အထွတ်အမြတ် ကြယ်တာရာ သစ်ပင်
Vol. 108 Ch. 1511
ဟင်းလင်းပြင် နဂါးကြီးနှင့် ဝေ့ဝူယင်တို့ ရင်ဆိုင်ခဲ့သော ကိစ္စမှာ ထိပ်တန်း ကျင့်ကြံသူများ ကြားတွင် ပျံ့နှံ့နေသည့် ကိစ္စတစ်ခု ဖြစ်သည်။ ထာဝရ နတ်ဘုရားလိုပင် ဝေ့ဝူယင်အား နဂါးကြီး မြိုချသွားသည့် မြင်ကွင်းကိုပင် များစွာသော လူများမှာ တွေ့မြင်လိုက်ကြရသည်။ သို့သော်လည်း... မည်သူမျှ သေဆုံးသွားည့်ပုံတော့ မရချေ။ ထာဝရ အစည်းအရုံးနှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေတို့ ပုံမှန် လှုပ်ရှား ဆောင်ရွက်နေခြင်းက ထိုအချက်ကို သက်သေခံနေသည်။
“ဒီမျက်နှာဖုံးက အဓိပ္ပာယ် မရှိဘူး...”
မျက်နှာဖုံးတပ်က ရုတ်တရက် ပြောလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း မျက်နှာဖုံးကို ခွာကာ သူ၏ ရုပ်ရည်ကို လောကထံ ထုတ်ဖော် ပြသလိုက်တော့သည်။
ချောမောခြင်း...
လှပခြင်း...
ပြေပြစ်စွာ ဖြောင့်စင်းနေသည့် မေးရိုးများမှ အစ၊ တောက်ပသည့် မျက်ဝန်းများ၊ ဓားသွားအလား မျက်ခုံးမွေးများ၊ ဆွဲဆောင်မှု ရှိသည့် အသားအရေနှင့် ကျန်းမာ သန်စွမ်းသည့် ဆံနွယ် တစ်ချောင်းချင်းစီ အဆုံး အရာအားလုံးမှာ ပြီးပြည့်စုံလွန်းလှသည်။ သူက နတ်သက်ကြွေလာသည့် နတ်သား တစ်ပါး တည်းဟူသော စကားလုံးနှင့် လိုက်ဖက်စွာပင် ထူးခြား ဆန်းပြားလှသော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
“ငါ မင်းကို ပြောသားပဲ”
ထျန်းကျန်းဟန်က တည်ငြိမ်စွာ ပြုံးလိုက်၏။
ထျန်းရီဝူ...
အင်ပါယာ ကလန်၏ သတ္တမမြောက် မင်းသား...
မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို အကြိမ်ကြိမ် လှုပ်ခတ်စေခဲ့သည့် ပါရမီရှင်...
“ဒီတစ်ကြိမ်မှာရော ရွေးချယ်ခံ ဧကရာဇ် နေရာကို ဆုံးဖြတ်နိုင်ပြီလား”
ထျန်းကျန်းဟန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“အင်း”
ထျန်းရီဝူက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်၏။ ထိုသို့ဖြင့် ဖခင်တစ်ဦးတည်းမှ ဆင်းသက်လာသည့် မအေကွဲ ညီအစ်ကိုနှစ်ဦးသည် ခုံတန်းလျားတစ်ခုပေါ်တွင် အတူထိုင်ရင်း ထာဝရကမ္ဘာ စွန့်စားခန်း နောက်ဆုံးအဆင့်ကို ကြည့်ရှုနေခဲ့ကြတော့သည်။
...
