← Chapters

အပြတ်အသတ် အနိုင်ယူခြင်း

Vol. 108 Ch. 1499

အပြတ်အသတ် အနိုင်ယူခြင်း

Vol. 108 Ch. 1499

အစောပိုင်း၌ မင်ယုလင်မှာ ယီယွင်၏ ရုပ်ရည်ကြောင့် အံ့ဩ တုန်လှုပ် နေခဲ့သော်လည်း ကျောင်းရှုလင်း ထံမှ ဆက်လက် လုပ်ဆောင်ရန် အမိန့်ကို ကြားသည်နှင့် ချက်ချင်းပင် ကျင့်စဉ်ကို ပြန်လည် အသက်သွင်းကာ အဖြိုက်နက် လောက အရည်များကို ပုလင်း အတွင်း ဆက်လက် စီးဝင် စေလိုက်သည်။ သို့သော်လည်း... နောက်ထပ် နှစ်စက္ကန့်မျှ အကြာတွင်ပင် ဒုတိယမြောက် အမိန့်ကို သူမ ရရှိလိုက်၏။

၎င်းကတော့... ပြေးရန်ပင်။

“...”

ယီယွင်မှာ မင်ရှုလင် အဖြိုက်နက် နယ်မြေ အရည်များအား စုဆောင်းရာတွင် ထပ်မံ ထိခိုက်မှုများ မဖြစ်စေရန် အကာအကွယ် အဖြစ် လုပ်ဆောင် နေခဲ့သော်လည်း... ကြယ်တာရာ သခင်ထံမှ ထွက်ပေါ်လာသည့် စွမ်းအားများကို တွေ့ရှိသော အခါတွင်တော့ သူ၏ အမူအရာမှာ ပြောင်းလဲ သွားခဲ့၏။

“အစ်မကျောင်း...”

သူ စိုးရိမ်တကြီး အော်ဟစ် လိုက်မိသည်။ ကျောင်းရှုလင်းမှာ အချိန်သခင် တစ်ဦး အနေဖြင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျှင်မြန်ပေသည်။ သို့သော်လည်း ၎င်းက အချိန်သခင် တစ်ဦး အတွက်သာ ဖြစ်သည်။

"မင်းက စိတ်ဝင်စားစရာ ကောင်းသား...”

ကြယ်တာရာ သခင်၏ အသံမှာ သူမ၏ အသိတ်စိတ် ပင်လယ်ထဲတွင် ပဲ့တင်ထပ် သွားခဲ့၏။ တစ်ချိန်တည်းတွင်ပင် ဝိညာဉ် အင်အားက သူမ၏ စိတ်အတွင်း ကျူးကျော်ကာ ဝင်ရောက်လာသည်။ မိန်းကလေးမှာ ဝိညာဉ် ကာကွယ်ရေး ရတနာများကို ချက်ချင်းပင် အသုံးပြုလိုက်သော်လည်း ၎င်းက သူမ၏ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ပုံပျက် သွားစေခဲ့၏။

ကျောင်းရှုလင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ နှလုံးခုန်သံက ပိုမို၍ ကျယ်လောင်လာခဲ့သည်။ သူမ၏ ဟန်ချက်ပျက်မှုမှာ မျက်တောင် တစ်ခပ်စာမျှပင် မကြာသော်လည်း ၎င်းက ကြယ်တာရာ သခင် အတွက် နောက်မှ အမှီလိုက်လာရန် လုံလောက်သည့် အချိန်ကာလ ဖြစ်ပေသည်။

"နောက်မှ စကား ထပ်ပြောကြတာပေါ့..."

ကြယ်တာရာ သခင်မှာ ကျောင်းရှုလင်း၏ နောက်သို့ အရိပ်မည်းကြီး တစ်ခု သဖွယ်ရှိလာကာ လက်ကို ဆန့်တန်း၍ သူမ လည်ပင်းထံ လက်လှမ်းလိုက်လေ၏။ မိန်းကလေးမှာ ချက်ချင်းပင် တုန့်ပြန်ဖို့ ကြိုးစားကာ ကြယ်တာရာ အကာအကွယ်ကို အပြည့်အဝ ထုတ်ဖော် လိုက်သော်လည်း ရန်သူ လက်ချောင်းများမှာ ကောင်းကင်မှ ကျဆင်းလာသည့် သံကပ်ကြေး တစ်ခု သဖွယ် သူမ၏ ကြယ်တာရာ အကာအကွယ်ကို ထိုးဖြတ်လိုက်လေ၏။

"အူး..."

