← Chapters

ရွေးချယ်ခံ စုံတွဲ

Vol. 108 Ch. 1502

ရွေးချယ်ခံ စုံတွဲ

Vol. 108 Ch. 1502

၆၉ ရက် : ၁၃ နာရီ : ၃၇ မိနစ် : ၄၂ စက္ကန့်...

စိမ်းလန်းစိုပြည်သည့် သစ်ပင်များ၊ လှပသည့် မြစ်မင်းဧရာနှင့် မွှေးပျံ့ ကြိုင်လှိုင်သော ပန်းတို့ ဝန်းရံထားရာ အလယ်တွင် တောင်ကုန်းလေး တစ်ခုမှာ တိတ်ဆိတ် အေးချမ်းစွာ တည်ရှိလျှက် ရှိနေခဲ့သည်။ ထာဝရ ကမ္ဘာတွင် ရှားပါးလှသည့် အမတေများမှာ ထိုဝန်းကျင်ရှိ လေထု အတွင်းတွင်တော့ ထူထပ် များပြားစွာ ပြည့်နှက် နေခဲ့၏။

တောင်ကုန်းထိပ်ရှိ တစ်နေရာတွင်တော့ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့သည့် အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနှင့် မိန်းမငယ်လေး တစ်ဦး ရှိနေခဲ့သည်။ သူမက လိမ္မော်ရောင် ဝတ်စုံကို ဝတ်ဆင်ထားရာ ပတ်ဝန်းကျင်ရှိ စိမ်းပြာရောင် မြက်ခင်များ အကြားတွင် ထင်းနေခဲ့သည်။

"အချိန်တွေ ပြောင်းလဲသွားပြီ... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲရဲ့ ဒီအဆင့်မှာ တစ်ဦးတည်း ထူးချွန်ထက်မြက်တာက အဓိက မကျတော့ဘူး... ဒါက ထာဝရ ဧကရာဇ်ရဲ့ ရည်ရွယ်ချက်များလား..."

မိန်းကလေးက တည်ငြိမ်သည့် လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ အတွေးများက ထူးဆန်းသည်တော့ မဟုတ်ချေ။ ထာဝရ ဧကရာဇ်မှာ ကျော်ကြားသည့် အဂ္ဂိရတ် ပညာရှင် တစ်ပါး ဖြစ်လေရာ ကံကောင်းခြင်းများအား ရယူရန် အဖွဲ့ဖွဲ့စည်းခြင်းက သူ့ ရည်ရွယ်ချက် မဟုတ်ဟု မပြောနိုင်ပါချေ။

“ကျူးထန်ထန်...”

ရုတ်တရက် အော်ခေါ်သံ တစ်ခုနှင့် အတူ လူအနည်းငယ်၏ အော်ရာများ ရောက်ရှိလာလေရာ လောက၏ ငြိမ်းချမ်းမှုနှင့် အလှတရားများက ပျက်ရွင်း သွားခဲ့သည်။ ရောက်ရှိလာသူများမှာ အရေအတွက်အားဖြင့် ဒါဇင်ဝက်မျှ ရှိပေသည်။

လိမ္မော်ရောင် ဝတ်ရုံဝတ် မိန်းကလေးက ခေါင်းကို မော့လိုက်ရာ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ် စေနိုင်စွမ်း ရှိသည့် ပယင်းရောင် မျက်ဝန်းတစ်စုံ ပေါ်လာခဲ့၏။

"ကျူးထန်ထန်... ဒီအဆင့်လေး ကံကောင်းခြင်းဇုန်ကို မင်းတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး... ဝေမျှပါ... မဟုတ်ရင် ငါတို့ မင်းကို ဖယ်ရှားရလိမ့်မယ်"

ခေါင်းဆောင် ဖြစ်ဟန်တူသည့် ပုဂ္ဂိုလ်က အမုန်းတရားနှင့် အရှက်ရမှုများ ရောထွေးနေသည့် လေသံနှင့် ပြောလိုက်သည်။ သူက လူငယ် တစ်ယောက် ဖြစ်ကာ ချောမော ခန့်ညားသည်။ ရွေးချယ်ခံများထဲတွင်ပင် ထိပ်တန်း အဆင့်၌ ရပ်တည်နိုင်သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း... မိန်းကလေး၏ ရှေ့တွင်တော့ သူ၏ မွေးရာပါ မာန်မာနနှင့် ထူးချွန်သည် ဆိုသည့် ခံစားချက်များ အားလုံး ပျေက်ကွယ်သွားခဲ့သည်။

“ဒါက ငါ့နေရာ ထွက်သွားကြ...”

