← Chapters

ထန်ကျင်းဖန်၏ ဖိတ်ခေါ်မှု

Vol. 2 Ch. 122

ထန်ကျင်းဖန်၏ ဖိတ်ခေါ်မှု

Vol. 2 Ch. 122

ဟိုတယ်သို့ ပြန်သည့် လမ်းတစ်လျှောက်လုံး လင်ဝေ့‌ဝေ့ တစ်ယောက် စိတ်လှုပ်ရှား နေခဲ့၏။

“ဒါ လုံးဝ မိုက်လွန်းတာပဲ ငါ ချန်ချန်ကိုပဲ တွေ့ခဲ့တာ မဟုတ်ဘဲ ငါ့သူငယ်ချင်းရဲ့ စွမ်းအား ကြီးမားတာကိုပါ မြင်ခဲ့တာပဲ အာ ... ဟုတ်သားပဲ ပြီးတော့ သူတို့က ဘာလို့ နင့်ကို ဆရာချန်းလို့ ‌ခေါ်ကြတာလဲ”

လင်းဝေ့ဝေ့က မျက်တောင်များကို ပုတ်ခတ်ခတ်နှင့် စိတ်ဝင်တစား မေးလေသည်။

“သူတို့ လူမှားတာ နေမှာပါ”

ချန်းဖန်က ပခုံးတွန့်ကာ စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေလေ၏။

ဘယ်သူကမှ ချန်းဖန်၏ တုံ့ပြန်မှုကို ဆက်လက် မမေးမြန်း ကြသော်လည်း လင်ဝေ့‌ဝေ့ ကတော့ သူမ အမှန်တိုင်း သိရဖို့ အတော်ပင် စိတ်အား ထက်သန်နေခဲ့သည်။ သူမက ကလေးဆန်ပြီး သူ ဘယ်လိုပင် ငြင်းငြင်း အဆုံးထိ သူမ အမှန်တိုင်း မသိရမချင်း ဆက်လက် မေးနေဦးမှာ ကိုလည်း ချန်ဖန်သိနှင့်၏။

သူမမှာ ဟန်ထျန်းရှန် ဆိုသည် မည်သူ ဖြစ်ကြောင်းကိုပင် မသိရာ အမှန်တိုင်း ‌ပြောပြ သော်ငြားလည်း ဟန်ထျန်းရှန် ချန်းဖန်ကို အဘယ့်ကြောင့် အရိုအသေ ပေးရသည် ဟူသည်ကို နားလည်မည့်ပုံ မပေါ်ပေ။

ဝူကျွင်းကျဲ့ တစ်ယောက်ကတော့ လမ်းတစ်လျှောက်လုံး သူ၏အတွေးများ၌ နစ်မျောရင်း တိတ်ဆိတ်နေခဲ့၏။ သူ၏ အတွေးထဲမှာ မေးခွန်းပေါင်း များစွာ ရှိနေခဲ့လေသည်။ သို့သော်ငြားလည်း အဖြေအားလုံး သည်ကား မဖြစ်နိုင်ပေဘူး ဟုသာ အဆုံးသတ် ခဲ့ရပေသည်။ ထို့ကြောင့် ဝူကျွင်းကျဲ့ တစ်ယောက် ဤမေးခွန်းများ၏ အဖြေကို အဆုံးသတ်နိုင်ရန် အတွက် ကျင်းမြို့တော်သို့ ပြန်ရောက် သည့်အခါ သူ၏သူငယ်ချင်းများကို လိုက်လံ မေးမြန်းမည်ဟု ဆုံးဖြတ်လိုက်၏။

သူတို့ ဟိုတယ်ကို ပြန်ရောက်သည့် နောက်ပိုင်းမှာတော့ တစ်ယောက်နှင့် တစ်ယောက် စကားဝိုင်းဖွဲ့ မပြောရသေးခင် အထိ ကိုယ့်အခန်းကိုယ် မပြန်ခဲ့ကြသေးပေ။ တစ်နာရီခန့် ကြာသည့်နောက် ... ချန်းဖန်၏ တံခါးကို တစ်စုံတစ်ယောက် လာခေါက်ခဲ့လေ၏။ သူ၏ နတ်ဘုရား စိတ်အာရုံအရ တံခါး လာခေါက်သူကို သိလိုက်လေရာ မျက်ခုံးတစ်ချက် ပင့်မိသွားသည်။ ထိုလူကား ဟန်ထျန်းရှန်နှင့် လိုက်ပါလာသည့် လူကြီးမင်းထန် ဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို သိလို့လား ...”

