← Chapters

အပြာရောင်ည

Vol. 3 Ch. 22

အပြာရောင်ည

Vol. 3 Ch. 22

မျိုးနွယ်စုတိုင်းလိုလိုတွင် အခွင့်မရှိမဝင်ရဟု ကန့်သတ်ထားသော တားမြစ်နယ်မြေများ ရှိကြ၏။ ခေါင်းရှစ်လုံးတောင်သည် စုမျိုးနွယ်စု၏ တားမြစ်နယ်မြေဖြစ်ပြီး သားရဲဥယျာဉ်သည်လည်း လင်မျိုးနွယ်စု၏ တားမြစ်နယ်မြေဖြစ်သည်။ အကယ်၍ စုချန်းကိုသာ ဤနေရာ၌ တွေ့သွားပါက မတော်တဆ လမ်းမှား၍ ရောက်လာသည်ဟူသော ဆင်ခြေမျိုးကို အသုံးပြု၍ ရတော့မည် မဟုတ်။

စုချန်း စိတ်လှုပ်ရှားလာ၏။ သူက မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့ကို ဘာလို့ ဒီနေရာကို ခေါ်လာတာတုန်းဗျ"

ကုချိန်းလွှာကို ရှေ့သို့ တည့်မတ်စွာလျှောက်ရင်း ပြောလိုက်သည်။

"ပူမနေစမ်းပါနဲ့ရှင် သူတို့ရှင့်ကို ဘယ်လိုမှ ရှာမတွေ့ပါဘူး နေ့တိုင်း ဒီလိုအချိန်ရောက်တိုင်း အပြာရောင်ည နိုးထလာတတ်တယ်လေ"

ပြောပြောဆိုဆို သူမက ခေါင်းကို ချာခနဲလှည့်ကာ စုချန်းကို မျက်စောင်းထိုးရင်း တခစ်ခစ်နှင့် ရယ်မောလိုက်သည်။

"သူမက ဒေါသကြီးတယ် မျက်နှာထားဆိုးတယ် ရန်ရှာတတ်တယ် ဒီတော့ အပြာရောင်ည နိုးထလာပြီဆိုတာနဲ့ ဒီက လူတွေဟာ အဝေးကို ထွက်ပြေးပုန်းရှောင်ကြတော့တာပဲ မဟုတ်ရင်လည်း သူတို့ ဒုက္ခရောက်သွားမှာလေ"

စုချန်းက မေးလိုက်သည်။

"ခင်ဗျားပြောသလိုသာဆိုရင် ဒီနေရာမှာ ဘယ်သူမှ မရှိဘူးဆိုပါတော့"

ကုချိန်းလွှာက ပြုံးလိုက်၏။

"သိပ်ဟုတ်တာပေါ့ရှင်"

သူမ၏ အပြုံးကြောင့် စုချန်း၏ ရင်ထဲတွင် တလောကလုံးရှိ ပန်းများအားလုံး ဖူးပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နှလုံးသားသည် နောက်ထပ်တကြိမ် ပြင်းထန်စွာ ခုန်လာပြန်၏။ ကုချိန်းလွှာက ရှေ့ဆက်လျှောက်ရင်း စကားဆက်ပြန်သည်။

"သားရဲဥယျာဉ်ဟာ လင်မျိုးနွယ်စုရဲ့ အရေးအကြီးဆုံး နေရာပဲ ဒါပေမဲ့ ဒီအချိန်မျိုးရောက်တိုင်း ဒီနေရာရဲ့ လုံခြုံရေးဟာ အကြီးအကျယ် ကျိုးပေါက်နေတတ်တယ် ဒီကနေ တည့်တည့်သာ လျှောက်သွားလိုက် အတော်လေး လျှောက်မိသွားရင် သားရဲဥယျာဉ်ရဲ့ အပြင်ဘက်ကို ပေါက်တဲ့ လမ်းကျဉ်းလေးတခုကို ရောက်သွားလိမ့်မယ် လမ်းကျဉ်းလေးကို ရောက်ပြီးဆိုရင် လမ်းအတိုင်းသာ လိုက်သွားပေတော့ သားရဲဥယျဉ်ရဲ့ အပြင်ဖက်ကို လွတ်လွတ်ကျွတ်ကျွတ်ရောက်သွားလိမ့်မယ် ကဲ ကျွန်မရဲ့အကြံက မပိုင်ဘူးလား"

စုချန်းက ကုချိန်းလွှာကို စနောက်လိုက်သည်။

"ကျွန်တော် အပြင်ဘက်ကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားမှပဲ ခင်ဗျားရဲ့ အကြံက ပိုင်တယ်လို့ ကြွားပါဗျာ ခုကတော့ စောပါသေးတယ် ဒါနဲ့ အပြာရောင်ညဆိုတာ ဘယ်သူတုန်းဗျ"

