ပူးပေါင်းကြံစည်မှုကို ဆန့်ကျင်ခြင်း
Vol. 3 Ch. 25
ကျန်းစင်းနှင့် အစေခံ အမျိုးသမီးငယ်သည် စုချန်း၏ အိပ်ယာပေါ်တွင် နာရီဝက်ကျော် ကြာသည်အထိ အရူးအမူး ကိုယ်လက်များ နှီးနှောဖလှယ်ပြီးမှ အားရကျေနပ်သွားဟန်ဖြင့် ထွက်ခွာသွားကြ၏။ ထိုအခါကျမှ စုချန်းသည် လိုက်ကာ၏ အပြင်သို့ထွက်ပြီး သန့်ရှင်းစင်ကြယ်သော အဖြူရောင်ဝတ်စုံတစုံကို လှဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် သူသည် ခြံဝင်းမှ ထွက်ခွာလာခဲ့လေသည်။
ယခုတကြိမ်တွင်တော့ သူသည် နောက်တံခါးကို အသုံးမပြုတော့ချေ။ မိုးပြာရောင် ကျောက်တုံးများခင်းထားသော စုခြံဝင်း၏ လမ်းများးအတိုင်း ရည်ရွယ်ချက်မဲ့စွာ လမ်းလျှောက်ထွက်လာခဲ့၏။ သူမျက်လုံးကွယ်နေခဲ့သည့် သုံးနှစ်တာကာလပတ်လုံး စုခြံဝင်းသည် ယခင်အတိုင်းသာ ရှိနေဆဲပေတကား။ လူများသာ ပြောင်းလဲသွား၏။ အရာဝတ္တုများ၊ လမ်းများ၊ ရှုခင်းများ စသည့်အရာများမှာကား ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။
လျှောက်လာခဲ့သည့် လမ်းတလျှောက်တွင် မြောက်များလှစွာသော အစေခံများကို မြင်တွေ့ခဲ့ရ၏။ သို့သော် သူနှင့် မျက်မှန်းတန်းမိသူဟူ၍ကား တယောက်မျှ မပါချေ။ ယွဲ့ဝူးရွှန်းတယောက် စုမျိုးနွယ်စုကို ထိန်းချုပ်လိုက်သည့် အချိန်မှစ၍ အရာအားလုံးသည် ပြောင်းလဲသွားခဲ့ပုံရသည်။ သူမသည် သူမနောက်သို့ လိုက်ပါလာမည့်သူများကိုသာ ချန်ထားခဲ့ပုံရပြီး အမြင်မတူသော သူများကို ရှင်းလင်းလိုက်ရုံသာမက လူအိုလူဟောင်းများနေရာတွင် ငယ်ရွယ်နုပျိုသူများနှင့် အစားထိုးထားခဲ့လေပြီ။
ယန့်ဝူရွှန်းသည် မျိုးနွယ်စု၏ ကြီးပွားချမ်းသာရေးအတွက်ဟု အကြောင်းပြကာ ယခင်လူများ၏ မကောင်းမှု၊ ပြစ်မှုကျူးလွန်မှုများကို ဖော်ထုတ်ရေးယူခဲ့၏။ ဤနေရာတွင် ယခင်လူဟူသည့် စကားလုံးသည် မည်သူ့ကို ရည်ရွယ်နေမှန်း အထူးတလည် ရှင်းပြနေစရာမလိုပဲ မျိုးနွယ်စုတစုလုံး နားလည်သဘောပေါက်ထားကြသည်။ အဆိုပါ အကြောင်းပြချက်နှင့် ပတ်သက်၍ မည်သည့အမှားအယွင်းမျှ မရှိဟု အားလုံးက တသမတ်တည်း ယူဆကြဟန်တူသည်။
စုချန်းသည် လမ်းအတိုင်း ငြိမ်သက်စွာ လျှောက်လာခဲ့၏။ ဤနေရာတွင် သူသတိထားမိသည်မှာ လူဟောင်းဖြစ်စေ၊ လူသစ်ဖြစ်စေ မည်သူတဦးတယောက်မျှ သူ့ကို အရေးလုပ်ခြင်း မရှိပေ။ သူဖြတ်ကျော်လာခဲ့သမျှ လူများအားလုံးသည် သူ၏ တည်ရှိမှုကို လျစ်လျူရှုထားကြ၏။ ယခင်တုန်းက စုချန်းသည် မမြင်နိုင်ပေ။။ထိုအခါ လမ်းပေါ်တွင် လမ်းလျှောက်နေသော လူများရှိနေသည်ဟု ခံစားမိသည့်တိုင်အောင် ထိုလူများမှာ မည်သူမည်ဝါမှန်း သူ့အနေနှင့် ခွဲခြားသိရှိနိုင်စွမ်း မရှိလေရာ ထိုလူများအနေနှင့်လည်း စုချန်းအပေါ် အရေးတယူ ပြုလုပ်နေစရာ အကြောင်းမရှိခဲ့ချေ။
