← Chapters

အပြစ်ပေးခြင်း

Vol. 3 Ch. 27

အပြစ်ပေးခြင်း

Vol. 3 Ch. 27

စုချန်း၏ လုပ်ရပ်ကြောင့် ခြံဝင်းတခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ အထိတ်တလန့် ဖြစ်ကုန်ကြ၏။ မှင်သက်အံ့သြကုန်ကြ၏။ မျက်ကလူးဆန်ပြာ ဖြစ်ကုန်ကြ၏။

အခင်းဖြစ်ပွားရာနေရာသို့ ပထမဦးဆုံး ရောက်လာသည့် ပုဂ္ဂိုလ်မှာ စုမျိုးနွယ်စု လုံခြုံရေးခေါင်းဆောင် ဖေးကျိယွင်ပင် ဖြစ်သည်။ ၎င်းသည် စုချန်ချင်း၏ တူဖြစ်ပြီး သွေးစီးဆင်းခြင်းနယ်ပယ်မှ မူလချီစွမ်းအား ပညာရှင်ဖြစ်သည်။ စုမျိုးနွယ်စု၏ ဒုတိယမျိုးဆက်များအနက် ၎င်းသည် စုခေါ့ကျိနှင့် စုဟွိုင်ယုကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်နိုင်သည့် ဒုတိယလူဟု ဆိုနိုင်၏။

ပို၍ ထူးခြားသည်မှာ ၎င်းသည် ဖြစ်ရပ်အတော်များများတွင် သမာသမတ်ကျကျ ဆုံးဖြတ်လေ့ရှိသူ ဖြစ်နေခြင်းပင်။ လုံးခြုံရေးခေါင်းဆောင် အကြီးအကဲတယောက် ဖြစ်သည်နှင့်အညီ သူသည် လာဘ်ပေးလာဘ်ယူ၊ ဘက်လိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားလေ့ရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ ပထမဆုံးရောက်ရှိလာသူမှာ ဖေးကျိယွင်ဖြစ်နေခြင်းကြောင့် စုချန်းအနေနှင့် အနည်းငယ် အသက်ရှုချောင်သွား၏။

ဖေးကျိယွင်သည် စုဖေးဟူကဲ့သို့ စုချန်းအပေါ် အထူးတလည် ကြင်နာခြင်းမရှိသော်လည်း ပို၍ ဖိနှိပ်နေစရာကား အကြောင်းမရှိ။ သူသည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိသူတယောက် ဖြစ်၏။

ဖေးကျိယွင်သည် နေရာကို ရောက်လျင်ရောက်ချင်း စုယွဲ့နှင့် မိုဒါယန်တို့၏ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ မျက်လုံးပြူးသွား၏။ သူက ကမန်းကတန်းနှင့် ပြောလိုက်သည်။

"ဟာ စုချန်း မင်းဘာတွေလုပ်နေတာလဲ"

စုချန်းက သိမ်မွေ့စွာ ရယ်မောရင်း ပြောလိုက်သည်။

"ခုနေခါမှာတော့ မရှင်းပြနိုင်သေးဘူးခင်ဗျာ အကြီးအကဲတွေ အကုန်လုံး ရောက်လာတဲ့အထိ စောင့်ပါအုံး သူတို့ရောက်လာရင် အကုန်လုံး ရှင်းသွားပါလိမ့်မယ်"

ဖေးကျိယွင် မျက်လုံးပြူးသွား၏။ သို့သော် သူက မည်သို့မျှ ပြန်မပြောပဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ ဒါပေမဲ့ မင်းအနေနဲ့ စုယွဲ့ကိုတော့ အရင်ဆုံး လွှတ်ပေးမှ ရမယ်ကွဲ့"

"ဒီလိုလုပ်လို့တော့ မရသေးဘူးဗျ သူသာမရှိရင် ကျွန်တော် ပါးစပ်တောင် ဟလိုက်ရမှာမဟုတ်ဘူး"

