← Chapters

ရည်ရွယ်ချက်များ

Vol. 108 Ch. 1503

ရည်ရွယ်ချက်များ

Vol. 108 Ch. 1503

လုံကွာနှင့် ကျူးထန်ထန်တို့ကတော့ ဘေးချင်းယှဉ်ကာ ထွက်ခွာ သွားခဲ့ကြ၏။ လုံကွာမှာ ပျော်ရွှင်စွာဖြင့် အော်ဟစ် ရယ်မောနေကာ ကျူးထန်ထန်ကတော့ အေးဆေး တည်ငြိမ် နေခဲ့သည်။ တစ်ခဏလောက် လမ်းလျှောက်လာပြီးနောက် ကျူးထန်ထန်က လုံကွာကို လှည့်ကြည့်လိုက်၏။

“နင် သူ့ကို တစ်ခုခု လုပ်ခဲ့သေးလား...”

“...”

လုံကွာ၏ ရယ်မောသံများက ရုတ်ချည်း ရပ်တန့် သွား၏။ သူ၏ မျက်လုံးများက ဂဏှာမငြိမ်စွာ လှုပ်ရှား သွားခဲ့သ်ည။ သို့သော်လည်း... သူက ချက်ချင်းပင် သွားဖြူဖြူများ ပေါ်သည် အထိ ပြုံးရယ်ပြလိုက်၏။ ထို့နောက် မိန်းကလေး၏ နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း တတ်နိုင်သမျှ နူးညံ့သည့် လေသံဖြင့်...

“မင်းက ငါ့အတွက် တစ်တည်းတည်းသော မိန်းကလေးပဲ... ငါ တန်ဖိုးထားရတဲ့ ချစ်စရာ တောပန်းလေးပေါ့”

"..."

ကျူးထန်ထန်မှာ လုံကွာ၏ မျက်လုံးများကို အချိန်အကြာကြီး ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း လုံကွာကတော့ အပြုံးမပျက် ရိုးသား ဖိုးသခွားလေး ဖြစ်နေဆဲပင် ဖြစ်သည်။

တစ်ခဏကြာပြီးနောက် ကျူးထန်ထန်က သူမ၏ လက်ကို ဆွဲထုတ်ကာ ရှေ့သို့ ဆက်လျှောက် သွားခဲ့၏။ လုံကွာ တစ်ယောက် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် ပျော်ရွှင်စွာပင် သူမ နောက်မှ လိုက်ပါသွားခဲ့တော့၏။

"နားဖို့ နေရာရှာကြရအောင်..."

မိန်းကလေးက ရုတ်တရက် ပြောလိုက်၏။ လုံကွာ တစ်ယောက် အနည်းငယ် အံ့ဩသွားခဲ့သော်လည်း မကြာခင်မှာပင် သူ့ နှုတ်ခမ်းထက်၌ ရမ္မက်ဆန်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဟီး ဟီး... ရတာပေါ့... ငါ နေရာသိတယ်”

သူက ပျော်ရွှင်စွာ ပြောလိုက်ရင်း ကျူးထန်ထန်ကို ဦးဆောင်ကာ ခေါ်ဆောင် သွားခဲ့တော့သည်။ မကြာခင်မှာပင် သူတို့ နှစ်ဦးမှာ ရရှိခဲ့ကြသည့် အမြတ်များကို ရေတွက်ကာ အောင်မြင်မှုအတွက် ပျော်ပါးကြတော့မည် ဖြစ်လေတော့သည်။

...

သူတို့ နှစ်ဦး ထွက်ခွာသွားပြီး မကြာမီမှာပင် စန်းယွန်းလီ၏ ခန္ဓာကိုယ်မှာ ဝေဝါးစွာ ပေါ်လွင်လာခဲ့ကာ သူမ၏ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ လုံကွာတို့ ထွက်ခွာသွားသည့် အရပ်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာခဲ့၏။

"အဲဒီနှစ်ယောက်က..."

