← Chapters

ခြားနားသည့် ပြိုင်ပွဲ

Vol. 108 Ch. 1507

ခြားနားသည့် ပြိုင်ပွဲ

Vol. 108 Ch. 1507

၄၅ ရက် : ၁၀ နာရီ : ၁၅ မိနစ် : ၀၀ စက္ကန့်...

ထာဝရကမ္ဘာသည် ရွေးချယ်ခံများအတွက် အမဲလိုက်ရာ နယ်မြေ ဖြစ်လာခဲ့သည်။ သေဆုံးသူ အရေအတွက်မှာလည်း အချိန်တိုအတွင်း ယခင်ကထက် ပိုမို များပြားလာခဲ့သည်။ တစ်လကျော်မျှ အတွင်းမှာပင် တစ်ဆယ်ခိုင်နှုန်း နီးပါးသော လူဦးရေမှာ သဘာဝပတ်ဝန်းကျင် အန္တရာယ်များနှင့် အခြား ရွေးချယ်ခံ ပြိုင်ပွဲဝင်များကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။

ယနေ့အခါ၌ ထာဝရ ကမ္ဘာမှာ အလွန်ပင် ထူးချွန်ကာ အနာဂတ် အတွက် မျှော်လင့်စရာ များစွာရှိသော လူငယ်သန်းပေါင်းများစွာ၏ ပူနွေးသော သွေးများဖြင့် ညစ်ညမ်းနေခဲ့ပြီ ဖြစ်သည်။ သေဆုံးသူ အများစုမှာ မိမိကိုယ်ကို သက်သေပြရန် အပြင်းအထန် ကြိုးပမ်းရင်း ရွေးချယ်ခံ ဖျက်မြင်းများ အဖြစ် ပြိုင်တွဲ အတွင်း ဝင်ရောက်လာသူများ၊ မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးကာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် သတ္တဝါများနှင့် တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ အချိန်များ တဖြည်းဖြည်း ရွေ့လျားနေသည်နှင့် အမျှ သေဆုံးသူ အရေအတွက်မှာ ယခင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အကြိမ် ၂၀ ထက်ပင် ကျော်လွန်လာခဲ့သည်။

ယခင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများ၌ ဆိုလျှင်… သဘာဝပတ်ဝန်းကျင် အန္တရာယ်များနှင့် ကံကြမ္မာ အတွက် ရှောင်လွှဲ၍ မရသော တိုက်ပွဲများမှလွဲ၍ ထာဝရ စွန့်စားခန်း အဆင့်တွင် သေဆုံးသူ အလွန် နည်းပါးသည်။ ထိုမျှ များပြားသော သေဆုံးသူ အရေအတွက်ကို မြင်တွေ့ရခြင်းမှာ မယုံနိုင်စရာ ဖြစ်ပေသည်။ မကြာခဏ ဆိုသလို အဆုံးအစမရှိ ပေါ်လာနေခဲ့သည့် ကံကြမ္မာဇုန်များကြောင့်လည်း ပိုမို ဆိုးရွားခဲ့ပေသည်။

ထို့အပြင် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အခြားသူများကို သတ်ဖြတ်ခဲ့သည့် သို့မဟုတ် သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် ကျင့်ကြံသူများကို အကြီးအကျယ်ပင် ရှင်းလင်းလျက် ရှိသည်။ အခြားတစ်ဖက်တွင်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများသည် နေ့စဉ်နှင့်အမျှ သေဆုံးနေခဲ့ကြသည်။ ထိပ်တန်း ရွေးချယ်ခံများ၏ ပြင်းထန်စွာ အမဲလိုက်မှုကြောင့် အချို့ဆိုလျှင် ပုန်းအောင်းနေခဲ့ရသည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ တိုကင်များမှာ အလွန် တန်ဖိုးရှိသည်။ ထို့အပြင် သူတို့ထံတွင် အမဲလိုက် သတ်ဖြတ်ထားသည့် ရွေးချယ်ခံများ၏ ရတနာများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူတို့က လမ်းလျှောက်နေသည့် ရတနာသိုက်များပင် ဖြစ်သည်။ မကြာခင်မှာပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများအား မည်သည့် နေရာတွင် တွေ့မြင်ရသည် ဆိုခြင်းနှင့် ပတ်သက်၍ သတင်း ဈေးကွက် တစ်ခုပင် ဖြစ်ပေါ်လာခဲ့ တော့သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ သားကောင်များကို ချောင်ပိတ်မိစေခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ ရွေးချယ်ခံများ၏ ဝန်းရံခံရကာ ပြန်လည်သတ်ဖြတ်ခြင်းကို ခံနေခဲ့ရသည်။ အမဲလိုက်ခံရသော ရွေးချယ်ခံများမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို နှောင့်နှေးစေရန် ပြုလုပ်ရင်း မိမိကိုယ်ကို ကာကွယ်ရေးကိုသာ အာရုံစိုက်ခဲ့သည်။ မကြာခင်မှာပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လှုပ်ရှားမှုမှာ လုံလောက်သည့် အာရုံ စူးစိုက်မှုများကို ရရှိကာ ပိုမို အားကောင်းသည့် လူတစ်ဦးက လာရောက် သတ်ဖြတ်မည် ဖြစ်ကြောင်း သူတို့ သိရှိနေခဲ့သည်။ အချို့ ရွေးချယ်ခံများ ဆိုလျှင် ငါးစာချ သကဲ့သို့ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ပြင်းထန်စွာ ထုတ်ဖော်ကာ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို ဆွဲဆောင်ဖို့ပင် ကြိုးပမ်းခဲ့သည်။

ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ယခင် ပြိုင်ပွဲများနှင့် လုံးဝ ခြားနားလှပေသည်။

...

“ဘယ်လိုတွေ ဖြစ်ကုန်တာလဲ...”

အဝေးတစ်နေရာတွင် အချိန်သခင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးကို သတ်ဖြတ်ရန် တိုက်ခိုက်နေသည့် ရွေးချယ်ခံ တစ်အုပ်ကို ကြည့်ရင်း စန်းယွန်းလီ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်မိ၏။ ထိုတိုက်ပွဲမှာ အလွန်ပင် ပြင်းထန်သည်။ ရွေးချယ်ခံ အချို့မှာ ဒဏ်ရာများ ရရှိကာ ပြိုင်ပွဲမှ ထွက်ခွာ သွားခဲ့ရပြီး သူတို့၏ စိတ်ပျက်အားငယ်မှု အသံများက မိုးခြိမ်း သကဲ့သို့ ပဲ့တင်ထပ် နေခဲ့သည်။ ဝိုင်း၍ တိုက်ခိုက်နေကြသည် ဆိုသော်လည်း မကောင်းဆိုးဝါး စောင့်ကြပ်သူ အသတ်ခံရလုနီးပါး ဖြစ်တိုင်း ကျင့်ကြံသူ တစ်ယောက်က သူ့ကို ဝင်၍ ကယ်တင် နေခဲ့ပြန်သည်။ သို့ဖြစ်လေရာ ၎င်းမှာ အလွှာပေါင်းများစွာ ပါဝင်သည့် ပြင်းထန်သော တိုက်ပွဲ တစ်ခုဟု ဆိုနိုင်ပေသည်။

“ဒါက ထာဝရ ဧကရာဇ် မျှော်မှန်းထားတဲ့ဟာလား... သူက ဒီလို ပြိုင်ပွဲမျိုးကို လိုချင်ခဲ့တာလား”

စန်းယွန်းလီက အဆင့်လေး ကံကြမ္မာဇုန် တစ်ခုမှ အသီးတစ်လုံးကို ခူးဆွတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ ရရှိခဲ့သည့် သစ်သီး အခြေပြု၊ သစ်ပင် အခြေပြု ကံကြမ္မာဇုန်များမှာ အလွန်ပင် မှော်ဆန်လွန်းလှသည်။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း ကံကြမ္မာစောင့် နတ်သားက သူမအား ထိုနေရာများထံ လမ်းညွှန်နေသလိုပင် ခံစားလိုက်ရသည်။

ကံကြမ္မာဇုန်များထဲတွင် သစ်သီးများမှာ အကောင်းဆုံးသော ရင်းမြစ်များ ဖြစ်သည်။ ၎င်းတို့အား သဘာဝ အတိုင်း ချေဖျက် စားသုံး၍ ရပြီး သန့်စင် နေချိန်တွင်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်ပေသည်။ အဖြိုက်နက် နယ်မြေ အရည် ကဲ့သို့သော ရင်းမြစ်များမှာမူ အမတေကို စနစ်တကျ စစ်ထုတ်ဖို့ လိုအပ်လေရာ အချိန်ကြာမြင့်စွာ သန့်စင်ဖို့ လိုအပ်သည်။