အကယ်၍ ထိုနေရာတွင် အခြားအကြီးအကဲများထဲမှ တယောက်ယောက်သာ ရှိနေခဲ့ပါက ထိုသူများအနေနှင့် ဟန်ဆောင်ပန်ဆောင် အရေးတယူ ပြုလုပ်ကောင်း ပြုလုပ်ပေလိမ့်မည်။ သို့သော် လက်တွေ့တွင်ကား စုမျိုးနွယ်စု၏ အကြိးအကဲများအမြင်တွင် စုချန်းသည် အမြင်မကြည်စရာ၊ စိတ်ပျက်စရာ သတ္တဝါတကောင် ဖြစ်နေခဲ့သည်မှာ ကြာမြင့်လှပေပြီ။ ဤအခြေအနေတွင် စုချန်းအပေါ် မလေးမစား ပြုလုပ်မိသော အစေခံများအဖို့ အပြစ်ပေးခံရဖို့နေနေသာသာ ဆုများပင် ချီးမြှင့်ခံရပေအုံးမည်။ လျှောက်လာခဲ့သော လမ်းတလျှောက်တွင် သူ့အပေါ် ဦးညွတ်သူဟူ၍ တယောက်မျှပင် စုချန်း မတွေ့ခဲ့ချေ။
စုချန်းကလည်း ထိုအခြေအနေကို အနည်းငယ်မျှပင် ဂရုမစိုက်။ ပုံမှန်အတိုင်းသာ ဆက်လက်လျှောက်လာခဲ့၏။ ကိုယ်ခံပညာ လေ့ကျင့်သော ခန်းမသို့ မရောက်မီပင် သူ့နားထဲတွင် ရင်းနှီးသော အသံတသံကို ကြားလိုက်ရ၏။ မင်ချူးပေတည်း။ စုမျိုးနွယ် ခြံဝင်းတခုလုံးတွင် မလိမ်တတ်သည့် တဦးတည်းသော လူကို ညွှန်ပြရမည် ဆိုပါက မင်ချူးကိုသာ ညွှန်ပြရပေလိမ့်မည်။ ယခုလည်း မင်ချူးသည် စုချန်းကို တွေ့သည်နှင့် ပြာပြာသလဲ ပြေးလာကာ ကူညီဖေးမနေရှာ၏။
ထိုအခါ စုချန်းက ပြုံရင်း မေးလိုက်သည်။
"ဟေ့ မင်ချူး လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်း အရိုက်ခံထားရပြန်ပြီထင်တယ် ဟုတ်ရဲ့လား"
မင်ချူး အံ့သြသွား၏။ သူက မျက်လုံးပြူးရင်း မေးလိုက်သည်။
"ဟာ သခင်လေးက ဘယ်လိုလုပ် သိနေတာတုန်း"
"ငါ ဘယ်လိုလုပ် သိနိုင်တာလဲ ဟုတ်လား မင်းမျက်နှာပေါ်က အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကို ကြည့်ပြီး သိနိုင်တာပေါ့ကွယ်"
အထက်ပါစကားမှာ စုချန်း၏ နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သော စကားဖြစ်သည်။ လက်တွေ့တွင်တော့ သူသည် သူ့မျက်လုံးများ ပြန်မြင်ရသည့် ကိစ္စကို မည်သူ့ကိုမျှ အသိမပေးလိုသေး။ ထို့ကြောင့်သူက တည်ငြိမ်အေးချမ်းသော အမူအရာနှင့် ပြောလိုက်သည်။
