← Chapters

ပြန်လည် ဆုံစည်းခြင်း

Vol. 108 Ch. 1505

ပြန်လည် ဆုံစည်းခြင်း

Vol. 108 Ch. 1505

၅၄ ရက်၊ ၂၀ နာရီ၊ ၃၀ မိနစ်၊ ၀၅ စက္ကန့်…

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထာဝရ စွန့်စားခန်း အဆင့်မှာ မည်သူမျှ မျှော်လင့် မထားခဲ့သော အခြေအနေများကို ဖြစ်ပေါ်စေခဲ့ကာ ရှုပ်ထွေးပွေလီမှုများ၊ မငြိမ်မသက်မှုများ၊ သေဆုံးမှုများနှင့် အတူ ကြောက်မက်ဖွယ် ကောင်းသည့် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးခဲ့လေသည်။ ရွေးချယ်ခံများနှင့် အမှောင် ရွေးချယ်ခံများကြားတွင် မိမိကိုယ်ကို ထိပ်သီး ရွေးချယ်ခံ တစ်ယောက် ဖြစ်ကြောင်း သက်သေပြခဲ့သူများစွာ ရှိခဲ့ကာ သူတို့မှာ တစ်ဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အခွင့်အလမ်းများစွာကို ရှာဖွေ ဖမ်းဆုပ်နိုင်ခဲ့ကြလေသည်။

အလွန် သေးငယ်သည့် ထိုကမ္ဘာလေးပေါ်တွင် ကံကောင်းခြင်းဇုန်များမှာ အဆုံးအစွန်မရှိသကဲ့သို့ ဆက်တိုက် ပေါ်ပေါက်နေခဲ့ကာ တိုက်ပွဲများမှာလည်း မရပ်မနား ဖြစ်ပွားနေခဲ့လေသည်။ ဤမျှ များပြားသည့် အခွင့်အလမ်းများနှင့် ကံကြမ္မာ စောင့်ကြပ်သူများ ရှိနေခြင်းမှာ မကြားဖူးလောက်အောင် ထူးခြား ဆန်းကြယ်သည်။ အလားတူပင် ဤမျှ များပြားသော အခွင့်အလမ်းများအား ဖမ်းဆုပ်နိုင်ခဲ့ခြင်းမှာလည်း မကြားဖူးလောက်အောင်ပင် ထူးခြားဆန်းကြယ်လှသည်။

ထာဝရကမ္ဘာ တစ်ခွင်ရှိ ကံကောင်းခြင်းဇုန်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် မျက်စိကျလောက်သည့် ရင်းမြစ်များကို ထည့်သွင်း သိမ်းဆည်းထားသကဲ့သို့ အချိန်မရွေး အသက်ကို နှုတ်ယူသွားနိုင်သည့် အန္တရာယ်များနှင့်လည်း ပြည့်နှက်နေသည်။ အဆင့်လေးဇုန်များမှာ အချိန်သခင်များ အတွက်ပင် သိမ်းပိုက်ဖို့ မယုံကြည်နိုင်လောက်အောင် ခက်ခဲလှကာ ၎င်းတို့ကို ဖမ်းဆုပ်ဖို့ ကြိုးပမ်းရင်း မရေမတွက်နိုင်သည့် လူများ အသက် ဆုံးရှုံးခဲ့ကြရကြောင်း သတင်းများက တောမီးပမာ ပျံ့နှံ့နေခဲ့သည်။

ထိုကဲ့သို့သော ဖြစ်ရပ်များကပင် ထာဝရ ကမ္ဘာ၏ လျှို့ဝှက် ဆန်းကြယ်သည့် သဘော သဘာဝကို အဆင့်များစွာ ပိုမို မြှင့်တင် ပေးခဲ့ကာ စွန့်စားလိုသူများ အတွက် တွန်းအားတစ်ရပ် သဖွယ် ဖြစ်လာခဲ့သည်။ ပြိုင်ဆိုင်မှုများက ရွေးချယ်ခံများ ကြားတွင် နေ့ရက်တိုင်း ပိုမို၍ ပြင်းထန်လာနေခဲ့လေသည်။

အားလုံးထဲ၌ စိတ်ဝင်စားစရာ အကောင်းဆုံးသော အပြောင်းအလဲကတော့ ထူးဆန်းသည့် အဖွဲ့အစည်းများ ပေါ်ထွန်းလာခြင်းပင် ဖြစ်သည်။