တဒင်္ဂ အချိန်ကလေး အတွင်းမှာပင် ကျောင်းရှုလင်း တစ်ယောက် ဖမ်းဆီးခံလိုက်ရပြီ ဖြစ်လေသည်။ ဝူးဝူးဝါးဝါ အသံများမှာ သူမ၏ လည်ချောင်း အတွင်းမှ ထွက်ပေါ်လာခဲ့၏။ ဝိညာဉ် စွမ်းအင်လှိုင်း တစ်ခုမှာ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ထွင်းဖောက် ဝင်ရောက်လာကာ ကျင့်ကြံခြင်း အခြေခံ အားလုံး နီးပါးကို လုယူ သွားခဲ့သည်။ သူက ချက်ချင်းပင် မေ့မြော သွားခဲ့၏။

“...”

ကျောင်းရှုလင်း ဖမ်းဆီးခံလိုက်ရသည်ကို ကြည့်ကာ မင်ရှုဖုန်း တစ်ယောက် မှင်သက် သွားခဲ့၏။ သူမ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့ချေ။ သူမမှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်သော်လည်း အသက်အရွယ် အားဖြင့် အလွန် ငယ်ရွယ်လှသေးသည်။ စစ်ပွဲနှင့် သေခြင်းတရားကို တစ်ကြိမ်တစ်ခါမျှ ထိပ်တိုက် ရင်မဆိုင်ခဲ့ဖူးပါချေ။

ချန်ယန်ကျိကရော သေဆုံးသွားခဲ့ပြီလား...။

သူမ မသိချေ။

သူမ၏ စိတ်တစ်ခုလုံးက ကြောက်ရွံ့မှုများနှင့် လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌... လောကသခင် နှစ်ယောက်မှာလည်း အလွန်ပင် ထိတ်လန့် တုန်လှုပ် နေကြပြီ ဖြစ်လေသည်။ ကြယ်တာရာ သခင် စတင် တိုက်ခိုက်သည့် အချိန်ကတည်းက စလို့ သူတို့ အနားကိုပင် ချဉ်းကပ်နိုင်ခဲ့ခြင်း မရှိပါချေ။

"ပြေး..."

အချိန်သခင် အဆင့် ခေါင်းဆောင်က ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ သို့သော်လည်း သူတို့ မထွက်ခွာနိုင်ခင်မှာပင် လေချွန်သံ တစ်ခုမှာ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်ကျော် သွားခဲ့၏။ ချက်ချင်းပင် သူတို့ နှစ်ယောက်စလုံး၏ ဦးခေါင်းများမှာ ဟောင်းလောင်းပေါက်ကြီး တစ်ခု ဖြစ်ကာ လဲကျသွားခဲ့တော့သည်။

ဝှစ်...

လှံမှာ အသက်နှစ်ခုကို ရိတ်သိမ်းပြီးနောက် ထွက်ပြေးစ ပြုနေသည့် အချိန်သခင် အဆင့် ခေါင်းဆောင်ဘက်သို့ ပြန်လည် ချိန်ရွယ်လိုက်သည်။ သူ့ နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး အရှိန်အဟုန်နှင့် တုန်ရီ လာခဲ့သည်။ သို့သော်လည်း... အတွေ့အကြုံ ရင့်ကျက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ ကြယ်တာရာ အမြုတေကို လောင်ကြွမ်းပစ်ဖို့ နည်းနည်းလေးမျှ တွေဝေခြင်း မရှိခဲ့ပါချေ။

ဟူး... ဟူး...

ချက်ချင်းပင် သူ၏ အော်ရာက အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အချိန်သခင် အဆင့်၏ အကန့်အသတ်ကို ကျော်လွန် သွားခဲ့၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ ကြယ်ပျံ တစ်စင်း အလား ပြေးထွက် သွားခဲ့တော့သည်။

သူက မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“မရဘူး...”

ကြယ်တာရာ သခင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း လက်ညိုးကို ဆန့်ထုတ်ကာ အချိန်သခင် ထွက်ပြေးသွားရာ အရပ်သို့ ညွှန်လိုက်၏။ အသက် တစ်ရှိုက်စာ အတွင်းမှာပင် အချိန်သခင် လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့ကာ သူ့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး တစ်ခုလုံး ရှုပ်ထွေးစွာ လည်ပတ် သွားခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ လေဆင်နှာမောင်း တစ်ခု အတွင်း ဖမ်းမိခံလိုက်ရသလို လိမ်ကောက် သွားခဲ့၏။

"အား..."

သူ၏ အော်ဟစ်သံများကို မိုင်ပေါင်းရာနှင့်ချီ၍ ကြားနိုင်ခဲ့ပေသည်။

“ဝိညာဉ် ကျင့်စဉ်...”

