လိမ်လည်ခြင်း
Vol. 3 Ch. 29
တန်ကျင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စုချန်း၏ အနီရောင်ပြစ်ဒဏ်သည် အတည်ဖြစ်သွားခဲ့လေပြီ။ တန်ကျင်းအနေနှင့် ထိုအခြေအနေကို လက်ခံရရန်မှာတပါး အခြားမရှိတော့။ သူလုပ်နိုင်သည့်အရာမှာ စုချန်းအား သူသိရှိထားသမျှ ဗဟုသုတများအား အတတ်နိုင်ဆုံး သင်ကြားပေးလိုက်ရန်သာ ဖြစ်သည်။
စုချန်း အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခြင်းကို အခြားသူများ မသိရှိစေရန် အလို့ငှာ တန်ကျင်းသည် သူကိုယ်တိုင် ကျောက်စိမ်းနန်းတော်တလွှား အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်ကာ ဆေးအမျိုးမျိုးအား ယူဆောင်လာခဲ့၏။ ထို့နောက် တန်ကျင်းသည် စုချန်းအား ထိုဆေးဝါးများကို မည်သို့မည်ပုံ ခွဲခြမ်းစိတ်ဖြာရမည်၊ မည်သို့မည်ပုံ အမျိုးအစား သတ်မှတ်ရမည် စသည်တို့ကို အသေးစိတ် သင်ကြားပေး၏။ တဖန် အစစ်အမှန် နှင့် အတုအယောင်တို့ကြားထဲရှိ ကွဲပြားခြားနားချက်များကို ရှင်းပြပြန်သည်။ နောက်ဆုံးတွင်ကား ထိုဆေးဝါးများကို မည်သို့အသုံးပြုရမည်ကို ကိုယ်ဖိရင်ဖိ သင်ကြားပြန်၏။
တန်ကျင်းသည် ဆရာစားမချန်ပဲ တသက်တာ လေ့လာခဲ့သော အသိပညာများကို အိတ်သွန်ဖာမှောက် သင်ကြားပေးလိုက်၏။ မိမိထံမှ ဗဟုသုတများအား ပိုမို ရရှိထားလေလေ စုချန်းအတွက် အသက်ရှင်ရန် အခွင့်အလမ်း ပိုများလေလေမှန်း သူကောင်းကောင်း သဘောပေါက်ထားလေသည်။
ဆရာလုပ်သူက ဆရာစားမျှ မချန်ပဲ အိတ်သွန်ဖာမှောက် သင်ကြားသကဲ့သို့ တပည့်လုပ်သူကလည်း အပတ်တကုတ် သင်ယူနေလေရာ တနေ့တာမျှသော အချိန်ပင် မည်သို့ကုန်ဆုံးသွားမှန်း မသိလိုက်ပေ။ ထိုအခိုက်မှာပင် ကျောက်စိမ်းနန်းတော်ရှိ ရွှေပြားခတ်ထားသော အချိန်ပြကိရိယာမှ အချက်ပေးသံ မည်လာ၏။ တနေ့တာလုပ်ငန်း အစီအစဉ်များ ပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်ပေးလိုက်သည့် သဘောပင်။ ထိုအခါ တန်ကျင်းက
"ကဲ ကဲ ဒီနေ့အဖို့တော့ ဒီနေရာမှာပဲ ရပ်ထားကြတာပေါ့ နက်ဖြန်ကျရင် သင်ခန်းစာ ပြန်စဖို့ စောစောလာခဲ့ပါသခင်လေး ဒီကနေ့ သင်ကြားသမျှတွေကို ပြန်လည်ဆန်းစစ်ဖို့ သခင်လေးအနေနဲ့ ဒီမှာပဲ နေရင်နေခဲ့နိုင်တယ် ကျွန်တော်ကတော့ စောစောပြန်နှင့်မယ်"