ကောင်းကင် လမ်းစဉ်ကျမ်းထဲတွင် ဖော်ပြထားသည့် ပုဂ္ဂိုလ် နှစ်ဦးကို သူမ ပြန်လည် သတိရလိုက်မိသည်။ လုံကွာနှင့် ကျူးထန်ထန်တို့ နှစ်ယောက်မှာ ထိုပုဂ္ဂိုလ်များနှင့် အတော်လေး တူညီသည်ဟု သူမ ခံစားလိုက်ရသည်။

ကြယ်တာရာများကို စီစဉ်ကာ ကောင်းကင်နှင့် မြေကြီးထံမှ ကံကောင်းခြင်းများကို ရယူနိုင်သည်ဟု ဆိုစမှတ် ပြုကြသည့် ဒဏ္ဍာရီလာ ဝင်္ကပါ သခင်မနှင့် လောကတစ်ခုလုံးကို လက်တစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်အောင် သိုင်းပညာရှင် ဧကရာဇ် တစ်ပါး...

မဟာ ကြယ်တာရာ ကောင်းကင် ဧကရီနှင့် ကြေခြွေ မြေကြီး အင်ပါယာ...

"စိတ်ဝင်စားစရာပဲ..."

မည်ကဲ့သို့ လုပ်ဆောင်သင့်သည်ကို စဉ်းစားရင်း စန်းယွန်းလီ ကောင်းကင် လမ်းစဉ်ကျမ်းကို ကြည့်လိုက်၏။ သူမမှာ ဝေ့ဝူယင်ကို အမှီလိုက်နိုင်ရေး အတွက် ယခင်ကလိုမျိုး အထိန်းအကွပ် မထားတော့ပဲ ပိုမို တက်ကြွစွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရပြီး ဖြစ်သည်။

“သူတို့ နှစ်ယောက်ကို ငါ့ဘက်တော်သား‌တွေ ဖြစ်အောင် လုပ်ရမယ်...”

စန်းယွန်းလီ ဆုံးဖြတ်ချက် ချလိုက်၏။ ယခင်ကလိုမျိုး တစ်ကိုယ်တော် အင်အားကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာဖို့ သူမ အာရုံမထားတော့ချေ။ ဝေ့ဝူယင်၏ လမ်းစဉ် အတိုင်း အဖွဲ့အစည်းကြီး တစ်ခုကို တည်ထောင်ကာ သူ့ကို ယှဉ်ပိုင်ချင်နေခဲ့ပြီ ဖြစ်လေသည်။

...

"အရှင်မင်းသမီး... အရှင်မင်းသမီး..."

ပေနှစ်ရာ ပတ်လည်ခန့် အကျယ်ရှိကာ ဖောက်ထွင်း မြင်ရသည့် ဝင်္ကပါ တစ်ခုဖြင့် ဝိုင်းရံထားသော မြက်ခင်းပြင် တစ်ခု၏ အပြင်ဘက်မှ နေ၍ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ထိုအော်ဟစ်သံများမှာ အပြင်ဘက်တွင် စုဝေးနေသည့် ဒါဇင်ပေါင်းများစွာသော လူများထံမှ ဖြစ်သည်။ သူတို့ အားလုံးမှာ ရွေးချယ်ခံများ ဖြစ်ကြကာ အလွန် အစွမ်းထက်သည့် အော်ရာများကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း... သူတို့မှာ အထွတ်အမြတ် ထားရှိရာ ရတနာ တစ်ခုကို ကာကွယ်ဖို့ ကြိုးပမ်းနေသည့် အောက်ခြေ လူတန်းစားများလိုပင် ဝင်္ကပါ အပြင်ဘက်၌ စုရုံနေကြသည်။

ထိုအထဲမှ လူတစ်ချို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် လူငယ် မျိုးဆက်များကြားတွင် အလွန် လူသိများကြသူများ ဖြစ်သည်။ သူတို့ထဲ၌ တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များပင် ပါဝင်နေသည်။

တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ချက်...

