← Chapters

ပြိုင်ဆိုင်မှုများ

Vol. 108 Ch. 1504

ပြိုင်ဆိုင်မှုများ

Vol. 108 Ch. 1504

စွမ်းအင် အကာအကွယ်၏ အပြင်ဘက်တွင်တော့...

"အရှင်မင်းသမီး... အရှင် မင်းသမီး..."

အရေးတကြီး အော်ဟစ်သံများနှင့် အတူ လူတစ်ဦးမှာ ဒါဇင်နှင့် ချီသည့် ရွေးချယ်ခံများကို တိုးဝှေ့ကာ ရှေ့ကို တိုးဖို့ ကြိုးပမ်း နေခဲ့၏။

“ခဏလောက် ဘေးဖယ်ပေးကြပါဦး...”

ထိုလူ၏ ရဲတင်းမှုကြောင့် ရွေးချယ်ခံများမှာ ဒေါသထွက်သွားကြသော်လည်း သူတို့ မည်သည့် နေရာ၌ ရှိနေခဲ့သည်ကို ပြန်လည် တွေးတောမိသော အခိုက်၌ ဒေါသနှင့် မာနများကို ပြန်လည် ငြိမ်းသတ် လိုက်ကြသည်။ ထို့အစား... သူတို့မှာ ထိုလူကိုသာ ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့ ထားလိုက်ကြ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က လူတစ်ဦးမှာလည်း ထိုနည်းတူပင် ချဉ်းကပ်ဖို့ ကြိုးစားခဲ့သည်။ သူက ထင်ရှားသည့် ကြယ်တာရာ သခင် တစ်ယောက် ဖြစ်သော်လည်း ကျန်ရွေးချယ်ခံများမှာ ဝိုင်းကာ မသန်မစွမ်း ဖြစ်လုနီးပါး အထိ ရိုက်နှက် ခဲ့ကြသည်။ နဂါး နတ်မိမယ်၏ ခွင့်ပြုချက် မရှိပဲ သူတို့မှာ မည်သူ့ကိုမှ အနားကပ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။

ရွှယ်ရီဖေး ဝင်၍ စကားပြောလိုက်သော အခါတွင်မှ သူတို့မှာ သူ့ကို ချမ်းသာပေးခဲ့ကြသည်။ ယခုအခါ၌ ထိုကြယ်တာရာ သခင်မှာလည်း လူအုပ်အတွင်း၌ လေးစားစွာပင် စောင့်ကြပ် နေခဲ့သည်။

သည်တစ်ယောက် ကံကောင်းသွားသည့် အချက်က မလိုအပ်ပဲ အကြမ်းအဖက်ရန် ရွှယ်ရီဖေးက သူတို့ကို အမိန့်ပေးထားသောကြောင့်ပင်။

"အရှင်မင်းသမီး..."

ကျူးကျော်သူမှာ လက်မလျှော့ပဲ တားဆီးခံထားရသည့် ကြားမှ အဆက်မပြတ် အော်ဟစ် နေခဲ့၏။ ထိုထိပ်တိုက် တွေ့ဆုံမှု၌ မည်သူမျှ ကျင့်ကြံခြင်း အခြေခံကို သုံးမထားခဲ့ကြချေ။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ အားပြိုင်ပွဲ သက်သက်မျှသာ ဖြစ်သည်။

သို့သော်လည်း... ကျူးကျော်သူ၏ အမူအရာက အလွန် အရေးတကြီး လိုအပ်နေသည့်ပုံ ပေါ်သည်။ သူ၏ အတ်အစားများက ရှုပ်ပွနေကာ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့၏။

“သူ့ကို ခွင့်ပြုလိုက်...”

