အခန်း (၁၅၀၁)
Vol. 108 Ch. 1501
ကြယ်တာရာ သခင်နှင့် ယီယွင်တို့မှာ တစ်ယောက်နှင့် တစ်ယောက် မီတာ ရာဂဏန်းခန့် အကွာတွင် ရပ်နေကြ၏။ ၎င်းက ထာဝရ ကမ္ဘာတွင်ပဲ ဖြစ်ဖြစ်... ပြင်ပ ကမ္ဘာတွင်ပဲ ဖြစ်ဖြစ် သူတို့ အဆင့် ကျင့်ကြံသူများ အတွက် မပြောပလောက်သည့် အကွာအဝေး ဖြစ်သည်။
“နောက်ဆုတ်...”
ယီယွင်က ခေါင်းကို နောက်သို့ အနည်းငယ် လှည့်လိုက်ရင်း ပြောလိုက်၏။ သူ၏ လေသံက တည်ငြိမ် ပြတ်သားကာ မေးခွန်းထုတ်စရာ မရှိအောင် ခိုင်မာသည်။ မင်ယုလင်၏ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲ တုန်ရီ သွားခဲ့၏။ သို့သော်လည်း... အသိစိတ်၏ ညွှန်ကြားမှု မရှိသေးခင်မှာပင် အလိုအလျောက် နောက်ဆုတ်လိုက်မိပြီး ဖြစ်ကြောင်း သူမ သတိထားလိုက်မိသည်။
သူမ၏ အသိစိတ် တစ်ခုလုံးမှာ စိုးရိမ် ထိတ်လန့်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ ကြယ်တာရာ အမြုတေကို လောင်ကြွမ်းထားသည့် အချိန်သခင် ပင်လျှင် ထိုကြယ်တာရာ သခင်ကို အံမတုနိုင်ခဲ့ချေ။ သူက လုံးဝ သာမန်လူ တစ်ယောက် မဟုတ်ချေ။ သေမျိုးတာအို၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။ လျှို့ဝှက် ကြယ်တာရာ အဆင့်ကိုပင် ခြေတစ်လှမ်း လှမ်းနေသူ ဖြစ်သည်။
ကြယ်တာရာ သခင်မှာ မင်ယုလင် နောက်ဆုတ်သွားတာကို တွေ့သော်လည်း များစွာ ဂရုစိုက်ခြင်း မရှိချေ။ သူသာ ဆန္ဒရှိပါက သူမကို ထာဝရ ကမ္ဘာအဆုံးအထိ လိုက်ဖမ်းနိုင်ပေသည်။ သူမထံတွင် နောက်ခံ အဖွဲ့အစည်းမှ ချီးမြှင့်ထားသည့် ဝှက်ဖဲများ ရှိနေလျှင်ပင် သူ ဂရုမစိုက်ချေ။ သူ့ထံတွင်လည်း အလားတူ ဝှက်ဖဲများ ရှိသည်သာ ဖြစ်သည်။
မင်ရှုဖုန်း နောက်သို့ ဆုတ်ခွာ ထွက်ပြေးသွားပြီးနောက်... လေထု၏ အခြေအနေမှာ လေးလံ ထိုင်းမှိုင်း လာခဲ့၏။ ယီယွင်၏ မျက်လုံးပြာများမှာ လောကကြီး တစ်ခုလုံးက ဖိနှိပ်ထားသလို ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများနှင့် ပြည့်နှက် လာခဲ့၏။ ကြယ်တာရာ သခင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားခဲ့၏။
ဘုန်း...
ယီယွင် ခြေထောက်ကို ဆောင့်နင်းလိုက်၏။ ချက်ချင်းပင် မြေပြင်မှာ လန်ထွက်သွားကာ မြေမှုန့်၊ မြက်ပင်နှင့် ဖုန်မှုန့်များ ရောနှောနေသည့် တိမ်တိုက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ခြေတစ်လှမ်းတည်းဖြင့်ပင် သူ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုခြေလှမ်းမှာ အံ့မခန်း အစွမ်းထက်လှကာ ထာဝရ ကမ္ဘာကိုပင် တုန်ခါသွားစေနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ ပါဝင် နေခဲ့လေ၏။
“ဟမ်...”
ကြယ်တာရာ သခင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ ကြယ်တာရာ အကာအကွယ်က သူ့ ခန္ဓာကိုယ် ပတ်လည်တွင် ထွန်းလင်းလာခဲ့ကာ ဗီဇစိတ်၏ အသိဖြင့် ကာကွယ်လိုက်သည်။
ဝှစ်...
