← Chapters

တိုက်ပွဲ

Vol. 108 Ch. 1500

တိုက်ပွဲ

Vol. 108 Ch. 1500

ကျောင်းရှုလင်းကို ကိုင်တွယ်ပြီးနောက် ကြယ်တာရာ သခင်က ယီယွင်နှင့် မင်ယုလင်တို့ နှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်းတို့အားလုံးက အရမ်းကို ရဲရင့်ပါတယ်... ဒါပေမဲ့ မိုက်မဲတယ် ဉာဏ်လည်းနည်းတယ်"

ထိုကဲ့သို့ ပြောလိုက်ပြီးခါမှ သူက အချိန်သခင် အသက် ဆုံးရှုံးသွားခဲ့သော နေရာကို လှမ်းကြည့်လိုက်၏။

“ဘာပဲဖြစ်ဖြစ်... မင်းတို့ထဲက အများစုက ရဲရင့်ခဲ့ကြပါတယ်”

ကြယ်တာရာ သခင်မှာ သူ ရောက်ရှိလာပြီ ဖြစ်ကြောင်း ကြေညာရန် အော်ရာကို ရည်ရွယ်ချက် ရှိရှိ ထုတ်လွှတ် ခဲ့ကြသော်လည်း သူတို့ကတော့ ထွက်ပြေးဖို့ ကြိုးစားရမည့် အစား သူ့ကိုသာ တားဆီးဖို့ ကြံစည်ခဲ့ကြသည်။ ထို့အပြင် ကျောင်းရှုလင်းနှင့် ယီယွင်တို့သည်လည်း သူ၏ တည်ရှိမှုကို သိရှိပါလျှက်နှင့် မဟာမိတ်များကို ကယ်တင်ရန် ဤနေရာသို့ ရောက်လာခဲ့ကြသည်။

"မင်းတို့အားလုံး ငါပေါ်လာကတည်းက ထွက်သွားကြရင် ငါလည်း ဒီလိုလုပ်စရာမလိုဘူး..."

ကြယ်တာရာသခင်မှာ သူ၏ သနား ညှာတာမှုများကို မထီမဲ့မြင် ပြုခံရသည်ဟု ခံစားနေရကာ စိတ်ဆိုးဒေါသ ထွက်လာခဲ့၏။

ဤရွေးချယ်ခံလေးများမှာ အဘယ်ကြောင့် ယခုလောက် လောဘကြီးရသနည်း။ ရဲရင့်ခြင်းနှင့် ရူးမိုက်ခြင်းကြားတွင် မျဉ်းပါးလေး တစ်ခုသာ ခြားနားနေကာ ထိုလူငယ်များ၏ လုပ်ရပ်များမှာ သူ့ အမြင်တွင် အစွန်းရောက်နေသည့် လူမိုက်များလိုပင် ဖြစ်၏။

ယီယွင် လက်သီးများကို တင်းတင်း ဆုပ်လိုက်သည်။ သူ့ မျက်ဝန်းပြာများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပွက်ပွက်ဆူ‌နေသည့် ခံစားချက် တစ်ခု ပေါ်ပေါက် နေခဲ့၏။

“...”

ကြယ်တာရာ သခင်မှာ ယီယွင်၏ စိတ်ခံစားချက်များ လှုပ်ရှားနေသည်ကို သတိပြု လိုက်မိ၏။

“အယ်ဗန် တစ်ပိုင်း လူတစ်ပိုင်း... ရှားရှားပါးပါး မျိုးစပ်ပဲ... မင်းက အစစ်အမှန် ရွေးချယ်ခံလား... ဒါမှမဟုတ် ရွေးချယ်ခံ မြင်းနက်လား”

ကြယ်တာရာ သခင်၏ လေသံက ပေါ့ပေါ့ပါးပါးနိုင်ကာ ထိတ်လန့်ခြင်း ကင်းမဲ့ နေခဲ့သည်။ ယီယွင်နှင့် မင်ယုလင်တို့ နှစ်ယောက်စလုံးမှာ လောကသခင် အဆင့်များ ဖြစ်ကြသည်။ သူ့အတွက် ဘာအန္တရာယ်မှ မရှိပါချေ။

ကျောင်းရှုလင်း အပါအဝင် အစွမ်းထက် ကျင့်ကြံသူ အားလုံးကို နှိမ်နင်းပြီး၊ အခွင့်ကောင်းအား စောင့်ဆိုင်းနေသည့် ပရိသတ်များပါ မကျန် ဖယ်ရှားခဲ့ပြီးနောက်တွင် ကြယ်တာရာ သခင်မှာ သက်တောင့်သက်သာ ဖြစ်နေခဲ့၏။ သူက ရန်သူအားလုံးကို လွှမ်းမိုးကာ အဖြိုက်နက် နယ်မြေ ရေကန်ကိုလည်း ပိုင်ဆိုင်လိုက်ပြီ ဖြစ်သည်။ ဤကံကောင်ခြင်း အတွက် တိုက်ပွဲတွင် သူ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဖျပ်...

သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ မင်ယုလင်၏ လက်များက တုန်ရီသွားကာ နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ သူမ၏ နှလုံးခုန်သံမှာ အရှိန်အဟုန်နှင့် ကျယ်လောင်စွာ မြည်ဟီးနေခဲ့၏။ သူမ ယီယွင်ကို ကြည့်လိုက်မိသည်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါပါးနှင့် လူတစ်ပိုင်း အယ်ဗန်တစ်ပိုင်း လူငယ်လေးမှာ နောက်ကို ခြေတစ်လှမ်းမှ မဆုတ်ပဲ ကြယ်တာရာ သခင်ကို စိုက်ကြည့် နေခဲ့သည်။ လူငယ်လေး၏ နောက်ကြောကို ကြည့်ရင်း မင်ယုလင် တစ်ယောက် ထူးဆန်းကာ ရှင်းပြလို့ မရနိုင်သည့် သက်တောင့်သက်သာ ရှိမှုမျိုးကို ခံစားလိုက်ရ၏။

“သူ့ကို လွှတ်ပေးလိုက်ပါ...”

ယီယွင်က ပြောလိုက်သည်။ သူ၏ လေသံက တည်ငြိမ်၏။ ရှင်းလင်း၏။ ပြတ်သား၏။ ထိတ်လန့် ကြောက်ရွံ့သည့် မည်သည့် အငွေ့အသက်မျှ မရှိပါချေ။

“သူ့ကိုလား...”

ကြယ်တာရာ သခင်က ကျောင်းရှုလင်းကို လည်ပင်းမှ ဆွဲကိုင်ရင်း မြှောက်လိုက်သည်။ သူ၏ မျက်လုံးများက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက်လာကာ ရှေ့သို့ ဆက်လက် ချဉ်းကပ်လာခဲ့၏။ ယီယွင်နှင့် မင်ယုလင်တို့ နှစ်ယောက် စလုံးမှာ အလွန်ပင် ငယ်ရွယ်လှသေးသည်။ သူတို့မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း ပထမဆုံး ဝင်ရောက်လာသူများ ဖြစ်ကြောင်း သေချာပေသည်။

"မလွှတ်ရင်ရော..."

ကြယ်တာရာ သခင်က စနောက်လိုက်၏။ ကျောင်းရှုလင်း၏ လည်ပင်းအား ဆုပ်ကိုင်ထားသည့် သူ့လက်ချောင်းများက ပိုမို တင်းကြပ်လာခဲ့၏။ မိန်းကလေးမှာ မလှုပ်ရှားနိုင်တော့သော်လည်း... လည်ချောင်းထဲမှ အသက်ရှူကြပ်သည့် တဝူးဝူး အသံများ ထွက်ပေါ်လာခဲ့သည်။ သူမ၏ အသက်က ရန်သူ၏ လက်ထဲ ကျရောက်နေခဲ့ပြီ ဖြစ်လေသည်။

ယီယွင်က စိုးရိမ်တကြီးဖြင့် ရှေ့ကို တိုးဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ပထမ ခြေလှမ်းတွင်ပင် သူ့ မျက်နှာထက်၌ ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့ကာ ရပ်တန့်လိုက်သည်။ ရန်သူ၏ ပျံဝဲနေသည့် လှံတံကို သူ့ မျက်လုံးထောင့်စွန်းတွင် လှမ်းမြင်နေရသည်။ ၎င်းက တည်ငြိမ်စွာ ရပ်တန့်နေခြင်း ဖြစ်သော်လည်း သူ လှုပ်ရှားသည်နှင့် မင်ရှုဖုန်းထံ တိုးဝင်လာရန် အဆင်သင့် ဖြစ်နေခဲ့၏။

ကြယ်တာရာ သခင်မှာ အကင်းပါးသူ တစ်ယောက် ဖြစ်လေရာ ယီယွင် ဆုံးဖြတ်ချက် လမ်းဆုံတွင် ရောက်ရှိနေကြောင်း ချက်ချင်း သိရှိလိုက်သည်။ သူက လှုပ်ရှားချင်သော်လည်း မင်ယုလင် အတွက်လည်း စိုးရိမ်နေသည်။ ကြယ်တာရာ သခင် မျက်ခုံးကို ပင့်တင်ရင်း သဘောကျစွာ ရယ်မောလိုက်၏။

“မင်းက မင်းကောင်မလေး အတွက် စိုးရိမ်နေတာပေါ့လေ... ဝတ်ထားတဲ့ အဝတ်အစားတွေရဲ့ တန်ဖိုးကို ထောက်ကြည့်ရရင် ဒီကောင်မလေးရဲ့ နောက်ခံက မရိုးရှင်းဘူး... မင်းရဲ့ မျိုးနွယ် ကွဲပြားမှု၊ အဆင့်အတန်း နိမ့်ကျမှုတွေကို ထည့်စဉ်းစားမယ် ဆိုရင် သူ့မိသားစုက မင်းကို ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး”

“...”

