← Chapters

အရိပ်များ ထွက်ပေါ်လာခြင်း

Vol. 108 Ch. 1508

အရိပ်များ ထွက်ပေါ်လာခြင်း

Vol. 108 Ch. 1508

၀ ရက် : ၂၃ နာရီ : ၅၉ မိနစ် : ၅၉ စက္ကန့်…

ဘုန်း…

ထာဝရကမ္ဘာ၏ အီကွေတာတစ်လျှောက်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော ရွှေရောင် ကျောက်တိုင်ကြီး တစ်ခုမှာ လူတိုင်း မြင်သာနိုင်သည် အထိ ကောင်းကင်သို့ ထိုးတက် လာခဲ့သည်။

စန်းယွန်းလီမှာ ကျောက်တုံး တစ်တုံးထက်တွင် ထိုင်ကာ ပတ္တမြား ရတနာ ကဲ့သို့ တဖိတ်ဖိတ် တောက်ပနေသော မျက်ဝန်းများနှင့် ကောင်းကင်တိုင် ထိုးဖောက်နေသည့် တိုင်လုံးကြီးကို ငေးကြည့်နေခဲ့သည်။

“ပဉ္စမအဆင့်…”

သူမက မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည့် လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

…

ကောင်းကင်ကို ထိုးဖောက်ကာ လောကအား တောက်ပစေသည့် ရွှေရောင် ကျောက်တိုင်ကြီး ပေါ်ပေါက်လာခြင်းမှာ ထာဝရ ကမ္ဘာ စွန့်စားခန်း အဆင့်၏ အဆုံးသတ်ကို ဖော်ပြနေသည်။

ထာဝရကမ္ဘာအတွင်း ရှင်သန်မှုနှင့် ကံကြမ္မာတို့ အတွက် တိုက်ခိုက်မှုများမှာ ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်ပြီး အသက် အရွယ် မရွေး၊ ကျားမနှင့် လူမျိုးစုံ ရွေးချယ်ခံ လူငယ်လေးများ၏ နှလုံးသားများမှာ အမျိုးမျိုးသော စိတ်ခံစားမှုများနှင့် ပြည့်နှက် နေခဲ့ကြလေသည်။

အချို့မှာ စိတ်လှုပ်ရှားနေခဲ့ကြသည်။

အချို့ကတော့ စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။

အချို့မှာလည်း ကြောက်ရွံ့နေခဲ့ကြသည်။

အချို့မှာ စိတ်သက်သာရာရနေခဲ့ကြ၏။

တစ်ချိန်တည်း၌… အချို့မှာမူ နိုးထလာခဲ့ကြ၏။

ဟူး… ဟူး…

ထာဝရကမ္ဘာ အတွင်းရှိ လူလုပ် ဂူကြီး တစ်ခုအတွင်းတွင် အာကာသ စွမ်းအင်လှိုင်းများမှာ ဆူပွက်ကာ ပိုမို များလာခဲ့သည်။ လှိုင်းများ ပြင်းထန်လာသည်နှင့် အမျှ အချိန်၏ အငွေ့အသက်များမှာ အတွင်းမှ ယိုစိမ့်ထွက်လာခဲ့သည်။ တည်ငြိမ်နေသော အာကာသမှာ ဖန်သား အလား လုံးဝန်းသည့် ပူပေါင်းတစ်ခုလိုမျိုး တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။

ဖောက်…

ထို့နောက် ပူပေါင်း ပေါက်ကွဲသွားသကဲ့သို့ လုံးဝန်းသည့် ပူပေါင်းမှာ ပေါက်ကွဲ သွားခဲ့၏။ အာကာသလှိုင်းများမှာ ဂူအတွင်း၌ စီးဆင်းလာကာ ဂူနံရံများကို ညင်သာစွာ ရိုက်ခတ်သွားခဲ့သည်။

