← Chapters

ပြစ်ဒဏ်ချမှတ်ခြင်း

Vol. 3 Ch. 30

ပြစ်ဒဏ်ချမှတ်ခြင်း

Vol. 3 Ch. 30

စုချန်း၏ သတင်းပေးပို့မှုကြောင့် ဆိုင်အုပ်ချုပ်ရေးမှုးကြီး တန်ကျင်းတယောက် ပြန်လည်ပေါက်ချလာ၏။ ထိုအချိန်တွင် စုချန်းသည် လဖက်ရည်ခွက်ကို စိတ်အေးလက်အေးနှင့် ထိုင်သောက်နေ၏။ သို့သော် လုယိကိုသော်လည်းကောင်း၊ ရှောက်စီကိုသော်လည်းကောင်း မတွေ့ရချေ။ ထိုအခါ တန်ကျင်းက မေးလိုက်သည်။

"သူတို့ဘယ်မှာလဲ"

စုချန်းက တန်ကျင်းကို လဖက်ရည်ခွက်ကမ်းပေးရင် ဖြေလိုက်သည်။

"သူတို့ကို ဆိုင်အနောက်ဘက် အခန်းထဲမှာ သော့ခတ်ပြီး ထိမ်းသိမ်းထားပါတယ်ခင်ဗျာ"

၎င်းတို့နှစ်ဦးသည် သာမာန်လူများသာ ဖြစ်သဖြင့် စုချန်းအနေနှင့် အထူးတလည် အားစိုက်စရာ မလိုပဲ ဖမ်းဆီးနိုင်ခဲ့လေသည်။ တန်ကျင်းက လဖက်ရည်ခွက်ကို လှမ်းယူရင်း ထိုင်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"လုယိမှာ ပြသနာရှိနေတာလား သခင်လေး"

စုချန်းအနေနှင့် တန်ကျင်းကို သတင်းပေးရာတွင် ရေလည်အောင် ရှင်းပြထားခြင်း မရှိပေ။ တတိယအုပ်ချုပ်ရေးမှုး လုယိသည် ရွှေစင်နှစ်ထောင်နှင့် ပစ္စည်းရောင်းလိုသော လူတဦးကို ခေါ်ဆောင်လာ၏။ ထိုလူသည် ငွေကြေးအပူတပြင်း လိုအပ်နေဟန် ရှိ၏။ ငွေတန်ဖိုး များပြားနေသဖြင့် ပစ္စည်းများကို လာရောက် အကဲဖြတ်ပေးရန် တန်ကျင်းအား ဖိတ်ခေါ်ကြောင်းမျှသာ စုချန်းက အသိပေးထားခြင်း ဖြစ်သည်။

သို့သော် တန်ကျင်းသည် အတွေ့အကြုံ အလွန် ရင့်ကျက်သူတဦး ဖြစ်သည်။ အဆိုပါ သတင်းပေးပို့ချက်ကို ရလိုက်သည်နှင့် တပြိုင်နက် တနေရာတွင် တခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း သူက ချက်ချင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူက ချက်ချင်းပင် ပြန်လာခဲ့ခြင်းဖြစ်သည်။ စုချန်းတယောက် အရောင်းမှား အဝယ်မှားလုပ်မိမည်ကို သူစိတ်ပူနေသည် မဟုတ်ပါလား။

ဆိုင်အနောက်ဘက်တွင် သော့ခတ်၍ ထိမ်းသိမ်းထားသည်ဟူသော စုချန်း၏ စကားကို ကြားလိုက်သည်နှင့် သူ့သံသယမှာ မှန်ကန်နေခဲ့ပြီဖြစ်ကြောင်း တန်ကျင်းက ချက်ချင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် လုယိတွင် ပြသနာရှိနေသလားဟု မေးမြန်းလိုက်ခြင်း ဖြစ်သည်။

စုချန်းက ခေါင်းညိတ်လိုက်သည်။

"သူ့သားဟာ လောင်းကစားပွဲတခုမှာ ရွှေစင်အချိန်ရှစ်ရာ အကြွေးတင်နေခဲ့တယ် သူ့ကို ဒီနေ့ပဲ ဖမ်းမိသွားတယ် သုံးရက်အတွင်း အကြွေးပြန်မဆပ်ရင် သူတို့က သူ့ကို ခြေလက်တွေ ဖြတ်တောက်ပစ်မယ်တဲ့ နည်းလမ်းဟောင်းပေမဲ့ အတော်လေး အသုံးဝင်တဲ့ နည်းလမ်းပဲ"