တံခါးကို ဖွင့်လိုက်ကာ ချန်းဖန်သည် မမှတ်မိဟန်ဖြင့် မေး၏။

“ဆရာချန်း ခုလိုချိန်မှာ လာတွေ့ရတာ အားတော့ နာပါရဲ့”

လူကြီးမင်းထန်က ပြုံးပြကာ ပြောလေသည်။

“ကျွန်တော် ခင်ဗျားကို ဟန်ထျန်းရှန်နဲ့ အတူ ဝူတောင် ‌ရေပူစမ်းမှာ တွေ့ခဲ့ဖူးတာပဲ မှတ်မိပြီ”

ချန်းဖန်က ခေါင်းညိတ်ပြ လိုက်သည်။

“ကျွန်တော် ခင်ဗျားကို ဘာများ ကူညီပေးရမလဲ”

ချန်းဖန်က ပွင့်လင်းစွာ မေးလိုက်၏။

“ကျုပ် ‌ကောင်းကင် ရေစင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့”

လူကြီးမင်းထန် တစ်ယောက် ချန်းဖန်ကို အမွှမ်းတင် ပြောလေတော့၏။

“‌ကောင်းကင် ရေစင်က လုံးဝကို အံ့မခန်းပဲ ကျုပ် တစ်ဘူးလောက် ‌သောက်လိုက်တာ လုံးဝကို စိတ်သစ် ကိုယ်သစ်ကို ဖြစ်သွားရောပဲ ပြီးတော့ တခြား အားဆေးတွေထက် အဆတစ်ရာ မက လုံးဝ ပိုသာတယ်”

“ဟုတ်ပြီ ... အဲဒီတော့ ခင်ဗျား ဘာဖြစ်ချင်တာလဲ ...”

ချန်းဖန်က ဘုကန့်လန့် ပြန်ပြောလိုက်သည်။

လူကြီးမင်း ထန်က ချန်ဖန်၏ ဘုကန့်လန့် အရွဲ့တိုက် စိတ်မဝင်စားသည့် လေသံကို စိတ်ထဲ မထားခဲ့ပေ။ သို့သော် မျက်စိကလည် နားကလည်နှင့် ပြောလာသည်။

“ကျုပ်က ကောင်းကင် ရေစင်ရဲ့ အစွမ်းအစကို အထင် မသေး‌စေချင်လို့ပါ၊ ခုဆို လက်ရှိ ဖြန့်ဖြူး ရောင်းချနေတဲ့ သူတွေတောင် ကောင်းကင်ရေစင် အရင်းအမြစ်ကို ရနိုင်တော့မှာ မဟုတ်တော့ဘူး တကယ်လို့ ဆရာချန်းသာ ခုချက်ချင်း အရောင်းကို ရပ်တန့်လိုက်ပြီး ဈေးကွက်ထဲမှာ ခဏ အနည်ထိုင် ပေးလိုက်မယ် ပြီးရင် ဆရာချန်း ကြော်ငြာပိုင်းကို ပိုပြီး ရင်းနှီးမြှုပ်နှံ လိုက်မယ်ဆိုရင် ဈေးပို ရလိမ့်မယ်ဗျ၊ ဒါက ခုလက်ရှိ Hermes တို့ Ferrari တို့လို ကုမ္ပဏီကြီး‌တွေ သုံးနေကြတဲ့ အရောင်း မြှင့်တင်ခြင်း နည်းလမ်းပဲလေ”

လူကြီးမင်းထန်က တစ်ခဏမျှ ရပ်တန့်လိုက်ပြီးမှ စကားဆက်သည်။

“ကျုပ်ကတော့ ယွင်ချန်ချန်က ဒီ‌ကောင်းကင် ရေစင် ကြော်ငြာအတွက် လိုက်ဖက်တဲ့ သူလို့မြင်တယ်”

လူကြီးမင်းထန် တစ်ယောက် ချန်းဖန်ကို သေသေချာချာ ထောင့်စေ့စေ့ ကြည့်ပြီး

“ကျုပ်က ယွင်ချန်ချန်နဲ့ ကောင်းကောင်း သိတယ် ဆရာချန်းသာ တကယ်လို့ သူမနဲ့ ဒီကိစ္စကို ဆွေးနွေးချင်တယ် ဆိုရင် ကျုပ် ‌ပြောထား ပေးမယ်လေ သူမက တော်တော်လေး အနေအေးတဲ့ ကောင်မလေး ဆိုတော့ သူမကို ချဉ်းကပ်ဖို့ ဆိုရင် အချိန်ကြာနိုင်လို့လေ ဘယ်လိုပ ဖြစ်ဖြစ် မိန်းမဆိုတဲ့ အမျိုးက စကား ချိုချိုသာသာ ပြောပြီး ဈေးကြီးတဲ့ လက်ဆောင် ဘာညာသရကာ ပေးလိုက်ရင် အဆင်ပြေ သွားရောပဲ”