ကောင်းကင် ပုရောဟိတ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ပင် ရှိကာ သူတို့ကို ကောင်းကင် ပေါင်းစည်းရေး အဖွဲ့ဟု ခေါ်သည်။ ထိုအဖွဲ့မှာ ရွေးချယ်ခံများ၏ အောင်မြင်မှုများ၊ တိုက်ပွဲ ရလဒ်များနှင့် ကံကောင်းခြင်းဇုန် တည်ရှိသည့် နေရာများ... ကဲ့သို့သော အဖိုးတန် သတင်း အချက်အလက်များကို တန်ဖိုး ကြီးမားစွာဖြင့် ရောင်းချကြသည်။ သူတို့က အခြေစိုက် စခန်းများ ချထားကြကာ ကံကောင်းခြင်း အချို့အဝက်ကို ခွဲဝေ ရရှိကြသည်။ ထာဝရ ကမ္ဘာ၏ အလွန် သေးငယ်သော အရွယ်အစားကြောင့်ပင် လောကသခင်များ၊ အချိန်သခင်များနှင့် ကြယ်တာရာ သခင်များမှာ သူတို့ကို လွယ်ကူစွာ ခြေရာခံနိုင်ကြကာ အသိပညာ ဗဟုသုတများကို ဝယ်ယူ ရရှိကြသည်။

သူတို့က ‘ကောင်းကင်ခံတပ်’ ဟု ခေါ်သည့် အရာများကိုပင် တည်ဆောက်ထားကြသည်။ ၎င်းတို့မှာ ထူးဆန်းသည့် ရွှေရောင် သစ်ပင်များ ဖြစ်ကာ အမတေ ကျောက်တုံးများ၊ ရင်းမြစ်များကို လက်ခံ၍ တန်ဖိုးချင်း တူညီသည့် သတင်းအချက်အလက်များကို ပြန်လည် လွှဲပြောင်းပေးသည်။ ထိုနည်းဖြင့် ရွေးချယ်ခံများမှာ အခြေစိုက် စခန်းများကို သွားစရာ မလိုပဲ သတင်း အချက်အလက်များကို လွယ်ကူစွာ လက်ခံ ရရှိကြသည်။

ကောင်းကင် ပေါင်းစည်းရေး အဖွဲ့ထဲ၌ လူအများဆုံး ရှာဖွေခံရသော သတင်းအချက်အလက်မှာ ရွေးချယ်ခံများ၏ အသက်ရှင်သန်မှု အခြေအနေများနှင့် သူတို့၏ ဖြစ်နိုင်ချေရှိသော တည်နေရာများ ဖြစ်သည်။ ထာဝရဂြိုဟ်မှာ အလွန် သေးငယ်သော်လည်း ကျပန်း ပေါ်ပေါက်နေသည့် ကံကောင်းခြင်းဇုန်များနှင့် ဆက်တိုက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိမိ တွေ့ချင်သည့် ကျင့်ကြံသူများကို ရှာဖွေရန် အလွန် ခက်ခဲလှသည်။ ထို့အပြင်... ရွေးချယ်ခံများမှ ရွေးချယ်ခံများ အတွက် ထောင်ထားသည့် ထောင်ချောက်များလည်း ရှိနေပေသေးသည်။

အချိန်သခင်တစ်ဦးမှာ ကောင်းကင် ပေါင်းစည်းရေး အဖွဲ့မှ သူနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရောင်းစားခဲ့သည့် အတွက် အလွန်ပင် ဒေါသထွက်ခဲ့သည်။ ထို့ကြောင့် သူက သူတို့၏ ဌာနချုပ်ကို ပြင်းထန်စွာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူရောက်ရှိသည့် အခါ၌ ဌာနချုပ်မှာ ဗလာနတ္တိဖြစ်နေခဲ့သည်။

မကြာခင်မှာပင် ထိုကံဆိုးသူ မောင်ရှင်၏ နာမည်နှင့် အတူ ဆုငွေ တစ်ရပ် ထွက်ပေါ်လာခဲ့ကာ လောဘသား ရွေးချယ်ခံ တစ်ဖွဲ့က လိုက်လံ ရှာဖွေ၍ ကွပ်မြက်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှ စ၍ မည်သူမျှ ကောင်းကင် ပေါင်းစည်းရေး အဖွဲ့ကို ဒုက္ခပေးရန် မကြိုးစားရဲတော့ချေ။