စန်းယွန်းလီမှာ အဆင့်ဆင့်သော ကံကြမ္မာဇုန်များမှ မတူညီသည့် အသီးအနှံ အမျိုးအစားပေါင်း ၇၀ ကျော်ကို ရယူနိုင်ခဲ့ပြီး ဖြစ်ကာ မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် သန်းခေါင်ယံစာများ အတွက် ပေါပေါလောလော စားသုံးခဲ့ပြီး ဖြစ်သည်။ အသက်ရှူလိုက်တိုင်း၊ နှလုံးတစ်ချက် ခုန်လိုက်တိုင်း၊ သွေးများ လှုပ်ရှားသွားတိုင်းတွင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ကြီးမားစွာပင် ပြောင်းလဲ နေခဲ့သည်။ သူမ ပို၍ အားကောင်း လာနေခဲ့ပြီ ဖြစ်လေသည်။

ထိုအသီးအနှံများထဲတွင် ကိန်းဝပ်နေသည့် သဘာဝအတိုင်း သန့်စင်ထားသော မန်နာသည် သူမအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးပင် ဖြစ်သည်။ ထို့အပြင် ယီယွင်ထံမှ သူမ ရရှိခဲ့သည့် အစစ်အမှန် လောက သိုင်းပညာ နည်းလမ်းမှာလည်း ထူးခြားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့ကာ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကို မယုံနိုင်လောက်သည့် အဆင့်များသို့ တွန်းပို့ပေးခဲ့သည်။ ယခုလို စနစ်တကျ ကျင့်ကြံခြင်းရသည့် ခံစားချက်မှာ အတိုင်းမသိ ပျော်ရွှင်စရာ ကောင်းလွန်းလှသည်။

မိန်းကလေးက စောစောက သူမ ခူးယူခဲ့သည့် အရည်ရွှမ်းသော အသီးကို ပေါ့ပေါ့ပါးပါးပင် ကိုက်စားလိုက်ကာ ချိုမြိန်သည့် အရသာကို ခံစားလိုက်သည်။ ထို့နောက် သူမက ကျန်အသီးများကို ခူးယူကာ အိပ်ထဲသို့ ထည့်လိုက်၏။ ယခင်က ဆိုလျှင် သူမ သတိထားကောင်း သတိထားနိုင်သော်လည်း ဝေ့ဝူယင် ပင်လျှင် တရားလွန် အတိုင်းအဆမဲ့ လုပ်နေသည်ကို တွေ့မြင်ပြီး နောက်တွင်တော့ သူမကိုယ်တိုင်လည်း ထိန်းချုပ်ရန် ဆန္ဒ မရှိပါတော့ချေ။

ပြန်လည် မွေးဖွားလာခဲ့သည့် နေ့ကတည်းက စလို့ ဝေ့ဝူယင် သွားခဲ့သည့် လမ်းကြောင်း အတိုင်းသာ လျှောက်လှမ်းခဲ့မည် ဆိုလျှင် လက်ရှိ အချိန်၌ သူမ၏ ကျင့်ကြံခြင်း အခြေခံနှင့် ချမ်းသာ ကြွယ်ဝမှုတို့မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်တစ်ခုကို ရောက်ရှိနေခဲ့လောက်ပြီ ဖြစ်သည်။ အတိတ်ဘဝ၌ သူမမှာ အလကား နေထိုင်ခဲ့လေရာ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပညာရပ်လိုမျိုး အတတ်ပညာ တစ်ရပ်ရပ်ကို ကျွမ်းကျင်ခြင်း မရှိခဲ့သော်လည်း သူမထံတွင် အဓိက အဖြစ်အပျက်များ၏ မှတ်ဉာဏ်များနှင့် ကောင်းကင်လမ်းစဉ် စာအုပ်တို့ တည်ရှိနေပေသည်။

စန်းယွန်းလီ အံသွားများကို တင်းတင်းကြိတ်လိုက်ရင်း နောင်တကို ရင်ဝယ်ပိုက်ကာ ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာ သွားခဲ့၏။ ပိုမို ခမ်းနားသည့် အောင်မြင်မှုများက သူမကို စောင့်ကြို နေပေလိမ့်မည် ဖြစ်သည်။

...