"စုမျိုးနွယ်စု တခုလုံးမှာ ငါ့အမေနဲ့ တတိယဦးရီးတော်တို့ကလွဲရင် မင်းဟာ ငါ့အပေါ် ကြင်ကြင်နာနာ အဆက်ဆံဆုံး လူပဲ ငါ့အမေနဲ့ ငါ့ဦးရီးတော်တို့ကတော့ ဒီမျိုးနွယ်စုရဲ့ အကြီးအကဲတွေ သူတို့မှာ ကျောထောက်နောက်ခံ ကိုယ်စီရှိတယ် ဒီတော့ သူတို့ကို ဘယ်သူကမှ သွားမစရဲတာ သေချာတယ် ဒါပေမဲ့ မင်ချူး မင်းကတော့ ဘာကျောထောက်နောက်ခံမှမရှိပဲ ငါ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံရဲတယ် ဒီတော့ မင်းမှ အနိုင်ကျင့်မခံရရင် ဘယ်သူ အနိုင်ကျင့်ခံရမတုန်း"
စုချန်း၏ စကားကို ကြားရသောအခါ မင်ချူးက ရယ်မောလိုက်သည်။
"ဟား ဟား ဟား စိတ်မပူပါနဲ့ သခင်လေးရာ ဒီကောင်တွေ ငပျော့တွေပါ ဒီလောက်ကလေးနဲ့ မင်ချူးကို အနာတရဖြစ်အောင် မလုပ်နိုင်ပါဘူးဗျ"
စုချန်းက ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူသည် ယခင်က မင်ချူး၏ ဒဏ်ရာများကို မမြင်နိုင်ခဲ့ချေ။ ယခုတွင်ကား သူမျက်လုံးများ ပြန်၍ ကောင်းမွန်လာခဲ့ပြီ။ မင်ချူး၏ တမျက်နှာလုံးသည် အညိုအမဲစွဲနေပြီး မျက်ကွင်းနှစ်ခုမှာ ခရမ်းပုပ်ရောင် သန်းနေ၏။ အနှီဒဏ်ရာမျိုးကို သာမာန် ဆုံးမသတိပေးရုံလောက် ထိုးကြိတ်သည်ဟု အဘယ်မှာ သတ်မှတ်၍ ရမည်နည်း။
မင်ချူးအတွက် တစုံတခုတော့ ပြုလုပ်ပေးမှ သင့်ပေတော့မည်။ ထိုအခါ စုချန်းက တစုံတရာကို စဉ်းစားဟန်ပြုပြီး မေးလိုက်သည်။
"ဟေ့ မင်ချူး မင်း ငါ့ဆီမှာ အမှုထမ်းမလား"
စုချန်း၏ မမျှော်လင့်သော မေးခွန်းကြောင့် မင်ချူးတယောက် မှင်သက်အံ့သြသွား၏။ အတန်ကြာမှ သူကမေးလိုက်သည်။
"အမှုထမ်းရမယ် ဟုတ်လား သခင်လေး ဒါပေမဲ့ သခင်လေးမှာက ကျန်းစင်းတယောက် ရှိနေပြီးသား မဟုတ်လားဗျ"
စုချန်းက
"ကျန်းစင်းမှာ သူ့တာဝန်နဲ့သူ ရှိတယ် ဒီလိုပဲ မင်းမှာလည်း ကိုယ့်တာဝန်နဲ့ကိုယ် ဖြစ်လာလိမ့်မယ် ဒီတော့ မင်းအနေနဲ့ ဆန္ဒရှိမရှိပဲ အရင်ပြောစမ်းပါ"
မင်ချူးက ခေါင်းကို ကမန်းကတန်း ညိတ်လိုက်သည်။
"ဆန္ဒရှိပါတယ် သခင်လေး သိပ်ကို ဆန္ဒရှိပါတယ်ဗျာ"
မင်ချူး၏ စကားကိုကြားရသောအခါ စုချန်းက အားရပါးရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား ကောင်းတယ် သိပ်ကောင်းတယ် ငါအခုပဲ အဖိုးကို သွားရှာမယ် မင်းအတွက် ခွင့်သွားတောင်းမယ် နောက်တခါ တစုံတယောက်က မင်းကို အနိုင်လာကျင့်ရင် ငါ့ကို ဆက်ဆက်သာ လာပြော ဟုတ်ပြီလား"
မင်ချူးက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ သခင်လေး ခင်ဗျာ"
စကားဆုံးသည်နှင့် စုချန်းသည် ထိုနေရာမှ ထွက်ခွာလာခဲ့၏။ ထိုအခါ မင်ချူးက လှမ်းမေးလိုက်သည်။
"ဒါဆို ခုလောလောဆယ် သိုင်းပညာ မလေ့ကျင့်သေးဘူးပေါ့နော် သခင်လေး"
စုချန်းက