လူကြီးမင်းထန် ‌ပြောပုံအရ ဆိုလျှင် သူနှင့် ယွင်ချန်ချန်က တော်တော်လေး သိကျွမ်းပုံရ၏။ ချန်းဖန် စိတ်ထဲမှာတော့ ယွင်ချန်ချန်က သူ၏ ဒီလုပ်ငန်းနှင့် ဘယ်လိုမှ မအပ်စပ်ဘူး လို့သာ မြင်သည်။ သူက တကယ်လို့ ကောင်းကင် ရေစင်၏ ‌ရောင်းအားကို ထိန်းထား နိုင်သည်ပဲ ဖြစ်စေ၊ ဒီထက်ပိုပြီး ကောင်းတဲ့ ဖော်စပ်ပုံ ရလာသည်ပဲ ဖြစ်စေ၊ သူ့အတွက်တော့ တရုတ်နိုင်ငံ၏ ထိပ်တန်း ချမ်းသာကြွယ်ဝသူ ၁၀ ဦးစာရင်းထဲ ဝင်လာဦးမည် မဟုတ်ပေ၊ အမြင့်ဆုံး အနေနဲ့တော့ ထိပ်တန်း အယောက် ၂၀ထဲသာ ဝင်နိုင်ပေလိမ့်မည်။ လူကြီးမင်းထန် ကတော့ ဒီညှိနှိုင်းမှုကို သဘောတူဖို့ တော်တော်လေး စိတ်အား ထက်သန်နေခဲ့၏။

“ဪ ... အဲဒီလိုလား ...”

ချန်းဖန်သည် မထုံတက်သေး ပြန်ဖြေလိုက်ပြီး ဘာမှ ဆက်မပြောဘဲ ကမ်းလှမ်းမှုကို မငြင်းခဲ့သေးပေ။

လူကြီးမင်းထန်က ချန်းဖန်၏ စိတ်မဝင်စားပုံကို အာရုံခံနေမိရာ မျက်မှောင်ကြုတ်လျက် ရှိ‌နေ၏။ ရုတ်တရက် မျက်မှောင်ကို ပြန်လည် ပြေလျော့လိုက်ပြီးမှ လေသံ ချိုလေးနှင့် ပြောလိုက်သည်။

“ဆရာချန်း ... ခင်ဗျား ကျုပ်စကားတွေကို မယုံဘူးဆိုတာ သိပါတယ် ဘာလို့လဲ ဆိုတော့ ခင်ဗျား ကျုပ်နဲ့မှ သိပ်မရင်းနှီး သေးတာကိုး”

“ကျုပ်နာမည်က ထန်ကျင်းဖန် ကျုပ်က ကျုံးဟိုင်မှာရှိတဲ့ ထန်မျိုးနွယ်ကနေ ဆင်းသက် လာတာ၊ ပြီးတော့ ဟုန်ယွမ် အိမ်ခြံမြေ လုပ်ငန်းနဲ့ ကျို့ကျိုး ဆေးဝါးကုမ္ပဏီရဲ့ တွဲဖက် ဥက္ကဌပါ အဲဒီမတိုင်ခင်က ကျုပ် ဟွားယွီ မီဒီယာ ဖျော်ဖြေတင်ဆက်မှု လုပ်ငန်းမှာလဲ စီမံခန့်ခွဲ ခဲ့သေးတယ်”

လူကြီးမင်းထန်က တစ်ခဏမျှ ရပ်တန့်လိုက်ပြီး သူ၏ ‌အောင်မြင် ကျော်စောမှုကို ‌သေသေချာချာ ထဲထဲဝင်ဝင် သိစေလိုက် ရသဖြင့် ကျေနပ်သွားဟန် ပြုံးလျက် စကားဆက်သည်။