ပြောပြောဆိုဆိုပင် စုချန်းသည် သူ၏ ညာဖက်လက်ကို စုယွဲ့၏ မျက်လုံးပေါ်တွင် တင်ထားလိုက်၏။ တဆက်တည်းမှာပင် သူက ပြောလိုက်သည်။

"ဘာအမှားမှ မလုပ်မိစေနဲ့ တခုခုလုပ်လိုက်တာနဲ့ သူ့မျက်လုံးတွေ ကန်းသွားလိမ့်မယ် မျက်မမြင်တယောက်အဖို့ ထပ်ပြီး ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး ဒီတော့ သူမလုပ်နိုင်တာလဲ ဘာမှမရှိတော့ဘူးဗျ"

ဖေးကျိယွင်က အသက်ကို ပြင်းပြင်းရှုသွင်းရင်း ပြောလိုက်သည်။

"ဟေ့ ဟေ့ အရမ်းကာရော လျှောက်မလုပ်နဲ့ မင်းအနေနဲ့ သူ့ကို ထိန်းချုပ်ထားရင် ရပြီပဲ မဟုတ်ဘူးလား ကဲ ကဲ ကျုပ်တို့အားလုံး အကြီးအကဲတွေ စုံတဲ့အထိ စောင့်ကြတာပေါ့"

ထိုအခါ စုချန်းက ဘေးတွင် ဝိုင်းအုံနေကြသော ရထားလုံးမောင်းသမားများကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဦးလေးဖေး သူတို့ကိုလဲ လွှတ်ပေးထားလို့ မရဘူးဗျ ဒီကနေ့ဖြစ်ရပ်မှာ သူတို့အားလုံးဟာ မျက်မြင်သက်သေတွေဖြစ်တဲ့အတွက် စစ်ဆေးဖို့ လိုအပ်တယ် ဒါပေမဲ့ ကျွန်တော့အပေါ် မကောင်းကြံစည်တာ လိမ်လည်ပြောဆိုတာတွေ ဖြစ်လာနိုင်တဲ့အတွက် သူတို့အားလုံးကို ခွဲခြားထားပြီး တဦးချင်းစီ စစ်ဆေးမေးမြန်းဖို့ တောင်းဆိုလိုပါတယ်"

စုချန်း၏ စကားကြောင့် ရထားလုံးမောင်းသမားများအားလုံး မှင်သက်ကုန်ကြ၏။ သူတို့ထဲမှတချို့သည် စုချန်းကို ကြောက်ရွံ့ခြင်း မရှိပေ။ ကြောက်ရွံ့ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်။ သူတို့သည် အခွင့်အရေးကြုံသည်နှင့် စုချန်း၏ ထိန်းချုပ်ခြင်းမှ ရုန်းထွက်ပြီး ၎င်းကို ပြန်လည် ဒုက္ခပေးရန် ကြံစည်တွေးတောထားကြလေ၏။ ယခုတော့ စုချန်း၏ ကွက်ကျော်မြင်မှုကြောင့် သူတို့ကြံစည်ထားသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။ စုချန်းတွင် ဤမျှ ကောင်းမွန်သော အကြံအစည်မျိုး ရှိလိမ့်မည်ဟု သူတို့ မယူဆထားချေ။ ဤလူငယ်သည် အမှန်တကယ်ပင် ပရိယာယ်ကြွယ်ဝလှသူပေတကား။

ဖေးကျိယွင်သည် တခြားလူများ၏ စဉ်းစားတွေးခေါ်မှုကို ဂရုမစိုက်ချေ။ စုချန်း၏ စကားကြောင့် သူ့မျက်လုံးအစုံသည် ဝင်းလဲ့တောက်ပသွား၏။ ထိုကဲ့သို့ လူအများကို ခွဲခြားစစ်ဆေးလိုက်ခြင်းဖြင့် မည်သူမှား၍ မှန်သူမှန်ကြောင်း တိတိကျကျ သိလာမည်ဖြစ်ရာ မှားယွင်းစွာ စီရင်ခြင်းမျိုး ဖြစ်လာတော့မည်မဟုတ်။ မတရားမှုတိုင်းအတွက် လက်သည်တရားခံတယောက်ကတော့ ရှိနေတတ်သည် ဖြစ်ရာ ထိုတရားခံကို မှန်ကန်စွာ ရွေးထုတ်နိုင်ခြင်းအားဖြင့် တရားစီရင်ခြင်း၏ တာဝန်ခံမှု၊ တာဝန်ယူမှုအားလုံးကို သူခေါင်းခံနေစရာ မလိုတော့။