ကုချိန်းလွှာက ခေါင်းကို စောင်းငဲ့ရင်း ပြောလိုက်သည်။

"အပြာရောင်ည ဟုတ်လား ရှင်က စိတ်ဝင်စားလို့လား"

မေးပြီးမှ နောင်တရလာသော စုချန်းသည် ကုချိန်းလွှာအား "တော်ပါပြီဗျာ စိတ်မဝင်စားတော့ပါဘူး"ဟု ပြန်လည် ပြောဆိုချင်စိတ်များ ပေါ်ပေါက်လာ၏။ ပထမတကြိမ်တွင်လည်း ဆတ်ဆော့မှုကြောင့် သေလုမတတ် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီးပြီ မဟုတ်ပါလား။ သို့သော် ကုချိန်းလွှာ၏ ဆွဲဆောင်မှုရှိလှသော ပုံစံကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အဆိုပါ စကားလုံးများသည် ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကွယ်သွားတော့သည်။ သူက တံတွေးများကို မျိုချရင်း ပြောလိုက်၏။

"သိပ်ကို သေချာတာပေါ့ဗျာ"

ကုချိန်းလွှာက ပြောလိုက်၏။

"ကျွန်မနောက်က လိုက်ခဲ့"

ကုချိန်းလွှာ၏ ခြေလှမ်းများသည် တဖြည်းဖြည်း မြန်ဆန်လာ၏။ သူမသည် မြူခိုးကြားထဲမှမြွေခြေလှမ်းကို အသုံးပြုပြီး ပြေးလွှားနေခြင်း ဖြစ်သည်။ သူမသည် ပြေးလွှားနေရင်းမှပင် "ဟော ဟိုရှေ့မှာက ကျောက်တုံးကြီး ဒီနားမှာကတော့ သစ်ပင်သစ်ကိုင်း အင်မတန်ရှုပ်တယ်" စသဖြင့် အော်ဟစ်ပြောဆိုကာ စုချန်းအား အဆက်မပြတ်ပင် သတိပေးနေ၏။

သူမ၏ စိုးရိမ်ပူပန်မှုသည် အမှန်တကယ်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိသော်လည်း စုချန်း၏ ရင်ထဲတွင်ကား သူမ၏ ဂရုစိုက်မှုကြောင့် နွေးထွေးသော ခံစားချက်များ တဖွားဖွားနှင့် ပေါ်ပေါက်နေတော့သည်။ ခက်တော့ခက်နေပေပြီ။

အတန်ကြာခရီးဆက်လာပြီးနောက် သူတို့နှစ်ယောက်သည် တောင်ကုန်းလေးတခု၏ ထိပ်သို့ ရောက်ရှိလာကြသည်။ တောင်ကုန်း၏ အမြင့်ဆုံးနေရာတွင် မတ်တပ်ရပ်ပြီး ကုချိန်းလွှာက အလွန်ဝေးကွာလှသော နေရာတနေရာကို ညွှန်ပြရင်း ပြောလိုက်၏။

"အဲဒီဖက်ကို သေချာ ကြည့်ထားစမ်း ပြီးရင် ထွက်ပေါ်လာတဲ့ အသံတွေကို ဂရုတစိုက်နဲ့ နားထောင်ကြည့်"

စုချန်းက ကုချိန်းလွှာ ညွှန်ပြသည့်ဖက်ကို လှမ်းမျှော်ကြည့်ရှုလိုက်၏။ သူမြင်တွေ့လိုက်ရသည်မှာ အလွန် စိမ်းလန်းစိုပြေလှသော မြက်ခင်းပြင်ကြီး ဖြစ်သည်။ မြက်ခင်းပေါ်တွင်ကား အမျိုးမျိုး အဖုံဖုံသော သားရဲတိရိစ္ဆာန်များသည် တလောကလုံး၌ သူတို့ချည်းသာ ရှိနေသကဲ့သို့ စိတ်အေးလက်အေးနှင့် သွားလာလှုပ်ရှားနေကြ၏။ တခါတရံတွင် မြက်ခင်းပြင်ဘက်ဆီမှ သားရဲကောင်များ၏ မာန်ဖီသံများ၊ ဟိန်းဟောက်သံများကို ကြားနေရသည်။

ကုချိန်းလွှာက စုချန်းကို နားလည်သဘောပေါက်စေရန် ရှင်းပြလိုက်သည်။ စုချန်းတယောက် မျက်လုံးများ ပြန်မမြင်လာသေးဟု ယူဆ၍ တခုတ်တရနှင့် ရှင်းပြနေခြင်းပင်။

