← Chapters

အရိပ်များ ထွက်ပေါ်လာခြင်း (၃)

Vol. 108 Ch. 1510

အရိပ်များ ထွက်ပေါ်လာခြင်း (၃)

Vol. 108 Ch. 1510

“ထာဝရလား...”

ဆေးတောင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာထားသည့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အနေဖြင့် စန်းလော့ယန် ရလဒ်ကို ချက်ချင်း သဘောပေါက် လိုက်သည်။ ဆေးတောင့် တစ်ခုတည်းကပင်လျှင် လိုအပ်သလောက် အချိန်ကို ဆွဲဆန့်လို့ ရသည့် အပြင်... အဆင့်ကိုး ဆေးတောင့် တစ်ခု၏ ဆယ်ရက် ဆိုသော အကန့်အသတ်မှာလည်း ပိုမို တိုးမြင့်လာပေလိမ့်မည်။

ထိုကျင့်ကြံသူများမှာ လေပွေဇုန် အတွင်း မည်မျှ ကြာကြာ နေခဲ့သနည်း။ အခြား ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်များ အတွက်တော့ ၎င်းက ရက်ပေါင်း ရှစ်ဆယ်မျှသာ ဖြစ်သည်။ သို့သော်လည်း... သူတို့ အတွက်တော့ ၎င်းက ရက်ပေါင်း ရှစ်ထောင်လား။ ရက်ပေါင်း ရှစ်သောင်းလား။

ပိုမို၍ တွေးလေလေ... စန်းလော့ယန် ပိုမို၍ မယုံကြည်နိုင်လေလေ ဖြစ်သည်။

သူတို့က ဆယ်စုနှစ်နှင့်ချီ လေ့ကျင့် နေခဲ့ကြသလော။ သို့မဟုတ် ရာစုနှစ်ချီ၍လော။ ထောင်စုနှစ်များပင် ဖြစ်နိုင်သလော။

“နေဦး... ဒီလောက် အချိန် အကြာကြီး ဆိုရင် ပုံမဖော်နိုင်လောက်တဲ့ အဆင့် အထိ ကွဲလွဲမှုတွေကို ခံစားရမှာ သေချာတယ်... မသေရင်တောင် ဒီလောက် လန်းလန်းဆန်းဆန်းတော့ မရှိနိုင်ဘူး”

အာဏာရှင် အဖွဲ့ဝင် တစ်ချို့ကို စစ်ဆေးရင်း စန်းလော့ယန် အရေးကြီးသည့် ပြဿနာ တစ်ခုကို သဘောပေါက် လိုက်၏။ သူတို့၏ အသက်နှင့် ဝိညာဉ် အသက်ကြားမှ ထူးခြားချက် တစ်ခုကို သတိထားမိသော အခိုက်၌ သူ့ မျက်လုံးများက အကန့်အသတ် ရောက်သည် အထိ ကျဉ်းမြောင်း သွားခဲ့၏။

အာဏာရှင် အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်း ပိုင်ဆိုင်ထားသည့် သက်တမ်းမှာ အလွန်ပင် တောက်ပလှသည်။ သူတို့မှာ ကျင့်ကြံခြင်း အခြေခံက ချီးမြှင့်ထားသည့် အမြင့်မားဆုံးသော သက်တမ်း အကန့်အသတ်ကို ပိုင်ဆိုင်ထားသည်။ ပျမ်းမျှအားဖြင့် နှစ်ထောင် နီးပါးခန့် အထိ ရှိပေလိမ့်မည်။ သို့သော်လည်း... သူတို့ အားလုံး၏ အသက်က ငါးရာအောက်၌ ရှိနေခဲ့ပေသည်။

“ဒါမှမဟုတ်...”