၎င်းမှာ တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်များကို အစားထိုးရန် ရွှေရောင် ဂိတ်တံခါး နန်းတော် အသစ် ပြန်လည် ဖွဲ့စည်းလိုက်သည့် သတ်မှတ်ချက် တစ်ခု ဖြစ်သည်။ ထိုသတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များကို ရွေးချယ်ခံ မင်းသားနှင့် ရွေးချယ်ခံ မင်းသမီးများဟု ခေါ်ဝေါ်လေ့ ရှိကြပေသည်။

တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များကို ကျား၊ မ ခွဲခြားထားခြင်း မရှိသလို၊ နောက်ခံ၊ ရုပ်ရည် စသည်ဖြင့် အခြား အပေါ်ယံ သတ်မှတ်ချက်များနှင့် ဆုံးဖြတ်ခြင်းလည်း မဟုတ်ပါချေ။ တန်ခိုးရှင် အဆင့် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များမှာ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိဖို့ အခွင့်အလမ်း အများဆုံး ရှိကြသူများနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် မျိုးဆက်သစ်၏ ရေသောက်မြစ် ဖြစ်လာဖို့ အလားအလာ အများဆုံး ရှိသူများသာ ဖြစ်ကြသည်။

မြူခိုးများနှင့် ဖုံးလွှမ်းနေသည့် ဝင်္ကပါ၏ အလယ်ဗဟိုတွင်တော့ အလွန်တရာ ကျော်ကြားကာ လူအများ ကြောက်ရွံ့လေးစားခြင်း ခံရသည့် နဂါး နတ်မိမယ် ရှိနေခဲ့သည်။ သူမမှာ ကျောက်တုံးကြီး တစ်တုံးကို မှီကာ ပျင်းရိစွာ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရင်ခွင်ထဲတွင်တော့ အဇူရာ အကြေးခွံများနှင့် ဦးချို တစ်ချောင်းတည်းသာ ပါရှိသည့် နဂါးငယ်လေး တစ်ကောင် သက်တောင့်သက်သာ ခွေအိပ် နေခဲ့၏။ ၎င်းမှာ ပုံမှန် အိမ်မွေးကြောင် တစ်ကောင်၏ အရွယ်အစားလောက်သာ ရှိပေသည်။

ရွှယ်ရီဖေး...

အကြည့်တစ်ချက်ဖြင့်ပင် နှလုံးသား တစ်ခုလုံးကို ဖမ်းစားနိုင်စွမ်း ရှိသည့် ထိုမိန်းကလေးမှာ ယခုအခါတွင်တော့ အလွန်ပင် ပျင်းရိနေပုံ ပေါ်သည်။ သူမ၏ ဟေဇယ်ရောင် မျက်ဝန်းများမှာ ရံဖန်ရံခါမှသာ အပြင်ဘက်ရှိ ထူးချွန် ထက်မြင်သည့် လူငယ် မျိုးဆက်များကို လှမ်း၍ အကဲခတ် နေခဲ့သည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း သူမ၏ အတွေ့အကြုံမှာ ရွေးချယ်ခံ အများစုနှင့် အခြေခံအားဖြင့် ခြားနားပေသည်။ ထာဝရ ကမ္ဘာကို ရောက်ရှိပြီးနောက် ရွှယ်ရီဖေးမှာ မည်သည့် ကိုယ်ပိုင် လက္ခဏာကိုမှ ဖုံးကွယ်ခြင်း မပြုခဲ့လေရာ လူတိုင်း နီးပါးမှာ သူမကို ချက်ချင်း မှတ်မိခဲ့သည်။

သူမမှာ ဝေ့ဝူယင်၏ တစ်ဦးတည်းသော တရားဝင် အသိအမှတ်ပြု ကိုယ်လုပ်တော် ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် အခြား ချစ်သူများ ရှိသော်လည်း မည်သူမျှ သူမကဲ့သို့ တရားဝင် ရာထူးမျိုးကို ပိုင်ဆိုင် မထားပါချေ။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေသားများ သူမကို ဆက်ဆံခဲ့ပုံက ထိုအချက်ကို ပိုမို၍ ထင်ရှားစေခဲ့သည်။