နူးညံ့ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ရွေးချယ်ခံများမှာ ကျူးကျော်သူကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် စူးစူးဝါးဝါး ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ သို့သော်လည်း... သူတို့က သူ့ကို တိတ်တဆိတ်ပင် လမ်းဖယ်ပေးလိုက်ကြ၏။

ကျူးကျော်သူမှာ အူးယားဖားယားပင် ရှေ့ကို တိုးလာခဲ့၏။ အတားအဆီးနားသို့ အရောက်၌ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားသည့် အလင်းရောင်များနှင့် လင်းလက်လာခဲ့သည်။ သူက မိစ္ဆာ အော်ရာ အနည်းငယ်ကို ပိုင်ဆိုင်ထားသည့် ခပ်ပိန်ပိန် လူငယ်လေး ဖြစ်သည်။ သူက မိစ္ဆာ ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်း သိသာလှပေသည်။ ထို့အပြင်... သူက ရွေးချယ်ခံ ဖျက်မြင်းတစ်ယောက် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူ့ကို မည်သူကမှ မသိကြသောကြောင်ပင်။

လူငယ်လေး၏ အော်ရာမှာ ပင်ပန်း နွမ်းနယ်မှုများကြောင့် မှေးမှိန်နေသော်လည်း သူ၏ကျင့်ကြံခြင်း အခြေခံကတော့ လောကီမျက်လုံး အဆင့်တွင် ခိုင်မာစွာ ရှိနေခဲ့သည်။

ကျင့်ကြံသူ အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု အတွင်း ထုတ်လုပ်ခဲ့သည့် နယ်မြေ ဖန်တီးခြင်း ထုတ်ကုန် သုံးမျိုးကြောင့် လောကသခင် အဆင့်ကို ရောက်ရှိခဲ့ကြသည့်တိုင် အသက် ၁၂၀ ကျော်လောက်ဖြင့် လောကီ မျက်လုံး အဆင့်ကို ရောက်ရှိနေခဲ့ခြင်းကတော့ သူ့ထံတွင် အရည်အချင်း ရှိသည့် လက္ခဏာ တစ်ခုပင်။

"အရှင်မင်းသမီး... ကျွန်တော်မျိုး အဆင့်လေး ကံကောင်းခြင်း ဇုန်တစ်ခုရဲ့ တည်နေရာကို ရှာတွေ့ပြီလို့ ယုံကြည်ပါတယ်"

"..."

သူက ပွင့်ပွင့်လင်းလင်းပင် ကြေညာလိုက်လေရာ အခြား ရွေးချယ်ခံများ အားလုံး အံ့အားသင့် သွားကြ၏။ ထာဝရကမ္ဘာတွင် ကံကောင်းခြင်းဇုန် အဆင့်ငါးဆင့် ရှိကာ အဆင့် တစ်ခုစီမှာ နောက်တစ်ခုထက် ပိုမို၍ တန်ဖိုးရှိပေသည်။ အဆင့်လေးဇုန်များမှာ ယခင် မျိုးဆက်များကို မြေကြီး ရှန့်ထို ဖြစ်လာအောင် အများကြီး ထောက်ပံ့ပေးခဲ့သည့် ဇုန်များ ဖြစ်သည်။ ထိုအထဲ၌ ရှိနေသည့် ရင်းမြစ် အများစုမှာ ကြယ်တာရာ အဆင့်၌ မဟုတ်ပဲ လျှို့ဝှက် အဆင့်တွင် ရှိနေကြပေသည်။

"ဟုတ်လား..."

မြူခိုးများ ပိတ်မှောင်နေသည့် အတားအဆီး အတွင်းမှ အနည်းငယ် စိတ်ဝင်စားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ရွှယ်ရီဖေးမှာ အဆင့်လေးဇုန် တစ်ခု၏ သတင်းအား ကြားသည်နှင့် အူးယားဖားယား အပြင်သို့ ထွက်ခြင်း မပြုချေ။ အခြား ရွေးချယ်ခံများမှာ ထိုအကြောင်းကို မေးမြန်းရန် ဖင်တကြွကြွ ဖြစ်နေကြသော်လည်း မည်သူကမှ လှုပ်ရှားရဲခြင်း မရှိချေ။

“ဆက်ပြောပါ...”