ထာဝရ ကမ္ဘာထက်၌ ကောင်းကင် ပေါင်းစည်းရေး အဖွဲ့သာ မက အခြား အဖွဲ့များလည်း ပေါ်ပေါက်လာခဲ့သည်။ ထူးဆန်းသည်က အဂ္ဂိရတ် ပညာရှင် အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထာဝရ ကမ္ဘာထက်တွင် အဂ္ဂိရတ် ထုတ်ကုန်များ ရောင်းချသည့် နေရာတစ်ခုကို ထူထောင်ကာ တိုက်ခိုက်ရေးနှင့် အသက်ရှင် ရပ်တည်ရေးတို့ အတွက် အရေးကြီးသည့် ထုတ်ကုန်များကို ရောင်းချခဲ့ကြသည်။ ထိုအထဲ၌ စွမ်းအင် ပြန်လည် ဖြည့်တင်းရေး ထုတ်ကုန်များနှင့် ထာဝရ ကမ္ဘာတွင် မကြာခဏ တွေ့ရလေ့ ရှိသည့် အဆိပ်များ အတွက် အမျိုးမျိုးသော ပဋိဇီဝဆေးများ ပါဝင်သည်။

ထိုနေရာကို ထာဝရဒိုင်း ခံတပ်ဟုပင် ခေါ်ဝေါ် သမုတ်ခဲ့ကြသည်။ ထာဝရ ကမ္ဘာ၏ အလွန် အန္တရာယ်များသော ပတ်ဝန်းကျင်တွင် ရှင်သန် နေထိုင်နိုင်ရန် အထူး ဒီဇိုင်း ထုတ်ထားသည့် ထုတ်ကုန်များကြောင့် ထိုကဲ့သို့ နာမည် ရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့က အသက်ကို အရင်အနှီးပြု၍ စွန့်စားခြင်း၊ လှုပ်ရှားခြင်းများ မပြုလုပ်ပဲ အကျိုးအမြတ်များကို စုဆောင်းနေကြသည်။

မကြာခင်တွင်ပင် ပန်းပဲပညာရပ်၌ ကျွမ်းကျင်ကြသူများမှာလည်း အတူတကွ စုပေါင်းကြကာ ထိခိုက်ပျက်စီးသွားသည့် လက်နက်များအား ပြန်လည် ပြုပြင်ရေး ဝန်ဆောင်မှု ပေးသည့် အဖွဲ့တစ်ဖွဲ့လည်း ပေါ်ပေါက်လာခဲ့တော့သည်။

...

ဟော... ဟဲ... ဟော... ဟဲ

လူကြီးတစ်ယောက်စာလောက် အထိ အရွက်ကြီးများ ရှိသည့် ဧရာမ သစ်ပင်ကြီး တစ်ပင်၏ အောက်တွင် ကျင့်ကြံသူ တစ်စုထံမှ လေးပင်သည့် အသက်ရှူသံများ ထွက်ပေါ်နေခဲ့သည်။ သစ်ကိုင်းများ၏ ထုထည်ကတော့ လူကြီး သုံးဖက်စာလောက် အထိ ကြီးမားပေသည်။ သစ်ပင်ကြီးကတော့ အလွန့် အလွန်ပင် ရှည်လျားကာ မီတာ တစ်ရာကျော်‌လောက်အထိ ရှည်လျားပေသည်။ ၎င်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်ကာ အရိပ်မိုး ပေးထားခဲ့၏။