ထိုအခါ ဖေးကျိယွင်က လက်တဖက်ကို ဝေ့ယမ်းရင်း အမိန့်ပေးလိုက်၏။

"တယောက်လာပြီး သူတို့အားလုံးကို နေရာခွဲပြီး ဖမ်းချုပ်ထားလိုက်စမ်း ကျုပ်အမိန့်မရပဲ ဘယ်သူကမှ သူတို့နဲ့ တွေ့ခွင့်မရှိဘူး"

အမိန့်သံထွက်ပေါ်လာသည်နှင့် မျိုးနွယ်စုအစောင့်တယောက်က ချက်ချင်းပင် ရှေ့သို့ထွက်လာပြီး ရထားမောင်သမားများအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွား၏။ မင်ချူးနှင့် ကျူးဟုန်ကို ဖမ်းဆီးမည်ပြုသောအခါတွင်ကား စုချန်းက ဟန့်တားလိုက်သည်။ ထိုလုပ်ရပ်ကို ဖေးကျိယွင်က ကန့်ကွက်ခြင်း မပြုပါ။ သူပြောနိုင်သည်မှာ ယနေ့ကသောင်းကနင်းဖြစ်ရပ်သည် အခြားတဖက်မှ ကျူးကျူးလွန်လွန် ဖြစ်သောကြောင့်သာ ဖြစ်ပွားရခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်လျင် စုချန်းအနေနှင့် ယခုလောက်ထိ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မည် မထင်။

သိပ်မကြာမှီ စုမျိုးနွယ်အကြီးအကဲများအားလုံး မျက်ကလူးဆန်ပြာနှင့် ရောက်ချလာကြကုန်၏။ စုချန်းအန်၊ စုခေါ့ကျိ၊ စုဖေးဟူ၊ တန်ဟွားယွီနှင့် ယန့်ဝူရွှန်းတို့အားလုံး လူစုံတက်စုံ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်များအားလုံးသည် စုချန်းကို ဝိုင်းဝန်းကြည့်ရှုနေကြ၏။ သို့သော် မည်သူမျှ အနားမကပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် စုချန်၏ လက်သည် ယခုအချိန်ထိ စုယွဲ့၏ မျက်လုံးပေါ်တွင် တင်လျက်သားရှိနေသောကြောင့်ပင်။ သူသည် မည်သူ၏ တောင်းပန်စကားကိုမျှ အရေးမစိုက်ပဲ လက်နှစ်ချောင်းကို စုယွဲ့၏ မျက်ခွံပေါ်တွင် မြဲမြံစွာ တင်ထားလေသည်။

သိပ်မကြာမီ စုချန်းချိန်း ရောက်ရှိလာ၏။ ၎င်းသည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန်ဒေါသထွက်လာပြီး နှာခေါင်းကို စူပွစူပွလုပ်ရင်း ပြောလိုက်သည်။

"စုချန်းအန် မင်းရဲ့သား ဘာလုပ်ထားတာလဲဆိုတာ မင်းမြင်ပြီလား ခုချက်ချင်း ယွဲ့အာကို လွှတ်ပေးဖို့ ပြောလိုက်စမ်း"

စုချန်းအန်က စိတ်ကသိကအောင့်ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။

"ဒီခွေးမသားက ကျုပ်စကားကို နားမထောင်တာ ကြာပြီဗျ ခုနေသာ ကျုပ်က စုယွဲ့ကို လွှတ်ပေးဖို့ ပြောလိုက်ရင် သူကတော့ လွှတ်ပေးမှာ မဟုတ်ဘူး လွှတ်ပေးမဲ့အစား စုယွဲ့မျက်နှာကို အပ်နဲ့ပဲ ခြစ်ချလိုက်လိမ့်မယ်"