မင်ယုလင် အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့၏။ ကြယ်တာရာ သခင် ပြောသည်မှာ အမှန် ဖြစ်သော်လည်း ယီယွင်နှင့် သူမ အကြား၌ အထွေအထူး ဆက်ဆံရေးမျိုး မရှိပါချေ။ သို့သော်လည်း... ထိုစကားလုံးများမှ တစ်ဆင့် ယီယွင်မှာ သူမကို မစွန့်ပစ်လိုကြောင်း သဘောပေါက်လိုက်လေရာ နွေးထွေးသည့် ခံစားချက် တစ်ခုကို သူမ ခံစားလိုက်ရ၏။ တစ်ခါတစ်ရံ ဘဝ၏ အကြပ်တည်းဆုံး အချိန်များ၌ ထင်မှတ် မထားသည့် အပြုအမူငယ်လေး တစ်ခုမှာ တစ်ဘဝစာလုံး ရင်းနှီးမြှုပ်နှံထားသည့် သစ္စာရှိမှုများထက် ပိုမို ထိရောက်မှု ရှိနေတတ်သည်။

ထို့အပြင်... ကြယ်တာရာ သခင်၏ စကားက အမှန်ပင် ဖြစ်သည်။ မင်မျိုးနွယ်ပဲ ဖြစ်ဖြစ်... သူမ၏ အဘွားဖြစ်သူပဲ ဖြစ်ဖြစ်... ယီယွင်လိုမျိုး အဆင့်နိမ့် မျိုးနွယ်ဝင် တစ်ယောက်ကို သူမနှင့် လက်ထပ်ဖို့ လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

အခြားတစ်ဖက်၌... ယီယွင်ကတော့ ကာကွယ်ခြင်းနှင့် ကယ်တင်ခြင်း တည်းဟူသော လမ်းဆုံတွင် ပိတ်မိ နေခဲ့ကာ တိတ်ဆိတ်စွာ ကြည့်နေဖို့သာ တတ်နိုင်ခဲ့သည်။

ကြယ်တာရာ သခင်မှာ ယီယွင်၏ အဖြစ်ကို ကြည့်ကာ ရယ်မောလိုက်၏။ ထိုမျိုးမစစ်မှာ မင်ယုလင်ကို သူ အလစ်အငိုက် လုပ်ကြံလိမ့်မည်ဟု တကယ်ပဲ တွေးနေသည်လား။ သူက ကြယ်တာရာ သခင် တစ်ယောက် ဖြစ်သည့် အပြင် တရားဝင် ရွေးချယ်ခံ တစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင် ပြန်လည် သတ်မှတ်ထားသည့် ရွေးချယ်ခံ စံနှုန်းများဖြင့်ပင် သူ၏ ခွန်အားမှာ ကြယ်တာရာ သခင် အဆင့် အမြင့်ဆုံး၌ တည်ရှိနေသည်။ ပိုမို တိကျစွာ ဆိုရလျှင်... သူ၏ ခွန်အားမှာ ကြယ်တာရာ သခင် အထွတ်အထိပ် အဆင့်နှင့် လျှို့ဝှက် ကြယ်တာရာ အဆင့်ကြားတွင် ရှိနေပေသည်။ သို့သော်လည်း... သူက ယနေ့အထိ အသက် ၁၃၇ နှစ်သာ ရှိပေသေးသည်။

ချီတုံချတုံ ဖြစ်နေသည့် ယီယွင်ကို ကြည့်ရင်း ကြယ်တာရာ သခင်မှာ စိတ်ဝင်စားလာခဲ့၏။ အယ်ဗန်မျိုးနွယ်ဝင်များ၏ စွမ်းအားနှင့် နည်းလမ်းများကို စူးစမ်းလိုသည့် ဆန္ဒတစ်ခုက သူ့ နှလုံးသား အတွင်း‌ေ မွေးဖွားလာခဲ့သည်။ အယ်ဗန်မျိုးနွယ်မှာ အဆင့်နိမ့် မျိုးနွယ် တစ်ခု ဖြစ်ကာ၊ သူတို့ကို သီခြား ခွဲထားလေ့ ရှိသောကြောင့် သူ့ဘဝ၌ များများစားစား မမြင်ခဲ့ဖူးပါချေ။ သူ မြင်ဖူးခဲ့သူများမှာလည်း... မတူကွဲပြားသည့် အရသာကို မြည်းစမ်းလိုသည့် အထက်တန်းလွှာ ကျင့်ကြံသူများ၏ အမျိုးသမီး အစေခံသားများ ဖြစ်သည်။

ဝှစ်...