သစ်ပင်ကြီး၏ အောက်ခြေနားတွင်တော့ ကျင့်ကြံသူ ငါးယောက် ရှိနေခဲ့သည်။ သူတို့ ငါးယောက်စလုံးမှာလည်း ငယ်ရွယ်ကြသည်။ သူတို့ထဲ၌ ယီယွင်နှင့် သူ၏ ဂိုဏ်းတူ အမနှစ်ယောက် ဖြစ်သည့် မင်ယုလင်နှင့် ‌ကျောင်းရှုလင်းတို့ ပါဝင်နေပေသည်။ မင်ယုလင်၏ မျက်နှာမှာ အလွန်ပင် ဖြူရော်နေကာ သရဲတစ္ဆေ တစ်ကောင်နှင့်ပင် ဆင်တူနေသည်။ သူမနှင့် ယှဉ်ပါက ကျောင်းရှုလင်းမှာ အနည်းငယ် တော်သေးသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ကျောင်းရှုလင်း၏ လက်တစ်ဖက်မှာလည်း အရိုးများ ပေါ်သည့် ဒဏ်ရာကြီး တစ်ခု ရရှိနေကာ သွေးများ စီးကျနေခဲ့သည်။

“ကျွန်တော် ခင်ဗျားရဲ့ လက်မောင်းကို ကြည့်ပေးမယ်...”

ကျောင်းရှုလင်း၏ ဘေးမှ အသံတစ်ခု ထွက်ပေါ်လာလေရာ မိန်းကလေး၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီ သွားခဲ့သည်။ သို့သော်လည်း... သူမမှာ အသံပိုင်ရှင်ကို တားဆီးခြင်း မပြုပဲ စစ်ဆေးခွင့် ပြုလိုက်သည်။ အေးမြကာ လန်းဆန်းသည့် သစ်သားနှင့် ရေခဲစွမ်းအင်များမှာ သူမ၏ လက်မောင်းထံသို့ စီးဝင်လာကာ ဒဏ်ရာများကို စတင်ကာ ကုသလိုက်သည်။

“ကျေးဇူးပါပဲ...”

ကျောင်းရှုလင်းက ပြောလိုက်၏။ ခန္ဓာကိုယ်ချင်း တိုက်ရိုက် ထိတွေ့မှုကြောင့် သူမ၏ မျက်နှာက မသိမသာလေး နီရဲနေ၏။

မင်ယုလင်ကတော့ သစ်ပင်ကြီးကို ကျောမှီရင်း ခြေပစ်လက်ပစ် ထိုင်နေခဲ့သည်။ သူမ၏ မျက်လုံးများက ကျောင်းရှုလင်း၏ ဘေးနားတွင် ရှိနေသည့် မီးခိုးရောင် မျက်လုံးများနှင့် လူငယ်ကို လှမ်းကြည့် နေခဲ့သည်။ ထိုလူငယ်ကို သူမ ရင်းနှီးပေသည်။

“နင်က လင်းမင် ဟုတ်တယ်မလား...”

သူမက အသက်ကို ခပ်ပြင်းပြင်းရှူရင်း မေးလိုက်၏။ မှန်ပေ၏။ မီးခိုးရောင် မျက်ဝန်းများနှင့် ချောမောသည့် လူငယ်မှာ လင်းမင်မှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။

ယီယွင်မှာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်း နေခဲ့၏။ သို့သော်လည်း... ထိုနာမည်ကို ကြားသော အခိုက်၌ သူ စိတ်ဝင်စား သွားခဲ့သည်။

“လင်းမင် ဟုတ်လား... ရှေးဟောင်း ရွေးချယ်ခံလား...”

ထိုနာမည်မှာ ဒြပ်စင် နယ်မြေ အတွင်းတွင်သာ ကျော်ကြားသည့် နာမည် တစ်ခု မဟုတ်ချေ။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံး သိဖူး၊ ကြားဖူးသည့် နာမည် တစ်ခု ဖြစ်သည်။ ရှေးဟောင်း ရွေးချယ်ခံမှာ ဟိုယခင် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက် စာရင်းတွင်ပင် ဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။

လင်းမင်က ယီယွင်၏ အသုံးအနှုန်း အပေါ် စိတ်ရှိဟန် မရပဲ ခေါင်းညိတ်လိုက်၏။ တစ်ချိန်တုန်းက ထိုနာမည်ကို ကြားတိုင်း သူ ဒေါသထွက်ခဲ့သော်လည်း... ယခုတွင်တော့ ဂုဏ်ယူစရာ အမှတ်တရ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ရှေးဟောင်း ရွေးချယ်ခံ ဆိုသည့် နာမည်မှာ အစောပိုင်း သူ၏ ရုန်းကန်ရမှုများကို မမေ့စေရန် အမြဲတမ်း တွန်းအားပေးနေခဲ့သည်။

“မတွေ့တာ တော်တော် ကြာပြီနော် မမရှုလင်း...”