ထိုအခါ တန်ဟွားယွီက အသည်းခိုက်မတတ် နာကျင်သည့် ဟန်ပန်ဖြင့် ဝင်ပြောလိုက်သည်။

"စုချန်းအန် ရှင်ဟာ လူကောဟုတ်သေးရဲ့လား ဒီမှာ ပြသနာ ကြီးကြီးမားမား ဖြစ်နေတယ် ဒါကို ရှင်က ကိုယ့်သားကိုယ်ကို ကာကွယ်ဖို့မကြိုးစားပဲ ခွေးမသားလို့တောင် ဆဲလိုက်သေးတယ် ဘာတွေဖြစ်နေသလဲ ရှင်မေးကောမေးပြီးပြီလား"

စုချန်းအန်၏ မျက်နှာ နီရဲသွား၏။ သူက ပြောလိုက်သည်။

"သူမပြောပဲ ကျုပ်က ဘယ်လိုလုပ် သိမှာလဲကွ"

ထိုအခါ တန်ဟွားယွီက ဒေါသတကြီးနှင့် အော်ဟစ်ပြောဆိုလိုက်၏။

"ဒီနေရာမှာ ဘာတွေဖြစ်နေသလဲဆိုတာ သူ့အနေနဲ့ ပြောဖို့အခွင့်အရေး မရသေးဘူးဆိုတာ ရှင်ကိုယ်တိုင်လည်း မြင်နေတာပဲ ဒါတောင် ရှင်က သူ့ကို ဆဲရဲပြီးတော့ လူလွှတ်ဖို့ ပြောနေသေးတယ် ပတ်ပတ်လည်ကို ကြည့်လိုက်စမ်း ချန်းအာကို စားမတတ်ဝါးမတတ်ကြည့်နေတဲ့ ငမိုက်သားတွေ ဘယ်နှစ်ယောက်တောင် များသလဲဆိုတာ လူသာလွှတ်လိုက်ရင် ပါးစပ်တောင်ဟဖို့ ရလိုက်မှာ မဟုတ်ဘူးရှင့်"

ထိုစဉ် ယန့်ဝူရွှန်းက ချောင်းဟန့်ရင်း ဝင်ပြောလိုက်သည်။

"အစ်မကြီး အထင်လွဲနေပြီ ထင်တယ် ဒီကလူတွေအားလုံးဟာ ချန်းအာကို စိတ်ပူနေတဲ့ လူတွေချည်းပါပဲရှင်"

တန်ဟွားယွီက ယန့်ဝူရွှန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း ပြန်လည် အော်ဟစ်လိုက်၏။

"တိတ်စမ်း နင်ဟာလည်း ချန်းအာကို ဒုက္ခရောက်စေချင်တဲ့ လူတွေထဲက တယောက်ပဲ ငါတို့နောက်ကွယ်မှာ ဘာတွေ ခြေလှမ်းများနေသလဲ ငါမသိဘူးထင်နေတာလား ခွေးမ ချန်းအာသာ သတိမပေးခဲ့ရင် နင့်ကြောင့် ငါတို့သားအမိနှစ်ယောက် အစောကြီးကတည်းက ဒုက္ခရောက်ပြီးပြီ"

ထိုစဉ်က စစ်မှန်သော ကျောက်စိမ်းနန်းတော်၏ အလုပ်သမားတယောက်ကို ယန့်ဝူရွှန်းက လာဘ်ထိုးခဲ့သော ဖြစ်ရပ်ကို တန်ဟွားယွီတယောက် သိရှိထား၏။ ထိုအလုပ်သမားကိစ္စကို လူအများရှေ့တွင် ချပြရမည့်အစား အလွယ်တကူ ထွက်ခွာခွင့်ပြုလိုက်သည့်အတွက်ပင် သူမက စုချန်အား အပြစ်တင်ခဲ့ဖူးလေသည်။ ထိုသို့ လူအများရှေ့တွင် ချပြလိုက်ခြင်းအားဖြင့် အနည်းဆုံး ယန့်ဝူရွှန်းကိုတော့ အသရေပျက်စေလိမ့်မည်ဟု တန်ဟွားယွီက ယူဆ၏။ သို့သော် စုချန်းကမူ ထိုလုပ်ရပ်သည် ယန့်ဝူရွှန်းကိုသာမကပဲ မိမိဖခင် စုချန်းအန်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလိမ့်မည်ဟု ယူဆ၍ တိုးတိုးတိတ်တိတ်သာ ဖြေရှင်းခဲ့လေသည်။