"မလေ့ကျင့်သေးဘူး ငါ့မှာ လုပ်စရာ နည်းနည်းရှိနေသေးတယ် ဒီတော့ မင်ချူး မင်းက စီးစရာတခုခု သွားရှာပြီး ငါ့ကို စစ်မှန်သော ကျောက်စိမ်းနန်းတော်ကို လိုက်ပို့စမ်းပါ"
မင်ချူးသည် မြင်းရထားတစီး ရှာဖွေရန် ထွက်ခွာသွား၏။ သို့သော် သိပ်မကြာမီပင် မင်ချူးတယောက် လက်ဗလာနှင့် ပြန်ရောက်လာသည်။ ထိုအခါ စုချန်းက မေးလိုက်သည်။
"ဟေ့ မင်ချူး မြင်းလှည်းကော"
မင်ချူးက ဒေါသတကြီးနှင့် ဖြေလိုက်၏။
ဟို ယုတ်မာစုတ်ပဲ့တဲ့ မိုဒါယန်ကြောင့်ပေါ့ သခင်လေး သူက ပြောလိုက်တယ် ဒီကနေ့မှာ အိမ်တော်ကနေ လူတွေအများကြီး ခရီးထွက်နေတဲ့အတွက် မြင်းရထားတစီးမှ မရှိပါဘူးတဲ့ သခင်လေးရဲ့မြင်းရထားကိုလည်း တခြားသူတွေ ယူသုံးထားသတဲ့ဗျ ဒီစံအိမ်မှာ ဒီလောက်မြင်းရထားတွေများတာ တစီးမှမအားလို့ သခင်လေးရဲ့ မြင်းရထားကိုတောင် ယူသုံးလိုက်ရတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဒီလူတွေ သခင်လေးကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာပဲဗျ"
မိုဒါယန်သည် စုမျိုးနွယ်စု၏ သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲဖြစ်သည်။ အကယ်၍ သူက မြင်းရထားတစီးမျှ မရှိဟုဆိုလျင် မင်ချူးအနေနှင့် မည်သို့မျှ မတတ်နိုင်ချေ။ စုချန်းက ပြောလိုက်သည်။
"ကောင်းပြီလေ ငါတို့ သွားကြည့်ကြတာပေါ့"
ထို့နောက် သူတို့နှစ်ယောက်သည် သိုင်းပညာသင်ကြားလေ့ကျင့်ရေးခန်းမမှ ထွက်ခွက်လာပြီး ကော်ရစ်တာတလျှောက် ဖြတ်သန်းလာခဲ့ကြ၏။ အတန်ကြာသောအခါ သူတို့သည် စုမျိုးနွယ်စု၏ ရထားလုံးများ စီမံခန့်ခွဲရာ နေရာဌာနသို့ ရောက်ရှိလာလေသည်။ ထိုနေရာတွင် လူများသည် အုပ်စုဖွဲ့ကာ ဝိုင်အရက်များ သောက်သုံးနေကြ၏။ လူအုပ်စု၏ ခေါင်းဆောင်သည် လူထွားကြီးတဦးဖြစ်ပြီး မျက်နှာတခုလုံးတွင် မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးများ ထူထဲစွာ ပေါက်ရောက်နေ၏။ မြင်ရုံနှင့်ပင် ရက်စက်ကြမ်းကြုတ်ရာတွင် အထုံပါရမီ ပါလာသူမျိုးမှန်း သိသာနေသည်။ ထိုပုဂ္ဂိုလ်သည် ကြီးမားသော ဖလားကြီးကို မော့ကာ ဝိုက်အရက်များကို သောက်သုံးနေလေရာ ရင်ဘတ်တဝက်ခန့်မှာ ရွှဲရွှဲစိုနေ၏။ ဤလူမှာ မိုဒါယန်ပေတည်း။
မိုဒါယန်နှင့်အတူ ဝိုင်သောက်နေသူများသည် စုချန်းကို မြင်သောအခါ ၎င်းတို့၏ ဆရာသမားကို လက်တို့လိုက်ကြ၏။ ထိုအခါ မိုဒါယန်ကို စုချန်းကို ဖြတ်ခနဲကြည့်ရင်း သူ့တပည့်များကို ပြောလိုက်သည်။
"လွှတ်ထားလိုက်ကြစမ်းပါကွာ"