ထပ်မံ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရင်း စန်းလော့ယန်၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေခဲ့၏။ နောက်ဆုံး၌ သူ အဖြေကို တွေ့ရှိ သွားခဲ့ပြီ ဖြစ်သည်။

“အသိစိတ်နဲ့ ဝိညာဉ်တို့ကို ထပ်ခါ တလဲလဲ အိပ်စက်စေတဲ့ အခြေအနေ... နောက်ပြီး ခန္ဓာနဲ့ စိတ်ကို ခွဲထုတ်ခြင်း... ဘယ်လောက်တောင် ထူးချွန်လိုက်သလဲ... ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်သလဲ”

စန်းလော့ယန်မှာ ထိုရှာဖွေ တွေ့ရှိချက်များကြောင့် လွန်စွာပင် တုန်လှုပ် နေခဲ့၏။ အိပ်စက်ခြင်း ကဏ္ဍမှာ ထူးခြား ဆန်းပြားလှသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် လေပွေဇုန် အတွင်းရှိ လူများသည် ဝိညာဉ်သက်တမ်းကို မကုန်ခန်းစေဘဲ ကြွယ်ဝ သိပ်သည်းလှသည့် အာကာသ၊ အချိန် စွမ်းအင်များဖြင့် နှစ်ပေါင်း တစ်ထောင်ကို ခံစားနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ၎င်းမှာ ထိုမျှ မရိုးရှင်းလှပါချေ။ အဘယ်ကြောင့်ဆိုသော် သာမန် အိပ်စက်မှု ပြုနေစဉ်တွင် အချိန်၏ စီးဆင်းမှုမှာ ဝိညာဉ်သက်တမ်းကို တူညီစွာ သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်... နေရာတစ်ခုတည်း၌ အချိန်ကာလ နှစ်ပေါင်း တစ်ထောင် ကုန်လွန်သွားပါက မည်မျှပင် အိပ်စက်ခြင်း ပြုလုပ်သည်ဖြစ်စေ ဝိညာဉ်သက်တမ်း နှစ်ပေါင်း တစ်ထောင် အိုမင်းလာခြင်းမှ တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း... ကျင့်ကြံသူ၏ စိတ်နှင့် ဝိညာဉ်တို့ကို ကြိုတင် ခွဲထုတ်ထားခြင်းဖြင့် ထိုပြဿနာကို ကျော်လွှားနိုင်ပေသည်။ မိမိ၏ ဝိညာဉ်သက်တမ်းကို အချိန်စီးဆင်းမှု အတိုင်း ကုန်ခမ်းခြင် မရှိစေပဲ ကျင့်ကြံခြင်းကို ပိုမို သန်မာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

၎င်းမှာ အလွန် ဆန်းကြယ်သော အတွေးတစ်ခုဖြစ်ကာ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း... အောင်မြင်ခဲ့ပါက ခန္ဓာကိုယ် သက်တမ်းကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေသရွေ့ ကျင့်ကြံသူမှာ အချိန်ကြာမြင့်စွာ လေ့ကျင့်နိုင်မည်ဖြစ်သည်။ ထိုဖြစ်စဉ်ကို သေချာစေရန် အတွက် အသက်ရေကဲ့သို့သော ထုတ်ကုန် တစ်မျိုးကို လိုအပ်သည်။ ၎င်းမှာ မသေမျိုး တန်ခိုးရှင်များ အသုံးပြုသည့် နည်းလမ်းများနှင့်တူသည်။

ဟူး...

စန်းလော့ယန် သက်ပြင်းတစ်ချက် ချလိုက်ရင်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့၏။ သူ ထိုနည်းလမ်းကို စန်းယွန်းလီ အတွက် အသုံးမချခဲ့သည့် အတွက် နောင်တရမိသည်။ မြေကြီး ရှန့်ထို တစ်ဦး၊ ထို့အပြင် အဂ္ဂိရတ် ရှန့်ထို တစ်ဦး အနေဖြင့် သူ ဝေ့ဝူယင်၏ လေပွေဇုန်လိုမျိုးကို အလွယ်တကူ ပုံတူ ကူးယူနိုင်သည်။ ထို့အပြင်... ဝိညာဉ်ကို အရှိန်မြှင့်တင်ထားသည့် အချိန်စီးကြောင်းမှ ခွဲထုတ်ခြင်းလည်း အပါအဝင်ပင် ဖြစ်သည်။

တစ်ခုရှိသည်က ထိုကဲ့သို့ ပုံတူ ကူးယူခြင်းကို အတင်းအကြပ် လုပ်ဆောင်ခြင်းဖြင့် စန်းလော့ယန်၏ သက်တမ်းမှာ နှစ်ပေါင်း ထောင်ချီ၊ သို့မဟုတ်... သောင်းချီ ကုန်ကျနိုင်ခြင်း ဖြစ်သည်။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူ ၎င်းကို လုပ်ဆောင်နိုင်သော်လည်း အနာဂတ် တစ်ခုလုံးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။ ထိုအရာက တန်ပါ၏လော။