“ထန်မိသားစု ဆိုတာ တရုတ်နိုင်ငံ ‌ဆေးဝါး လုပ်ငန်းရဲ့ ၃၀ရာခိုင်နှုန်းကို ရယူထားတဲ့ ပြည်သူ့ဆေးဝါး ကုမ္ပဏီ ၃ခု‌တောင် ပိုင်ဆိုင် ထားတာလေ တကယ်လို့ ကျုပ်တို့ ပူးပေါင်း လိုက်ပြီးတော့ ဒီ‌ကောင်းကင် ရေစင်ကို ထုတ်လုပ်ကြမယ် ဆိုရင် ‌ဆေးဝါးလုပ်ငန်း တစ်ခုလုံးကို လွှမ်းမိုးလို့ ရပြီ‌လေ ဆရာချန်းက ကျုပ်တို့ လုပ်ငန်းရဲ့ နည်းပညာပိုင်း ဆိုင်ရာ အကြံပေးလုပ်၊ ကျုပ်ကတော့ ရောင်းအား အပိုင်းကို တာဝန် ယူမယ်ဗျာ အဆုံးမှာတော့ အမြတ်အားလုံးရဲ့ ၃၀ရာခိုင်နှုန်းကို ခင်ဗျားရဲ့ ‌ဝေစုအနေနဲ့ ရမယ် ကျုပ်ကတော့ ၇၀ရာခိုင်နှုန်း ယူမယ်ဗျာ ဘယ်လိုလဲ ...”

ချန်းဖန်ကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့ပြီး ဘာမှ ပြန်မပြော ခဲ့သေးပေ။

“၃၀ရာခိုင်နှုန်းနဲ့ မလုံလောက်ဘူးလို့ ဆရာချန်းက တွေးနေတာလား ...”

ထန်ကျင်းဖန်က မေးလိုက်၏။

“ဆရာချန်း အနေနဲ့ လက်ရှိ ဈေးကွက် အ‌ခြေအနေကို သိထားသင့်တယ်၊ အရောင်းဌာနက အမြဲ ထုတ်လုပ်မှုထက် သာနေမှာပဲ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အောင်မြင်ခဲ့တဲ့ တိုက်တေနီယမ် ဦးနှောက် ဖြည့်စွက်စာ ကြော်ငြာတဲ့ ‌နေရာမှာဆိုရင် ကျုပ်တို့ ရောင်းအား အများကြီး မရသေးခင် ကတည်းက သန်းပေါင်း များစွာကို ရင်းနှီးမြှုပ်နှံ ခဲ့ရတာပဲလေ”

ချန်းဖန်က ယခုထိ စိတ်မယိမ်းယိုင် သေးတာကို မြင်လိုက်ရတော့ ထန်ကျင်းဖန် တစ်ယောက် ခဏရပ်လိုက်ပြီး စိတ်မရှည် တော့ဟန်ဖြင့် အံကြိတ် လိုက်ကာ ချန်းဖန်နှင့် သဘော တူညီမှုကို ထပ်မံ အချိုသတ်ပြန်၏။

“အင်း ... ဟုတ်တာပေါ့ တကယ်လို့ ဆရာချန်းက ၃၀ရာခိုင်နှုန်း လောက်နဲ့တော့ မလုပ်နိုင်ဘူး ထင်ရင် ကျုပ် ၆၀ရာခိုင်နှုန်းပဲ ယူမယ်ဗျာ အဲဒီထက်တော့ ထပ်မလျှော့ နိုင်တော့ဘူး ဘယ်လိုလဲ ...”

သူက ချန်းဖန်ကို ယုံကြည်မှု အပြည့်နှင့် ကြည့်လိုက်၏။ ထန်ကျင်းဖန် တစ်ယောက် ချန်းဖန်နှင့် သ‌ဘောတူညီမှု ရပြီဟု အပိုင် ‌တွေးလိုက်သည်။ အကယ်၍ ချန်းဖန်ကိုယ်တိုင် ‌ကောင်းကင် ရေစင်ကို တရုတ် ‌ဆေးကွက် တစ်ခုလုံးမှာ ရောင်းအား မြှင့်တင်ချင်သည် ဆိုပါက ကြော်ငြာပိုင်းတွင် ငွေများများ သုံးနိုင်သည့် အခြေတကျ ခိုင်မာရပ်တည် နေသော ထန်မိသားစုနှင့် လက်တွဲပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထန်မိသားစု ဆိုသည်မှာ ငါးကြီးက ငါးငယ်လေးအား စားသုံး သကဲ့သို့ ကြီးနိုင်ငယ်ညှဉ်း ဝါဒကို အတော်အတန် ကောင်းကောင်း အသုံးချတတ် သူများ ဖြစ်ကြသည်။

