← Chapters

မင်းနဲ့ထိုက်တန်သလောက်ပဲမင်းရလိမ့်မယ်

Vol. 3 Ch. 26

မင်းနဲ့ထိုက်တန်သလောက်ပဲမင်းရလိမ့်မယ်

Vol. 3 Ch. 26

လျှို့ဝှက်ကြံစည်ထားသော မြင်းရထားကို မြင်တွေ့နေရသော်လည်း စုချန်း၏ မျက်လုံးအစုံသည် တနေရာတည်းကိုသာ စိုက်ကြည့်ထားပြီး အနည်းငယ်မျှ ဒေါသထွက်နေဟန် မရှိ။ သူ့ပုံစံသည် အမှန်တကယ် မျက်မမြင်တဦးနှင့် တူလှ၏။

အချိန်အတန်ကြာသောအခါ မင်ချူးသည် ကျူးဟုန်ကိုခေါ်ပြီး ရောက်ရှိလာလေသည်။ စုချန်းမှတ်မိသလောက် ကျူးဟုန်သည် အရပ်ရှည်ပြီး ကြံ့ခိုင်သန်စွန်းသူ ဖြစ်သည်။ သူသည် နူးညံ့သိမ်မွေ့ပြီး အမြဲတစေ အေးဆေးတည်ငြိမ်စွာ ပြုမူဆက်ဆံတတ်၏။ ယခုတွင်ကား ကျူးဟုန်ကိုကြည့်ရသည်မှာ ဖရိုဖရဲနှင့် ကပိုကရိုနိုင်လှပြီး တကိုယ်လုံးမှာလည်း အရိုးပေါ် အရေတင်ဖြစ်နေရှာ၏။ သူ့အသက်သည် ယခင်ကထက် နှစ်ဆခန့် ပို၍ အိုမင်းသွားဟန်ရှိပြီး အလုပ်ပြုတ်သွားပြီးကတည်းက ဘဝကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရမှန်း မြင်ရုံနှင့်ပင် သိသာနေလေသည်။

သခင်လေးက သူ့ကို ရထားပြန်မောင်းရန် အလိုရှိနေသည်ဟု မင်ချူးက ပြောလိုက်သောအခါ ကျူးဟုန်ခမျာ စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်ရှာ။ သူသည် စုချန်းကို တွေ့ချင်လွန်းလှ၍ မြင်းရိုင်းတကောင်ပမာ ဒုန်းစိုင်းပြေးလွှားလာ၏။ သူတွေ့ချင်သူကို တွေ့လိုက်ရသောအခါ ကျူးဟုန်သည် သူ့သခင်လေး၏ ရှေ့တွင် ဒူးထောက်ထိုင်ချရင်း အံ့သြတကြီးနှင့် ပြောဆိုလိုက်သည်။

"ငမိုက်သား ကျူးဟုန် ရောက်ပါပြီ သခင်လေးခင်ဗျာ"

စုချန်းက နူးညံ့သိမ်မွေ့သော လေသံနှင့် ပြောဆိုလိုက်သည်။

"အတိတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီအတွက် ထိုက်တန်တဲ့ အပြစ်ကြွေးကို ခင်ဗျား ပေးဆပ်ခဲ့ပြီးပြီ ဒါကြောင့်မို့လို့ ခင်ဗျားကို ကျုပ် ပြန်အသုံးပြုမယ် အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ ကိုယ့်ဟာကိုယ် သေချာရဲ့လား"

ကျူးဟုန်က ကျယ်လောင်သော လေသံနှင့် အာမဘန္တေပြုလိုက်သည်။

"စိတ်ချပါ သခင်လေး ကျွန်တော်မျိုးကြီးကျူးဟုန် အသက်သေဆုံးသွားတဲ့အထိ သခင်လေးအပေါ်မှာ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်ပါ့မယ်"

စုချန်းက အမိန့်ပေးလိုက်သည်။

"ကောင်းပြီ ခုပဲသွားပြီးတော့ ရထားလုံးကို ပြင်ဆင်ပေတော့"

ကျူးဟုန်သည် မြင်းရထားကို လျင်မြန်စွာပင် ပြင်ဆင်လိုက်၏။ ၎င်းသည် ဤလုပ်ငန်းဆောင်တာများနှင့် မထိတွေ့ရသည်မှာ သုံးနှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာကား ချောမွေ့လှသည်။ သူသည် မြင်းများကို ငြိမ်သက်အောင် ပြုလုပ်ပြီး မြင်းရထားမောင်းသမားထိုင်ခုံတွင် ဝင်ထိုင်ကာ စုချန်းအလာကို စောင့်ဆိုင်းနေလေသည်။