တန်ဟွားယွီ၏ ကျိန်ဆဲပြောဆိုမှုကြောင့် ယန့်ဝူရွှန်းတယောက် အလွန် ဒေါသထွက်လာ၏။ သူမသည် လက်ရှိတွင် အလွန် သြဇာညောင်းသည်မှာ မှန်သော်လည်း အဆင့်အတန်းချင်း ယှဉ်လျင်ကား တန်ဟွားယွီထက် များစွာ နိမ့်ကျနေသေးရာ ခွန်းတုံ့ကား မပြန်နိုင်ရှာ။ စုချန်းအန်ကိုသာ အသနားခံသော မျက်လုံးမျိုးနှင့် စိုက်ကြည့်လိုက်ရရှာသည်။ စုချန်းအန်၏ မျက်နှာသည် ဖြူသွားလိုက် နီသွားလိုက်နှင့် အရောင်အမျိုးမျိုး ပြောင်းလဲနေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

"ကဲ ကဲ တော်ကြတော့ဟေ့"

တန်ဟွားယွီသည် ပင်ကိုယ်အရည်အသွေးအားဖြင့် အားကောင်းသူ ဖြစ်သည်။ တဖန် လက်ရှိအခြေအနေတွင် သူမအနေနှင့် မည်သည့်အမှားမျိုးမှ စုချန်းအန်အပေါ် ပြုလုပ်ထားခြင်း မရှိ။ ဤအခြေအနေတွင် သူမအနေနှင့် အဘယ်မှာ စုချန်းအန်၏ စကားကို နားထောင်ပါမည်နည်း။ သူမက အားရပါးရ နှုတ်လှန်ထိုးရန် ဟန်ပြင်လိုက်သည်။

ထိုအခိုက်မှာပင် အလွန်တရာ သြဇာညောင်းလှသော အသံတသံ ပေါ်လာ၏။

"အားလုံးပဲ တော်လောက်ပြီ"

ထိုအသံကို ကြားလိုက်ရသောအခါ ထိုနေရာတွင် စုဝေးနေကြသော လူများအားလုံးလိုလိုသည် ဆတ်ခနဲ တုန်လှုပ်ကုန်ကြ၏။ သူတို့၏ ပါးစပ်မှလည်း အာမေဋိတ်သံတခု တညီတညွတ်တည်း ထွက်လာတော့သည်။

"မျိုးနွယ်စုခေါင်းဆောင်ပါလား"

လူများက လူသွားလမ်းလေးပေါ်လာအောင် ချဲပေးလိုက်ကြသည်။ လမ်းလေးအတိုင်း အဖိုးအိုတယောက် လမ်းလျှောက်လာ၏။ ထိုအဖိုးအိုမှာ စုမျိုးနွယ်စု၏ ခေါင်းဆောင်ကြီး စုချန်းချဲ (ယခင်အပိုင်းများတွင် စုချန်ချင်းဟု သုံးခဲ့ဖူး၏။ မှားနေပါသည်။ နောင်အပိုင်းများတွင် စုချန်းချဲဟု ပြင်ဆင် ဖတ်ပေးပါရန်) ပင် ဖြစ်လေသည်။ အဖိုးအိုသည် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်လာနေ၏။ ရိုးရှင်းသော သူ့ဟန်ပန်ကြောင့် မျိုးနွယ်စုခေါင်းဆောင်တယောက်နှင့်ပင် မတူပဲ သာမာန် သက်ကြီးရွယ်အို အဖိုးအိုတယောက်နှင့်သာ တူလှသည်။

