အရိပ်များ ထွက်ပေါ်လာခြင်း (၂)
Vol. 108 Ch. 1509
“ကွန်မန်ဒါ ဟုန်…”
လီယွမ်ဂူက ညင်သာစွာ ခေါ်လိုက်၏။ သူမ၏ မျက်ဝန်းများက တောင်းဆိုသည့် အလင်းရောင် တစ်ချို့နှင့် တဖျပ်ဖျပ် လက်နေခဲ့သည်။ ဟုန်ချွင်းဟွာက သူမကို ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“နင့်ကိုနင် ကန့်သတ်ထားစရာ မလိုဘူး… လွတ်လွတ်လပ်လပ် လုပ်ပါ”
လီယွင်ကူး၏ မျက်လုံးများက တောက်ပလာကာ ဝိညာဉ်ကိုပင် လှုပ်ခတ်စေနိုင်သည့် ဆိုးယုတ်သော လောဘ အလင်းရောင်များနှင့် ပြည့်နှက် လာခဲ့သည်။ သို့သော်လည်း… ဟုန်ချွင်းဟွာ ရှေ့တွင်ပင် ရှိနေသေးကြောင်း သတိထားမိသော အခိုက်၌ ရှက်ရွံ့သည့် အပြုံးတစ်ခုက သူမ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူမမှာ ချက်ချင်းပင် ဂူထဲမှ ထွက်ခွာသွားခဲ့တော့၏။
ဟုန်ချွင်းဟွာမှာ လီယွင်ကူး၏ လုပ်ရပ်များနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်မိသော်လည်း လွှတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအကြည့်တစ်ချက်ဖြင့်ပင် တစ်ဦး၏ စိုးရိမ် ပူပန်မှုများကို နောက်တစ်ဦးက အလွယ်တကူပင် နားလည် သွားခဲ့ကာ ဟုန်ချွင်းဟွာကို ပြိုင်တူ ကြည့်လိုက်ကြသည်။
“…”
“…”
နောက်ဆုံး၌ ဟုန်ချွင်းဟွာက သက်ပြင်းချလိုက်၏။
“အာဏာရှင် အဖွဲ့ဝင် အချင်းချင်းကို သိပ်ပြီး ဒုက္ခမပေးဖို့ လီယွင်ကူးကို ဂရုစိုက်လိုက်ဦး”
ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့မှာ စိတ်သက်သာရာ ရဟန်ဖြင့် ခေါင်းညိတ်ကာ ထွက်ခွာ သွားခဲ့ကြသည်။ ထိုသုံးဦးမှာ အတူတူ ကြာမြင့်စွာ ရှိခဲ့ကြကာ ခွဲခြားလို့ မရနိုင်လုနီးပါး ဖြစ်ပေသည်။
အားလုံး ထွက်ခွာသွားခဲ့ပြီးသည့်နောက် ဟုန်ချွင်းဟွာမှာ ဝန်ထုပ်ဝန်ပိုး တစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ပထမ ကွန်မန်ဒါ ရာထူးကို စတင် လက်ခံခဲ့သည့် နေ့ကတည်းက စလို့ သူမမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ အာဏာရှင် အဖွဲ့ တိုးတက်ရေးကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ပင် အနည်းငယ်မျှသော ကိုယ်ပိုင် လွတ်လပ်မှုကို ရရှိခြင်းကပင် သူမ အတွက် အလွန် စိတ်အပန်း ပြေစေခဲ့သည်။
စရိုက်စုံ၊ မျိုးနွယ်စုံ ကျင့်ကြံသူများအား ထိန်းချုပ်ရသည်မှာ အလွန်ပင် ခက်ခဲသည့် ကိစ္စ တစ်ခု ဖြစ်ပေသည်။ ယခုတွင်မူ သူမ တစ်ယောက်တည်း လှုပ်ရှားနိုင်တော့မည် ဖြစ်ပေသည်။ သူမ ဂူထဲမှ ထွက်ခွာဖို့ ဟန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရ၏။
ဟုန်ချွင်းဟွာ ဝိညာဉ်အာရုံကို ဆန့်ထုတ်ကာ ထိုနေရာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ ရွေးချယ်ခံ မိန်းကလေး တစ်ဦးမှာ မြက်ခင်းပြင်ထက်၌ သတိလစ် မေ့မျောနေကာ အရာရာကို လှစ်ဟာ ပြသထားကြောင်း တွေ့ရှိလိုက်ရ၏။ ကြည့်ရသည်က ကြယ်တာရာ အဆင့် ရတနာများ ဖြစ်နိုင်သည့် သူမ၏ အတွင်းခံများ ပင်လျှင် ချွတ်ယူခံသွားရပုံ ပေါ်သည်။
ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့ နှစ်ယောက်မှာ လမ်းလျှောက်လာကာ မကြာခင် ထိုအနားသို့ ရောက်ရှိလာကြသည်။ မိန်းကလေး၏ အဖြစ်ကို မြင်သည်နှင့် သူတို့၏ မျက်နှာများက ဖြူရော် သွားကြကာ အကူအညီ ကင်းမဲ့စွာဖြင့် ဟုန်ချွင်းဟွာ ရှိရာ နေရာထံ လှမ်းကြည့်လိုက်ကြတော့သည်။
ဝှစ်... ဝှစ်...