ထိုအခိုက်မှာပင် စုချန်းသည် မိုဒါယန်၏ ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။ သူက မေးလိုက်သည်။
"မိုဒါယန် ကျုပ်ရဲ့ မြင်းရထား ဘယ်မှာလည်း"
ထိုအခါ မိုဒါယန်က ဝိုင်ဖလားကို အောက်သို့ချရင်း ပြောလိုက်သည်။
"ဟာ စတုတ္ထသခင်လေးကိုယ်တိုင် ရောက်လာတာကိုး ဒီနေ့ကတော့ အတော်လေး အလုပ်ရှုပ်တဲ့ နေ့ပဲဗျို့ ကံမကောင်းစွာပဲ ဒီကနေ့မှာ ကျုပ်တိုရဲ့ သခင်ကြီးတွေ သခင်လေးတွေ သခင်မတွေဟာ ဘာကြောင့်ရယ်မသိ သွားစရာ လာစရာ အသီးသီးနဲ့ ဖြစ်နေကြတယ်ဗျ လက်ရှိအနေအထားမှာ ကျုပ်တို့မြင်းရထားတွေတောင် မလုံမလောက်နဲ့ ဒုက္ခများနေတာ သခင်လေးအတွက် ရထားတစင်း ဘယ်လိုလုပ် ပေးနိုင်မှာလဲ နောက်ပြီးတော့ သခင်လေးဟာ မျက်မမြင်လေ မျက်မမြင်ဆိုတာ အိမ်ထဲမှာပဲ နေသင့်တာ ဘယ့်နှယ်ကြောင့် ဒီမှာလာပြီး ရုန်းရင်းဆန်ခတဖြစ်အောင် လုပ်နေရတာလဲဗျာ"
မိုဒါယန်၏ မထီမဲ့မြင်စကားကို ကြားရသောအခါ မင်ချူးက ဒေါသတကြီးနှင့် ငေါက်ငမ်းလိုက်သည်။
"မိုဒါယန် မင်းက သခင်လေးကို မထီလေးစား လုပ်ရဲတယ်ပေါ့ ဟုတ်လား"
သို့သော် စုချန်းက မင်ချူးကို ဟန့်တားလိုက်သည်။ သူက မိုဒါယန်ကို ဦးတည်ရင်း ပြောဆိုလိုက်ပြန်သည်။
"ဒီမယ် မိုဒါယန် မိသားစုတိုင်းမှာ ကိုယ်ပိုင် မြင်းရထားတွေ စီးတော်ယဉ်တွေ ရှိကြတယ် ဒါကြောင့် သွားစရာ လာစရာရှိရင် သူတို့အနေနဲ့ ကိုယ်ပိုင်မြင်းရထားတွေကိ အသုံးပြုနိုင်တယ် တကယ်လို့ ဒီနေရာမှာ သူတို့အတွက် မြင်းရထားမလုံလောက်ဘူးဆိုရင်တောင် ခင်ဗျားအနေနဲ့ တခြားမိသားစုရဲ့ မြင်းရထားကို အစားထိုးစီမံပေးခွင့် မရှိဘူး ဒါဟာ ကျုပ်အဖိုးကိုယ်တိုင ထုတ်ထားတဲ့ စည်းကမ်းပဲ ဒီစည်းကမ်းကို ခင်ဗျား မသိတာတော့မဖြစ်နိုင်ဘူးထင်တယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"
မိုဒါယန်က ရယ်မောရင်း ပြောလိုက်သည်။
"မှန်ပါတယ် သခင်လေး ဒီလိုစည်းကမ်း ရှိပါတယ် ဒါပေမဲ့ စည်းကမ်းဆိုတာက အသေပါ လူတွေကတော့ အရှင်ပါ ဒါကြောင့်မို့ တခါတလေမှာ အခြေအနေနဲ့ လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်"
စုချန်းက ဖြတ်ခနဲ ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ခင်ဗျားပြောတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေအောင် ပြောင်းလဲရမယ်ဆိုတဲ့ အချက်ကို ကျုပ်က လက်မခံဘူးဆိုရင်ကောဗျာ"
မိုဒါယန်က ဒုတိယအကြိမ်မြောက် အားရပါးရ ရယ်မောလိုက်ပြန်သည်။
