ခါးသီးသောပြိုင်ဘက်များ
Vol. 3 Ch. 23
စုချန်းက မေးလိုက်သည်။
"ခင်ဗျားကိုကြည့်ရတာ မျိုးနွယ်စုက ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးပုံရတယ်"
မြွေကြီးသည် ကုချိန်းလွှာ၏ စကားကို တသွေမတိမ်း လိုက်နာသော အနေအထားကို သုံးသပ်ခြင်းအားဖြင့် သူမ၏ လေ့ကျင့်ရေးအစီအစဉ်သည် အောင်မြင်ခဲ့ပြီကို မြင်သာနေ၏။ သို့သော် ကုချိန်းလွှာက ခေါင်းခါလိုက်သည်။
"ဘယ်ကလာ အဝေးကြီးလိုသေးတယ်ရှင့် ပျံသန်းနေတဲ့မြွေဟာ ကျွန်မရဲ့စကားကို နားထောင်တယ်ဆိုပေမဲ့ အခြေခံ အမိန့်လောက်ကိုပဲ နားထောင်သေးတာ တကယ်လို့ အမိန့်တွေကသာ အန္တရာယ်ရှိလာပြီလို့ ယူဆရင်တော့ သူနားထောင်တော့မှာ မဟုတ်ဘူး သူ့စိတ်နဲ့သူပဲ လုပ်တော့မှာ ဒီကောင်ကြီးကို အလုံးစုံ အမိန့်မပေးနိုင်ဘူးဆိုရင် ကျွန်မလေ့ကျင့်ခဲ့သမျှဟာ အလကားပဲ မျိုးနွယ်စုရဲ့ ရည်ရွယ်ချက်က တဦးတယောက်အတွက်ပဲ မဟုတ်ဘူး မျိုးနွယ်စု အကုန်လုံးအတွက်ပဲ ဒီကောင်ကြီးဟာ ကျွန်မတယောက်တည်းအတွက်ပဲ တာဝန်ထမ်းဆောင်ရုံနဲ့ မရဘူး မျိုးနွယ်စုတခုလုံးအတွက် တာဝန်ထမ်းဆောင်နိုင်အောင် လုပ်ရလိမ့်မယ်"
ကုချိန်းလွှာ၏ စကားသံသည် တလုံးချင်းမှန်မှန် ထွက်ပေါ်နေ၏။ သူမ၏ အမူအရာမှာကား လေးနက်လှသည်။ သို့သော် အဆိုပါ စကားလုံးများသည် သူမ၏ ကိုယ်ပိုင်အတွေးအခေါ်မှ ထွက်ပေါ်လာခြင်းမဟုတ်ကြောင်း အတိုင်းသား သိသာနေ၏။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကပင် မျိုးနွယ်စုအရေးအတွက်သာ ဦးစားပေးဆောင်ရွက်ရန် အစဉ်တစိုက် သွန်သင်ဆုံးမခြင်းခံခဲ့ရသောကြောင့် ကုချိန်းလွှာ၏ ဦးနှောက်တွင် အဆိုပါ အတွေးအခါ်များက လွှမ်းမိုးနေခဲ့ပြီ ဖြစ်သည်။
စုချန်းအနေနှင့် ကုချိန်းလွှာကို မည်သို့မျှ မကူညီနိုင်ပါ။ သူကပြောလိုက်သည်။
"ကိုယ့်ရဲ့ ဘိုးဘေးဘီဘင်တယောက်ကို ကိုယ့်မျိုးနွယ်စုဆီမှာ တာဝန်ထမ်းဆောင်အောင် လုပ်ဖို့ဆိုတာ သိပ်ကို ခက်ခဲတဲ့ တာဝန်ပဲဗျ"
ကုချိန်းလွှာက စုချန်းကို အံ့သြသင့်သော မျက်နှာနှင့် စိုက်ကြည့်လိုက်သည်။ စုချန်းပြောသည်မှာ မှန်၏။ ဤတာဝန်သည် အတော်လေး ခက်ခဲသည့် တာဝန်ဖြစ်သည်။ အပြာရောင်ညကို ကုချိန်းလွှာရှေ့တွင် ဦးညွတ်အောင်ပြုလုပ်ရန်မှာ လွယ်ကူ၏။ သို့သော် ကုမျိုးနွယ်စု တခုလုံးအတွက်ဟုဆိုလျင်တော့ မလွယ်ကူတော့ပေ။ အကြောင်းမှာ ကုမျိုးနွယ်စု၏ သွေးဗီဇများသည် ပျံသန်းနေသောမြွေမှ ဆင်းသက်လာသောကြောင့် ဖြစ်သည်။