သို့သော် စုမျိုးနွယ်စုဝင်များသည် အဖိုးအိုကို မြင်သည်နှင့် ကျယ်ကျယ်လောင်လောင် ပြောဆိုခြင်း၊ ငြင်းခုန်ခြင်း၊ တီးတိုးပြောဆိုခြင်းတို့ မရှိတော့ပဲ မီးကိုရေနှင့် ငြိမ်းသတ်လိုက်သည့်ပမာ တိတ်ဆိတ်ကုန်ကြတော့သည်။ အဖိုးအိုသည် သာမာန်ခေါင်းဆောင်မျိုးမဟုတ်။ မျိုးနွယ်စုကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်၏။ မြို့တော်တခွင် ထိပ်တန်းမျိုးနွယ်စုကြီး ဖြစ်လာအောင် အနှီအဖိုးအိုတယောက် ပြင်းထန်စွာ ကြိုးစားခဲ့ရ၏။

အဖိုးအိုသည် လမ်းဆုံးသို့ရောက်သည်နှင့် စုချန်း၊ စုယွဲ့နှင့် မိုဒါယန်တို့၏ အခြေအနေကို ဝေ့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် စုချန်းချိန်းက တစုံတရာကို ပြောဆိုရန် ပါးစပ်ဟလိုက်၏။ သို့သော် အဖိုးအိုက လက်ကာပြရင်း တားမြစ်လိုက်၏။ ထို့နောက် သူက စကားစသည်။

"ဘာမှပြောမနေနဲ့တော့ ကျုပ်အကုန်သိပြီးပြီ ဒီပြသနာဟာ စုယွဲ့က စုချန်းကို မကောင်းကြံစည်ရာကနေ စတာပဲ စုယွဲ့ဟာ မြင်းရထားကို တိတ်တဆိတ် ဖျက်ဆီးတယ် မြင်းရထားအိမ်ထဲမှာ အပ်ချွန်တွေ ဖွက်ထားတယ် တကယ်တော့ ချန်းအာဟာ ကိုယ့်ဟာကို ကာကွယ်တဲ့သဘောသက်သက်ပဲ မိုဒါယန်အတွက်ကတော့ ဒီကောင်ဟာ ကိုယ့်သခင်ကို လိမ်တယ် မြင်းရထားမှာ ဘာတွေကြံစည်ထားမှန်း သိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေခဲ့တယ် သူရဲ့ သစ္စာမဲ့မှုနဲ့ ကြောက်စရာလုပ်ရပ်ကြောင့် သူဟာလည်းပဲ အပြစ်ပေးခံသင့်တယ်"

ဝါကျအနည်းငယ်နှင့်ပင် သခင်ကြီးဘုရား စုချန်းချဲသည် ကနဦး ဖြစ်ပွားခဲ့သော ပြသနာများကို လူအများ နားလည်သွားအောင် ရှင်းပြနိုင်ခဲ့၏။ ထိုအကြောင်းအရာများကို အဖိုးအို မည်သို့မည်ပုံ သိရှိလာကြောင်းကို မည်သူမျှ မသိသလို အရေးလည်းမပါတော့ပါ။ သူ၏ နှုတ်ထွက်စကားသည် အတည်ပင် ဖြစ်လေရာ သူ့စကားကို မည်သူမျှ စောဒကမတက်ရဲသလို မည်သူမျှလည်း မေးခွန်းပြန်မထုတ်ရဲ။ ဤသည်မှာ ကောင်းသည်ဟု ဆိုနိုင်သလို ဆိုးသည်ဟုလည်း ဆိုနိုင်၏။