သူတို့သည် ယခုဆိုလျှင် တထပ်တည်း တူညီသည့် နည်းလမ်း၊ ဖော်စပ်ပုံများကို သုံးပြီး ဖြည့်စွက်စာ၊ အားဆေး ထုတ်ကုန် ထုတ်လုပ်မှု လိုင်းအနည်းငယ်ကို ‌ဈေးကွက် အတွင်း၌ နေရာ ရယူထားပြီး ဖြစ်သည်။ အားကောင်းသော ဝယ်ယူ ရောင်းချမှု နည်းဗျူဟာ များနှင့်အတူ ထန်ကျင်းဖန်က သူ၏ ကံကြမ္မာကို သူကိုယ်တိုင် ဖန်တီးခဲ့လေ၏။ ထန်ကျင်းဖန်က ဒီတစ်ကြိမ်သည်လည်း သူ့အတွက် မထူးမခြား မနားဟု အပိုင် ‌တွေးထားမိလိုက်၏။

သူ့အမြင်၌ ချန်းဖန် ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူသည် ယခုမှ ၁၆နှစ် ပြည့်ပြီးသည့် ကောင်လေး တစ်ယောက်သာ ဖြစ်၏။ ဒီကောင်ငယ်လေးက စီးပွားရေး လောက၏ နည်းဗျူဟာများ အကြောင်းကို ဘယ်မှာသာ သိလောက်ပါ့ မလဲဟု ထင်ထားခဲ့သည်။

“ခင်ဗျားက ၆၀ရာခိုင်နှုန်း ယူမယ်ပေါ့ ...”

ချန်းဖန်သည် မချိပြုံး ပြုံးလိုက်ပြီး ဆရာထန်အား ရုတ်တရုတ် ‌မေးလိုက်၏။

“ဟောင်ကောင်က ကျန့်မိသားစု၊ ကျန်းပေ့ကက ဝေ့သားစုတို့နဲ့ ယှဉ်ရင် ထန်မိသားစုက ဘယ်လောက်တောင် အာဏာ ကြီးမား‌နေလို့လဲ ...”

ဤမေးခွန်းကြောင့် ထန်ကျင်းဖန် လုံးဝကို အံ့သြမှင်တက် သွား၏။

“ကျွန်တော် စိုးရိမ်တာ ဒါမဟုတ်ဘူး ”

ချန်းဖန် ခေါင်းခါ ပြလိုက်ပြီး ထရယ်လိုက်၏။

“ခင်ဗျား တကယ်လို့ ကျွန်‌တော်နဲ့ အတူ လက်တွဲချင်တယ် ဆိုရင် ခင်ဗျား မိသားစုရဲ့ ခေါင်းဆောင်ကို ကျုပ်နဲ့ လာတွေ့ဖို့ ပြောလိုက်”

ချန်းဖန်က ‌ပြောပြီးတာနှင့် အတူ တံခါးကို ပိတ်လိုက်ရာ ထန်ကျင်းဖန် တစ်ယောက် အခန်း အပြင်ဘက်၌ ကျန်ခဲ့လေတော့၏။ စင်္ကြံ၌ မတ်တတ် ရပ်လျက် ကျန်ခဲ့ပေရာ ထန်ကျင်းဖန်၏ မျက်နှာမှာ မည်းမှောင် နေခဲ့၏။ ထန်ကျန်းဖန် သူ့ကို တံခါးဝမှာတင် ပြန်လွှတ် လိုက်သည်ကို မယုံနိုင်သေးပေ။ ချန်းဖန်က မိမိအား ဤကဲ့သို့ တံခါးဝမှာတင် ပိတ်လွှတ် လိုက်နိုင်ရအောင် မည့်ကဲ့သို့သော အကြောင်းအချက်က သူ၏ ယုံကြည်မှုအား အ‌တော် အတင့်ရဲ‌အောင် လုပ်ပေး လိုက်သည်ကို စိတ်ကူးကြည့်၍ပင် မရခဲ့ပေ။

ထန်မိသားစု၏ အမွေစား အမွေခံ အနေနှင့် လည်းကောင်း၊ များပြား လှစွာသော ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ ခေါင်းဆောင် တစ်ယောက် အ‌နေနှင့် လည်းကောင်း၊ ယခုကဲ့သို့သော အရှက်ခွဲမှု မျိုးအား မည်သည့် အခါကမှ သည်းမခံခဲ့ဖူးပေ။