ဝှစ်…

ထို့နောက်တွင်တော့ ဗလာဟင်းလင်း နေရာတွင် ပုံရိပ် တစ်ခုမှာ တဖြည်းဖြည်း ထင်ရှားကာ ပေါ်လွင်လာခဲ့သည်။ မွှေးပျံ့သည့် ပန်းရနံ့များက ပတ်ဝန်းကျင်၌ သင်းပျံ့လာကာ ပုံရိပ်မှာ တစ်ခုတည်းသော ဒိုင်မန်းရှင်းတွင် တည်ငြိမ်စွာ ရပ်လိုက်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ လူငယ် မျိုးဆက်တွင် ထိုမိန်းကလေး၏ တည်ရှိမှုကို မသိကျိုးကျွန် ပြုရဲသူ တစ်ယောက်မျှပင် မရှိပါချေ။

ဟုန်ချွင်းဟွာ…

မှန်ပေ၏။ သူမမှာ အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ ဟုန်ချွင်းဟွာမှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။

မိန်းကလေးက နီညိုရောင် ဆံနွယ်များကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ခါးတွင် ချိတ်ဆွဲထားသည့် နှင်းဆီပွင့်ပုံဖော်ထားသော ဓားရိုးကို ညင်သာစွာ ထိလိုက်သည်။ သူမ၏ မျက်ဝန်းများက စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။ ကောင်းကင်သို့ ထိုးတက်နေသည့် ကျောက်တိုင်ကြီးထံမှ ရွှေရောင် တောက်ပမှုများမှာ ဂူပေါက်၏ အ၀င်ဝကို ဆေးခြယ်ထားခဲ့သည်။

ဟုန်ချွင်းဟွာ မျက်နှာထက်၌ ရှားပါးကာ အန္တရာယ်ရှိသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဝှစ်… ဝှစ်…

ဆက်တိုက်ဆိုသလိုပင် သူမ၏ နောက်ဘက်၌ ဆယ်နှင့်ချီသည့် နောက်ထပ် အာကာသ ပူပေါင်းများ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့ အားလုံးမှာလည်း ပေါက်ကွဲသွားကာ စွမ်းအင်လှိုင်းများက ဂူနံရံများထံ ညင်သာစွာ ရိုက်ခတ်သွားခဲ့သည်။ အချိန် အော်ရာနှင့် ရောနှောနေသည့် အာကာသ စွမ်းအင်များ စီးဆင်း ထွက်ပေါ်လာခဲ့၏။

“ဝေါ့…”

ပုံရိပ်တစ်ခုမှာ ရှေ့ကို တိုးလာရင်း ရွံရှာဖွယ်ရာ အသံ တစ်ချို့ကို ထုတ်လွှတ်လိုက်သည်။ သူက မျက်နှာထက်တွင် မျိုးနွယ် တက်တူးများ ရေးထိုးထားသည့် ကတုံးပြောင်ပြောင် နတ်ဆိုး တစ်ယောက် ဖြစ်ကာ အော်ကလီဆန် နေသည့် မျက်နှာဖြင့် ကတုံးကို လက်နှင့် ပွတ်နေခဲ့သည်။

“အချိန်လေပွေဇုန်ကနေ ထွက်တိုင်း ဘာလို့ အမြဲ ဒီလိုဖြစ်ရတာလဲ… အမလေး… ဝေါ့…”

ကတုံး နတ်ဆိုးမှာ သူ့ပါးစပ်ထဲမှ ရောင်စုံ အပိုင်းအစများ ပျံဝဲသွားမည်ကို ကြောက်ရွံ့နေသည့် အလား စိုးရိမ်တကြီးပင် ပါးစပ်ကို ပိတ်လိုက်သည်။

သူ၏ ဘေး၌ ပုံရိပ်တစ်ခု ပေါ်လာကာ လှောင်ပြောင်လိုဟန်ဖြင့် ပြုံးလိုက်သည်။

“ခွေးကတုံး… ခံပေါ့… မင်းက အင်ပါယာဝေ့ ပေးထားတဲ့ သတိပေးချက်တွေကို လုပ်မှ မလုပ်တာ… ငတ်ကြီးကျပြီး အထဲမှာ အသားတွေပဲ စားနေတာကိုး… အရည်နဲ့ အာဟာရ ဆေးလုံးတွေပဲ စားရမယ်လို့ ပြောထားတာကို…”