ကောင်းသည်မှာကား စုချန်းအနေနှင့် လက်ရှိပြသနာများနှင့် ပတ်သက်၍ အထူးတလည် ခုခံကာကွယ်ရန် မလိုအပ်တော့ခြင်းပင် ဖြစ်သည်။ ဆိုးသည်မှာကား စုချန်းချဲသည် ဖြစ်ပျက်ပုံ အစုံစုံကို အရိုးရှင်းဆုံး စကားလုံးများနှင့်သာ ဖော်ပြခဲ့၏။ သူ့အနေနှင့် ဤပြသနာသည် မိသားစုပြသနာအဖြစ်သာ ပြီးဆုံးသွားစေလိုကြောင်း မြင်သာသည်။ စုချန်းလိုချင်နေသည်မှာကား ထိုကဲ့သို့ မဟုတ်။ လက်ရှိပြသနာကို ယခုထက်ပို၍ ကြီးကျယ်စေလို၏။ အုတ်အော်သောင်းနင်း ဖြစ်စေလို၏။

မြင်းလှည်းအိမ်အတွင်းတွင် အပ်ချွန်များထည့်၍ သူမ၏ သားကို လုပ်ကြံသော စုယွဲ့၏ အကြံအစည်ကို တန်ဟွားယွီကြားလိုက်သောအခါ သူမက စုချန်းချိန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ စုချန်းချိန်၏ မျက်နှာတခုလုံးသည် ရဲရဲနီနေပြီး ခေါင်းကိုငုံ့ထား၏။ သူ့အနေနှင့် မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိတော့။ သို့သော် သူ့ရင်ထဲမှ အမုန်းတရားများသည်ကား အလျံတညီးညီး တောက်လောင်နေလေသည်။

သခင်ကြီး စုချန်းချဲက စကားဆက်ပြန်၏။

"ညီအစ်ကိုတွေ ခိုက်ရန်ဖြစ်ပွားတာဟာ ကျုပ်ကို အတော်လေး စိတ်ထိခိုက်စေတယ် စုယွဲ့က စုချန်းကို အရင်ဆုံး တိုက်ခိုက်တယ် အခု စုချန်းရဲ့လက်ချက်ကြောင့် သူ ဒဏ်ရာရသွားပြီး ဒါကို အပြစ်ပေးခံလိုက်ရပြီလို့ သတ်မှတ်လိုက်မယ် ကဲ ချန်းအာ မင်းက သူ့ကို လွှတ်လိုက်တော့ ဒီကိစ္စကို ဒီနေရာမှာတင် ပြီးဆုံးသွားပြီလို့ သတ်မှတ်လိုက်မယ် ဘယ်လိုသဘောရတုန်းကွဲ့"

စုချန်းက စုယွဲ့၏ ကျောပြင်ကို တွန်းထုတ်ရင်း ပြောလိုက်သည်။

"ဖိုးဖိုးက အမိန့်ပေးနေပြီဆိုတော့ မြေးက မနာခံပဲ မနေရဲပါဘူး ခင်ဗျာ"

ထိုစဉ် စုချန်းချိန်းက အောက်ကလိအာနိုင်သော လေသံနှင့် အဆင်းကို ဘီးတပ်လိုက်ပြန်သည်။

"ဒါပေမဲ့ အစ်ကိုကြီးခင်ဗျာ မိုဒါယန်ဟာ သူ့သခင်ကို မလေးမစား လုပ်တယ်ဆိုရင်တောင် စုချန်းအနေနဲ့ ဒီလောက်ထိ အလွန်အကျွံ မလုပ်သင့်ပါဘူး ခင်ဗျာ ဒါဟာ အကြောင်းမဲ့ လူတယောက်ကို သတ်လိုက်တာနဲ့ အတူတူပါပဲ ဒါ့အပြင် မိုဒါယန်ဟာ စုချန်းကို ဒုက္ခရောက်စေတဲ့ အကြံအစည်မှာ ကိုယ်ထိလက်ရောက် ပါဝင်သေးတာမဟုတ်ဘူး သူ့မှာ အပြစ်ဆိုလို့ ပါးစပ်ပိတ်ထားတဲ့ အပြစ်ပဲ ရှိတာပါ ဒါကို စုချန်းအနေနဲ့ မကျေနပ်ဘူးဆိုရင် အထက်အကြီးအကဲ အဆင့်ဆင့်ကို တိုင်ကြားသင့်ပါတယ် ခုလိုမျိုး လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး မလုပ်ဆောင်သင့်ပါဘူး"