အခြားတဖက်မှကြည့်လျင် ပျံသန်းနေသောမြွေသည် ကုမျိုးနွယ်စု၏ ဘိုးဘေးဘီဘင်ဟုပင် ဆိုနိုင်၏။ တဖန် သွေးဗီဇသန့်စင်မှုအရတွက်လျင် ကုမျိုးနွယ်စု၏ သွေးဗီဇသည် ဤမြွေကြီး၏ သွေးဗီဇကို မည်သို့မှ မယှဉ်သာအောင် နိမ့်ကျလွန်းနေပြန်၏။ တစုံတယောက်ရှေ့တွင် ဦးညွတ်ရန်မှာ ဦးညွတ်ခံရသူနှင့် ဦးညွတ်သူကြားရှိ သံယောဇဉ်တရားနှင့် ချစ်ခင်တွယ်တာမှုမျှသာ လိုအပ်သော်လည်း မျိုးနွယ်စုတခုလုံးအတွက်ဟု ဆိုလျင်ကား များစွာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။
မြွေကြီးအနေနှင့် ကုမျိုးနွယ်စုတခုလုံးအတွက် တာဝန်ထမ်းဆောင်ရန်ဟူသော အနေအထားကို ပြန်၍ တွေးတောကြည့်လျင် ဝါစဉ်ကြီးသူမှ ဝါစဉ်နိမ့်သူကို ပြန်လည် ဦးညွတ်ရသကဲ့သို့ လည်းကောင်း၊ သွေးသန့်စင်သူမှ သွေးနှောများကို ပြန်လည် ဦးညွတ်ရသကဲ့သို့လည်းကောင်း အရပ်ရပ်နေပြည်တော် ကြားလို့မှမတော် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကုချိန်းလွှာ၏ တာဝန်သည် အတော်လေး ခက်ခဲလှသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ နတ်ဆိုးသတ္တဝါများသည် လူသားများကဲ့သို့ အကန့်အသတ် မရှိလှသည့်အပြင် ဂုဏ်သိက္ခာကိုလည်း လူသားများကဲ့သို့ တန်ဖိုးမထားလှပေ။ သူတို့အနေနှင့် တာဝန်ထမ်းဆောင်ရန် လက်မခံရသည့် အခြေခံ အကြောင်းရင်းတခုမှာ ၎င်းတို့၏ အားကောင်းလှသော သွေးသားသန့်စင်မှုကြောင့်ပင် ဖြစ်သည်။ သို့သော် လူသားဟူသည်က လူသားဖြစ်သည်။ ထိုအချက်မျှလောက်နှင့် လူသားတို့အတွက် နတ်ဆိုးသတ္တဝါများကို ထိန်းချုပ်ရန်ကိစ္စအား လက်လျော့လိုက်ပါက ရယ်စရာ ကောင်းနေပေလိမ့်မည်။ နောက်ဆုံးတွင် အနှီသတ္တဝါကြီးသည် လက်မြောက်အရှုံးပေးရလိမ့်မည်သာ။
လူသားတို့၏ သမိုင်းကြောင်းတွင် နတ်ဆိုးသတ္တဝါများအား နှိမ်နှင်းခဲ့သော ပုံပြင်ပေါင်းများစွာ ရှိခဲ့ဖူး၏။ အဆိုပါ ပုံပြင်များသည် မျိုးဆက်တဆက်မှ တဆက်သို့ ပုံပြင်ဒဏ္ဍာရီများသဖွယ် လက်ဆင့်ကမ်းသယ်ဆောင်လာကြ၏။ သို့ရာတွင် ပုံပြင်ဟူသော သဘောသဘာဝမှာ နားထောင်၍ကောင်းအောင် ချဲ့ကားပြောဆိုကြသော သဘောသဘာဝ ရှိကြလေရာ လက်တွေ့တွင်ကား နတ်ဆိုးသတ္တဝါများကို ယဉ်ပါးအောင် ပြုလုပ်ရသော ကိစ္စသည် အောင်မြင်မှု နှုန်းထားအားဖြင့် အတော်လေး နည်းသေးသည်ဟု ဆိုရမည်။
ထို့ကြောင့်ပင် ကုချိန်းလွှာတယောက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ နတ်ဆိုးသတ္တဝါတကောင်၏ ဘဝသက်တမ်းသည် လူသားများ၏ သက်တမ်းထက် များစွာ ရှည်လျား၏။ အကယ်၍ စစ်မှန်သော နတ်ဆိုးမြွေတကောင်ကိုသာ ထိန်းချုပ်နိုင်ခဲ့လျင် ကုမျိုးနွယ်စု၏ နောက်လာနောက်သားများအားလုံး အဆိုပါ အကျိုးကျေးဇူးကို ခံစားရပေလိမ့်မည်။