အချိန်ကြာလာသည်နှင့်အမျှ ရွေးချယ်ခံများမှာ ပိုမိုများပြားလာကာ ရွှေရောင် ကျေက်တိုင်ကြီး အနားတွင် စုဝေးလာခဲ့ကြ၏။ သူတို့မှာ မိုင်ဆယ်ဂဏန်းခန့် အကွာတွင် ရပ်နေကြသော်လည်း ရွှေရောင် တိုင်ကြီးထံမှ ပြင်းထန်သည့် တိုက်ပမှုကြောင့် ကျိန်းစပ်နေကြကာ မျက်လုံးများကို ကာကွယ်ရန် အတွက် မျက်လုံး ကျင့်စဉ် တစ်ချို့ကိုပင် အသုံးပြုထားခဲ့ကြရသည်။
လွန်ခဲ့သည့် ရက်ပေါင်း ရှစ်ဆယ် အတွင်း ထာဝရ ကမ္ဘာတွင် မရှိခဲ့သည့် သောင်းနှင့်ချီသော လူသစ်များပါ ရောက်ရှိနေခဲ့ကြသည်ကိုတော့ မည်သူမှ သတိမထားခဲ့မိကြပါချေ။
ထန်ရှင်းယွင်မှာ နာ့ရှင်းရီ၏ နံဘေးတွင် ရပ်နေခဲ့၏။ အင်ပါယာ နန်းတော်တွင် အတူတကွ အချိန်ကုန်ဆုံးခဲ့ပြီး နောက်၌ သူတို့ နှစ်ယောက်ကို ရင်းနှီးသည့် မိတ်ဆွေများ အဖြစ် သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ မိန်းကလေး နှစ်ယောက်မှာ လွန်ခဲ့သည့် ရက်ပေါင်း ရှစ်ဆယ် အတွင်း အတူတကွ လှုပ်ရှားခဲ့ခြင်း မဟုတ်သော်လည်း ဤနေရာသို့ လာရာလမ်းတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးဆုံးပြီးနောက် ထန်ဟိုင်ဟိုင်မှာ သူမ၏ သမီးဖြစ်သူကို ပြန်လည် ခေါ်ဆာင် သွားခဲ့သည်။ သူမ၏ နေအိမ်က ရှေးဟောင်း မီးဖီးနစ် တည်ရှိရာ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေတွင် ဖြစ်လေရာ အင်ပါယာ ကလန်မှာ မူလက ရည်ရွယ် ထားခဲ့သကဲ့သို့ သူမကို ပြန်ခေါ်၍ မရနိုင်ခဲ့ပေ။ သူတို့ သွားရောက် ဖမ်းဆီးလိုလျှင်ပင် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ ကဲ့သို့ တစ်ယောက်ယောက် မပါပါက အလွန်အမင်း အန္တရာယ်များသည်။
“သုံးလုံးပဲ ရှိတယ်”
နာ့ရှင်းရီက ရုတ်တရက် ပြောလိုက်၏။
“သုံးလုံး...”
ထန်ရှင်းယွင်၏ မျက်ခုံးများမှာ နားမလည်နိုင်စွာဖြင့် အနည်းငယ် တွန့်ချိုးသွား၏။ သို့သော်လည်း... သူမ ထပ်မံ၍ မမေးမြန်းနိုင်ခင်မှာပင် ပတ်ဝန်းကျင်ရှိ ရွေးချယ်ခံ များစွာ၏ ဆွေးနွေးသံများကို သူမ ကြားလိုက်ရ၏။ ထိုအထဲ၌ သုံးဆိုသည့် စကားလုံးက မရပ်မနား ပါဝင်နေခဲ့ကာ သူတို့၏ မျက်လုံးများမှာ လောဘ အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။
ရွှေရောင် ကျောက်တိုင်ကြီးထံတွင် လျှို့ဝှက်ချက်များ ရှိနေကြောင်း သဘောပေါက်လိုက်လေရာ ထန်ရှင်းယွင် ဝိညာဉ်စွမ်းအင်များကို မျက်လုံးထံသို့ ပို့လွှတ်လိုက်ရင်း အမြင်အာရုံ အစီအရင်ကို အသက်သွင်းလိုက်လေသည်။
ဟူး... ဟူး...
ချက်ချင်းပင်... သူမ၏ မျက်ဝန်း သူငယ်အိမ်များ အတွင်း၌ နီရဲသည့် မီးတောက်များ တောက်ပလာကာ အမြင်အာရုံမှာ ရွှေရောင် အလင်းများကို ထိုးဖောက်၍ ရွှေရောင် ကျောက်တိုင်ကြီးကို ရှင်းလင်းစွာ တွေ့မြင် လာခဲ့ရတော့၏။ ချက်ချင်းပင် သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေ၏။
ရွှေရောင် ကျောက်တိုင်ကြီး အတွင်း၌ သစ်ပင်တစ်ပင် တည်ရှိနေကာ ၎င်းမှာ အရွယ်အစား ကြီးမားလွန်းလှသည်။ ၎င်းမှာ ကောင်းကင်ကို ထိုးဖောက်သည် အထိ မီတာသောင်းပေါင်းများစွာ မြင့်မားလှကာ ရှိရှိသမျှ အရာအားလုံးထက်၏ အထက်၌ တည်ရှိသည်။ ထို့အပြင်... ၎င်းမှာ မြို့ငယ်လေး တစ်မြို့နှင့်ပင် ညီမျှသည့် အထူရှိ၏။
၎င်းမှာ ပန်းသီးပင် တစ်ပင်ဖြစ်သည်။
အပင်မှာ အံ့မခန်း လှပကာ ဆယ်မီတာခန့် ရှည်လျားသည့် အရွက် သောင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ကျန်းမာ သန်စွမ်းသော အကိုင်းအခက်များမှာလည်း ဝေဆာစွာပင် ပြန့်ကျဲ နေခဲ့၏။ ထိုကဲ့သို့ သစ်ပင်ကြီး တစ်ပင်မှာ မရေမတွက်နိုင်သည့် အသီးအပွင့်များနှင့် ပြည့်နှက် နေနိုင်ချေ ရှိသော်လည်း တကယ်တမ်းတွင်တော့ အသီးများမှာ မသီးသလောက်ပင် နည်းပါး နေခဲ့သည်။
ထန်ရှင်းယွင်၏ အမြင်အာရုံမှာ သစ်ပင်ကြီးထက်ရှိ အလွန်အမင်း ဝေးကွာလှသော နေရာသုံးခုမှ တဖျပ်ဖျပ် တောက်ပနေသည့် ရွှေရောင် အလင်းတန်းများဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။ ထိုအလင်းတန်းများမှာ မျက်စိစူးလောက်အောင် တောက်ပနေကာ သေးငယ်သော နေကြယ်တစ်လုံးနှင့်ပင် ဆင်တူနေခဲ့သည်။ ၎င်းတို့ကို ကြည့်ရင်း မိန်းကလေး၏ မျက်လုံးများမှာ ထိစပ်လုမတတ် ကျဉ်းမြောင်း လာခဲ့၏။
“ပန်းသီးတွေ...”