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ တန်ကျင်းက ရင်ဘတ်ကို ဖိလိုက်၏။ စိတ်ပျက်လက်ပျက်နှင့် ဖိနောင့်ကို ဆောင့်နင်းလိုက်၏။ ထို့နောက် သူက လုယိကို သနားဂရုဏာသက်သော ဟန်ပန်နှင့် ပြောလိုက်သည်။

"ဟာ ဒါဆိုရင် လုယိတယောက်တော့ ဒုက္ခရောက်ပြီပေါ့"

စိတ်မကောင်းဖြစ်ဟန်ဖြင့် အတန်ကြာ တွေဝေနေပြီးမှ တန်ကျင်းက မေးလိုက်သည်။

"လာရောင်းတဲ့သူနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေများ သိထားသေးလဲ သခင်လေး"

စုချန်းက ခေါင်းကို ခါယမ်းလိုက်သည်။

"ဒီတကြိမ်မှာတော့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ပိုပြီး လိမ္မာပါးနပ်လာခဲ့ပြီ ဒီတခါ ဘယ်လိုမှ အဆက်အစပ်ရှာမရတဲ့ ကြားလူတယောက်ကို သုံးထားတယ်ဗျ ဒီတော့ သူ့နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုမှ မသိနိုင်တော့ဘူးပေါ့ ဒါပေမဲ့ ပြသနာတော့ မရှိပါဘူးဗျာ ဒီကိစ္စကို လုပ်တဲလူ ဘယ်သူမှန်း ကျွန်တော်ရော အုပ်ချုပ်ရေးမှုးကြီးရော နှစ်ယောက်လုံး သိနေတာပဲ"

တန်ကျင်းက သက်ပြင်းချရင်း ပြောလိုက်သည်။

သိတာက အသုံးမဝင်ဘူး သခင်လေးရဲ့ အထောက်အထားမရှိရင် သူမကို ထိထိရောက်ရောက် တာဝန်ခံခိုင်းလို့ မရဘူးဗျ"

စုချန်းက သိပ်မထူးခြားသော လေသံနှင့် ပြောလိုက်သည်။

"အရင်တခေါက်တုန်းက ကျွန်တော်တို့မှာ သက်သေရှိခဲ့တာပဲလေ ဒါပေမဲ့ နောက်ဆုံးတော့လည်း လွှတ်ပေးလိုက်ရတာပဲ သူမက ကျွန်တော့အဖေရဲ့ အမျိုးသမီး ဖြစ်နေတဲ့အတွက် သူ့မျက်နှာကိုတော့ ထောက်ရအုံးမှာပေါ့ ကျွန်တော်တို့အနေနဲ့ မလိုအပ်ပဲ ရေးကြီးခွင်ကျယ် လုပ်နေမယ်ဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာကို သွားပြီး ထိခိုက်နေလိမ့်မယ် ဒီလိုလုပ်လို့ ကျွန်တော့အဖေက သူမကို အပြစ်တင်မှာ ဟုတ်ဘူး ခုမုန်းနေတာထက်ပိုပြီး ကျွန်တော့ကို ပိုမုန်းသွားတာပဲ ရှိလိမ့်မယ်"

တန်ကျင်း၏ စိတ်ထဲတွင် အကူအညီ ကင်းမဲ့သကဲ့သို့ ခံစားလိုက်ရပြီး သက်မောချလိုက်မိသည်။ စုချန်းက စကားဆက်သည်။

"ဒါပေမဲ့ ကျွန်တော့ရဲ့ သည်းခံခြင်းကလည်း အတိုင်းအတာရှိတယ် ပထမတခေါက်တုန်းက သူမကိုကျွန်တော် လွှတ်ပေးခဲ့တယ် ဘာကြောင့်လဲဆိုတော့ သူမအနေနဲ့ ကျွန်တော့ကို သတ်ဖို့ မကြိုးစားပဲ ချမ်းသာကြွယ်ဝလာရုံသက်သက် အားထုတ်နေလို့ပဲ ဒီတခေါက်မှာတော့ သူမရဲ့လုပ်ရပ်က ကျွန်တော့ရဲ့ ဘဝကိုပါ ထိခိုက်စေဖို့ ရည်ရွယ်လာတာ တွေ့ရတယ် ဒီလိုဆိုရင်တော့ သူမကို သနားဂရုဏာသက်လို့ မရတော့ဘူး"

တန်ကျင်း နားမလည်ပါ။ သူက ပြန်လည် မေးမြန်းလိုက်သည်။

"သခင်လေး ဘာကိုဆိုလိုတာလဲ"

စုချန်းက ဆေးထည့်ထားသည့် ဖန်ပုလင်းငယ်ကို လက်တွင်ကိုင်ရင်း တန်ကျင်းကို အကျိုးအကြောင်း ရှင်းပြလိုက်သည်။