တန်ကျင်းသည် အချိန်နှင့်တပြေးညီ အလုပ်လုပ်သူဖြစ်လေရာ အလုပ်လုပ်ရာတွင်လည်းကောင်း၊ အနားယူရာတွင်လည်း အလွန်တရာ အချိန်တိကျ၏။ တဖန် ၎င်းသည် ဆိုင်၏ ရာထူးအကြီးဆုံးသူ ဖြစ်လေရာ သူများတကာထက် စော၍ အိမ်ပြန်နိုင်လေသည်။ ထို့နောက် တန်ကျင်းသည် အောက်ထပ်သို့ဆင်းသွားကာ အလုပ်သမားများအား မှာစရာရှိသည်တို့ကို မှာကြားပြီး ကျောက်စိမ်းနန်းတော်မှ ထွက်ခွာသွားလေ၏။ စုချန်းသည်သာ ရှေးဟောင်းရတနာပစ္စည်းများအား လေ့လာရင်း ထိုနေရာတွင် တယောက်တည်း ကျန်ရစ်ခဲ့လေသည်။
စုချန်းသည် သင်ခန်းစာများ၌ ဈန်ဝင်နေ၏။ ထိုအခိုက်မှာပင် အပြင်ဘက်မှ အလုပ်သမားတယောက်၏ ပြောဆိုသံကို သူကြားလိုက်ရသည်။
"သခင်လေး အောက်ထပ်မှာ အရောင်းအဝယ်တခု ပြုလုပ်ဖို့ ရှိနေတယ် တတိယအုပ်ချုပ်ရေးမှုးကြီးက သခင်လေးကိုယ်တိုင် အောက်ထပ်ကို ဆင်းလာပြီး ဒီအရောင်းအဝယ်ကို ဆုံးဖြတ်စေချင်တယ်"
စုချန်း အံ့သြသွား၏။ သူက မေးလိုက်သည်။
"ဘယ်လိုအရောင်းအဝယ်မျိုးမို့ တတိယအုပ်ချုပ်ရေးမှုကို အခက်တွေ့စေတာလဲ ဒါနဲ့ ဒုတိယအုပ်ချုပ်ရေးမှုးကြီးကော ဘယ်ရောက်သွားသလဲ"
အလုပ်သမားက ဖြေလိုက်သည်။
"သားရဲတွန်းလှန်ဆေးတမျိုးပါ သခင်လေး ဒါပေမဲ့ ဟိုဖက်က တောင်းတဲ့ဈေးနှုန်းက အတော်လေး မြင့်မားနေတယ် ဒုတိယအုပ်ချုပ်ရေးမှုးက သိုလှောင်ခန်းကို ရောက်နေတဲ့အတွက် လောလောဆယ် ဒီနေရာမှာ မရှိပါဘူး တတိယအုပ်ချုပ်ရေးမှုးကိုယ်တိုင် ဆုံးဖြတ်ရမဲ့ အခြေအနေမျိုးပါ သူက သခင်လေးရဲ့ ထင်မြင်ချက်ကို တောင်းခံနေပါတယ်ခင်ဗျာ"
သားရဲတွန်းလှန်ဆေးတဲ့လား။ စုချန်းအံ့သြသွား၏။ အဆိုပါ ဆေးသည် အလွန်ရှားပါးပြီး အဖိုးတန်လှသော ဆေးတမျိုးဖြစ်သည်။ အဆိုပါဆေးသည် အလွန်ထူးခြားသော အနံ့တမျိုးကို ထုတ်လွှတ်နိုင်၏။ ထိုအနံ့သည် လူသားတို့အတွက် မွှေးပျံ့သော်လည်း သားရဲသတ္တဝါများအတွက်မူ အလွန်ဆိုးဝါးလှသော အနံ့မျိုး ဖြစ်သည်။ ထိုအနံ့ကိုရသည်နှင့် အနှီသတ္တဝါများသည် အော့အန်ကြတော့သည်။ ထို့ကြောင့် အလွန်ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးများပင် ထိုအနံ့ကိုရလျင် ဝေးဝေးမှ ရှောင်ရှားကြကုန်၏။ ထိုဆေးကို ခန္ဓာကိုယ်ပေါ်တွင် ဆွတ်ထားလျင် သတ္တဝါဆိုးကြီးများ၏ ရန်ကို အနည်းဆုံး သုံးရက်ခန့် ရှောင်ရှားနိုင်လေသည်။
စုချန်းအနေနှင့် အနီရောင်တောင်တန်းသို့ ဝင်ရောက်ရသည့် ရည်ရွယ်ချက်မှာ ရိုင်းစိုင်းသတ္တဝါဆိုးများအား အမဲလိုက်ရန်သာ ဖြစ်သည်။ သေကြောင်းကြံစည်ရန် မဟုတ်ပေ။ သားရဲတွန်းလှန်ဆေးမျိုးသာ လက်ဝယ်ဆောင်ထားပါက သေရေးရှင်ရေး အခြေနေမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်လေရာ သတ္တာဆိုးများ၏ သတ်ဖြတ်မည့် အခြေနေမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ဤဆေးသည်ကား အလွန် အံ့သြသင့်ဖွယ်ရာကောင်းသော အသက်ကယ် ဆေးတမျိုးပေတည်း။
သို့ရာတွင် သားရဲတွန်းလှန်ဆေးပြုလုပ်သည့် နည်းစနစ်မှာ အလွန် ခက်ခဲလှ၏။ သာမာန် အဂ္ဂိရတ်ဆရာများပင် ထိုဆေးမျိုးကို ပြုလုပ်ဖော်စပ်နိုင်စွမ်း မရှိပေ။ ထူးခြားသော မူလ အဂ္ဂိရတ်ပညာရှင်များသာ ထိုဆေးမျိုးကို ဖော်စပ်နိုင်၏။ သို့တိုင်အောင် အရင်းအမြစ်နှင့် အချိန်များစွာ လိုအပ်လေသည်။ ထို့ကြောင့် ထိုပစ္စည်း၏ တန်ဖိုးသည် အလွန်တရာ မြင့်မားနေလေ့ရှိသည် များသောအားဖြင့် ဈေးကွက်အတွင်း၌ပင် တွေ့ရန်ခက်ခဲသော ဆေးတမျိုး ဖြစ်သည်။
ယခုလိုနေ့မျိုးတွင် ထိုဆေးမျိုးကို လာရောက်ရောင်းချသူ ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ထိုအခြေအနေတွင် စုချန်းအနေနှင့် ထိုပစ္စည်းကို စိတ်ဝင်စားနေခြင်းမှာ အပြစ်ဟုတော့ မဆိုသာ။ သူက အမိန့်ပေးလိုက်၏။
"သူတို့ကို ဝင်လာခိုင်းလိုက်ပါ"
လာရောက်ရောင်းချသည့်ပစ္စည်းက အလွန်တန်ဖိုးရှိနေရာ ထိုက်တန်သောနေရာတွင် လက်ခံဆွေးနွေးမှ သင့်တော်ပေလိမ့်မည်။ ထို့ကြောင့် စုချန်းက ထိုသူတို့အား တတိယထပ်သို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ စုချန်းသည် အခန်းထဲတွင် ငြိမ်သက်စွာထိုင်နေရင်း ဧည့်သည်အား စောင့်ဆိုင်းနေ၏။ သိပ်မကြာမီ အခန်းအပြင်မှ ခြေသံများကြားလိုက်ရပြီး လုယိက ပထမဦးဆုံး လှမ်းဝင်လာ၏။ သူ့နောက်မှကား ဝါးခြမ်းပြားတမျှ ပိန်ကပ်သော သက်လတ်ပိုင်းအရွယ်လူတယောက် ပါလာ၏။ ထိုလူသည် အလွန်ကောက်ကျစ်စဉ်းလဲသော ရုပ်လက္ခဏာမျိုးကို ပိုင်ဆိုင်ထားပြီး အခန်းတွင်းသို့ရောက်သည်နှင့် ကျီးကန်တောင်မှောက် ကြည့်ရှုနေလေသည်။
ထိုလူ၏ အမူအရာကိုကြည့်ရင်း စုချန်း၏ စိတ်ထဲတွင် မနှစ်မြို့သော ခံစားချက်များ ဖြစ်ပေါ်လာလေသည်။ သို့သော် သူက မျက်နှာမပျက်စေပဲ သိမ်မွေ့စွာ ပြုံးပြရင်း လောကဝတ် လုပ်လိုက်၏။
"အော်..ဆိုင်ထိန်းကြီးလုနဲ့ လေးစားလောက်တဲ့ ဧည့်သည်တော်ကြီးတို့ ရောက်လာပြီကိုး ထိုင်ကြပါ ထိုင်ကြပါ စုချန်းက မျက်မမြင်ဆိုတော့ ဧည့်သည်တော်ကြီးကို ဂရုမစိုက်ပေးနိုင်ဘူး ဒီအတွက် ခွင့်လွှတ်ပေးစေလိုပါတယ်"
တဆက်တည်းမှာပင် သူက အစေခံတယောက်ကို လဖက်ရည်ယူလာခဲ့ရန် အမိန့်ပေးလိုက်၏။
"ချန်းတိရေ လဖက်ရည်လေး ယူခဲ့ပါဟေ့"
သို့သော် လုယိက ကြားဖြတ်ပြောလိုက်၏။
"ဟာ ဒီကိစ္စနဲ့ သခင်လေး အလုပ်ရှုပ်နေပါ့မယ် ကျွန်တော်ပဲ အစအဆုံး ကိုင်တွယ်လိုက်ပါ့မယ် ခင်ဗျာ"
ထိုအခိုက်မှာ အစေခံက လဖက်ရည်ခွက်များ ယူလာ၏။ ထိုလဖက်ရည်ခွက်များကို လုယိကပင် လက်ခံထားလိုက်ပြီး အစေခံကို အခန်းတွင်းမှ ထွက်ခွာသွားရန် အချက်ပြလိုက်၏။ နောက်ဆုံးတွင် အခန်းတွင်း၌ သူတို့သုံးယောက်သာ ကျန်ရစ်ခဲ့လေသည်။
လုယိနဲ့ ပိန်ညှောင်ညှောင်လူသည် အတူတကွ ထိုင်လိုက်ကြ၏။ ထိုလူသည် နေရာတွင် ထိုင်ပြီးသည်နှင့် သူ့လက်များကို စုချန်း၏ မျက်နှာရှေ့တွင် ဝေ့ယမ်းကြည့်လေသည်။ စုချန်း၏ မျက်လုံးများ အမှန်တကယ် ကန်းမကန်း စမ်းသပ်ကြည့်ခြင်းပေတကား။ ထိုအခါ လုယိက ထိုလူကို တင်းမာသော မျက်နှာထားနှင့် စူးစူးဝါးဝါးကြည့်ကာ ထိုအပြုအမူမျိုးထပ်မံ မပြုလုပ်ရန် လက်ဟန်ခြေဟန်နှင့် တားမြစ်နေ၏။ ထိုလူမှာကား လုယိကို ဂရုစိုက်ဟန်မတူ။ သူ့ပုခုံးနှစ်ဖက်ကို ဟန်ပါပါနှင့် တွန့်ပြလိုက်၏။ စကားသံတလုံးမှပင် ထွက်ပေါ်မလာသော်လည်း ထိုလူ၏ မျက်နှာတွင်ကား အလိုမကျဟန်များ ပေါ်လွင်နေလေသည်။