ရွှယ်ရီဖေးက ပြောလိုက်၏။ သူမမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်ကာ စည်းစိမ် ဥစ္စာများကို မလိုအပ်တော့သည့်တိုင် အဆင့်လေးဇုန် တစ်ခုကိုတော့ စိတ်မဝင်စားပဲ မနေနိုင် ဖြစ်သွားခဲ့သည်။ အဆင့်လေးဇုန်များမှာ သေစေနိုင်သည့် အန္တရာယ်များနှင့် ပြည့်နှက် နေသည်ဟု ဆိုသည်။ သူမ အနေဖြင့် ထိုအန္တရာယ်များအား ရင်ဆိုင်ရန် ကိုယ့်ကိုယ်ကို စိန်ခေါ်နိုင်ပေသည်။

ဝှစ်...

အတားအဆီးက အနည်းငယ် မှေးမှိန်သွားကာ ဝိညာဉ်အာရုံ ပေးပို့မှုကို ခွင့်ပြုလိုက်၏။ မိစ္ဆာ ကျင့်ကြံသူ လူငယ်လေး၏ မျက်လုံးများက ထပ်မံ၍ တောက်ပလာကာ အချက်အလက်များကို အလျှင်အမြန် ပေးပို့လိုက်တော့သည်။

...

အဝေးတစ်နေရာတွင်တော့ နာ့ရှင်းရီ၏ လှပသည့် ပုံရိပ်ကလေးမှာ လေနုအေးတွင် ဝတ်ရုံနှင့် ဆံနွယ်စများ လွင့်မျောနေရင်း ရွှယ်ရီဖေးနှင့် ရွေးချယ်ခံများ၏ မြင်ကွင်းကို တိတ်တဆိတ် ငေးကြည့် နေခဲ့သည်။ ရုတ်တရက် သူမ၏ နံဘေးသို့ မိန်းကလေး တစ်ဦး လျှောက်လာခဲ့သည်။

“နင်က ဒီမှာ ရှိနေတာပဲ...”

မိန်းကလေးက လက်ထဲတွင် လှံတစ်ခုကို ကိုင်ဆောင်ထား၏။ သူမ၏ အော်ရာက အနည်းငယ် မတည်မငြိမ် ဖြစ်နေကာ ဆူပွက် နေခဲ့သည်။

ရွှယ်ရီဖေးအား ရွေးချယ်ခံများစွာ ဝိုင်းဝန်း ကာကွယ်ပေးနေသည့် မြင်ကွင်းကို တွေ့လိုက်ရသော အခိုက်၌ ဝူပိုင်ကျိုး ပြုံးလိုက်မိသည်။

“ရီဖေး... နင်လည်း ဆန္ဒရှိရင် အဲဒါကို ရနိုင်တယ် ဆိုတာ သိတယ် မလား...”

နာ့ရှင်းရီ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖြေလျှော့ လိုက်သည်။ ဝေ့ဝူယင်၏ ချစ်သူများထဲတွင် သူမမှာ တရားဝင် ဇနီးမယား ဖြစ်ရန် မှန်ကန်စွာ တောင်းဆိုပိုင်ခွင့် ရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူမသာ ထိုအရာကို ဖော်ထုတ်လိုက်ပါက ချက်ချင်းပင် ကောင်းကင်ကိုပင် လှုပ်ခတ်စေနိုင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာကာ လူတိုင်း၏ မျက်လုံးထဲ၌ ရွှယ်ရီဖေးထက်ပင် ကျော်လွန်သွားလိမ့်မည် ဖြစ်သည်။

“သိတာပေါ့...”

နာ့ရှင်းရီက ယုံကြည်ချက် ရှိစွာ ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ..."

ဝူပိုင်ကျိုးက တစ်ယောက်ယောက် ရောက်ရှိလာမည်ကို မျှော်လင့်နေသည့်ဘ အလား နောက်သို့ တစ်ချက် လှည့်ကြည့်ရင်း ပြောလိုက်သည်။

“နင်ရဲ့ မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရှာတွေ့ပြီလား...”