"ဘာပဲပြောပြော သခင်လေးက သခင်ပါပဲ ကျုပ်ကတော့ အစေခံတယောက်ပါ သခင်လေးကသာ တကယ်တောင်းဆိုလာရင် ကျုပ်အနေနဲ့ ငြင်းပယ်ခွင့် မရှိပါဘူး ခြံဝင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အရန်ထားတဲ့ ရထားလုံးတချို့ ရှိနေပါသေးတယ် ဒါပေမဲ့ လူတွေကတော့ မတူဘူးဗျ ကျုပ်အနေနဲ့ သခင်လေးကို ရထားလုံး ပေးနိုင်ပေမဲ့ ရထားမောင်းမဲ့လူတော့ ရှာမပေးနိုင်ဘူး"
စုချန်းတွင် မူလကတည်းက ကိုယ်ပိုင် ရထားလုံးမောင်းသမား ရှိ၏။ သို့သော် သူ မျက်လုံး ကွယ်သွားပြီးကတည်းက အနှီ ရထားလုံးမောင်းသမားသည် ရာထူးမှဖယ်ရှားခံလိုက်ရပြီး မြင်းထိန်းဘဝသို့ ရောက်ရှိသွားလေသည်။ ပုံမှန်းအားဖြင့် ရထားလုံးမောင်းသမားနေရာ လစ်လပ်သွားလျင် စုမျိုးနွယ်စုအနေနှင့် စုချန်းအတွက် ယာဉ်မောင်းတယောက် အစားထိုးခန့်အပ်ပေးသင့်၏။ သို့သော် မျိုးနွယ်စုကြီးများ၏ ရထားလုံးမောင်းသမားတယောက် ဖြစ်လာရန်မှာ လွယ်ကူလှသည်တော့ မဟုတ်။
သိုင်းပညာကို အဆင့်အတန်းတခုအထိ တတ်မြောက်ထားရန် လိုအပ်၏။ တနည်းအားဖြင့် ၎င်းတို့သည် သယ်ယူပို့ဆောင်ရေး တာဝန်များကို ထမ်းဆောင်ရသလို အရှင်သခင်အတွက် သက်တော်စောင့်များလည်း ဖြစ်ကြသည်။ ထို့ကြောင့် မျိုးနွယ်စုတွင် ရထားလုံးမောင်းသမားတယောက်၏ အဆင့်အတန်းမှာ မနိမ့်လှ။ ထိုနည်းတူစွာ ရထားလုံးများနှင့် ရထားလုံးမောင်းသမားများကို တာဝန်ယူကာ စီမံခန့်ခွဲရသော မိုဒါယန်၏ အဆင့်ကလည်း မြင့်မား၏။
စုချန်း မျက်လုံးကွယ်သွားခဲ့သည့် နောက်တွင်ကား အပြင်သို့သွားရန် ကိစ္စထူးထူးထွေထွေ မရှိတော့ရာ ရထားလုံးမောင်းသမား အသစ်တယောက် ခန့်အပ်ရန်ကိစ္စသည်လည်း သဘာဝကျစွာပင် နှောင့်နှေးနေခဲ့၏။ တဖန် စုချန်းသည် စစ်မှန်သော ကျောက်စိမ်းနန်းတော်သို့ ပို့ဆောင်ခံလိုက်ရသည်။ ထိုအခြေအနေတွင် သူ့အတွက် ကိုယ်ပိုင် ရထားလုံးမောင်းသမားတယောက် ရရှိသင့်သော်လည်း အကြီးအကဲပေါင်းများစွာတို့က သူ့အပေါ် အမြင်မကြည်လေရာ ထိုကိစ္စကို အားလုံးက တညီတညွတ်ပင် လစ်လျူရှုထားကြ၏။ ထို့ကြောင့် စုချန်း အပြင်သွားစရာ ကိစ္စမျိုးပေါ်လာတိုင်း မိုဒါယန်က ရထားလုံးမောင်းသမားတယောက် စီစဉ်ပေးရလေ့ရှိသည်။
ထိုအတွက်ကြောင့် တချို့ကိစ္စများတွင် မိုဒါယန်ကို ဆန့်ကျင်၍ ပြုလုပ်ရန် စုချန်းအတွက် အတော်လေး ခက်ခဲ၏။ ၎င်းသည် ခက်ခဲသော အချိန်ကာလတချို့တွင် စုချန်းကို ကာကွယ်ထားသည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။ သို့သော် စုချန်းသည် စိတ်ကို ပျော့မသွားအောင် ထိန်းသိမ်းထားပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ကျုပ်ကို ရထားလုံးတစီးသာ ပေးပါ ယာဉ်မောင်း စီစဉ်ပေးဖို့ မလိုပါဘူး"