သူတို့က ကြယ်တာရာ စွမ်းအားကို သုံး၍ အဝတ်အစားများကို ဖန်တီးကာ မိန်းကလေး၏ ခန္ဓာကိုယ်ကို ဖုံးအုပ် ပေးလိုက်ကြသည်။ ထို့နောက်တွင်တော့ သူမကို တစ်ယောက်တည်း ထားရစ်ခဲ့ကာ ထိန်းချုပ်ရမည့် ဘေးဥပဒ်နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့ကြတော့သည်။
“…”
ဟုန်ချွင်းဟွာ တစ်ယောက် ခေါင်းခါယမ်းလိုက်မိ၏။ သို့သော်လည်း သူမက ထိုအဖြစ်အပျက်ကို ခပ်မြန်မြန်ပင် မေ့ပစ်လိုက်ကာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အကြောင်းကိုသာ တွေးတောလိုက်သည်။ နောက်အဆင့်များ၌ မည်သည့် အရာများနှင့် ကြုံတွေ့ရမည်ကို သူမ မသိပါချေ။ သို့သော်လည်း သူမ စိုးရိမ် ပူပန်ရမည့် တစ်ခုတည်းသော အရာက အခြား ကွန်မန်ဒါများနှင့် မူလ အာဏာရှင် အဖွဲ့ဝင်များသာ ဖြစ်သည်။ နှလုံးသား အတွင်း တိုက်ခိုက်လိုစိတ်များ ပြင်းပြလာသည်နှင့်အမျှ သူမ ဂူထဲမှ ထွက်ခွာသွားခဲ့တော့၏။
...
လူလုပ် လိုဏ်ဂူကြီးများ၊ ရေကန်ကြီးများနှင့် ဧရာမ သစ်ပင်ကြီးများ အောက်မှ သောင်းနှင့်ချီသည့် အရိပ်များ အလျှိုလျှို ထွက်ပေါ်လာနေခဲ့သည့် မြင်ကွင်းများမှာ ထာဝရ ကမ္ဘာ အတွင်းရှိ နေရာ အနှံ့အပြားတွင် ဖြစ်ပေါ် နေခဲ့လေသည်။ အာဏာရှင် တပ်မဟာ တစ်ခုချင်းစီ၏ ကွန်မန်ဒါများမှာ ဟုန်ချွင်းဟွာနှင့် ဆင်တူသည့် အမိန့်များကို ပေးခဲ့ကြကာ အာရုဏ်ဦး အာဏာရှင် ဖန်တီးခဲ့သည့် သတ္တဝါများမှာ လောကတစ်ခွင် စတင် ဖုံးလွှမ်း လာနေခဲ့လေသည်။
ရွေးချယ်ခံ မြင်းနက်များနှင့် ကိုယ်စားပြုရာ ဂိုဏ်းအသီးသီး၏ ရွေးချယ်ခံများ အဖြစ် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြသည့် အာဏာရှင် အဖွဲ့ဝင်များ၊ ဥပမာ... ယီယွင် တို့ကဲ့သို့သော ပြိုင်ပွဲဝင်များ အားလုံးမှာလည်း အပြောင်းအလဲနှင့် ပတ်သက်သည့် သတိပေးချက်များကို ရရှိခဲ့ကြသည်။ ထိုသတိပေးချက်များ အတွင်း၌ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ အသေးစိတ် အမိန့်များ၊ ညွှန်ကြားချက်များ ပါဝင်နေပေသည်။
ထိုအထဲ၌ လုံးဝ ငြင်းဆို၍ မရသည့် အချက်တစ်ချို့လည်း ရှိသည်။