"ခေါင်းနှစ်လုံးတောခွေးရိုင်းတွေ၊ အစိမ်းရောင်နတ်ဆိုးဝံပုလွေတွေ၊ ကြောက်ရွံ့မှုအမြီးပိုင်ရှင် လိပ်တွေ နောက်ပြီးတော့ ခြေချောင်းတစ်ထောင် ကင်းခြေများတွေ...ဒီသတ္တဝါတွေအားလုံးဟာ ကျွန်မတို့နဲ့ ခြေလှမ်းပေါင်း တထောင်လောက်ပဲ ဝေးတယ်ရှင့်"

သို့သော် စုချန်းအဖို့မှာကား ထိုသတ္တဝါများကို အတိုင်းသား မြင်တွေ့နေရလေရာ သူ့အမူအရာမှာ ထူးထူးခြားခြားပင် ပြောင်းလဲလာ၏။ ကုချိန်းလွှာသည် သူ့အား အမှန်အတိုင်း ပြောနေခြင်းပေတကား။ သူမပြောသည့်အတိုင်း လောကပေါ်တွင် အရက်စက် အကြမ်းကြုတ်ဆုံးဟု သတ်မှတ်ရမည့် သတ္တဝါအမျိုးပေါင်း တစ်ရာကျော်ခန့်သည် သူတို့နှင့် ခြေလှမ်းပေါင်း တထောင်ကျော်ခန့်သာ ဝေးကွာသော နေရာတွင် ရှိနေကြ၏။

ရက်စက်ကြမ်းကြုတ်သော သတ္တဝါဆိုးတကောင်သည် သာမာန် သတ္တဝါရိုင်းတကောင်နှင့် အတော်လေးပင် ကွဲပြားသေး၏။ သူတို့သည် သတ္တဝါရိုင်းများထက် ပို၍ သန်မာသကဲ့သို့ မူလစွမ်းအင်များကိုလည်း အသုံးပြုနိုင်ကြလေသည်။ အကယ်၍ ထိုသတ္တဝါများကို လူသားများနှင့် နှိုင်းယှဉ်ပြောဆိုရလျင် သာမာန်သတ္တဝါရိုင်းတကောင်ကို နတ်ဘုရားကိုယ်ထည်အဆင့်ရှိသူတယောက်နှင့် တန်းညှိသတ်မှတ်နိုင်ပြီး ရက်စက်ကြမ်းကြုတ်သော သတ္တဝါဆိုးတကောင်ကိုကား အောက်ဆုံးအဆင့်ရှိ မူလချီစွမ်းအင် ပညာရှင်တယောက်နှင့် တန်းညှိသတ်မှတ်နိုင်သည်။

ဤသတ္တဝါဆိုးများသည် သူတို့၏ အသက်ကို အလွယ်တကူပင် ချွေယူပစ်နိုင်၏။ ယခုတွင်ကား ဤမျှ ရိုင်းစိုင်းကြမ်းတမ်းလှသော သတ္တဝါဆိုးပေါင်း တရာကျော်သည် သူတို့နှင့် ပေပေါင်းအနည်းငယ်မျှသာ ကွာခြားသော နေရာတွင် ရှိနေကြလေသည်။ အကယ်၍ ဤနေရာသည် သားရဲဥယျဉ်ဟုသာ ကြိုတင် မသိရှိထားလျင် စုချန်းအဖို့ သားရဲတိရစ္ဆာန် နိုင်ငံတော်သစ်များ ပေါ်ထွန်းလာသလားဟု ယုန်ထင်ကြောင်ထင် ဖြစ်နေပေလိမ့်မည်။

ကုချိန်းလွှာသည် ကြီးမားပြီးရက်စက်လှသော သားရဲတိရိစ္ဆာန်များ၏ ရှေ့မှောက်သို့ စုချန်းကိုခေါ်ကာ ပေါက်ပေါက်ရှာရှာပင် ရောက်ချလာခဲ့၏။ ဤအဖြစ်အပျက်သည် အခန့်မသင့်လျင် သေစေနိုင်၏။ သေခြင်းတရား၏ အဓိပ္ပါယ်ကို သူမတကယ်ပင် မသိလျော့လေသလား။ သူတို့ရှိနေသော နေရာနှင့် အနှီသတ္တဝါများ ရှိသည့်နေရာသည် သိပ်မဝေးလှ။ တဖန် သတ္တဝါများ၏ အနံံံ့ခံနိုင်စွမ်းနှင့် အကြားအာရုံကလည်း ထူးရှယ်ကောင်းမွန်လှပေရာ အကယ်၍ သတ္တဝါတကောင်ကောင်ကသာ သူတို့ကို ရှာဖွေတွေ့ရှိသွားပါက သူတို့နှစ်ယောက်၏ အလားအလာမှာ မည်သို့မျှ မကောင်းမွန်နိုင်တော့။

All Chapters