သရဲတစ္ဆေ တစ်ကောင်လို ဝေဝေဝါးဝါး လှုပ်ရှားမှု တစ်ခုနှင့် အတူ ယီယွင်၏ သွယ်လျသည့် ပုံရိပ်မှာ ကြယ်တာရာ သခင်၏ ရှေ့ကို ရောက်ရှိလာခဲ့၏။ သူက လက်သီးချက်ကို ထိုးနှက်ရန် အသင့် အနေအထားဖြင့် အားယူ ထားခဲ့ပြီး ဖြစ်ကာ သူ့ မျက်လုံးများက ခိုင်မာသည့် ဆုံးဖြတ်ချက်များကို ဖော်ပြနေသည်။ သူ၏ အသက်ရှူသံများက နဂါးတစ်ကောင်လို ပြင်းထန်နေခဲ့၏။
အစစ်အမှန် သိုင်းကျင့်စဉ်...
ကမ္ဘာဖျက် လက်သီး...
ယီယွင်၏ လက်သီးမှာ မည်သည့် အရာကိုမှ ထိန်းချုပ်ထားခြင်း မရှိပဲ ကြယ်တာရာ သခင် အပေါ်သို့ ကျဆင်း သွားခဲ့လေသည်။
ဘုန်း...
ဘုန်း...
လက်သီးတစ်ချက်...
သို့သော်လည်း ၎င်းမှာ အစစ်အမှန် သိုင်းတာအိုကို ကိုယ်စားပြုကာ လောကတစ်ခုလုံးအား သယ်ဆောင်ထားသည့်ပုံ ရသည်။ ကြယ်တာရာ သခင်မှာ လက်သီးချက်က သူ့ ကြယ်တာရာ အကာအကွယ်အား ထိုးဖောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
သူ ထုတ်ဖော်ထားသမျှ ကြယ်စွမ်းအင် အလုံးစုံမှာ လက်သီး၏ လမ်းကြောင်းတွင် စက္ကူ တစ်စလို ထိုးဖောက် ခံနေရသည်။ သူ၏ မျက်လုံးများက ပြူးကျယ်လာကာ အခြားသော စွမ်းအင်များကိုပါ ထုတ်ဖော်ဖို့ ကြိုးပမ်းလိုက်၏။ သူက စိတ်ကူးနိုင်သမျှ အမြန်ဆုံးနည်းဖြင် တုန့်ပြန်မှုများကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ ယီယွင်၏ လက်သီးချက်ကိုတော့ တဒင်္ဂ စာမျှသာ နှေးကွေးစေခဲ့လေသည်။
ဘုန်း...
လက်သီးချက်မှာ ကြယ်တာရာ အကာအကွယ်ကို ထွင်းဖောက်ကာ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့ သွားခဲ့၏။ လက်သီးနှင့် ခန္ဓာကိုယ် ထိတွေ့သွားသည့် အခိုက်အတန့်...၊ ဖော်ပြရန်ပင် ခက်ခဲလှသည့် အလွန်တရာ တိုတောင်းသော ထိုအခိုက်အတန့်ကလေးတွင်ပင် ကြယ်တာရာ သခင်၏ ခန္ဓာကိုယ်မှာ ပုဇွန်ထုပ် တစ်ကောင်လို ကွေးသွားခဲ့၏။ သူ၏ ခြေထောက်များက မြေပြင်မှ ကြွတက်လာခဲ့သည်။ သူ၏ လက်များမှာ ရှေ့သို့ ပြိုင်တူ ဆန့်တန်း သွား၏။ သူ၏ ဦးခေါင်းက ထူးဆန်းစွာ စောင်းသွားခဲ့သည်။
ဘုန်း...
ထို့နောက်တွင်တော့ ဒုန်းပျံ တစ်လိုပင် ကြယ်တာရာ သခင်၏ ခန္ဓာကိုယ်မှာ လွင့်စဉ် သွားခဲ့တော့၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ကြယ်တာရာ သခင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယီယွင်၏ လက်သီးချက်က သိုင်းနတ်ဘုရား တစ်ပါး ကဲ့သို့ ထူးခြား ပြောင်မြောက်လှသော်လည်း သူ၏ မျက်နှာကတော့ သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ ဖြူရော် နေခဲ့ပြီ ဖြစ်လေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ သွေးကြောများမှာ ထောင်ထနေကာ နား၊ နှာခေါင်းနှင့် ဘယ်ဘက် မျက်လုံးများမှ နေ၍ သွေးများ စိမ့်ထွက် နေခဲ့၏။ ညာဖက် မျက်လုံး တစ်ခုတည်းသာလျှင် မထိမခိုက် ကျန်ရှိနေခဲ့သည်။
ခန္ဓာကိုယ် တစ်ခုလုံး အလွန် ပြင်းထန်သည့် နာကျင်မှုများကို ခံစားနေရသည့်တိုင် ထိုအတွက် တွန့်ဆုတ်နေဖို့ ယီယွင်ထံတွင် အချိန် မရှိပါချေ။ သူက ကျောင်းရှုလင်းထံသို့ ပြေးဝင်သွားကာ ကျန်ရှိသမျှ ခွန်အား အလုံးစုံကို သုံးလျှက် သူမ၏ ခန္ဓာကိုယ်ကို ဆွဲမလိုက်၏။
ထို့နောက်တွက်တော့ သူက နောက်ပြန်လှည့်ကာ ပါးစပ် အဟောင်းသားဖြင့် ငေးငိုင်ကြည့် နေသည့် မင်ယုလင်ရှိရာဘက်သို့ ပြေးဝင် သွားခဲ့သည်။
ဝှစ်....