မိန်းကလေးက ပေါ့ပေါ့တန်တန်ပင် ပြောလိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်၏။ သူမ အတွက် ထိုရွေးချယ်ခံများ အားလုံးက ယင်ကောင်များ သာသာပင်။ ထိုကဲ့သို့ ပြောပြီးနောက် မိန်းကလေးက မျက်လုံးများကို ပြန်လည်၍ မှိတ်လိုက်၏။

“လုံကွာ... နင်နဲ့ စေ့စပ်ထားတဲ့သူကို နင် ထိန်းချုပ်လို့ မရဘူး ထင်တယ်နော်... သူက နင့်ကို လုံးဝ မလေးစားဘူး...”

အဖွဲ့ထဲမှ လှပသည့် မိန်းကလေး တစ်ဦးက ခပ်ထေ့ထေ့ ပြောရင်း လှောင်ပြောင် ရယ်မောလိုက်သည်။ သူမ၏ စကားလုံးများကြောင့် လေထု၏ အခြေအနေက တင်းမာသွားကာ လုံကွာ၏ မျက်လုံးများမှာလည်း ဒေါသများနှင့် ပြည့်နှက် လာခဲ့သည်။

“ကျူးထန်ထန်...”

သူက အော်လိုက်၏။ ကျူးထန်ထန်၏ မျက်လုံးများက မဖွင့်ချင် ဖွင့်ချင်နှင့် ပြန်လည် ပွင့်ဟ လာခဲ့သည်။ ထိုမျက်ဝန်းများမှာ အလွန် ပျင်းရိနေပုံ ပေါ်သော်လည်း မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခုက လင်းလက် နေခဲ့၏။ ထိုတစ်ချက်တည်းဖြင့်ပင် တင်းမာနေသည့် လေထုကြီး တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် ဒါဇင်ပေါင်းများစွာသော ပုံရိပ်များမှာ သူတို့၏ ပတ်လည်တွင် ပေါ်လာခဲ့၏။ ကျူးထန်ထန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။

လုံကွာ၏ မျက်နှာ အမူအရာမှာလည်း ပြောင်းလဲ သွားခဲ့၏။ သူက ဘေးနားရှိ လှပသည့် မိန်းကလေးကို နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

မိန်းကလေးက ချိုသာစွာ ပြုံးပြလိုက်၏။

“ကျွန်မ အခြားလူတွေကိုပါ ကူညီဖို့ ပါးပါးလေး တောင်းဆိုလိုက်တယ်... ပြဿနာ မရှိဘူး မလား”

“လူမိုက်ပဲ...”

ကျူးထန်ထန်က ပြောလိုက်ရင်း မတ်တပ်ထရပ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုကြောင့် ဝန်းရံထားကြသူ အားလုံး အလိုလို နောက်သို့ ဆုတ်သွားမိကြသည်။

လှပသည့် မိန်းကလေး၏ နှုတ်ခမ်းထက်ရှိ အပြုံးက အနည်းငယ် အရောင်မှိန်သွားကာ သူမ၏ မျက်ဝန်းများထဲတွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။ အားလုံးထဲ၌ လုံးဝ မလှုပ်ရှားသည့် တစ်ဦးတည်းသောသူက လုံကွာပင် ဖြစ်သည်။

“လုံးကွာ... နင်က ဒီလိုမျိုး ကောက်ကျစ် စဉ်းလဲတဲ့ မိန်းမတွေကိုပဲ ထပ်ခါထပ်ခါ ရွေးနေတာ... ကြည့်ရတာ အမြဲတမ်း နှာခေါင်းနဲ့ပဲ တွေးတယ် ထင်တယ်”

ကျူးထန်ထန်က မှတ်ချက်ချလိုက်၏။ သူမ၏ အော်ရာက ဖြည်းညင်းစွာပင် လေထု အတွင်း စတင် ပျံ့နှံ့လာကာ ပတ်ဝန်းကျင်ရှိ အမတေ များကို လှုပ်ရှား သွားစေခဲ့သည်။ နောက်ထပ် ရောက်ရှိလာသူများပါ ထည့်ပေါင်းပါက လူပေါင်း လေးဆယ်ကျော်မှာ လှပသည့် မိန်းကလေး၏ နောက်တွင် အဖွဲ့လိုက် ပူးပေါင်း နေရာယူ လိုက်ကြသည်။

လုံကွာ အလွန်အမင်း ဒေါသထွက် သွားခဲ့၏။

“ကျူးထန်ထန်...”

သူက ရူးသွပ်စွာ အော်ဟစ်လိုက်ရင်း လက်သီးများကို တင်းတင်းဆုပ်ကာ ကျူးထန်ထန်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင် သွားခဲ့တော့သည်။

ဝှစ်...