သစ်ပင်ကြီးထက်၌ ပန်းသီး သုံးလုံး ရှိပေသည်။ ၎င်းတို့မှာ ရွှေအစစ်ဖြင့် ပုံသွင်းထား သကဲ့သို့ ထင်ရကာ အခွံများမှာ နေရောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့သည်။ ၎င်းတို့မှာ ပုံမှန် အရွယ်အစားသာ ရှိသော်လည်း စိမ်းစိမ်းစိုစို အရွက်များ ကြားတွင် ထင်ရှား ပေါ်လွင်နေခဲ့သည်။
နောက်ဆုံး၌ အခြားလူများက အဘယ်ကြောင့် သုံး ဆိုသည့် ဂဏန်းကို ထပ်တလဲလဲ ပြောနေကြောင်း ထန်ရှင်းယွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
နာ့ရှင်းရီ၏ မျက်လုံးများမှာ ရွှေရောင် ကျောက်တိုင်ကြီးနှင့် ထိုအတွင်းရှိ သစ်ပင်ကို တည်ငြိမ်စွာပင် ကြည့်ရှု နေခဲ့သည်။
“အဲဒီ ရွှေရောင် သစ်သီးတွေက အထွတ်အမြတ် ကြယ်တာရာ သစ်သီးတွေပဲ...”
ထန်ရှင်းယွင် အေးစက်စက်လေကို ရှူသွင်းရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝူကလန်မှာ ကြယ်ကွင်းပြင် တစ်ဆယ့်ရှစ်ခုမှ နေကြယ်များကို ပေါင်းစည်းကာ အလွန် ကြီးမားလှသည့် နေကြယ်ကြီးကို ပုံဖော်ခဲ့သည်။ ကျန်ကြယ်ကွင်းပြင် ဆယ့်ခုနစ်ခုကို နေကြယ်မဲ့စေကာ အမှောင်အတိ ပြီးစေခဲ့သည်။
ကြယ်ကြွေ စစ်ပွဲ အတွင်း၌ သဘာဝ နေကြယ်များအား အသုံးပြုမှုမှာ အကန့်အသတ်ကို ရောက်ရှိခဲ့ကာ ကျင့်ကြံသူများမှာလည်း လျှို့ဝှက် အာဏာရှင် အဆင့်များကို ချိုးဖျက် ဝင်ရောက်ခဲ့ကြသည်။ အထွတ်အမြတ် ကြယ်တာရာ သစ်သီးမှာ ထိုကဲ့သို့ စမ်းသပ်မှုများထဲမှ တစ်ခု ဖြစ်သည်။ ပိုမို တိကျစွာ ဆိုရလျှင် ၎င်းမှာ နေကြယ် အမြုတေကို မြေဩဇာ အဖြစ် အသုံးပြုကာ ဖန်တီးထားသည့် လူလုပ် ထုတ်ကုန် တစ်ခု ဖြစ်ပေသည်။
လက်ရှိခေတ်၌ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုတွင် သဘာဝ နေကြယ်များမှာ မျိုးတုန်းသွားသည့် ကောင်းကင် ခန္ဓာများ သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... အထွတ်အမြတ် ကြယ်တာရာ သစ်သီးများမှာလည်း မရှိတော့ဟု ယူဆ ခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ထျန်းရှင်းယွင်၏ ကြယ်တာရာ ဝိညာဉ်မှာ ပူပြင်းလာကာ သူမ၏ မျက်ဝန်းများမှာလည်း လောဘ၊ လိုချင်မှု၊ ဆာလောင်မှုတို့နှင့် ပြည့်နှက်လာခဲ့သည်။ ထိုကဲ့သို့ ကြည့်နေသည်က သူမ တစ်ယောက်တည်း မဟုတ်ချေ။ ထိုနေရာ၌ ရှိနေသည့် ရွေးချယ်ခံ အများစု ဖြစ်သည်။
သို့သော်လည်း... နာ့ရှင်းရီမှာ တစ်စုံတစ်ရာ မသက်ရောက်ပဲ ရှိနေသေးဆဲ ဖြစ်သည်။ သူမက တစ်ဦးတည်းသော ပုဂ္ဂိုလ် မဟုတ်ချေ။ မကြာသေးခင်ကမှ နိုးထလာသည့် သောင်းပေါင်းများစွာသော ပုဂ္ဂိုလ်များမှာလည်း အထွတ်အမြတ် ကြယ်တာရာ သစ်သီးများကို လိုချင်စိတ် ပြင်းပြစွာ မရှိသည့်ပုံ ရသည်။