“ကြယ်တာရာ သခင်တွေ အားလုံးက ၉၀ ခုမြောက် နံရံကို ရောက်ရမယ်... အချိန်သခင်တွေ အားလုံးက ၉၅ ခုမြောက် နံရံကို ရောက်ရမယ်... လောကသခင်တွေကတော့ နောက်ဆုံး နံရံကို ရောက်ရမယ်... အဲဒီထက် နည်းရင် မင်းတို့ရဲ့ အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းက ပြီးပြတ်ပြီ”
ညွှန်ကြားချက်က ရှင်းလင်းသည်၊ ပြတ်သားသည်။ ရွေးချယ်ခွင့် မရှိချေ။ သို့သော်လည်း.. အနည်းငယ် တုန်လှုပ်နေသည့် အာဏာရှင် အဖွဲ့ဝင် အချို့မှ လွဲ၍ အခြား သောင်းနှင့်ချီသည့် အာဏာရှင် အဖွဲ့သား အားလုံးမှာ ပြင်းပြသည့် တိုက်ခိုက်လိုစိတ်များနှင့် လောင်ကြွမ်း နေခဲ့သည်။
သူတို့အားလုံးမှာ ရွှေရောင် ကျောက်တိုင်ကြီး ရှိရာသို့ ပြင်းထန်စွာပင် ခရီးနှင်ခဲ့ကြတော့၏။ ၎င်းက အဆင့်ငါး ကံကြမ္မာဇုန် ဖြစ်သလို ထာဝရ ကမ္ဘာ စွန့်စားခြင်း အဆင့်၏ နောက်ဆုံး အပိုင်းလည်း ဖြစ်နေခဲ့သည် မဟုတ်ပါလား။
...
သီးခြား အာကာသ အလွှာ အတွင်း၌...
စန်းလော့ယန်မှာ တင်ပျဉ်ချိတ်ကာ ငြိမ်သက်စွာ ထိုင်နေခဲ့၏။ သူက ထာဝရ ကမ္ဘာ အတွင်းရှိ အခြေအနေများကို လေ့လာရင်း စန်းယွန်းလီ အပါအဝင် စန်းမျိုးနွယ်ဝင်များ ကံကြမ္မာကောင်းများ ရရှိစေရေး အတွက် အစီအမံများကို ချမှတ်နေခဲ့ခြင်း ဖြစ်သည်။
“ဘာလဲ...”
ရုတ်တရက် အလွန်တရာ များပြားလှသည့် အစွမ်းထက် အော်ရာများကို ခံစားလိုက်မိရာ စန်းလော့ယန်၏ အမူအရာက ပြောင်းလဲသွားပြီး အလန့်တကြားပင် မတ်တပ်ထရပ်လိုက်သည်။ သူ၏ လက်များက မုဒြာဟန် အမျိုးမျိုး အဖြစ် ပြောင်းလဲ သွားခဲ့ကာ ထာဝရသော့နှင့် ချိတ်ဆက်လိုက်၏။
ဝှစ်... ဝှစ်... ဝှစ်...
ချက်ချင်းပင် သူ၏ အရှေ့၌ သိမ်းငှက်မျက်လုံးဖြင့် မြင်နိုင်သည့် မြင်ကွင်းပေါင်း များစွာက ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။ ၎င်းတို့ကို အသေအချာ စစ်ဆေးရင်း စန်းလော့ယန်၏ မျက်လုံးများမှာ ဝိညာဉ် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပလာခဲ့တော့၏။
“အချိန် ဝဲဂယက်ဇုန်တွေလား... သူတို့က အာကာသ အလွှာတွေထဲမှာ ပုန်းနေကြတာလား...”