မည်သည့် နေရာအား ထိမိမည်ကိုပင် သူ ဂရုမစိုက်အားတော့ပဲ သူမကို ခါးမှ ဆွဲကိုင်ကာ ငှက်မွေး တစ်စင်း၏ ညင်သာမှု၊ လျှပ်စီးကြောင်း တစ်ခု၏ အမြန်နှုန်းနှင့် အတူ ထွက်ပြေးသွားခဲ့တော့သည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် ယီယွင်မှာ ခြေရာလက်ရာပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တစ်မိနစ်မျှ ကြာမြင့်ပြီးနောက်...
အနည်းဆုံး အရပ် ဆယ်ပေခန့် မြင့်မားသည့် ပုံရိပ် တစ်ခုမှာ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ၏ ပခုံးထက်တွင်တော့ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိကာ သတိမေ့နေသည့် ချန်ယန်ကျိကို သယ်ဆောင်ထားခဲ့၏။
မှန်ပေ၏။ ချန်ယန်ကျိမှာ အသက်ရှင် နေသေးဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အချို့ နေရာများတွင် အရိုးများပင် ပေါ်နေကာ မျက်နှာထက်ရှိ အစိတ်အပိုင်းများစွာမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ပျောက်ဆုံး နေခဲ့သည်။ သူ၏ သွားများစွာမှာလည်း ပါးစပ်ထဲမှ နှုတ်ဆက် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက အသက်ရှူနေသေးဆဲ ဖြစ်ပေသည်။
“မင်း ဒုတိယ အဆင့်ကို ရောက်ပါစေလို့ ငါ ဆုတောင်းတယ်...”
ပုံရိပ်က ယီယွင် ထွက်ပြေးသွားရာ အရပ်ကို လှမ်းကြည့်ရင်း ပြောလိုက်၏။ ဆန့်ကျင်ဘက် အရပ်မျက်နှာ တစ်ခုတွင်တော့ သွေးနီရောင် ဝတ်စုံဝတ် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦး တရွေ့ရွေ့ နီးကပ်လာသည်ကို သူ သတိထားမိသည်။
သို့စေကာမူ... ပုံရိပ်က တည်ငြိမ်စွာပင် လက်တစ်ဖက်ကို အဖြိုက်နက် နယ်မြေ ရေကန်ထံသို့ ဦးတည် ဝှေ့ယမ်းလိုက်သည်။ သူ၏ ရှန့်ထို လက်စွပ်မှာ သာမန် အာကာသ လက်စွပ်များနှင့် ကွာခြားလှကာ ရေကန်တစ်ခုလုံးကို တစ်စက္ကန့် အတွင်း သိမ်းဆည်းလိုက်သည်။
ထိုမြင်ကွင်းအား စောင့်ကြည့်နေကြသူများကတော့ မည်သည့် အကြောင်းအရာများ ဖြစ်ပျက်လာမည်ကို တွေးတောရင်း အလွန်ပင် စိတ်လှုပ်ရှား နေခဲ့ကြတော့၏။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမဆုံးသော အဆင့်မှာ ပါဝင်ယှဉ်ပြိုင်သူများ အကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုများ၊ တိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတိုင်းတွင် သေဆုံးမှုများစွာ ရှိတတ်ပြီး၊ ထိုသေဆုံးမှုများကပင် အသက်ရှင် ကျန်ရစ်သူများကို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတစ်ခုပြီးတိုင်း သတိရှိရှိ နေထိုင်တတ်လာစေခဲ့သည်။