စုချန်း၏ မထင်မှတ်သော စကားကြောင့် မိုဒါယန် အံ့သြသွား၏။ သူက မေးလိုက်သည်။
"ဘယ်လို ဘယ်လို"
သို့သော် စုချန်းက မိုဒါယန်၏ အမေးကို ဂရုမစိုက်ပါ။ သူက ခေါင်းကို နောက်သို့လှည့်ရင်း မင်ချူးကို အမိန့်ပေးလိုက်သည်။
"ဟေ့ မင်ချူး မင်းက ကျူးဟုန်ကို သွားရှာ သူ့ကိုတွေ့ရင် ပြောလိုက် ကျုပ်အတွက် မြင်းရထားတစီး အသင့်ပြင်ဆင်ထားပါလို့"
ကျူးဟုန်သည် စုချန်း မျက်လုံးမကွယ်ခင်က သူ့ရထားလုံးကို မောင်းနှင်ခဲ့သူဖြစ်သည်။ စုချန်း၏ အမိန့်ကြောင့် မင်ချူး လန့်ဖြတ်သွား၏။ သူက စောဒကတက်လိုက်သည်။
"ဒါပေမဲ့ သခင်လေး... ကျူးဟုန်ဟာ သခင်လေးကို ကောင်းကောင်း မကာကွယ်နိုင်လို့ဆိုပြီး အကြီးအကဲက ရာထူးချထားတယ်လေ"
မင်ချူး၏ စောဒကကို စုချန်းက ဂရုမစိုက်ပါ။
"ဒီတော့ ဘာဖြစ်သလဲ အဲဒီတုန်းက အဖြစ်အပျက်မှာ သူ့အမှားမှ မပါတာ သူ့အမှားဆိုရင်တောင် ဘယ်သူ့ကို ရွေးသင့်သလဲဆိုတာ ငါကပဲ ဆုံးဖြတ်မယ် ဘာဖြစ်လို့ ခုချိန်ထိ ကျူးဟုန်ကို သွားမခေါ်သေးတာလဲ မင်ချူး"
စုချန်း၏ ပြတ်သားလှသော အမိန့်ကြောင့် မင်ချူးတယောက် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ လန့်ဖြတ်သွား၏။ သူက ကမန်းကတန်းနှင့် ပြောလိုက်သည်။
"ကောင်းပါပြီ သခင်လေး ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ် ခင်ဗျာ"
သူတို့နှစ်ယောက် ပြောဆိုနေသော စကားများကို နားထောင်ရင်း မိုဒါယန်၏ အမူအရာက ပြောင်းလဲသွား၏။
"ကျူးဟုန်ဟာ သူ့သခင်ကိုတောင် မကာကွယ်နိုင်လို့ ရာထူးအချခံထားရတဲ့သူပါ သူ့မှာ ရထားမောင်းစစ်သည်တယောက်ရဲ့ အရည်အချင်းမျိုး မရှိဘူး ဒီလို အစွမ်းအစမရှိတဲ့ လူတယာက်ကို ခေါ်ယူအသုံးပြုတာဟာ စည်းကမ်းနဲ့ ညီလို့လား သခင်လေး"
စုချန်းက
"သူဟာ စုမျိုးနွယ်စုရဲ့ ရထားလုံးစစ်သည်တယောက် မဟုတ်တော့ဘူးလို့ ခင်ဗျား ခုနကပဲ ပြောခဲ့တယ် ဒီတော့ ကျုပ်အနေနဲ့ သူ့ကိုသုံးတာ ခင်ဗျားနဲ့ ဘာဆိုင်သလဲ ဘာလဲ ခင်ဗျားက ကျုပ်အတွက် ရထားလုံးမောင်းသမားတယောက် စီစဉ်ပေးမလို့လား"
မိုဒါယန်၏ မျက်နှာသည် ဖြူသွားလိုက်၊ ပြာသွားလိုက် ဖြစ်နေ၏။ ထိုအခိုက်မှာပင် ရယ်မောသံတသံ ထွက်ပေါ်လာ၏။ အသံရှင်က လှမ်းပြောလိုက်သည်။
"စတုတ္ထအစ်ကိုကြီး မှန်တယ် ဟေ့ မိုဒါယန် မဟုတ်ရင် ခင်ဗျားက အစ်ကိုကြီးအတွက် ရထားလုံးမောင်းသမားတယောက် စီစဉ်ပေးလိုက်ပေါ့ဗျ"