“မောက်မာ လိုက်တာ ဒီကောင် တော်တော် မောက်မာတာပဲ”

သူ၏ကိုယ်ပင် တဆတ်ဆတ် တုန်လှုပ်ကာ ‌ဒေါသထွက်လျက် သူ့မျက်လုံးထဲ၌ ခါးသီး ကလဲ့စားချေလို စိတ်များနှင့် ပြည့်နှက် နေခဲ့၏။ ချန်းဖန်ကတော့ ထန်ကျင်းဖန် မည်မျှ ဒေါသထွက်ထွက် လုံးဝ ဂရုမစိုက်၊ စိတ်ထဲပင် မထားပေ။

ထန်ကျင်းဖန်သည် မည်သူမှ မဟုတ်သော်လည်း အမှန်တကယ်ပင် ကပ်ပါးကောင် ဖြစ်ပေ၏။ သူ့အနေဖြင့် ထန်မိသားစု တစ်ခုလုံးအား အလွယ်တကူပင် အရည် ဖျော်ပစ်လို့ ရသည်။

“သူတကယ်ပဲ ငါ့ကို ၁၆နှစ်သား ဘာမှမသိတဲ့ စောက်ရူးလို့များ ထင်နေလား မသိဘူး”

ချန်းဖန် ခေါင်းခါလိုက်ပြီး မချင့်ပြုံး ပြုံးလိုက်၏။

“ဘယ်သူမှ မဖော်စပ်နိုင်တဲ့ ကောင်းကင် ရေစင်ကို ငါတစ်ယောက်တည်း ကိုယ်တိုင် ဖော်စပ်နိုင်တယ်၊ ဒါတောင် သူက ၇၀ရာခိုင်နှုန်းလို့ ပြောရဲ သေးတယ်ပေါ့”

ကာင်းကင် ရေစင်ဟူသည် တခြားသော ဖြည့်စွက် အား‌ဆေးများနှင့် လုပ်ဆောင်ပုံခြင်း များစွာ ကွဲပြားပေသည်။ ထို့ကြောင့် ချန်းဖန်အတွက် ဝယ်လိုအား အကြောင်း စိုးရိမ်ပူပန်စရာ မရှိရာ ဈေးကွက် ရှာဖွေရေး၌ ရင်းနှီး မြှုပ်နှံစရာပင် မလိုအပ်။ ထန်ကျင်းဖန်မှာ အမှန်တကယ် မစဉ်းစားဘဲနှင့် မည်သူမှ လက်ခံ ‌ကျေနပ်နိုင်စရာ မရှိသည့် ၇၀-၃၀ အမြတ် မျှဝေမှုအား တောင်းဆိုဝံ့၏။

ချန်းဖန်၏ စိတ်ထဲ၌ သူသည် ထန်မိသားစုအား ၁၀ရာခိုင်နှုန်း အမြတ်‌ဝေစု ပေးရမည် ဆိုလျှင်ပင် အတော်အတန် ရက်ရောရာ ကျပေမည်ဟု တွေးမိသည်။

ချန်းဖန်သည် ‌ခေါင်းကို ခါလိုက်ပြီး ချက်ချင်း ဤအကြောင်းအရာ များအား မြန်မြန်ဆန်ဆန် ‌မေ့ဖျောက် ပစ်လိုက်၏။ ‌နောက်နေ့တွင် လူအကုန်လုံး ကိုယ်စီ အိမ်ပြန်ခဲ့ကြ၏။ ချန်းဖန်သည် အိမ်မှာပဲ နေကာ နွေဦးပွဲတော်အား စောင့်မျှော် နေခဲ့သည်။

ရက်အနည်း ငယ်ခန့် ကြာသော် သူ၏အမေနှင့် အစ်မအန်းတို့ စီကျွေးမြို့သို့ ရောက်လာခဲ့ကြပြီ ဖြစ်ကြောင်း သတင်းရလိုက်၏။

“အမေ ... အစ်မအန်း ... ‌အချိန်တွေ အများကြီး ကြာသွားခဲ့ပြီ”

ချန်းဖန်သည် အဝေး တစ်နေရာသို့ ကြည်ကြည်နူးနူး လှမ်းကြည့် နေမိသည်။ ဤသို့ ကြည့်နေမိသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ခန့်က ကြည့်နေ မိခဲ့သည်နှင့် တစ်ပုံစံတည်း ဖြစ်၏။

***

All Chapters