အတွေးတစ်ချက်ဖြင့်ပင် ကြယ်တာရာ သခင်၏ လှံမှာ သူ့ထံ ပြန်လည် တိုးဝင် သွားခဲ့၏။ လက်ထဲသို့ ရောက်ရှိပြီးနောက် သူ ၎င်းကို အာကာသ လက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် ကျောင်းရှုလင်း၏ ခန္ဓာကိုယ်ထက်တွင် နောက်ထပ် ချိပ်စည်း သုံးခု ထပ်မံချလိုက်၏။ မိန်းကလေးမှာ ဝေဝေဝါးဝါး အသိစိတ်မှ တစ်ပါး အခြား မည်ကဲ့သို့မှ တုန့်ပြန်နိုင်တော့မည် မဟုတ်ချေ။ ကြယ်တာရာ သခင်မှာ သူမကို ထပ်မံ ဂရုစိုက်ခြင်း မပြုတော့ပဲ ဘေးနားသို့ ပစ်ချလိုက်၏။

သူမ ကျောင်းရှုလင်းအား ဖမ်းဆီးခဲ့ခြင်းမှာ သူမ ပိုင်ဆိုင်ထားသည့် စစ်ပွဲ ရည်ရွယ်ချက်ကို လေ့လာရန် သက်သက် ဖြစ်သည်။ သူ့ထံတွင် အခြား ရည်ရွယ်ချက် မရှိချေ။ ရည်ရွယ်ချက်များကို မူလ နားလည်ထားပြီးသား လူများထံမှ ထပ်မံ လေ့လာခြင်းမှာ အောင်မြင်ရန် ဖြစ်နိုင်ချေ ရှိသည့် အခွင့်အလမ်း တစ်ခု ဖြစ်သည်။ စစ်ပွဲ ရည်ရွယ်ချက်များမှာ အလွန်ပင် ရှားပါးလှသည်။ ကာလရှည်ကြာ ငြိမ်းချမ်းသည့် နေရာမျိုးတွင် ဆိုလျှင် ပိုမို၍ပင် ရှားပါးသေးသည်။ ကျောင်းရှုလင်းမှာ ထိုရည်ရွယ်ချက်ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် လေ့လာနိုင်ခဲ့လေရာ သူမ၏ နောက်ခံ ဇာတ်လမ်းမှာ အလွန်ပင် စိတ်ထိခိုက်စရာ ကောင်းပေလိမ့်မည်။

စစ်ပွဲ ရည်ရွယ်ချက်အား လေ့လာပြီးနောက်တွင်တော့ သူမကို သတ်ဖြတ်ပစ်ရန် သူ ရည်ရွယ်ထားသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံကို သိမ်းပိုက်ရန်၊ သို့တည်းမဟုတ်... အပျော်သက်သက် သူမ၏ မူလယင်နှင့် ခန္ဓာကိုယ်ကို ရယူရန် သူ့ထံတွင် ဆန္ဒ မရှိချေ။ ထိုကဲ့သို့ အောက်တန်းကျသည့် ကိစ္စများကို ကျူးလွန်ခြင်းဖြင့် ကြယ်တာရာ သခင်မှာ ကိုယ့်ကိုယ်ကို ညစ်ညမ်းခံလိမ့်မည် မဟုတ်ချေ။ သူက သေမျိုးတာအို၏ အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူ့ထံတွင် သိက္ခာ ရှိပေသည်။

ဝှစ်...

လှံ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယီယွင်၏ မျက်ဝန်းများ အတွင်း၌ အံ့အားသင့်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့လေ၏။

“မင်းလို မျိုးစပ် တစ်ယောက်က ဘာလုပ်ပြနိုင်လဲ ကြည့်လိုက်ရအောင်...”

ကြယ်တာရာ သခင်က စိန်ခေါ်လိုက်ရင်း လက်များကို ဆန့်တန်းလိုက်၏။ ယီယွင်မှာ လောကသခင် တစ်ယောက်မျှသာ ဖြစ်သော်လည်း သူ့နှလုံးသားက စူးစမ်းလိိုစတ်များနှင့် ပြည့်နှက် နေခဲ့သည်။ အယ်ဗန်မျိုးနွယ်များက အဘယ်ကြောင့် နိမ့်ကျရသနည်း။ ထိုအရာကို သူ သိလိုနေခဲ့ပြီ ဖြစ်သည်။

***

All Chapters