“ငါ ဗိုက်ဆာ… ဝေါ့… အသားက အရသာရှိ… ဝေါ့…”

နတ်ဆိုးကတုံးမှာ ပြန်လည်ပြောဆိုရန် ကြိုးစားလိုက်သော်လည်း သူ၏ ထိုလုပ်ရပ်ကပင် အစာအိမ်ကို ထိန်းချုပ်မရ ဖြစ်စေကာ အနီးဆုံး နံရံပေါ် လက်ထောက်လိုက်ရင်း အဆုံးမရှိ ပျို့အန် နေခဲ့တော့၏။

နွေးထွေးသည့် လက်တစ်ဖက်က သူ၏ ကျောပြင်ပေါ် ကျရောက်လာကာ နှိပ်နယ် ပေးနေသည်ကို ခံစားမိသော အခါမှသာ သူ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ အထိအတွေ့၏ နူးညံ့မှုက သူ့အား နှစ်သိမ့်မှု ခံစားချက် တစ်ရပ်အား ပေးစွမ်းခဲ့ကာ နှစ်ပေါင်းများစွာ စားသုံးခဲ့သည့် အသားများအား တစ်ပြိုင်နက်တည်း အန်ချလိုသည့် စိတ်ဆန္ဒကို ပြေလျော့စေခဲ့သည်။

ဟုန်ချွင်းဟွာ ပေ့ယွင်ဟန်နှင့် ကျူးကျွင်းတို့ကို စောင်းကြည့်လိုက်ရင်း ကျူးကျွင်း၏ အသား အပေါ် တက်မက်မှုကို စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။

ဖောက်… ဖောက်… ဖောက်…

အာကာသ ပူပေါင်း များမှာ ဆက်တိုက် ဆိုသလိုပင် ပေါက်ကွဲသွားကာ ပုံရိပ်များမှာလည်း တစ်ခုပြီးတစ်ခု ပိုမို ထင်ရှား လာခဲ့၏။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှပင် အာဏာရှင် အဖွဲ့၏ ပုံမှန် ဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိခဲ့ပေ။

မကြာမီပင် ဂူကြီးမှာ ကျင့်ကြံသူများနှင့် ပြည့်နှက်လာခဲ့ကာ သူတို့ အားလုံးမှာ အပြင်မှ စိမ့်ဝင်လာနေသည့် ရွှေရောင် အလင်းများကို စစ်ဆေးရင်း ဝိညာဉ် အာရုံ ဆက်သွယ်မှုများနှင့် အချင်းချင်း သတင်းစကားများကို ဖလှယ်နေခဲ့ကြသည်။

အနက်ရောင် ဆံပင်များနှင့် ငွေရောင် အနားကွပ် မျက်မှန် တပ်ဆင်ထားသည့် အယ်ဗန် မိန်းကလေး တစ်ဦးမှာ ရှေ့သို့လျှောက်လာကာ ဟုန်ချွင်းဟွာ၏ နောက် သုံးလှမ်းအကွာတွင် ရပ်လိုက်သည်။ သူမက ရိုးရိုးရှင်းရှင်းပင် ဝတ်စားဆင်ယင်ထားကာ လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေး တစ်ဦးဟု မထင်ရသော်လည်း သူမကို သိရှိသူများကတော့ ထိုအမျိုးသမီးမှာ ငရဲကိုပင် တုန်လှုပ်စေနိုင်ကြောင်း နားလည်ခဲ့ကြပြီး ဖြစ်သည်။

“ကွန်မန်ဒါ ဟုန်… အဖွဲ့ဝင်အားလုံး စုံပါပြီ…”

အာကာသ ပူပေါင်း ပေါက်ကွဲမှုများ ရပ်တန့်သွားသည်နှင့် သူမက ပြောလိုက်၏။ လီယွင်ကူးမှာ အမြဲတမ်းလိုလို လုံ့လဝီရိယရှိသူ ဖြစ်သည်။

ဟုန်ချွင်းဟွာက လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်၏။

“ပထမ တပ်မဟာရဲ့ အာဏာရှင်တို့…”