ထာဝရ ကမ္ဘာမှာ အလွန်ပင် အန္တရာယ်များသည့် နေရာ တစ်ခု ဖြစ်ကာ ထိပ်တန်း ကျင့်ကြံသူ အနည်းငယ်သာလျှင် ရှင်သန်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ပါဝင် ယှဉ်ပြိုင်သူများ၏ ဦးစားပေးမှာ ဒုတိယ အဆင့် အထိ အသက်ရှင် ရပ်တည်ရန် ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့်ပင် သူတို့မှာ မဟာမိတ် အုပ်စုများ ဖွဲ့စည်း၍ လူအင်အားဖြင့် ဘေးကင်းရာ နေရာများကို ရှာဖွေလေ့ ရှိကြသည်။ အန္တရာယ် ကင်းသည့် ဇုန်များတွင် စုဝေး နေထိုင်ခဲ့ကြသည်။ ယခင့် ယခင် ရွေးချယ်ခံ ပြိုင်ပွဲများ၌ ၎င်းမှာ အားလုံးလိုလို ကျင့်သုံးကြသည့် အလေ့အထ တစ်ခု ဖြစ်သည်။
သို့သော်လည်း... လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုခန့် အတွင်း၌ ရွေးချယ်ခံ စံနှုန်းများမှာ အဆမတန် တိုးတက်လာခဲ့ကာ ရွေးချယ်ခံများ၏ အရည်အသွေးပိုင်းမှာလည်း အများကြီး ပိုမို သာလွန်လာခဲ့သည်။ သို့သော်လည်း... ထာဝရ ကမ္ဘာ၏ အန္တရာယ်များကတော့ ယခင် အဆင့်တွင်ပင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။ ရှင်းရှင်းပြောရပါက... ၎င်းမှာ ထိပ်တန်း ရွေးချယ်ခံများ အတွက် ချွေးပင် ထွက်စရာ မလိုပဲ သက်တောင့်သက်သာ အသက်ရှင်သန်နိုင်သည့် အနေအထားမျိုး ဖြစ်သည်။
ထို့ကြောင့်ပင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမ အဆင့်မှာ အသက်ရှင်သန်ရေး တိုက်ပွဲမှသည် ကံကောင်းခြင်း တိုက်ပွဲ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထာဝရ ကမ္ဘာ တစ်ခုလုံး၌ များလှစွာသော ရွေးချယ်ခံများမှာ တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ကံကြမ္မာဇုန်များ၊ ကံကောင်းခြင်းများ အတွက် တိုက်ခိုက် နေကြသည်။
မြင့်မားသည့် တိုက်ခိုက်ရေးစွမ်းအား ရှိသော ထိပ်တန်း ရွေးချယ်ခံများမှာ မကြာခဏ ဆိုသလို ကံကောင်းခြင်း ဇုန်များကို တစ်ဦးတည်း သိမ်းယူရန် ကြိုးစားကြကာ အကျိုးကျေးဇူးများအားလုံးကို မိမိဘာသာ လက်ဝါးကြီးအုပ် ရယူကြသည်။
ယခင် ရွေးချယ်ခံ ပြိုင်ပွဲများတုန်းက ဆိုလျှင် ၎င်းမှာ အလွယ်တကူ ရရှိနိုင်သည့် အောင်မြင်မှု တစ်ခု မဟုတ်သော်လည်း ယခုအခါတွင်တော့ လုံးဝ ခြားနား သွားခဲ့ပြီ ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကျော်ဖြတ်လာသည်နှင့် အမျှ ထာဝရ ကမ္ဘာထဲတွင် ဂိုဏ်းကဏ္ဍ အခြေခံသည့် မဟာမိတ် အဖွဲ့များ၊ ကလန်ကို အခြေခံသည့် အဖွဲ့များနှင့် အခြား ပျံကျ မဟာမိတ် အဖွဲ့ငယ်များ ပေါ်ပေါက် လာခဲ့ကြသည်။ သူတို့က အုပ်စုဖွဲ့ကာ ကံကြမ္မာဇုန်များကို ရှာဖွေကြကာ ပိုမို အဆင့် မြင့်မားသည့် ကျင့်ကြံသူများကိုပါ ယှဉ်ပြိုင် တိုက်ခိုက်လာနိုင်ခဲ့ကြသည်။ ရရှိလာသည့် အကျိုးအမြတ်များကို သူတို့က ခွဲဝေယူခဲ့ကြသည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကံကောင်းခြင်း တိုက်ပွဲမှာ ထပ်မံ၍ အသွင်ပြောင်းလဲ လာခဲ့ကာ မဟာမိတ် အဖွဲ့များမှာ အခြား ရည်ရွယ်ချက်များ အတွက် ထပ်မံ၍ ဖွဲ့စည်းလာကြ၏။
ထိုအထဲမှ တစ်ခုကတော့ အမဲလိုက်ခြင်းပင် ဖြစ်လေသည်။ မှန်ပေ၏။ ရွေးချယ်ခံများက ရွေးချယ်ခံများကို အမဲလိုက်ခြင်းပင် ဖြစ်လေတော့သည်။
***