောကြောင့် ယွင်ချန်ချန်သည် သည် သူ၏အမည်ကို တစ်ခါမှ မကြားဖူးခဲ့ပါ။ ဟူတုန်း ပြည်နယ် အပြင်ဘက်ရှိ လူအများစုပင် မသိကြ‌သောကြောင့် ယွင်ချန်ချန် မသိသည်ကလည်း ဖြစ်သင့်ပေသည်။

“သူက ဆယ့်‌ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ် ‌လောက်ပဲ ရှိဦးမယ် ဒါပေမဲ့ သူက လူကြီးမင်းထန်နဲ့ သူဌေးဟန်တို့ရဲ့ ‌လေးစားမှုကို ရနိုင်နေပြီ ဆိုလိုတာက သူက ထန်ကျင်းဖန် ထက်တောင် အာဏာရှိတယ်လို့ ဆိုလိုတာလား ...”

ယွင်ချန်ချန်က မယုံကြည်နိုင်စွာ ‌မေးလိုက်သည်။ ထန်မိသားစုသည် ကျုံးဟိုင်မြို့တွင် အကြီးဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ယွင်ချန်ချန် အနေနှင့် ထိ‌တွေ့နိုင်သော အမြင့်ဆုံး လူ‌နေမှု အဆင့်အတန်းလည်း ဖြစ်သည်။ အဆိုပါ ထန်မိသားစုထက် ပိုပြီး အာဏာရှိတဲ့ မည်သူမဆို ယွင်ချန်ချန် သိနိုင်သော အကန့်အသတ်ထက် ကျော်လွန်နေသည်။

အစ်မချင်နှင့် ယွင်ချန်ချန်တို့သည် တစ်ယောက်ကိုယ် တစ်ယောက် သဘောပေါက်စွာ ကြည့်ကြသည်။ သူတို့ နှစ်ဦးစလုံး၏ စိတ်ထဲမှာတော့ တူညီသော အတွေးတစ်ခု ရှိနေသည်။

”ချန်ချန် နင်က အဖိုးတန် အခွင့်အရေး တစ်ခုကို လက်လွှတ် လိုက်ရတာပဲ”

အစ်မချင်က ညည်းညူ လိုက်သည်။

“သူက ဆယ့်ခုနစ်နှစ်မှာ အခုလို ‌အောင်မြင်မှု အဆင့်ကို ရနိုင်ခဲ့တယ် သူသာ အပြည့်အဝ ပညာ‌တွေ စုံလင်သည့်အခါ ဘယ်လောက်တောင် အာဏာရှိတဲ့သူ ဖြစ်လာမယ် ထင်လဲ အဲဒီအချိန်မှာ ငါတို့ဖျော်ဖြေရေး ကုမ္ပဏီ ပိုင်ရှင်တောင်မှ သူနဲ့ လေးလေးနက်နက် စကားပြောဆို ရမယ်လို့ ငါထင်တယ်”

ထိုစကားများကို ကြားလျှင် ယွင်ချန်ချန်၏ မျက်လုံးများတွင် ‌နောင်တ တရားများကို

‌တွေ့ရသည်။ ချန်းဖန်၏ သရုပ်မှန် ‌ပေါ်ပေါက် လာခြင်းသည် သူမအား အံ့အားသင့်‌ စေခဲ့သည်။ သာမန် စား‌သောက်ဆိုင် တစ်ခုတွင် ‌တွေ့ခဲ့သည့် သာမန် ‌ယောက်ျားလေး တစ်ယောက်သည် အထက်တန်းလွှာ လူတန်းစား တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမျှ မစဉ်းစားမိခဲ့ပါ။

သူမအတွေးများ နက်ရှိုင်းစွာ ပြေးလွှားနေစဉ် သူမ၏ အကြည့်တို့က ရုတ်တရက် သစ်သား လက်ပတ် အပေါ်သို့ ရောက်ရှိသွားသည်။ သူမက တစ်စုံတရာအား သတိရသွားပြီး တွေဝေ သွားသည်။

“ဘာဖြစ် နေတာလဲ ...”

အစ်မချင်က မေးသည်။

“ဘာမှ မဟုတ်ပါဘူး”

ယွင်ချန်ချန် ခါးသက်စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

ထိုလက်ပတ် အ‌ကြောင်း ချန်းဖန်၏ စကားတို့က သူမ၏ စိတ်အတွင်းတွင် ပြန်ကြားယောင် လာမိသည်။ သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ အတွေးများကို ရပ်တန့်ဖို့ ကြိုးစား ခဲ့သော်လည်း မ‌အောင်မြင်ခဲ့ပေ။

'အဲဒီ တစ်ယောက်က သူမရဲ့ အကောင်းဆုံး သူငယ်ချင်းပါ ... သူက … အဲဒီလို မလုပ်‌လောက်ပါဘူး'

***

All Chapters