စန်းလော့ယန် စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ရင်း အံ့ဩမှင်တက်စွာ ရေရွတ်လိုက်သည်။ ထိုမျှ များပြားသော ကျင့်ကြံသူများမှာ သူ၏ ဝိညာဉ်အာရုံကို မည်ကဲ့သို့ ရှောင်ရှားနိုင်ခဲ့သနည်း။ နောက်ပြီး... သူတို့က အဘယ်ကြောင့် ပုန်းအောင်း နေရသနည်း။ ထာဝရ ကမ္ဘာ၏ ကံကြမ္မာများကို စိတ်မဝင်စားသည်လော။
စက္ကန့်များ တဖြည်းဖြည်း ရွေ့လျားနေသည်နှင့် အမျှ စန်းလော့ယန်၏ မျက်နှာ အမူအရာက ပိုမို၍ မည်းမှောင် လာခဲ့၏။ ထိုမေးခွန်းများ၏ အဖြေကို ရရှိရန် အတွက် သူ လက်ဟန်ချိပ်စည်းများကို ဖော်ထုတ်ကာ အချိန်လေပွေဇုန်များမှ ချန်ရစ်ခဲ့သည့် အလွှာများကို စုံစမ်း စစ်ဆေးကြည့်လိုက်သည်။
“...”
မိနစ် အနည်းငယ် ကြာပြီးနောက် သူ့ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။
“တကယ့်ကို ပါရမီရှင်ပဲ...”
သူက အလင်း မျက်နှာပြင်ကို တစ်ချက် တောက်လိုက်သည်။ ပထမ တပ်မဟာ နိုးထလာခဲ့သည့် ဧရိယာမှာ ပေါ်လွင်လာခဲ့ကာ ပုံမှန် အရောင်များ နေရာတွင် တောက်ပသည့် အလင်းရောင်များက အစားထိုး နေရာယူ သွားခဲ့သည်။ ၎င်းတို့မှာ အလွန်ပင် လှပလွန်းလှ၏။
ထာဝရ ကမ္ဘာမှာ အပြန်အလှန် မှီခိုနေသည့် လောကနယ်မြေ တစ်ခုဟု ဆိုကြသည်။ ၎င်းမှာ လူတိုင်း သိကြသည့် ကျော်ကြားသော အချက်တစ်ချက် ဖြစ်သည်။ သို့သော်လည်း အများစု မသိသည့် အရာကား ၎င်းမှာ အလွှာ သုံးခု အကြားရှိ ဒိုင်မန်ရှင်းထဲ၌ ရှိနေခြင်း ဖြစ်လေသည်။ ပထမ အလွှာမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု ပါဝင်သည့် သဘာဝ အကာသ နယ်မြေ ဖြစ်သည်။ ၎င်းမှာ တည်ငြိမ် အာကာသ၌ တည်ရှိသည်။ ဒုတိယ အလွှာကတော့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဖန်တီးထားသည့် ပုံသေ အာကာသ အလွှာပင် ဖြစ်ကာ ချိပ်ပိတ် နယ်မြေများ၏ နယ်နိမိတ် ဖြစ်သည်။ တတိယ တစ်ခုကတော့ အောက်ခြေတွင် တိတ်ဆိတ်စွာ တည်ရှိနေသည့် အပျက်အစီး အာကာသပင် ဖြစ်လေသည်။
ထာဝရ ကမ္ဘာမှာ ထိုရင်းမြစ် သုံးခုမှ စွမ်းအားများကို ဆွဲယူ အသုံးပြု နေသကဲ့သို့ တစ်ချိန်တည်းတွင်လည်း လွတ်လပ်သည့် သီးခြား အလွှာ တစ်ခု အဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။ ၎င်းမှာ ချိပ်ပိတ် နယ်မြေ တစ်ခုလုံးတွင် အလျှို့ဝှက် အဆန်းကြယ်ဆုံးနှင့် အံ့ဩဖွယ်ရာ အကောင်းဆုံး အဖြစ် လူသိများသည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ အကူအညီကြောင့်သာလျှင် ထာဝရ ဧကရာဇ်မှာ ထိုလောကနယ်မြေကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်သေး... အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဖန်တီးရှင်များ၏ ခွင့်ပြုချက်ကြောင့်ဟု ဆိုရလျှင် ပိုမို၍ တိကျပေလိမ့်မည်။ သို့သော်လည်း... ထာဝရ ဧကရာဇ်ကတော့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။