သို့သော်လည်း မိန်းကလေး အနားသို့ ရောက်သည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် လမ်းကြောင်း ပြောင်းသွားကာ နောက်နားတွင် ရပ်နေသည့် လူတစ်ဦးကိုသာ ရက်စက်စွာ ထိုးနှက် လိုက်တော့သည်။

လုံကွာ၏ ပစ်မှတ် အသစ်မှာ အသက်လတ် အရွယ် ရှိကာ ချစ်သူချင်း ရန်ဖြစ်တာကို ပြုံးကာ ကြည့် နေခဲ့သည်။ သို့သော်လည်း... သူ့ဦးခေါင်းခွံထံ လျှပ်စစ်စီးကြောင်း တစ်ခု အလား တိုးဝင်လာသည့် လက်သီးချက်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ သူ့ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။

ကြယ်တာရာ သခင် အဆင့် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော်ဖို့ အချိန် မရခင်မှာပင် သူကား ခေါင်းပြတ်ပြီးသား အလောင်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ပြင်းထန်သည့် ပေါက်ကွဲသံ၊ သို့မဟုတ် ဆိုးရွားသည့် ထိခိုက်သံများ မရှိခဲ့ပါချေ။ လက်သီးမှာ ရန်သူ၏ ဦးခေါင်းတစ်ခုတည်းကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုနည်းစနစ်မျိုးမှာ ထိပ်တန်း အဆင့် ရွေးချယ်ခံများ ကြားတွင်ပင် အထင်ကြီးစရာ ကောင်းလှပေသည်။

လုံကွာက ကျူးထန်ထန်ရှိရာသို့ ပြန်လည် ရွေ့လျားသွားကာ သူမ၏ နံဘေးတွင် ရပ်လိုက်၏။ သူ၏ ချောမောသည့် မျက်နှာထက်တွင်တော့ လျှို့ဝှက်သည့် အပြုံးတစ်ခု ပေါ်လွင်နေခဲ့သည်။

“နင် ချိပ်ပိတ် ဝင်္ကပါတွေကို သေချာ ဆင်ထားတယ် မလား...”

သူက မေးလိုက်၏။ သို့သော်လည်း ကျူးထန်ထန်မှာ ပြန်လည် အဖြေပေးနိုင်ခြင်း မရှိပါချေ။ သူမက လက်ချောင်းများထံတွင် အာရုံ အပြည့်အဝ စိုက်ထားကာ လက်ဟန် ချိပ်စည်း အမျိုးမျိုးကို တရစပ် ဖော်ထုတ် နေခဲ့သည်။

ဝမ်... ဝမ်...

ချက်ချင်း ဆိုသလိုပင် တောင်ကုန်း တစ်ဝိုက်၌ အလင်းတန်းများများ တောက်ပလာခဲ့၏။ ၎င်းတို့က လောဘသား လေးဆယ်ကျော် အပါအဝင် အနီးအနားတွင် ပုန်းအောင်းကာ ကံကောင်းခြင်းများကို ရှာဖွေဖို့ ကြိုးစားနေသည့် လူပေါင်း တစ်ရာကျော်ခန့်ကို ဖုံးလွှမ်း သွားခဲ့၏။

“ဘာလဲ...”

လှပသည့် မိန်းကလေးမှာ ရုတ်ချည်း ပြောင်းလဲသွားသည့် အခြေအနေကို နားမလည်နိုင်လေရာ တုန်လှုပ် သွားခဲ့၏။

ဘုန်း... ဘုန်း...

သူမ၏ နံဘေးရှိ ကျင့်ကြံသူ အနည်းငယ်မှာ ခွေယိုင်ကာ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားခဲ့ကြသည်။ သူတို့မှာ ကျင့်ကြံခြင်း အခြေခံကို ဆက်လက်၍ ခံစားနိုင်စွမ်း မရှိကြတော့သလို ခန္ဓာကိုယ် အလေးချိန်ကိုပင် ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိကြတော့ချေ။

"ဒါက ဘာသဘောလဲ..."