စန်းလော့ယန် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့၏။ သူ၏ မျက်လုံးများက ထာဝရ ကမ္ဘာထဲ၌ လျှင်မြန်စွာ ဖြတ်သန်း သွားလာနေသည့် အနက်ရောင် ဆံပင်နှင့် အယ်ဗန်တစ်ယောက်ထံ ရောက်ရှိ သွားခဲ့သည်။

အကယ်၍ ဝေ့ဝူယင်သာ ထိုအရာ အားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဆိုလျှင် ချိပ်ပိတ် နယ်မြေ အပေါ် သူ၏ နားလည်မှုများမှာ အလွန်တရာ နက်ရှိုင်းရုံမျှသာ မက... အချိန်နှင့် အာကာသ လမ်းစဉ်များ အပေါ် သူ၏ ဉာဏ်အလင်းမှာလည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် နက်ရှိုင်းပေလိမ့်မည်။

စန်းလော့ယန် မသိလိုက်သည့် အရာကား... ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်ချုပ် တစ်ယောက် အနေဖြင့် ချိပ်ပိတ်နယ်မြေ တစ်ခုလုံးကို ထုံးလိုချေ၊ ရေလိုနှောက် လေ့လာခဲ့ဖူးခြင်းပင်။ အချိန်နှင့် အာကာသ လမ်းစဉ်များ အပေါ် ဉာဏ်အလင်း နက်ရှိုင်းမှုလော...။ သူက ထိုလမ်းစဉ်များ အပေါ် သာမည အာဏာကိုပင် ပိုင်ဆိုင်ခဲ့ပြီး ဖြစ်ပေသည်။

အလွန် လျှင်မြန်စွာ ရွေ့လျားနေသည့် အယ်ဗန်မျိုးနွယ်ကို ကြည့်ရင်း စန်းလော့ယန်၏ စိတ်များမှာ စိုးရိမ် ပူပန်မှုများနှင့် စတင် ပြည့်နှက် လာခဲ့၏။

“သူတို့က ရုပ်ခန္ဓာ သက်သက်ကိုတင် နှစ်ပေါင်း ရာထောင်နဲ့ချီ လေ့ကျင့်ထားတာ ဖြစ်နိုင်တယ်”

အကယ်၍ ပါရမီက အလွန် နိမ့်ကျနေလျှင်ပင် ထိုအားသာချက်မှာ ဖော်ပြ၍ မရနိုင်အောင် ကြီးမားသည့် အောင်မြင်မှုများကို ဆောင်ကျဉ်းပေးလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်း၌ ကုန်ကျစရိတ်မှာလည်း အလားတူပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ ဝေ့ဝူယင်က မည်ကဲ့သို့သော အင်အားစုမျိုးကို ဖန်တီးရန် ကြိုးစား နေခဲ့သနည်း။

တွေးတောရင်း စန်းလော့ယန်၏ မျက်လုံးများက စန်းယွန်းလီဘက်သို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ လက်ရှိ၌ မိန်းကလေးမှာ အဆင့်ငါး ကံကြမ္မာဇုန်ထံသို့ အလွန် လျှင်မြန်စွာပင် ပြေးလွှား သွားနေခဲ့သည်။ သူမ၏ ပတ္တမြား ရတနာ အလား မျက်ဝန်းများမှာ ဆုံးဖြတ်ချက် ခိုင်မာသည့် အလင်းရောင်များနှင့် တဖျပဖျပ် တောက်ပ နေခဲ့၏။ စန်းလော့ယန်၏ ထူထဲသည့် မျက်ခုံးများကြားတွင် ဖခင်တစ်ဦး၏ စိုးရိမ်ပူပန်မှုတို့ အနည်းငယ် ပေါ်ပေါက်လာခဲ့လေတော့သည်။

....