နာ့ရှင်းရီ၏ တည်ငြိမ်သည့် အမူအရာကို ကြည့်ရင်း ထန်ရှင်းယွင် အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော်လည်း... သစ်သီးများကို ပြန်လည် ကြည့်မိသော အခိုက်၌ သူမ မထိန်းချုပ်နိုင်စွာပင် တံတွေးတစ်ချက် မြိုချလိုက်မိသည်။
“အထွတ်အမြတ် ကြယ်တာရာ သစ်သီးက အရည်အသွေး အထွတ်အထိပ် အဆင့် ကြယ်ပဲ့တင်သံ ဆေးလုံးတစ်လုံးနဲ့တောင် နှိုင်းယှဉ်နိုင်တယ်လို့ ပြောကြတယ်”
သူမက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း ဆိုလိုက်၏။ သို့သော်လည်း... ဖုံးကွယ်၍ မရနိုင်စွာပင် သူမ၏ လေသံက အနည်းငယ် ခြောက်ကပ် နေခဲ့သည်။
“အင်း...”
နာ့ရှင်းရီက ထူးမခြားနားစွာပင် အဖြေပေးလိုက်၏။ ရုတ်တရက် ညာဘက်ခြမ်း၌ ခြိမ်းခြောက်နိုင်သည့် အော်ရာ တစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သော အခိုက်၌ ရင်းနှီးနေပြီးသား ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုပုဂ္ဂိုလ်မှာ အာဏာရှင် အဖွဲ့ဝင် တစ်ယောက်ပင် ဖြစ်သည်။ မိန်းကလေး၏ မျက်လုံးများက ချက်ချင်းပင် ဝိညာဉ် အလင်းတန်းများနှင့် ပြည့်နှက်သွားကာ ထိုကျင့်ကြံသူကို စစ်ဆေးလိုက်၏။
အာဏာရှင်မှာ စက္ကန့်မခြားပင် ထိုအချင်းအရာကို သတိပြုမိကာ သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက ထိုကဲ့သို့ ကြည့်ဝံ့သူကို တိုက်ခိုက်ကာ မမေ့နိုင်သည့် သင်ခန်းစာ တစ်ခုပေးဖို့ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... နာ့ရှင်းရီကို တွေ့လိုက်ရသော အခိုက်တွင်တော့ သူက မျက်မှောင်သာ အနည်းငယ် ကြုတ်လိုက်ကာ အခြားဖက်သို့ ပြန်လှည့်သွားခဲ့၏။ သူက သူမကို မတည်ရှိသည့် အလား လုံးဝ လျစ်လျူလိုက်သည်။
နာ့ရှင်းရီမှာ ထိုအရာကို ထူးဆန်းသည်ဟု မခံစားရပဲ စုံစမ်း စစ်ဆေးမှုကို ရပ်တန့်လိုက်ရင်း စိတ်ထဲမှ တွေးတောလိုက်သည်။
“ဆိုတော့ သူ့ရဲ့ ကြိုးပမ်းမှုက အောင်မြင်ခဲ့တာပေါ့... သူက ဒီကမ္ဘာရဲ့ ထူးခြားတဲ့ ခွန်အားကို သူတို့အားလုံးအတွက် တကယ် အသုံးချနိုင်ခဲ့တာပဲ”
ဝေ့ဝူယင်က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အသုံးချ၍ အာဏာရှင်များအား ပိုမို ထက်ရှအောင် သွေးမည် ဟု ပြောခဲ့သည့် စကားကို သူမ မှတ်မိနေသေးဆဲ ဖြစ်သည်။
“အနည်းဆုံးတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားတာပေါ့...”
မိန်းကလေးက အနည်းငယ် ပြုံးရင်း ရေရွတ်လိုက်၏။ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များက သူမ၏ ဝိညာဉ်နှင့် နှလုံးသားများ အတွင်း ပြင်းထန်စွာ လောင်ကြွမ်း နေခဲ့ပြီ ဖြစ်သည်။
***