နာ့ရှင်းရီက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ အစောပိုင်းက ဖော်ပြထားခဲ့ပြီးသည့် အတိုင်း ရွေးချယ်ခံ အဆင့်အတန်းများ တိုးမြင့်လာခြင်းနှင့် အတူ ထာဝရ စွန့်စားခန်း အဆင့် ရည်ရွယ်ချက်မှာလည်း အသက်ရှင်သန် ရပ်တည်ခြင်းမှသည် အမဲလိုက်ခြင်း အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများက ရွေးချယ်ခံများကို အမဲလိုက်သည်။ ရွေးချယ်ခံများက ကံကြမ္မာ စောင့်ကြပ်သူများကို အမဲလိုက်သည်။ ရွေးချယ်ခံများက ရွေးချယ်ခံများကို အမဲလိုက်သည်။ ရွေးချယ်ခံများက မကောင်းဆိုးဝါး စောင့်ကြပ်သူများကို အမဲလိုက်သည်။

ဝူပိုင်ကျိုးက ပြုံးလိုက်ရင်း သူမ ရရှိထားသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တံဆိပ်ကို ထုတ်ပြဖို့ ပြင်လိုက်သည်။ သို့သော်လည်း... ချက်ချင်းပင် ၎င်းအား မပြသတော့ဖို့ သူမ ဆုံးဖြတ်လိုက်၏။ ၎င်းအား ရယူဖို့က မခက်ခဲလှပါချေ။ အထူးသဖြင့်... နာ့ရှင်းရီနှင့် သူမတို့လို လူများ အတွက် အလွန်ပင် လွယ်ကူပေသည်။ ထို့အစား သူမက မျက်မှောင်ကိုသာ ကြုတ်လိုက်ရင်း...

“ငါ ရင်ဆိုင်ခဲ့ရတဲ့ မကောင်းဆိုးဝါး စောင့်ကြပ်သူက အရင် ငါတို့ တွေ့ခဲ့တဲ့ တစ်ယောက်ထက် တစ်ဆင့် ပိုမြင့်တယ်”

နာ့ရှင်းရီမှာ ဝူပိုင်ကျိုးက သူမ၏ အောင်မြင်မှုကို ကြွားဝါဖို့ ထိုကဲ့သို့ ပြောနေခြင်းဟု မထင်ချေ။ သူမ၏ မျက်ခုံးတစ်ဖက်က စူးစမ်းလိုစိတ်နှင့် အတူ အပေါ်သို့ မြင့်တက် သွားခဲ့၏။

"ဘယ်လောက် ပိုပြီး အားကောင်းလဲ"

“ဖိနှိပ်မှုသာ မရှိရင် သူ့ရဲ့ လောကနယ်မြေက ကီလိုမီတာပေါင်း ငါးသောင်း နှစ်ထောင်နဲ့ နှစ်ဆယ့်ခြောက် မီတာလောက် ရှိတယ်”

ဝူပိုင်ကျိုးက ပြောလိုက်ရင်း ရွှယ်ရီဖေးနှင့် ရွေးချယ်ခံ အုပ်စုကို ပြန်လည် အာရုံစိုက် လိုက်သည်။ ထိုလူများမှာ ဦးဆောင်ကာ ရွှယ်ရီဖေး အတွက် လမ်းရှင်းပေးနေကြသည်။

"မကောင်းဆိုးဝါး စောင့်ကြပ်သူတွေက တဖြည်းဖြည်း ပိုသန်မာလာတာလား"

နာ့ရှင်းရီက စဉ်းစားရင်း ခပ်တိုးတိုး မေးလိုက်၏။ ထိုအချက်အလက်သာ အမှန်ဆိုပါက မကြာခင်မှာပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ရွေးချယ်ခံများ အတွက် အလွန် ကြီးမားသည့် ဘေးဥပဒ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ရုတ်တရက် စူးစိုက်ကြည့်ခံနေသလို ခံစားချက်ကြောင့် သူတို့ နှစ်ယောက်စလုံး ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ ရွှယ်ရီဖေးမှ အဝေးမှ နေ၍ သူတို့ကို စူးစိုက်ကြည့်နေကြောင်း‌ တွေ့လိုက်ရသည်။ အပြာရောင် အစက်အပျောက်များဖြင့် ပြည့်နှက်နေသည့် သူမ၏ ဟေဇယ်ရောင် မျက်လုံးများမှာ တဖျပဖျပ် တောက်ပနေကာ တစ်ချက် ကြည့်ရုံဖြင့်ပင် စိတ်ဝိညာဉ်များကို လှုပ်ရှားစေနိုင်စွမ်း ရှိသည်။

"..."