ဝေ့ဝူယင် နှစ်နှစ်ခန့်မျှ ပျောက်ဆုံးသွားပြီးသည့်နောက်တွင် ရွှယ်ရီဖေးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ခေါင်းဆောင် ရာထူးကို ရယူခဲ့သည်။ သူမမှာ မြေကြီး ရှန့်ထိုများကို ဦးဆောင်ကာ စည်းကမ်း ထိန်းသိမ်းခြင်း၊ ပြောင်းရွှေ့ နေထိုင်သူများ အတွက် ဥပဒေ ပြဋ္ဌာန်းခြင်း၊ တစ်ချို့ မှုခင်းများ အတွက် စီရင်ချက် ချခြင်းများကို ပြုလုပ်ခဲ့သည်။

ထိုကာလ အတွင်း သူမ၏ အဆင့်အတန်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ ဧကရီ ရှောင်ချွမ်းထက်ပင် ပိုမို၍ မြင့်မားခဲ့သည်။ ကြယ်ကွင်းပြင် တစ်ဆယ့်ရှစ်ခုလုံး၌ သူမ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာမှာ အံ့မခန်း မြင့်မား လာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် လူအများစုက သူမကို “အရှင် မင်းသမီး” ၊ “ဧကရီ” စသည်ဖြင့် သုံးနှုန်း ခေါ်ဝေါ်ခဲ့ကြသည်။

ထာဝရ ကမ္ဘာကို ခြေချလိုက်ပြီးနောက် ဝေ့ဝူယင်၏ ရန်သူများထံမှ လျှို့ဝှက် ကြံစည်မှုများ၊ လုပ်ကြံမှုများနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ ကြိုတင် မျှော်လင့်ထားခဲ့သည်။ အတားအဆီး အားလုံးကို တိုက်ခိုက် ကျော်ဖြတ်ဖို့ သူမ စိတ်လှုပ်ရှားခဲ့သည်။

ဝေ့ဝူယင်နှင့် ပတ်သက်၍ သူမ မသိသေးသည့် အရာများမှာ အလွန် များပြားလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုခန့် အတွင်း သူမတို့ နှစ်ဦး အတူရှိနေချိန်များတွင်... ဝေ့ဝူယင်ထံ၌ သူ့အား အမြဲတမ်း လိုက်လံ ရှာဖွေနေသည့် ရန်သူကြီး တစ်ဦး ရှိသယောင်၊ ခိုင်မာသည့် သံကြိုးများနှင့် တွဲချည်ထားသလို ကံကြမ္မာဆိုး တစ်ခုက နောက်မှ လိုက်ပါနေသလို သူမ ခံစားခဲ့ရသည်။ ထို့ကြောင့်ပင် အတူတူ ရှိတိုင်း ဝေ့ဝူယင် အေးချမ်းစေဖို့၊ တည်ငြိမ်စေဖို့ သူမ အစွမ်းကုန် ကြိုးစားခဲ့သည်။ သူမက သူ့စိတ်ဝိညာဉ်ကို အေးမြအောင် စွမ်းဆောင် ပေးနိုင်သည့် အိမ်ကလေး တစ်လုံးသာ ဖြစ်ချင်ခဲ့သည်။

ထို့ကြောင့်ပင်... ပြီးခဲ့သည့် နှစ်များအတွင်း ဝေ့ဝူယင်မှာ သူမကို မကြာခဏ လာရောက် တွေ့ဆုံကာ စကားပြောခြင်း၊ ကြယ်တာရာ ကောင်းကင်ကို အတူတကွ ငေးမောခြင်းနှင့် စိတ်ခံစားချက်များကို မျှဝေခြင်းတို့ ပြုလုပ်ခဲ့သည်။ တစ်ကြိမ် တွေ့ဆုံပြီးတိုင်း သူတို့ နှစ်ယောက်၏ ရင်းနှီးမှုများက တစ်ဆင့် တိုးတက် လာခဲ့သည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ယာယီ ဧကရီ ဖြစ်လာခြင်းကတော့ သူမ၏ မျှော်မှန်းချက်များနှင့် လုံးဝ ကွာခြားပေသည်။ သို့စေကာမူ... သူမ အကောင်းဆုံး ကြိုးစားခဲ့သည်။ ဝေ့ဝူယင် မရှိချိန်တွင် ဝေ့ဝူယင်၏ နေရာကို ဖာထေးဖို့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ အကုန် ထုတ်သုံးခဲ့သည်။ သူမ၏ လုပ်ဆောင်ချက်များက အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ကာ လွန်ခဲ့သည့် နှစ်နှစ် အတွင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ယခင်ကထက် များစွာ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။