စုချန်းသည် မြင်းလှည်းဆီသို့ ဦးတည်လျှောက်သွားလိုက်၏။ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးမှ သူက တစုံတရာကို သတိရလာဟန်ဖြင့် နောက်ပြန်လှည့်ကာ သူ့ခြေလှမ်းများကို စုယွဲ့ဆီသို့ ဦးတည်လိုက်သည်။ လျှောက်နေရင်းမှပင် သူက ပြောလိုက်သည်။

"အလောတကြီး လုပ်နေရတာနဲ့ နံပါတ်ကိုးညီတော်ကို ကျေးဇူးတင်စကား ပြောရမှာကိုတောင် မေ့သွားတယ် ညီတော်ရောက်လာလို့သာ တော်ပေတော့တယ် မဟုတ်ရင် ကျုပ်နဲ့ အစေခံတွေနဲ့ စကားများရအုံးမယ်"

ထို့နောက် သူက စုယွဲ့ကို ကျေးဇူးတင်ဟန်ဖြင့် ဦးညွတ်လိုက်သည်။ စုယွဲ့က စုချန်း၏ လုပ်ရပ်ကို သဘောကျသွားဟန်ဖြင့် တကိုယ်လုံးကို လှုပ်ရမ်းကာ ရယ်မောရင်း ပြောလိုက်၏။

"ဟား ဟား ဟား ကျေးဇူးတင်စရာမလိုပါဘူး အစ်ကိုတော်ခင်ဗျာ ရထားလုံးပေါ်ကိုသာ မြန်မြန်တက်လိုက်ပါ တော်ကြာ အလုပ်ကိစ္စတွေ လွဲချော်ကုန်ပါအုံးမယ်"

ထိုအခါ စုချန်းက လောကဝတ်ပြုဟန်ဖြင့် ပြောလိုက်၏။

"ဟာ ဘယ်ဟုတ်မလဲညီတော်ရဲ့ ဒီကနေ့ ညီတော်ရဲ့ အကူအညီသာ မပါဘူးဆိုရင် ကျုပ်အဖို့ အပြင်တောင် ထွက်နိုင်မှာ မဟုတ်ဘူး ဒီတော့ သေချာပေါက် ကျေးဇူးတင်ရမှာပေါ့ ဒီလိုလုပ်ရင်မကောင်းဘူးလား ညီတော် ကျုပ်နဲ့အတူ လဖက်ရည်တခွက်လောက် လိုက်သောက်ပါလား"

ပြောရင်းဆိုရင်းပင် သူက စုယွဲ့၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုတ်လိုက်သည်။ စုချန်း၏ လှုပ်ရှားမှုသည် လျင်မြန်လှပေရာ စုယွဲ့အဖို့ လှုပ်ရှားချိန်ပင် မရလိုက်။ စုယွဲ့၏ မျက်နှာတခုလုံးသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။ သူက အကြောက်အကန် ငြင်းဆန်လိုက်သည်။

"ဟာ မလုပ်ပါနဲ့ အစ်ကိုတော် ကျုပ်မှာ လုပ်စရာလေးတွေ ရှိနေလို့ဗျ"

ပြောပြောဆိုဆိုပင် စုယွဲ့သည် စုချန်း၏ လက်ကို လှုပ်ခါက ဖမ်းဆုပ်ခံထားရခြင်းမှ လွတ်မြောက်သွားစေရန် အပြင်းအထန် အားထုတ်နေရှာ၏။ သို့သော် သူတို့နှစ်ယောက်၏ ခွန်အားသည် များစွာကွာခြားလွန်းနေရာ သူ့အနေနှင့် စုချန်း၏ လက်မှလွတ်မြောက်ရန် အဘယ်မှာ အားထုတ်နိုင်ပါအံ့နည်း။ စုချန်းသည် စုယွဲ့၏ လက်ကို တည်ငြိမ်သော အမူအရာနှင့် ဖမ်းဆုပ်ထား၏။ သူ့မျက်နှာပေါ်တွင်ကား အပြုံးတပွင့် မသိမသာ ပေါ်ပေါက်နေသည်။ သူက ပြောလိုက်၏။

"ဘယ်လိုဖြစ်ရတာလဲကွဲ့ ညီတော် ..စတုတ္ထအစ်ကိုကြီးက မင်းကို ကောင်းကောင်းမွန်မွန်နဲ့ မေးနေတယ်လေ မင်းကိုကြည့်ရတာ ကျုပ်ကို မျက်နှာသာ မပေးချင်ဘူးထင်တယ်"