"ဒီထဲမှာ ယန့်ဝူရွှန်းက ရှောက်စီကတဆင့် ကျွန်တော့ဆီ ရောင်းစေချင်တဲ့ သားရဲတွန်းလှန်ဆေးပါတယ်ဗျ ဒါပေမဲ့ တကယ်တမ်းတော့ ဒီဆေးက သားရဲတွန်းလှန်ဆေး မဟုတ်ဘူးဗျ အုပ်ချုပ်ရေးမှုးကြီး မှန်းကြည့်စမ်း ဘာဆေးထင်သလဲ"

တန်ကျင်းက မေးလိုက်သည်။

"ဘာဆေးများလဲ သခင်လေး"

စုချန်းက

"သားရဲဆွဲငင်ဆေးပဲဗျ"

"ဟာ"

တန်ကျင်း ထိတ်လန့်သွား၏။ သားရဲတွန်းလှန်ဆေးအစား သားရဲဆွဲငင်ဆေးကို စုချန်းဆီသို့ ရောက်စေချင်နေသည့် အဓိပ္ပါယ်မှာ ယန့်ဝူရွှန်းက စုချန်းအား အမှတ်တကယ် သေစေချင်နေသည်ဟု အဓိပ္ပါယ်ရ၏။ တန်းကျင်းတယောက် ဒေါသအမျက် ချောင်းချောင်းထွက်လာ၏။ သူက စားပွဲခုံကို လက်ဝါးနှင့် ဖြောင်းခနဲရိုက်ရင်း ပြောလိုက်သည်။

"ဒီမိန်းမကတော့ တကယ်ပဲ သေချင်နေပြီကိုး"

စုချန်းက ပြောလိုက်၏။

"သူသေရမယ် ဒါပေမဲ့ ခုတော့ မဟုတ်သေးဘူး လောလောဆယ် ကြားလူဘယ်သူလဲဆိုတာ ရှာဖို့က ပိုပြီး အရေးကြီးနေတယ် သက်သေအထောက်အထား ရပြီဆိုတာနဲ့ ဒီမိန်းမ ကျူးလွန်ထားတဲ့ ပစ်မှုတွေအကုန်လုံးကို ကျွန်တော် ဖွင့်ချပစ်လိုက်မယ် တချိန်တည်းမှာပဲ ကျွန်တော့အဖေ ဘယ်လိုတုန့်ပြန်မလဲဆိုတာ မြင်တွေ့ခွင့်ရလိမ့်မယ် အဲဒီအခါကျရင်တော့....."

စုချန်းသည် စကားကို ဆုံးအောင်မပြောပဲ ရပ်တန့်လိုက်သည်။ သို့သော် မပြီးဆုံးသော စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို တန်ကျင်းတယောက် ကောင်းကောင်းကြီး သဘောပေါက်လိုက်၏။ သူက ကြိတ်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် စုချန်းအန်တယောက် အမှားများ ထပ်ခါထပ်ခါ မကျူးလွန်မိပါစေနှင့်ဟု ဆုတောင်းမိတော့သည်။

ထို့နောက် သူက ပြောလိုက်၏။

"ကျွန်တော် သဘောပေါက်ပါပြီ သခင်လေး ဒီကိစ္စကို ကျွန်တော်နဲ့သာ လွှဲထားလိုက်ပါ တန်မျိုးနွယ်ဟာ စုမျိုးနွယ်စုလောက် အင်အားမတောင့်သလို စီးပွားရေးအရာမှာလည်း မယှဉ်နိုင်ပေမဲ့ သိပ်တော့လည်း မညံ့သေးပါဘူး လိုအပ်တဲ့ သက်သေအထောက်အထားကို ကျွန်တော်ရအောင် ရှာဖွေပါ့မယ်"

တန်ကျင်းသည် စကားတည်သူဖြစ်၍ စုချန်းက ယုံကြည်၏။ သူက ပြောလိုက်သည်။

"ကောင်းပါပြီ"

ထိုအခိုက်မှာပင် တန်ကျင်းသည် တစုံတခုကို စဉ်းစားမိဟန်ဖြင့် ဘေးဘီဝဲယာကို ကျီးကန်းတောင်မှောက်ကြည့်ရင်း အသံနှိမ့်ကာ ပြောလိုက်၏။

"လုယိနဲ့ အပေးအယူလုပ်ဖို့ကိုကော သခင်လေးဘယ်လို စဉ်းစားထားသလဲဗျ"