ရွှယ်ရီဖေးမှာ ထာဝရ ကမ္ဘာထက်တွင် ဝေ့ဝူယင်၏ ရန်သူများနှင့် တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လက်တွေ့က လုံးဝ ကွာခြားလှပေသည်။ ထို့အစား... မဟာ စက်ဝန်း ကြယ်ကွင်းပြင်နှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေတို့မှ ရွေးချယ်ခံများသာလျှင် သူမထံမှ အာရုံ စူးစိုက်မှု၊ မျက်နှာသာပေးမှုများကို ရှာဖွေရန် ရောက်ရှိလာခဲ့သည်။

သူမကို စိုက်ကြည့်ဖို့ ကြိုးစားသူများကိုပင် သူတို့က လိုက်လံ၍ ကွပ်မြက်ခဲ့သည်။ ကံကောင်းခြင်းဇုန်များ၏ သင်္ကေတ ဖြစ်သည့် ရွှေရောင် လေဆင်နှာမောင်းများ ပေါ်လာတိုင်းလည်း သူမ သွားစရာပင် မလိုပဲ ရွေးချယ်ခံ အဖွဲ့များက သူမ၏ ကိုယ်စား သွားရောက်ကာ ရှိရှိသမျှကို ယူဆောင်လာပေးသည်။

အာရုဏ်ဦး အာဏာရှင် အင်ပါယာကို ခင်ပွန်းအဖြစ် ပိုင်ဆိုင်ထားသူ တစ်ယောက် အနေဖြင့်... ကြယ်တာရာ အဆင့် ရင်းမြစ်များကို ရွှယ်ရီဖေး မလိုကြောင်း သူတို့သိပေသည်။ ထိုလက်ဆောင်များနှင့် အတူ နဂါး နတ်မိမယ်ထံမှ အသိအမှတ်ပြုမှု အချို့ကို ရရှိလျှင်ပင် သူတို့ ကျေနပ်နေခဲ့ပြီ ဖြစ်သည်။ ရွှယ်ရီဖေး ကျင့်ကြံချင်သည့် အခါတိုင်းလည်း တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များပင် တံခါးမှူးများ အဖြစ် ကာကွယ် စောင့်ကြပ်ပေးခဲ့သည်။

မာနတရားကို ကိုးကွယ်သည့် ရွေးချယ်ခံ အချို့မှာ သူတစ်ပါးကို ကိုးကွယ်ရန် စိတ်မဝင်စားကြသော်လည်း ထာဝရ ကမ္ဘာထက်ရှိ ရွေးချယ်ခံ အများစုတော့ ဉာဏ်အမျှော်အမြင် ရှိသူများ ဖြစ်ကြသည်။ ရွှယ်ရီဖေးထံမှ အသိအမှတ်ပြုမှုလေး တစ်ခုအား ရရှိခြင်းကလျှင်ပင် ထာဝရ ကမ္ဘာထက်ရှိ မည်သည့် ကံကောင်းခြင်းဇုန်ထက် မဆို ပိုမို တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။

သူမ၏ စကားတစ်ခွန်းဖြင့်ပင် သူတို့၏ ဘဝ တစ်ခုလုံး ပြောင်းလဲ သွားနိုင်စွမ်း ရှိပေသည်။ သူမထံမှ ကောင်းမွန်သည့် မှတ်ချက် တစ်ခုကပင် သူတို့၏ အနာဂတ်များကို သတ်မှတ် ပြဋ္ဌာန်းပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

***

All Chapters