သို့သော် ကုချိန်းလွှာ၏ စကားကို ကြားလိုက်ရသောအခါ စုချန်း၏ စိတ်ထဲတွင် အခြားအကြောင်းအရာတခုကို တွေးမိလာ၏။ ထိုအခါ သူက မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ခင်ဗျားအနေနဲ့ နည်းနည်းပါးပါး တိုးတက်လာအောင်တော့ လုပ်နိုင်ခဲ့တယ်မလားဗျ"
စုချန်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကုချိန်းလွှာက မိမိကိုယ်မိမိ အလွန်တရာ ယုံကြည်မှုပြည့်ဝနေသောဟန်ဖြင့် ပြောလိုက်သည်။
"သိပ်ဟုတ်တာပေါ့ရှင် အပြာရောင်ညဟာ သိပ်ပြီးတော့ အမိန့်နာခံမှုတော့ မရှိသေးဘူး ဒါပေမဲ့ ကျွန်မသာ မဆုတ်မနစ် ကြိုးစားမယ်ဆိုရင် ဒီတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ထားတယ်"
ထိုအခါ စုချန်းက ဖြတ်ခနဲ မေးမြန်းလိုက်သည်။
"ဒီကိစ္စဟာ အတော်လေး ကြီးမားတဲ့ ကိစ္စပဲ ဒီလိုကိစ္စမျိုးကို အကူအညီ ပေးရတဲ့အတွက် ကုမျိုးနွယ်စုအနေနဲ့ လင်မျိုးနွယ်စုကို ကြီးကြီးမားမားတခုတော့ သေချာပေါက် ပြန်ပေးရလိမ့်မယ် ကျွန်တော်ပြောတာ ဟုတ်ရဲ့လားဗျ"
စုချန်း၏ မေးခွန်းကို ကြားရသေအခါ ကုချိန်းလွှာက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
"အမလေးတော် ရှင်မေးချင်နေတာက ဘာလဲရှင့် တကယ်တော့ စုမျိုးနွယ်စုဟာ ရှင့်အပေါ် ကောင်းကောင်းမှ မဆက်ဆံတာပဲဟာ ရှင်က သူတို့အတွက် ဘာများ စိတ်ပူနေစရာ ရှိလို့တုန်း"
စုချန်းက သိပ်မထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့စကားကို ကြားလိုက်တာနဲ့တင် ကုမျိုးနွယ်စုက လင်မျိုးနွယ်စုကို ပြန်ပေးမယ့်အရာဟာ စုမျိုးနွယ်စုအတွက် မကောင်းနိုင်ဘူးဆိုတာ သိသာနေပြီဗျ"
ကုချိန်းလွှာက ပြောလိုက်သည်။
"တကယ်တော့ ရှင်တို့မျိုးနွယ်စုတခုတည်းအတွက် မကောင်းတာမဟုတ်ဘူး ကျန်တဲ့ မျိုးနွယ်စု သုံးစုအတွက်ပါ မကောင်းဘူးရှင့်"
သူမက စကားကို ခေတ္တရပ်နားလိုက်၏။ အတန်ကြာသော် စကားဆက်ပြန်သည်။
"ကုမျိုးနွယ်စုက လင်မျိုးနွယ်တွေကို အကူအညီသုံးခုပြန်ပေးမယ်လို့ ကတိပြုထားတယ်ရှင့်"
စုချန်းက မေးလိုက်သည်။
"ဘာတွေတုန်းဗျ"
ကုချိန်းလွှာက
"လင်မျိုးနွယ်တချို့က ကုမျိုးနွယ်ခြံဝင်းမှာသွားပြီး ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူဖို့ပေါ့ အဲ...ဒီနေရာမှာ တခြားဟာတွေပါသေးတယ်ရှင့် ဥပမာ ပျံသန်းနေတဲ့မြွေသွေးဝညဏ်ဆေးရည်သုံးပုလင်းပါ လက်ဆောင်ပေးထားတာမျိုးပေါ့"
စုချန်း၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။
"ဗျာ! သွေးဝိညဏ်ဆေးရည်တွေ ဟုတ်လားဗျ"