ယီယွင်နှင့် မင်ယုလင်တို့ နှစ်ယောက်မှာ ထိုကြောက်မက်ဖွယ်ကောင်းသည့် ထိုစွမ်းအားက မည်ကဲ့သို့သော အရာ ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်ကြသည်။ အချိန်သခင်၏ ခန္ဓာကိုယ်မှာ အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲသွားသည် အထိ ထူးဆန်းစွာ လိမ်ပတ်နေသည်ကို သူတို့ တွေ့မြင်ခဲ့ကြရသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းများမှာ သူတို့ထံကိုပင် ရိုက်ခတ်လာကာ ကြက်သီးမွေးညှင်း ထသွားစေခဲ့သည်။ သွေးရနံ့က လေထုအတွင်း စွဲထင် နေလေ၏။

ကြယ်တာရာ သခင်က သူ့လက်ကို အောက်သို့ ပြန်ချလိုက်သည်။ သူ၏ လက်ချောင်းများက အနည်းငယ် တုန်ရီနေကာ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေခဲ့၏။

ဝိညာဉ် ကျင့်စဉ်အား ထုတ်ဖော် အသုံးပြုရခြင်းက သူ၏ ကြယ်တာရာ စွမ်းအင်များကို များစွာ ကုန်ဆုံး စေခဲ့သည်။ သို့သော်လည်း... အဝေးမှ စောင့်ကြည့် နေကြသည့် အော်ရာများမှာ နောက်သို့ ဆုတ်ခွာသွားကြကြောင်း သူ သတိပြုလိုက်မိ၏။ အရှုပ်အထွေးများ ကြားမှ အကျိုးအမြတ်များအား ရှာဖွေရန် အချိန်ကောင်းကို စောင့်ဆိုင်းနေကြသူများမှာ မြင်းတစ်ထောင်၏ လျင်မြန်မှုမျိုးနှင့် ပြန်လည် ထွက်ပြေးသွားကြပြီ ဖြစ်သည်။

ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းပြီးနောက် ကြယ်တာရာ သခင်က မင်ယုလင်နှင့် ယီယွင်တို့ နှစ်ဦးကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်၏။

"..."

မင်ယုလင်၏ စိတ်တစ်ခုလုံးမှာ ရှုပ်ထွေး ပွေလီ နေခဲ့သည်။

"..."

ယီယွင်ကတော့ လက်သီးများကို တင်းတင်းဆုပ်ရင်း ကြက်ပေါက်ကလေး တစ်ကောင် အလား လည်ပင်းမှ ဆွဲကိုင် ခံထားရသည့် ကျောင်းရှုလင်းကို စူးစိုက် ကြည့်နေခဲ့သည်။

ကြယ်တာရာ သခင်ထံမှ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်များကို တွေ့မြင်ပြီး နောက်တွင် မင်ယုလင်၏ အာရုံများမှာ အဆုံးမဲ့ စိတ်ပျက်အားငယ်မှု ချောက်နဲ အတွင်း ယိမ်းယိုင် ကျဆင်း နေခဲ့ပြီ ဖြစ်သည်။

သေမင်း၏ လက်မှ တစ်ကြိမ် လွတ်မြောက်ပြီးနောက် သူမ ပြန်လည် တည်ငြိမ်နိုင်ခဲ့သော်လည်း ကြယ်တာရာ သခင်၏ လက်ထဲတွင် အခြားလူများ မည်မျှ လွယ်ကူစွာ ထပ်မံ နှိမ်နင်းခံလိုက်သည်ကို ကြည့်ရင်း သူမ တင်းထားသမျှ စိတ်အားလုံးက ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ ကြယ်တာရာ သခင်၏ အကြည့်စူးစူးနှင့် ရင်ဆိုင် လိုက်မိသော အခိုက်၌ သူမ၏ ခန္ဓာကိုယ်မှာ စတင်၍ တုန်ရီ လာခဲ့လေ၏။ ထွက်ပြေးလိုစိတ်က သူမ၏ ဝမ်းဗိုက်အတွင်း ပွက်ပွက်ဆူ နေခဲ့သော်လည်း သူမ၏ ခြေထောက်များက မရွေ့လျားခဲ့ပေ။

"မောင်လေးယွင်..."

မင်ယုလင် သူမ၏ စိတ်အစဉ် နှစ်သိမ့်မှုအတွက် အားကိုးရာကို ရှာဖွေရင်း မသိစိတ်က ခေါ်လိုက်မိ၏။ ယီယွင်၏ ကျင့်ကြံခြင်း အခြေခံမှာ သူမနှင့် အတူတူပင်ဖြစ်သည်။ သို့သော်လည်း သူက သူမထက် ဆယ်စုနှစ်ပေါင်းများစွာ အသက် ပိုငယ်သည်။