၎င်း၏စကားကို နားထောင်ရင်း တန်ဟွားယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခုမှ တယောက်ကိုတယောက် သိပ်ပြီးတော့ ကာကွယ်ချင်နေကြတယ်ပေါ့ ဟုတ်လား"

ထိုအခါ စုချန်းချဲ့က သူမကို လှမ်းကြည့်လိုက်၏။ တန်ဟွားယွီ မအော်ရဲတော့။ ခေါင်းငုံ့ကာ ပါးစပ်ပိတ်ထားလိုက်လေသည်။ အဖိုးအိုက ခေတ္တမျှ စဉ်းစားရင်း စကားဆက်သည်။

"မိုဒါယန် မှားတယ်ဆိုရင်တောင် မျိုးနွယ်စုဥပဒေအရသွားရင် ဒီလောက်အခြေအနေထိ ရောက်သွားစရာတော့ မရှိဘူး ဒီနေရာမှာတော့ စုချန်းက အဆင့်ကျော်လုပ်တဲ့အပြစ် မိုဒါယန်အပေါ် လုပ်လိုက်တဲ့ လုပ်ရပ်ကလည်း ပြင်းထန်လွန်းတယ် ဒီအတွက်တော့ စုချန်းမှာ အပြစ်ရှိတယ်လို့ဆိုနိုင်တယ် ကဲ ချန်းအာ ဖိုးဖိုးက ငါ့မြေးကို အပြစ်ပေးမယ် ငါ့မြေး လက်ခံရဲ့လား"

စုချန်း မငြင်းပါ။ သူက ခေါင်းညိတ်လိုက်သည်။

"လက်ခံပါတယ် ဖိုးဖိုး"

စုချန်းချဲ့က ပြောလိုက်၏။

"ကောင်းတယ် ငါ့မြေး သိပ်ကောင်းတယ် ဒီတော့မင်းကို ကြိမ်ဒဏ်နှစ်ဆယ်ချမယ် သတ္တုတူးဖော်ရေးလုပ်ငန်းမှာ သုံးလ လုပ်ခိုင်းမယ် နှစ်ဝက် ထောက်ပံ့ကြေးဖြတ်မယ် ဘာကန့်ကွက်စရာ ရှိသလဲ"

စုချန်းက ခေါင်းမော့ရင်း မေးလိုက်သည်။

"ပြစ်ဒဏ်တမျိုးကို ပြင်ဆင်ပေးလို့ရမလား ဖိုးဖိုး"

စုချန်းချိန်းက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

"ဟေ့ မင်းက သတ္တုတူးရမဲ့အလုပ်ကို ရှောင်လွှဲချင်နေတာမလားကွ"

ပြစ်ဒဏ်သုံးမျိုးအနက် သတ္တုတူးဖော်ခြင်းလုပ်ငန်းမှာ အပြင်းထန်ဆုံးဖြစ်သည်။ အမှန်တကယ်အားဖြင့် စုမျိုးနွယ်စုမျိုးဆက်သစ်များအနေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်ရန် မလိုအပ်တော့ပေ။ သူတို့အနေနှင့် အသုံးပြုစရာ သတ္တုမြောက်များစွာ ကျန်ရှိနေသေး၏။ အဆိုပါပြစ်ဒဏ်သည် အပြစ်ပေးခံရသူကို ညစ်ပတ်စိုစွတ်အေးစက်နေသော သတ္တုတွင်းများအတွင်း တမင်တကာ နေထိုင်ခိုင်းသည့် ပြစ်ဒဏ်မျိုးသာ ဖြစ်သည်။

သို့ရာတွင် စုချန်း ဆက်ပြောလိုက်သော စကားကြောင့် အားလုံး ပါးစပ်ကြီး အဟောင်းသားနှင့် မှင်သက်အံ့သြကုန်ကြ၏။

"တကယ်လို့ အနီရောင်ပြစ်ဒဏ်ဆိုရင်ကော ဖိုးဖိုး"

All Chapters