ထိုအဖွဲ့၏ ပဉ္စမမြောက် ပုဂ္ဂိုလ်ကတော့ အရပ်ရှည်ရှည်နှင့် ထင်ရှားသည့် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမက ဒြပ်စင် ကာကွယ်သူ ဟန်ယုဟိုင်၏ မြေးမလေး ဖြစ်သည့် ပိုင်ယုရှီပင် ဖြစ်သည်။

ကျောင်းရှုလင်းက ပိုင်ယုရှီကို ပြုံးပြလိုက်၏။ သူမ၏ မျက်ဝန်းများက ပြန်လည် ဆုံတွေ့ခြင်း အတွက် ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။ အထူးသဖြင့်... ယခုလို အချိန်မျိုးတွင် ပြန်လည် ဆုံစည်းရခြင်းက ပိုမို၍ ပျော်ရွှင်ဖွယ် ကောင်းပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကျောင်းရှုလင်း၊ ယီယွင်နှင့် မင်ယုလင်တို့ သုံးယောက်မှာ ကံကောင်းခြင်း တစ်ခု အတွက် ယှဉ်ပြိုင်ပွဲ အတွင်း ပိတ်မိနေခဲ့သည်။ မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်သည့် နေကောင်းကင် နန်းတော်မှ ရွေးချယ်ခံ အုပ်စု တစ်ခုနှင့် သူတို့၏ လက်အောက်ငယ်သားများမှာ ထိုကံကောင်းခြင်း အတွက် သူတို့နှင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ရတနာမှာ မြေကြီးအဆင့် ရတနာ တစ်ခု ဖြစ်ကာ ယီယွင်က ၎င်းကို လျှို့ဝှက် ဆန်းကြယ်စွာ ရရှိခဲ့သည်။

ထိုရတနာကို ဝိညာဉ်ချည်နှောင် ကြာပန်းဟု ခေါ်ကာ ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ် စွမ်းအင်၊ ဝိညာဉ် အင်အား၊ ဝိညာဉ် အော်ရာနှင့် ဝိညာဉ်အာရုံတို့ကို တိုးတက်အောင် ကူညီပေးနိုင်သည်။ ပိုမို၍ အရေးကြီးသည့် အရာက ဝိညာဉ်ချည်နှောင် ကြာပန်းကို လျှို့ဝှက် အာဏာရှင် အဆင့်များပါ ချို့ယွင်းချက် ကင်းမဲ့သည့် ကိုယ်ပွား တစ်ခု ဖန်တီးရန် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များပင်လျှင် ၎င်းအတွက် တိုက်ခိုက်ကြပေလိမ့်မည်။

ယီယွင် ပိုင်ဆိုင်ထားသည့် ရတနာက ဝိညာဉ်ချည်နှောင် ကြာပန်း ဖြစ်ကြောင်း သိရှိပြီး နောက်တွင်တော့ ရွေးချယ်ခံ အုပ်စုမှာ မည်ကဲ့သို့ လက်လွှတ်နိုင်တော့မည်နည်း။ သူတို့က လောဘတကြီးပင် နေ့ရက်ပေါင်း များစွာ ကြအောင် အမဲလိုက်ခဲ့ကြတော့သည်။ ဤသို့နှင့် သူတို့ သုံးဦး ဝန်းရံခံခဲ့ရကာ တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူတို့ အရေးနိမ့်လုနီးပါး အခြေအနေမျိုးတွင် လင်းမင်နှင့် ပိုင်ယုရှီတို့မှာ တိုက်ပွဲအတွင်း ရောက်ရှိလာခဲ့ကာ ကူညီ တိုက်ခိုက်ပေးခဲ့သည်။ ပိုင်ယုရှီက ထောင်ချောက် အစီအရင် တစ်ခုကို သုံးကာ ထိုအုပ်စု တစ်ခုလုံးကို တစ်နာရီမျှ ကြာအောင် ချိပ်ပိတ်ထားခဲ့သည်။

ထိုနည်းဖြင့် သူတို့ အားလုံး ဤနေရာ ရောက်ရှိသည် အထိ ဆက်လက် ထွက်ပြေးလာနိုင်ခဲ့ခြင်း ဖြစ်သည်။

***

All Chapters