ရွှယ်ရီဖေး

"..."

နာ့ရှင်းရီ

"..."

ဝူပိုင်ကျိုး

သူတို့ သုံးဦးမှာ တစ်ဦးကို တစ်ဦး စိုက်ကြည့် နေခဲ့မိကြ၏။ စကားမပြောကြသော်လည်း ခံစားချက်များက သူတို့ သုံးဦးကြားတွင် ကူးစက် နေကြသည်။ ပြိုင်ဆိုင်လိုစိတ်က လေထုအတွင်း ရစ်သိုင်းနေ၏။

“အရှင် မင်းသမီး...”

ရွေးချယ်ခံ မိန်းကလေး တစ်ဦးက လာရောက် ခေါ်ဆောင်သော အခါတွင်မှ ရွှယ်ရီဖေးက လှပစွာ ပြုံးပြလိုက်ကာ အကြည့်ကို ခွာရင်း ထွက်ခွာ သွားခဲ့တော့သည်။ သူမမှာ ရွေးချယ်ခံ တစ်အုပ်လုံးကို ဦးဆောင်ကာ ပင်ပန်း နွမ်းနယ်နေသည့် မိစ္ဆာ ကျင့်ကြံသူ လူငယ်လေး နောက်မှ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။

“နင်လည်း အဲဒါကို ရနိုင်တယ် ဟုတ်တယ်မလား...”

နာ့ရှင်းရီက ဝူပိုင်ကျိုးကို ပြုံးရင်း စနောက်လိုက်၏။ သူမ၏ စကားက တင်းမာလာနေသည့် လေထု၏ အခြေအနေကို ချက်ချင်း ဖြိုခွင်း ပစ်လိုက်သည်။

"ဟုတ်တာပေါ့... ငါလည်း ရနိုင်တာပေါ့"

ဝူပိုင်ကျိုးက နာ့ရှင်းရီလိုပင် လေသံမျိုးဖြင့် ယုံကြည်ချက် ရှိစွာ ပြောလိုက်ရင်း လှည့်ထွက် သွားခဲ့သည်။ သူမက ရွှယ်ရီဖေးနှင့် ဆန့်ကျင်ဘက် အရပ်မျက်နှာ တစ်ခုကို ဦးတည်လိုက်ခြင်း ဖြစ်သည်။ သူမသည်လည်း ကံကောင်းခြင်းဇုန်များကို ဆက်လက် ရှာဖွေရပေဦးမည်။ ကျင့်ကြံခြင်း အခြေခံနှင့် စွမ်းရည်မျိုးကို မြှင့်တင်ရဦးမည် ဖြစ်သည်။ နှလုံသား ကိစ္စကိုတော့ လောလောဆယ်တွင် သူမ စိတ်မဝင်စားပါသေးချေ။

နာ့ရှင်းရီက ပြုံးလိုက်၏။ ထိုအပြုံး၏ အောက်၌ လောက၏ အလင်းရောင်များပင် မှေးမှိန်သွားသယောင် ထင်ရသည်။ တစ်ခဏကြာပြီးနောက် သူမ၏ အပြုံးက ပျောက်ကွယ်သွားကာ ထိုနေရာတွင် တည်ကြည် လေးနက်မှုများက ပြန်လည် အစားထိုးလာခဲ့၏။ သူတို့ အားလုံး၏ ကြားမှ ပြိုင်ဆိုင်မှုများမှာ အစမျှသာ ရှိပေသေးသည် မဟုတ်ပါလား။

***

All Chapters