မိန်းကလေးက ထိတ်လန့် တုန်လှုပ်စွာ မေးလိုက်၏။ သူမ၏ မျက်ဝန်းများက လုံကွာကို နာကျည်းကာ မေးခွန်းထုတ်သည့် အကြည့်များနှင့် စိုက်ကြည့် နေခဲ့သည်။ သူမ၏ အမူအရာက ချစ်သူထံမှ သစ္စာဖောက် ခံလိုက်ရသလိုမျိုးပင်။

သူမ၏ ဘက်တော်သားများထဲတွင် အစွမ်း အထက်ဆုံး ကျင့်ကြံသူ၏ ခေါင်းပြတ်နေသည့် အလောင်းကတော့ သူမ၏ ခြေရင်းတွင်ပင် ရှိနေကာ သွေးများက ချောင်းတစ်ခု သဖွယ် ယိုစီးကျရင်း သူမ၏ ဖိနပ်များကိုပင် စွန်းထင် နေစေခဲ့လေသည်။

လုံကွာက သူမ၏ မေးခွန်းကို ကြားဟန်ပင် မရချေ။ ထို့အစား သူက ကျူးထန်ထန်ကိုသာ မှိန်ဖျော့ဖျော့ အပြုံးနှင့် ကြည့်လိုက်၏။

"ရိတ်သိမ်းဖို့ အချိန်ရောက်ပြီလား"

ကျူထန်ထန်က ခေါင်းညိတ်လိုက်သည်။ သူမ၏ စိတ်သဘောထားနှင့် မာန်မာနတို့က ယခင်က အတိုင်း ခပ်ပြတ်ပြတ်ပင် ဖြစ်သည်။

“ကောင်းပြီလေ...”

လုံကွာက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း လှပသည့် မိန်းကလေး အပါအဝင် ခွေယိုင်စ ပြုနေသည့် ကျင့်ကြံသူများ၊ မြေပြင်ပေါ် လဲကျနေသည့် ကျင့်ကြံသူများ အားလုံးကို ဝှေ့ကြည့်လိုက်သည်။

“မင်းတို့ အားလုံး... လက်နက်တွေ၊ ရင်းမြစ်တွေ၊ ဆေးဝါးတွေနဲ့ ရှိရှိသမျှ အဖိုးတန် ရတနာတွေ အားလုံးကို ထုတ်ပြီး ကျိန်ဆိုမှုတွေ လုပ်ကြရမယ်... မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ မင်းတို့ သေရမယ်”

လုံကွာက အလွန် ကျယ်လောင်သည့် အသံဖြင့် အော်ပြောလိုက်၏။ သူ၏ အသံက ပြင်းထန်သည့် မုန်တိုင်းတစ်ခု အလား ပတ်ဝန်းကျင်ကို ကြမ်းတမ်း ခက်ထန်စွာ ရိုက်ခတ် သွားခဲ့သည်။

"လုံ... ကွာ...”

လှပသည့် မိန်းကလေးမှာ အားအင် ကုန်ခမ်းစွာ အော်ဟစ်ရင်း ဒူးထောက် လဲကျသွားခဲ့၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ ချိပ်ပိတ် ခံထားပြီ ဖြစ်ကာ မျက်နှာမှာ လျှင်မြန်စွာ ဖြူရော်လာခဲ့သည်။ ကျူးထန်ထန်မှာ အရည်အချင်း ရှိသည့် ဝင်္ကပါ ပညာရှင် တစ်ယောက် ဖြစ်ကြောင်း သူမ သိသော်လည်း ထိုမျှ အစွမ်းထက်သည့် ချိပ်ပိတ် ဝင်္ကပါမျိုးကို အချိန်တို အတွင်း တပ်ဆင်နိုင်လိမ့်မည် ဟုတော့ လုံးဝ ထင်မှတ် မထားခဲ့ပါချေ။

“ပထမတုန်းကတော့ ငါ မင်းကို အလွယ်ပေးဖို့ စဉ်းစားထားတာ... ဒါပေမဲ့ မင်းက အရင် ငါ့ကို သစ္စာဖောက်ခဲ့တာလေ... ဘာပဲဖြစ်ဖြစ် ငါ မျှော်လင့်ထားပြီးသားပါ... ဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့”

လုံကွာက ပြုံးရင်း ဆိုလိုက်၏။ နောက်ထပ် ရလဒ်များကတော့ ရှင်းလင်းပေသည်။ ရွေးချယ်ခံ တစ်ရာကျော်လုံး သူတို့ ယခင်ရရှိထားခဲ့သည့် ကံကောင်းခြင်း အားလုံး သိမ်းယူ ခံခဲ့ရသည်။ ကျင့်ကြံခြင်း အခြေခံများ ချိပ်ပိတ် ခံရကာ ဝင်္ကပါ၏ ပိတ်ဆို့မှုများ အတွင်း ဆက်လက် နေထိုင်ခဲ့ကြရသည်။

ထို့အပြင်... သူတို့ လောဘတက်ခဲ့သည့် အဆင့်လေး ကံကောင်းခြင်းဇုန်၏ ကံကြမ္မာ အားလုံးပါ သိမ်းပိုက်ခံခဲ့ရပြီ ဖြစ်လေတော့သည်။

***

All Chapters