ယီယွင်မှာ တရားဝင် ရွေးချယ်ခံ တစ်ယောက်ပင် မဟုတ်ပဲ ရွေးချယ်ခံ မြင်းနက် တစ်ဦးအနေဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲထဲကို ဆင်ခြင်တုံ တရားမဲ့စွာ လာရောက်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ကလေးတစ်ယောက်ထံမှ အဘယ်ကြောင့် မျှော်လင့်ချက်အား ရှာဖွေနေမိသည်ကို သူမ မသိပေ။

သူက အလွန်ပင် တည်ငြိမ် နေသောကြောင့်လော။ သို့တည်းမဟုတ်... ယောက်ျားသား တစ်ယောက် ဖြစ်နေသောကြောင့်လော။

မင်ယုလင် သူမကိုယ် သူမ အမြဲတမ်း အထင်ကြီးခဲ့သည်။ သူမကို ကာကွယ်ရန် အတွက် ယောက်ျားသား တစ်ယောက် မလိုအပ်ဟု အမြဲတမ်း ကြွေးကြော်ခဲ့သည်။ သို့သော်လည်း... သေခြင်းတရားက မျက်စိရှေ့တွင်ပင် ပါးပျဉ်းထောင်နေသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ ထိုခံယူချက် အားလုံးက ပျက်စီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူမ မှားယွင်းခဲ့သည်။ သေခြင်းတရား၏ ရှေ့၌ ကျားမ ကွဲပြားမှု အားလုံးမှာ တန်းတူသာ ဖြစ်သည်။ သေခြင်းတရား၏ ရှေ့တွင် လူမျိုး ကွဲပြားမှုများ အားလုံးမှာ တန်းတူသာ ဖြစ်သည်။ အရာအားလုံး၏ အဆုံးသတ်ဟု ဆိုနိုင်သည့် သေခြင်းတရား၏ ရှေ့မှောက်တွင် အနီးစပ်ဆုံး မျှော်လင့်ချက်နှင့် အားကိုးရာကို ရှာဖွေ တတ်ကြသည်က စိတ်ဝိညာဉ်၏ ပင်ကိုယ်ဗီဇပင် ဖြစ်သည်။

ယီယွင်ကတော့ မင်ယုခင်၏ အတွေးနှင့် စိတ်ခံစားချက်များကို မသိရှိပါချေ။ သူ၏ အာရုံ စူးစိုက်မှု တစ်ခုလုံးမှာ ကြယ်တာရာ သခင်နှင့် ကျောင်းရှုလင်းတို့ အပေါ်တွင်သာ အပြည့်အဝ ကျရောက် နေခဲ့၏။

ကျောင်းရှုလင်းမှာ အပြင်းအထန်ပင် ဆက်လက် ရုန်းကန်နေခဲ့၏။ စစ်ပွဲ ရည်ရွယ်ချက်က သူမ၏ ခန္ဓာကိုယ် အတွင်း ပြင်းထန်စွာ တောက်လောင်နေသည်။ ကြယ်တာရာ အင်အားမှာ ခန္ဓာကိုယ် အတွင်း ဖိနှိပ်ထားသည့် ဝိညာဉ်အင်အားကို ရဲရင့်စွာ တိုက်ခိုက်ကာ ဖိနှိပ်ချုပ်ချယ်မှုမှ အနည်းငယ်မျှ လွတ်မြောက်စေခဲ့သည်။ ၎င်းက အနည်းငယ် အသက်ရှူနိုင်ရန် လုံလောက်သည့် ပမာဏမျှသာ ဖြစ်သည်။ ချက်ချင်းပင် မိန်းကလေး၏ လည်ချောင်းမှ လေများ ထွက်လာကာ ယီယွင်ကို အက်ကွဲ ခြောက်ကပ်နေသည့် အသံဖြင့် လှမ်းအော်လိုက်လေ၏။

“ပြေး..."

အစ်မကျောင်းထံမှ အရေးပေါ် သတိပေးချက်ကြောင့် ယီယွင် တုန်ယင်သွားခဲ့သည်။ တစ်ချိန်တည်း၌ ကြယ်တာရာ သခင်ကတော့ မျက်ခုံးပင့်ကာ ကျောင်းရှုလင်းကို ငုံ့ကြည့်လိုက်၏။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိန်းမလဲ"

သူ ခပ်တိုးတိုး ရေရွတ်ရင်း ထိန်းချုပ်မှုများကို ပိုမို တိုးမြှင့်လိုက်၏။ ကျောင်းရှုလင်း၏ ခန္ဓာကိုယ် အင်အားများမှာ တဒင်္ဂ အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ကာ အသိစိတ်မှာလည်း ဗလာနတ္တိနယ်၏ အစွန်းတွင် ချည်နှောင်ခံလိုက်ရတော့သည်။ သူမ ဆက်လက် ရုန်းကန်နိုင်ခြင်း မရှိပါတော့ချေ။

***

All Chapters