ထာဝရကမ္ဘာ အတွင်းရှိ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်များ အားလုံးမှာ အလင်းဆီသို့ လှမ်းကြည့်နေ ခဲ့ကြသည်။ ခံတပ်မြို့များအတွင်း ဖြစ်စေ၊ လိုဏ်ဂူကြီးများ အတွင်းမှ ဖြစ်စေ... မည်သည့်နေရာတွင် ရှိနေစေကာမူ... သူတို့မှာ ရွှေရောင် အလင်းကို ရှင်းလင်းစွာပင် တွေ့မြင် နေကြရ၏။

တောင်ကုန်း တစ်ခု၏ ထိပ်တစ်နေရာတွင်တော့ ပုံရိပ် နှစ်ခုမှာ ကျောက်ဖြာ တစ်ခုထက်တွင် ထိုင်နေရင်း ကောင်းကင်ထံကိုပင် ထိုးဖောက် ဝင်လုနီးပါး ကျောက်တိုင်ကြီးကို တည်ငြိမ်စွာ ကြည့်နေခဲ့ကြ၏။ သူတို့ နှစ်ယောက် အနက် တစ်ယောက်မှာ ကြွေမျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားကာ ကျန်တစ်ယောက်ကတော့ မုတ်ဆိတ်၊ ပသိုင်းမွေးများနှင့် အသက်လတ် အရွယ် ဓားသမား တစ်ယောက် ဖြစ်သည်။ သူက မီးခိုးရောင် ဓားသမား ဝတ်စုံကို ဝတ်ဆင်ကာ ဓားရှည်ကို ခါးတွင် ချိတ်ဆွဲထား၏။ သူ၏ အမူအရာက ပေါ့ပေါ့ပါးပါးနှင့် မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန် ရှိသည်။

သို့သော်လည်း... သူ၏ မျက်ဝန်းများအတွင်းတွင်တော့ ဖြစ်တည်မှုတိုင်းကို အုပ်စိုးနိုင်သည့် ဧကရာဇ် စိတ်ဆန္ဒတစ်ခု ကိန်းဝပ်နေခဲ့သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူများသာ ထိုပုဂ္ဂိုလ်ကို တွေ့မြင်ရပါက အင်ပါယာ ကလန်၏ ဆဋ္ဌမ မင်းသား ထျန်းကျန်းဟန် ဖြစ်ကြောင်း ချက်ချင်း မှတ်မိကြလိမ့်မည်။

“ညီလေး... ကြည့်ရတာ မင်းအရင်တည်းက သတိထားမိတဲ့ အရိပ်ထဲက လူတွေ စပြီး လှုပ်ရှားလာပြီ ထင်တယ်”

ထျန်းကျန်းဟန်က ရွေ့လျားနေသည့် အရိပ်များကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလိုက်ည်။ ထိပ်တန်း ရွေးချယ်ခံ အများစုများမှာ ခံတပ်မြို့ကြီးများတွင် နေထိုင်ကြသော်လည်း ထိုပုဂ္ဂိုလ်များကတော့ မည်သည့်နေရာမှန်းမသိ ပေါ်လာခဲ့ကြသည်။

မျက်နှာဖုံးစွပ် ပုံရိပ်မှာ အော်ရာ အစ ကျား၊ မ အဆုံး အရာအားလုံးကို ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း... အကိုဖြစ်သူကတော့ အကြည့်တစ်ချက်ဖြင့်ပင် အလွယ်တကူ မှတ်မိနေလေရာ သူ အတော်လေး အကူအညီမဲ့နေခဲ့သည်။

မျက်နှာဖုံးစွပ် ပုံရိပ်က တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ထျန်းကျန်းဟန်မှာ စိတ်အနှောင့်အယှက် ဖြစ်ပုံ မရပဲ ပေါ့ပေါ့ပါးပါးပင် စကားလမ်းကြောင်း ပြောင်းလိုက်၏။

“သူတို့ကို ကာကွယ်ပေးနေတဲ့သူ ဘယ်သူလဲဆိုတာ မင်းသိပြီလား”

ချက်ချင်းပင် မျက်နှာဖုံးတပ် ပုံရိပ်၏ အော်ရာက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ သူက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

“မသိဘူး”

စိတ်ခံစားချက် ကင်းမဲ့ကာ ယောက်ျား မိန်းမ ခွဲခြားရန် ခက်ခဲသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“အင်း...”