နောက်ထပ်အသစ်ယောက်လာသူကို လှည့်ကြည့်စရာမလိုပဲ အသံကို နားထောင်ရုံနှင့် မည်သူမည်ဝါမှန်း စုချန်း အတပ်သိလိုက်၏။ စုယွဲ့ သို့မဟုတ် နံပါတ်ကိုးကလေး။ ၎င်းသည် စုမျိုးနွယ်စု ဒုတိယအကြီးအကဲ၏ မြေးဖြစ်ပြီး မျိုးနွယ်စု တတိယမျိုးဆက်များထဲတွင် နံပါတ်ကိုးနေရာ၌ ရှိနေသောကြောင့် နံပါတ်ကိုးကလေးဟု နာမည်ပြောင် ပေးထားကြ၏။ ဒုတိယအကြီးအကဲသည် စုခေါ့ကျိကို ထောက်ခံအားပေးသူ ဖြစ်လေရာ စုယွဲ့သည် စုချန်းအတွက် ခါးသီးသော ပြိုင်ဘက်ဟု သတ်မှတ်နိုင်၏။
စုယွဲ့ရောက်လာသည်ကို မြင်လိုက်သောအခါ မိုဒါယန်တယောက် အဘယ်ကြောင့် သူ့အတွက် ရထားလုံးပေးရန် ငြင်းဆန်ရသနည်းဟူသည့် အဖြေကို စုချန်း သဘောပေါက်သွား၏။ လက်စသတ်တော့ ၎င်းမှာ စုယွဲ့၏ ကြားဝင်ခြေထိုးမှုကြောင့်ပေတကား။ စုယွဲ့၏ စကားကို ကြားသောအခါ မိုဒါယန်တယောက် မနေသာတော့ပဲ သူ့လူများကိုခေါ်ကာ ရထားလုံးတစင်း အမြန်ဆုံး ပြင်ဆင်ခိုင်းလိုက်၏။
ထိုအချိန်တွင် စုယွဲ့သည် ဖြူဖွေးချွန်ထက်နေသော ငွေအပ်တချို့ကို မြင်းရထားအတွင်းတွင် နေရာတကျ ထားသိုနေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ စုယွဲ့သည် ထိုလုပ်ရပ်ကို လူမြင်ကွင်းတွင် ပေါ်တင်ပြုလုပ်နေခြင်း ဖြစ်သည်။ စုချန်းသည် မျက်မမြင်တယောက် ဖြစ်လေရာ ဂရုစိုက်စရာမလိုဟု စုယွဲ့က ယူဆထားပုံရသည်။ တဖန် ၎င်းသည် မြင်းရထား၏ ဝင်ရိုးနှင့် ရထားတိုင်လုံးများတွင် သေချာပြူးပြဲကြည့်မှသာ မြင်သာနိုင်မည့် အက်ကွဲရာများညဖြစ်အောင် ပြုလုပ်နေပြန်၏။
အကယ်၍ ဤမြင်းရထားကိုသာ မောင်းနှင်သွားပါက ဖင်ပူအောင်မှ မထိုင်ရသေးပဲ မြင်းရထားအိမ်၏ ဝင်ရိုးများသည် တဖြောင်းဖြောင်းမည်အောင် ကျိုးပဲ့သွားပေလိမ့်မည်။ ထိုအခါ မြင်းရထားတခုလုံးသည်လည်း ရစရာမရှိအောင် ပျက်စီးသွားပေလိမ့်မည်။ စုချန်းသည် မြင်းရထားပေါ်မှ ပြုတ်ကျသွားပေလိမ့်မည်။ ထိုအချိန်တွင် မြင်းရထားအတွင်း ထားသိုထားသော ငွေရောင်အပ်များသည် စုချန်းတကိုယ်လုံးသို့ စိုက်ဝင်သွားပေလိမ့်မည်။ ထိုဒဏ်ရာကြောင့် စုချန်း သေကောင်းမှသေမည်ဖြစ်သော်လည်း သက်သာလိမ့်မည် မဟုတ်သည်ကား သေချာ၏။
မည်မျှ ကြောက်စရာကောင်းပြီး ရက်စက်ယုတ်မာလိုက်သည့် လုပ်ကြံနည်းပေနည်း။ ထိုလူများသည် ကောက်ကျစ်သော လုပ်ရပ်ကို စုချန်း၏ ရှေ့မှောက်၌ပင် သွေးအေးအေးနှင့် ပြုလုပ်နေကြ၏။ မျက်မမြင်တယောက်ဟု ယူဆပြီး ကြီးနိုင်ငယ်ညှင်း ပြုလုပ်ခြင်းပေတကား။