၄၀ ရက် : ၀၀ နာရီ : ၀၀ မိနစ် : ၀၁ စက္ကန့်…

ထာဝရကမ္ဘာ၏ စွန့်စားခန်း အဆင့်တွင် အဆင့်ဆင့် အုပ်ချုပ်မှုပုံစံတစ်ရပ်မှာ သဘာဝအတိုင်းပင် နေရာ အနှံ့အပြား၌ ပေါ် ပေါက်လာခဲ့သည်။ ရွေးချယ်ခံများမှာ သူတို့၏ ကန့်သတ်ချက်များနှင့် ကိုယ်ပိုင် အဖွဲ့များ၏ ကန့်သတ်ချက်များကို စတင်နားလည်လာခဲ့ကြသည်။ အောင်မြင်မှုများမှာလည်း တစ်ဖက်သတ် ဖြစ်လာကာ ရယူရန် ခက်ခဲလာခဲ့သည်။ ထိုအရာကပင် အုပ်စုများကြား၌ ခွဲထွက်မှုများကို ထပ်မံဖြစ်ပေါ်စေခဲ့ကာ အများစုမှာ အောင်မြင်မှုများအတွက် တစ်ကိုယ်တော် ခရီးနှင်မှုများကို စတင် ပြုလုပ် လာကြသည်။

လောကသခင်များမှာ အဆင့် ၁ နှင့် ၂ ဇုန်များကို ရှာဖွေခြင်း၊ အချိန်သခင်များမှာ အဆင့် ၃ ဇုန်များကို ရှာဖွေခြင်း၊ နှင့် ကြယ်တာရာ သခင်များမှာ အဆင့် ၄ ဇုန်များကိုသာ ရှာဖွေခြင်းတို့က ပုံမှန် သတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ လူသားတို့၏ သဘောသဘာဝ အရ မည်သည့်နေရာတွင် မဆို တည်တံ့ခိုင်မြဲရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် မပြောဘဲ နားလည်နိုင်သည့် စည်းကမ်းများဖြင့် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းလေ့ရှိသည်။

ထိုစည်းမျဉ်းများကပင် အောင်မြင်မှုများနှင့် အသီးအပွင့်များအား တစ်ဖက်သတ် ခွဲဝေမှုကို တားဆီးပေးကာ ပြိုင်ဆိုင်မှုများကို ကျင့်ကြံခြင်း အခြေခံ တူညီသူများကြားတွင် ထိန်းသိမ်းပေးထားခဲ့သည်။

အလွန်တရာ ရှားပါးလှသည့် ရင်းမြစ်များစွာကို ပိုင်ဆိုင်ထားသော ဇုန်တစ်ခု ပေါ်လာမှသာ ယာယီအားဖြင့် ရှုပ်ထွေးမှုများက ထိပ်ဆုံးရောက်ရှိလာကာ၊ ကျင့်ကြံသူများမှာလည်း အုပ်စုလိုက် တိုက်ခိုက်ကာ အသေးစားစစ်ပွဲများ ဆင်နွှဲ လေ့ရှိကြသည်။ ထိုကဲ့သို့ တိုက်ပွဲ အများစုမှာ ကြယ်တာရာ သခင် တစ်ဦးတည်းကို အဆင့်နိမ့် ကျင့်ကြံသူများက ဝိုင်းဝန်း တိုက်ခိုက်သည့် ပုံစံများ ဖြစ်သည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ချိန်တွင်တော့ အလောင်းများ၊ သွေးစီးကြောင်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲ နေလေ့ရှိသည်။ သို့သော်လည်း ရွေးချယ်ခံ ဖျက်မြင်းများမှ လွဲ၍ တရားဝင် ရွေးချယ်ခံတိုင်း၏ အင်အားစုများမှာ ထာဝရ ကမ္ဘာသို့ မဝင်မီ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ အတွင်းရှိ ဖြစ်ရပ်များ အပေါ် လက်စားချေခြင်း မပြုပါကြောင်း အရင်ဦးစွာ လျှို့ဝှက်ကျိန်စာ ကျိန်ဆို ကြရသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီးနောက်တွင်… လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ပြိုင်ပွဲ အတွင်း လူငယ် ပါရမီရှင် သေဆုံးမှု ဖြစ်နိုင်ချေ အပေါ် ရိုးရှင်းစွာ နားလည်ခဲ့ကြပြီး ဖြစ်သည်။ လူငယ်များအား ကိုယ်ပိုင် ကံကြမ္မာကို ရှာဖွေရန် စေလွှတ်ခြင်းမှာ သူတို့ နားလည် လက်ခံနိုင်သည့် အန္တရာယ်တစ်ခုသာ ဖြစ်သည်။ သူတို့ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ကြိုတင်ကာကွယ်မှု အတွက် လက်နက်များ၊ အဆောင်လက်ဖွဲ့များ၊ ဆေးလုံးများနှင့် အလားတူအရာများကို ပေးအပ်ခြင်းပင် ဖြစ်သည်။