“ရှိပါတယ်… ”

ချက်ချင်းပင် ဝိညာဉ် ဆက်သွယ်မှုများအားလုံး ရပ်တန့်သွားခဲ့ပြီး အားလုံး၏ သံပြိုင် ဟစ်သံက ဂူကိုပင် ပြိုကျလုနီးပါး ဖြစ်သွား စေခဲ့သည်။

ရီဝေဝေ ဖြစ်နေသည့် ကျူးကျွင်း ဖြစ်စေ၊ လီယွင်ကူး ဖြစ်စေ အားလုံးမှာ ခန္ဓာကိုယ်များကို ဆန့်တန်းရင်း လေးစားစွာ မတ်တပ် ရပ်နေခဲ့ကြသည်။ သူတို့က အမိန့်ကို စောင့်မျှော်နေခဲ့ကြပေသည်။

ဟုန်ချွင်းဟွာက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရင်း ကျေနပ်စွာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူမ၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေကာ အားအင်များနှင့် ပြည့်ဝနေခဲ့သည်။

“ငါတို့ အာဏာရှင် အဖွဲ့ရဲ့ စွမ်းရည်ကို အလွှာ အပြင်က လောက အထိ ပြဖို့ ငါတို့ တိုက်ခိုက် ကြရမယ်…”

“နားလည်လား…”

ဟုန်ချွင်းဟွာက အော်ဟစ်လိုက်၏။

“နားလည်ပါတယ်…”

ဂူတစ်ခုလုံးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သံပြိုင် အော်ဟစ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။ ဂူက ပဲ့တင်သံများနှင့် မြည်ဟည်းလာကာ ပြိုကျလုနီးပါး အခြေအနေသို့ ရောက်ရှိ လာခဲ့သည်။

“ငါတို့ရဲ့ အောင်မြင်မှုတွေက…”

ဟုန်ချွင်းဟွာက အော်လိုက်သည်။

“အင်ပါယာဝေ့ အတွက်… အာဏာရှင် အဖွဲ့အတွက်…”

“ရှုံးနိမ့်မှုတွေကရော”

ဟုန်ချွင်းဟွာက ထပ်မံ အော်ဟစ်လိုက်၏။

“…”

ဂူတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ အသက်ရှုသံပင် မကြားရတော့ပေ။

ဟုန်ချွင်းဟွာ စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်သော်လည်း အပြင်ပန်းတွင်တော့ သူမ၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေခဲ့သည်။

အာဏာရှင် အဖွဲ့၏ စစ်မှန်သည့် ရှုံးနိမ့်ခြင်းမှာ သေဆုံးခြင်းပင်။

ကျန်အရာအားလုံးမှာ အောင်ပွဲပင် ဖြစ်သည်။ အသက်ရှင်ခြင်းသည် အောင်ပွဲပင်ဖြစ်သည်။ အင်ပါယာဝေ့၏ အခြေခံမူများမှာ သူတို့အားလုံး၏ နှလုံးသားများထဲတွင် စိမ့်ဝင်နေခဲ့သည်။ သေဆုံးခြင်း အတွက် သူတို့ထံတွင် ပြောစရာ စကားလုံးမရှိပါချေ။

“ကောင်းပြီ… သွား…”

ဟုန်ချွင်းဟွာက ပြတ်သားစွာပင် အမိန့်ပေး လိုက်၏။

ဝှစ်… ဝှစ်…

ဟုန်ချွင်းဟွာ၏ နောက်ဘက်မှ အရိပ် တစ်သောင်းနီးပါးခန့်မှာ ဂူထဲမှ ထွက်ခွာကာ ရွှေရောင် တိုင်လုံးဆီသို့ ရွေ့လျားသွားခဲ့ကြပြီ ဖြစ်လေသည်။ မကြာခင် ထိုနေရာ၌ ပေ့ယွင်ဟန်၊ လီယွင်ကူးနှင့် ကျူးကျွင်း တည်းဟူသော ပုံရိပ်သုံးခုသာ ကျန်ရှိနေခဲ့လေတော့၏။

***

All Chapters