ထို့အပြင် ၎င်းမှာ မည်ကဲ့သို့သော စွမ်းအားမျှ၊ စူပါနိုဗာ ပင်လျှင် ထာဝရ ကမ္ဘာ၏ ငြိမ်းချမ်းမှုကို မနှောက်ယှက်နိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ အလွှာသုံးခုနှင့် ချိတ်ဆက်နေခြင်း ကြောင့်ပင် ၎င်းမှာ ပြိုင်စံရှားသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။ ဥပမာအားဖြင့်... ထိုကမ္ဘာ အတွင်ရှိ အာကာသနှင့် အချိန် စွမ်းအင်များမှာ ထူးခြားလှသည်။ ထိုကဲ့သို့ အချိန်နှင့် အာကာသ စွမ်းအင် အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသည့် နေရာ ချိပ်ပိတ် နယ်မြေ အတွင်းတွင် မရှိပါချေ။ ယုတ်စွအဆုံး... အလွှာကြားက လောကတွင်ပင် မရှိချေ။
၎င်းမှာ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့် ကဲ့သို့ အချိန်နှင့် အာကာသ အခြေပြု ပစ္စည်းများကို စဉ်ဆက်မပြတ် လှုံ့ဆော် ပေးနိုင်စွမ်း ရှိသည်။ ဆိုလိုသည်က အာနိသင်နှင့် ခွန်အားတို့ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ဆေးတောင့် ကိုယ်တိုင်မှာလည်း ဉာဏ်အလင်း ရင်းမြစ် တစ်ခု ဖြစ်သည်။ သူ ထိုအရာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။
မှန်ကန်စွာ အသုံးချပါက ၎င်းမှာ အချိန်နှင့် အာကာသတို့ အပေါ် နားလည်မှုများကို အလွန် မြင့်မားသည့် အဆင့် တစ်ခုသို့ ရောက်ရှိအောင် မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။
လောကသခင်များ၊ အချိန်သခင်များနှင့် ကြယ်တာရာ သခင်များ အတွက် ထိုစွမ်းအင်များ အပေါ် နားလည်မှုမှာ အလွန်ပင် အရေးကြီးသည်။ ကျင့်ကြံခြင်းအား ကူညီရန် အတွက် ထာဝရကမ္ဘာကို အခြေခံ တစ်ခု အနေနှင့် အသုံးပြုသွားခြင်း အပေါ် စန်းလော့ယန် လုံးဝ မှင်သက် နေခဲ့မိသည်။ ထို့အပြင် လေပွေဇုန်၏ အချိန် ကွာခြားချက်မှာလည်း သိသိသာသာ တိုးလာလိမ့်မည် ဖြစ်သည်။
သက်ရောက်မှုများက ထိုမျှနှင့် မရပ်တန့်သေးချေ။ ဆေးတောင့်၏ အာနိသင်မှာ အကန့်အသတ် ရှိသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ဆယ်ရက်ပြည့်တိုင်း ဆေးတောင့် အသစ်များကို ထပ်မံ အသုံးပြုဖို့ လိုအပ်သည်။ ထို့အပြင် လေပွေဇုန် အတွင်း အဆက်မပြတ် ဝင်ထွက် ပြုလုပ်နေခြင်းက အလွန် အန္တရာယ်များသည်။ ထို့ကြောင့်ပင်... အချိန်နှင့် အာကာသ ကွဲလွဲမှုများ အတွက် လုံလောက်စွာ ပြင်ဆင်ပြီးမှ ၎င်းကို အသုံးပြုဖို့ ကျင့်ကြံသူများကို အကြံပြုထားခြင်း ဖြစ်သည်။
သို့သော်လည်း... ထာဝရ ကမ္ဘာ၏ ပြိုင်စံရှားသည့် အာကာသနှင့် အချိန် စည်းမျဉ်းများထဲတွင် အသုံးပြု ပါလျှင်မူ ၎င်းမှာ သဘာဝ အတိုင်း မဟုတ်ပါတော့ချေ။ ဆေးတောင့် တစ်ခုထည်းက ပင်လျှင်...
***