ထိုနည်းဖြင့်… ထာဝရကမ္ဘာ အတွင်း၌ စွန့်စားခန်း အဆင့်မှာ ဆက်လက် ဖြစ်ပေါ်နေခဲ့လေသည်။

....

ရက်ပေါင်း ၃၀ : ၂၃ နာရီ : ၅၉ မိနစ် : ၅၉ စက္ကန့်…

ရက်ပေါင်း ငါးဆယ် ကုန်လွန်သွားခဲ့လေပြီ။ ထာဝရ ကမ္ဘာထက်၌ ခံတပ်ကြီးများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့မှာ ထိပ်တန်း ရွေးချယ်ခံများ၏ အုပ်ချုပ်မှု အောက်၌ တည်ရှိကာ အကာအကွယ် အစီအရင်ကြီးများဖြင့် ဝန်းရံ ထားကြသည်။

ရက်များ တဖြည်းဖြည်း ရွေ့လျားနေသည်နှင့် အမျှ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ ခွန်အားမှာလည်း အဆမတန် ကြီးမာလာခဲ့ကာ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို အချိန်အခါမဟုတ် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းတို့ဖြင့် လက်စားချေခြင်းများ ပြုလုပ်လာခဲ့ကြသည်။

သူတို့၏ နည်းဗျူဟာများမှာလည်း စတင်ပြောင်းလဲလာခဲ့ပြီး သားကောင်မှာ သူတို့ထက် များစွာ အားနည်းနေလျှင် သတ်ဖြတ်ခြင်း၊ ပိုမို အစွမ်းထက်လျှင် ထွက်ပြေးခြင်းနှင့် ပုန်းအောင်းခြင်းတို့ကို ပြုလုပ်လာခဲ့ကြသည်။

ထို့ကြောင့်ပင် ရွေးချယ်ခံ များစွာမှာ သူတို့ လုံခြုံ ဘေးကင်းရေးအတွက် ခံတပ်မြို့များကို တည်ထောင်ခဲ့ရခြင်း ဖြစ်သည်။

အခြေအနေများ ပြောင်းလဲ နေသည်နှင့် အမျှ ကမ္ဘာတစ်ဝှမ်၌ မထိတွေ့ရသေးသော ကံကြမ္မာဇုန်များသည် တောက်ပစွာ လင်းနေခဲ့သည်။ သို့သော်လည်း ရွေးချယ်ခဲ များစွာမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် လုံခြုံသည့် ခံတပ်မြို့ကြီးများ အတွင်းတွင်သာ နေထိုင်ခဲ့ကြရသည်။ ဤသို့ဖြင့် ထာဝရ ကမ္ဘာ ခြောက်ကပ် တိတ်ဆိတ်နေသည့် တစ္ဆေဘုံ အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

ထိုအခြေအနေက ကြယ်တာရာ သခင်များ အတွက်ပင် ခြားနားခြင်း မရှိခဲ့ချေ။ အထူးသဖြင့် ဝေ့ဝူယင်၏ ရွေးချယ်ခံ စံသတ်မှတ်ချက်များကို မမှီသည့် ရွေးချယ်ခံ ဖျက်မြင်းများပင်။ ထာဝရ ကမ္ဘာ၌ ရဲတင်းစွာ ရှင်သန်နိုင်သူများမှာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်ရန် အလားအလာ ရှိသည့် ထိပ်တန်း အရည်အချင်းများအား ပိုင်ဆိုင်ထားသူများသာ ဖြစ်ပေသည်။

နေ့ရက်များ ကြာညောင်းလာသည်နှင့် အမျှ ပြိုင်ပွဲက သူတို့ အတွက် ဖန်တီးထားသလိုပင် ဖြစ်လာခဲ့သည်။

***

All Chapters