စုချန်း၏ လက်များသည် သံမဏိကဲ့သို့ပင် သန်မာလှပေရာ စုယွဲ့ခမျာ လက်မျိုကို ဖမ်းဆုပ်ခြင်းခံထားရသည့် ကြက်ကဲ့သို့ လှုပ်ပင်မလှုပ်နိုင်ရှာ။ စုယွဲ့တယောက် ပိုမိုထိတ်လန့်လာ၏။ သူသည် လွတ်နေသော လက်တဖက်ဖြင့် စုချန်း၏ လက်မောင်းကို ရိုက်ပုတ်ကာ အော်ဟစ်နေရှာ၏။

"ကျုပ်ကိုလွှတ် ကျုပ်ကိုလွှတ်"

စုချန်းက အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ညီတော်ကို ကြည့်ရတာ မြင်းရထားပေါ် မတက်ချင်ဘူးထင်တယ် ကြည့်ရတာ ဘာများရှိလဲမသိဘူး ကျုပ်ကတော့ အတော်လေး စိတ်ဝင်စားလာပြီ"

တဆက်တည်းမှာပင် သူက ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်၏။

"ကျူးဟုန်"

ရထားလုံးမောင်းသမားနေရာတွင် ကျကျနနထိုင်နေသော ကျူးဟုန်သည် သခင်ဖြစ်သူ၏ အော်ဟစ်သံကို ကြားရသောအခါ ကပျာကယာပင် ထူးလိုက်၏။ ထိုအခါ စုချန်းသည် စုယွဲ့၏ ကိုယ်ခန္ဓာကို အသံကြားရာနေရာဖက်သို့ တွန်းထုတ်လိုက်၏။ သူသည် ခေါင်းကိုလုံးဝမလှည့်ပဲ မျက်မမြင်တယောက်၏ ဟန်ပန်ဖြင့် အထက်ပါ လုပ်ရပ်ကို ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ စုယွဲ့၏ ကိုယ်ခန္ဓာသည် လေထဲတွင် ပျံ့လွင့်သွားပြီး ကျူးဟုန်၏ နောက်ကျောရှိ မြင်းရထားအိမ်ကို ပြင်းထန်စွာ ဝင်တိုက်မိတော့သည်။

ဝင်တိုက်မိသည့်အရှိန်က အတော်အတန်ပင် ပြင်းထန်လှပေရာ နဂိုတည်းက ယိုင်နဲ့နဲ့ဖြစ်နေသော ရထားအိမ်သည် တစစီ ပြိုကျသွား၏။ ထိုအခါ မူလကတည်းက ရထားအိမ်အတွင်းဝယ် ထည့်ထားသော အပ်ချွန်များသည် ဝရုန်းသုန်းကားနှင့် လွင့်ထွက်လာကာ စုယွဲ့၏ ကိုယ်ခန္ဓာ အတ္တဘောကြီးအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်ကုန်ကြတော့သည်။

"အား"

စုယွဲ့၏ နာကျင်စွာ အော်ဟစ်သံ ပေါ်ပေါက်လာ၏။ စုယွဲ့၏ အဖြစ်ကိုကြည့်ရင်း မိုဒါယန်က အထိတ်တလန့်နှင့် အော်ဟစ်လိုက်သည်။ တဆက်တည်းမှာပင် သူက စုချန်းကို စိုက်ကြည့်ရင်း ဒေါသတကြီးနှင့် ဆဲဆိုလိုက်၏။

"ခွေးမသား စုချန်း မင်း..မင်း...အတင့်ရဲလှချည်လား"

မိုဒါယန်၏ ရိုင်းပြမှုကို စုချန်း လက်သင့်မခံပါ။ သူက ခြေတချက်ဆောင့်ရင်း ခုန်ထွက်လိုက်၏။ မာကျောလှသော ကျောက်ခင်းလမ်းပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်ခဲ့သည်။ သူ၏ ကိုယ်ခန္ဓာမှာကား စွန်တကောင်ပမာ လေထဲတွင် ဝဲပျံသွားရင်း မိုဒါယန်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ဖြောင်းခနဲ မည်သံနှင့်အတူ မိုဒါယန်၏ ကိုယ်ကာယသည် နောက်သို့ လွင့်ထွက်သွား၏။ သူ့ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထွက်လာတော့သည်။

All Chapters