ထျန်းကျန်းဟန် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ ထိုနှစ်ယောက် အကြောင်း ပြန်လည် တွေးတောရင်း သူ အကူအညီကင်းမဲ့သလို ခံစားလိုက်ရ၏။ သူ၏ ညီဖြစ်သူမှာ ယခင်ကတည်းက ထိုမိန်းကလေးနှင့် ပတ်သက်သည့် ကိစ္စများကို ဂရုမစိုက်ခဲ့ချေ။ သူက ထိုစေ့စပ်ပွဲကို ပယ်ဖျက်ရန်ပင် စီစဉ် နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လုံလောက်သည့် စွမ်းအားနှင့် သူ ပြန်လာခဲ့သော အခါတွင်တော့ ကိစ္စများက ပိုမို၍ ရှုပ်ထွေး နေခဲ့ပြီ ဖြစ်သည်။ သူမက သူ့ကို ဖောက်ပြန်ခဲ့သည်။ သူ သေဆုံးသွားပြီဟု ယူဆခဲ့လျှင်ပင် သူတို့၏ လက်ထပ်ပွဲက ဆက်လက် အသက်ဝင်နေဆဲ ဖြစ်လေရာ ဂုဏ်သိက္ခာနှင့် လေးစားမှုတို့ကို ထောက်၍ အချိန်ကာလ တစ်ခု အထိ စောင့်ဆိုင်းသင့်သည်။

“မင်း သူတို့ကို သွားမသတ်တာ ငါ တကယ် အံ့ဩတယ်...”

ထျန်းကျန်းဟန်က ပြောလိုက်၏။ မျက်နှာဖုံးတပ် ပုံရိပ်၏ အသက်ရှူသံများက ပုံမှန် မဟုတ်စွာပင် သက်တောင့်သက်သာ အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“ငါ သတ်လို့ရတယ်...”

သူ၏ လေသံက အကြွင်းမဲ့သော ယုံကြည်ချက်များနှင့် ပြည့်နှက် နေခဲ့သည်။ ထိုအရာက ထျန်းကျန်းဟန်ကိုပင် အံ့အားသင့် သွားစေခဲ့၏။ မျက်နှာဖုံးတပ် ပုံရိပ်က ဆက်ပြောလိုက်သည်။

“အဲဒီ ထူးဆန်းတဲ့ အရိပ် ကျင့်ကြံသူက ပြိုင်ပွဲရဲ့ ဒုတိယ အဆင့် အဆုံးသတ်အထိ စောင့်ဖို့ ပြောခဲ့တယ်... အခု ဘယ်သူမှ ငါ့ကို မတားနိုင်တော့ဘူး”

ထာဝရ ကမ္ဘာမှာ ရွေးချယ်ခံများစွာ သေဆုံးနေသည့် သင်္ချိုင်းသဖွယ် ဖြစ်သည်။ အချိန်၊ နေရာ၊ အကြောင်းရင်း အားလုံးက တိုက်ဆိုင်နေပြီ ဖြစ်လေရာ လွဲချော်စရာ အကြောင်း မရှိတော့ချေ။

“အမှန်အတိုင်းပြောရရင် ငါ့ကို မတိုက်ခိုက်သေးဖို့ အခကြေးငွေတွေ အများကြီး ပေးထားတယ်... နောက်ပြီး သူတို့နှစ်ယောက်ထဲက ဘယ်သူကမှ သူ့ကို ဆန့်ကျင်ရလောက်တဲ့ အထိ တန်ဖိုး မရှိဘူး”

“သူ့ကို...”

ထျန်းကျန်းဟန် မျက်မှောင်ကြုတ်လိုက်၏။ ပျင်းရိပျင်းတွဲ သူ၏ အမူအရာက လေးနက်သည့် အရိပ်အငွေ့ အချို့နှင့် ပြည့်နှက် သွားခဲ့သည်။ လျှင်မြန်စွာ ပြေးလွှားနေသည့် အရိပ်များကို ကြည့်ရင်း သူ့ မျက်ဝန်းများထဲတွင် နားလည် သဘောပေါက်သည့် အငွေ့အသက်များနှင့် ပြည့်နှက်လာခဲ့သည်။

"ဆိုတော့ သူက ပျောက်နေတာ မဟုတ်ဘူးပေါ့...”

***

All Chapters