စုချန်းက ဖြေလိုက်သည်။

"လုယိဟာ အမှားတခု လုပ်ခဲ့တယ်ဆိုပေမဲ့ သူ့မှာ အကြောင်းပြချက် ရှိနေတယ် သူ့ရဲ့ ချစ်လှစွာသောသားဟာ အခြားလူတယောက်ရဲ့ လက်ထဲမှာရောက်နေပြီး အကြပ်ကိုင်ခံထားရလို့ လုပ်ရတဲ့သဘောပဲ ဒီတော့ ကျွန်တော်က သူ့ကို လွှတ်ပေးလိုက်ဖို့ စဉ်းစားထားတယ်"

တန်ကျင်း အံ့သြသွား၏။

"ဗျာ သခင်လေး..သူ့ကို လွှတ်ပေးမလို့ ဟုတ်လား ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ သူဟာ အလုပ်ရှင်ကို သစ္စာဖောက်ထားတဲ့လူပဲ အနည်းဆုံး ပြစ်ဒဏ်တခုခုတော့ ပေးဖို့သင့်တာပေါ့"

အမှန်က တန်ကျင်းသည် လုယိကိုယ်စား စုချန်းထံတွင် အသနားခံရန် စဉ်းစားထား၏။ သို့သော် စုချန်းက သူ့ထက်ပို၍ သဘောထားကြီးနေသည်ကို မြင်တွေ့ရသောအခါ အံ့သြလွန်း၍ မူလတွေးတောထားသမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။ မထင်မှတ်ပေး လုယိကို အပြစ်ပေးရန် ပြောမိနေတော့သည်။ စုချန်းက ရယ်မောလိုက်သည်။

"လုယိက အပြစ်ပေးခံရလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာတော့ မဟုတ်ဘူးဗျ"

တန်ကျင်းတယောက် မည်သို့မျှ ညဏ်မမီတော့။ သူက မေးလိုက်သည်။

"ဘယ်လို ဘယ်လို သခင်လေး"

စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် တလုံးချင်း ပြောလိုက်သည်။

"သုံးရက်ပြည့်လို့မှ အကြွေးမပေးရန် လုယိရဲ့သားကို ခြေလက်တွေ ဖြတ်တောက်ပစ်မယ်လို့ သူတို့ ခြိမ်းခြောက်ထားတယ်မလား သတ်မှတ်ထားတဲ့ သုံးရက်ပြည့်သွားရင် သူတို့တကယ်လုပ်မလုပ် ကျွန်တော် သိချင်တယ် တကယ်လို့ စကားအတိုင်း မလုပ်ခဲ့ရင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုမှန်သမျှဟာ အလဟသ ဖြစ်သွားပြီလို့ ဆိုရမယ် တကယ်လို့ စကားအတိုင်း လုယိရဲ့သားဟာ ခြေလက်တွေ ဖြတ်တောက်ခံလိုက်ရပြီဆိုပါစို့ ကိုယ့်ရဲ့ အချစ်ဆုံးသားကို ထောင်ချောက်ဆင် ခြေလက်တွေ ဖြတ်ပစ်တဲ့ ယန့်ဝူရွှန်းဆိုတဲ့မိန်းမကို လုယိက ဘယ်လိုသဘောထားမယ် ထင်သလဲ"

မြတ်စွာဘုရား။ ကွက်ကျော်မြင်လှသည့် စုချန်းပေတကား။ တန်ကျင်း၏ ရင်ထဲတွင် အေးစက်သော ခံစားချက်များ ပေါ်ပေါက်လာ၏။ စုချန်း၏ တွက်ချက်မှုသည် ဤမျထိ အသေးစိတ်နိုင်လှမည်ဟု တန်ကျင်း မထင်ခဲ့မိချေ။ ယခုတွင်ကား ဤလူငယ်လေး၏ စဉ်းစားတွေးခေါ်မှုက အသက်အရွယ်နှင့် မလိုက်အောင် ပြီးပြည့်စုံလွန်းနေ၏။

စုချန်းသည် မူလကတည်းက ပါရမီရှင်တဦးဖြစ်သည်။ သုံးနှစ်တာကလအတွင်း တွေ့ကြုံခဲ့ရသော ဘဝ၏ အတက်အကျ၊ အနိမ့်အမြင့်များက သူ့ကို အတွေ့အကြုံများစွာ ရရှိစေခဲ့လေပြီ။ သဘောထားမမှန်သော လူပေါင်းများစွာနှင့် တွေ့ကြုံခဲ့ရခြင်းကြောင့် သူ၏ သိမြင်နားလည်နိုင်စွမ်းသည် သူ့အသက်အရွယ်တွင် ရှိသင့်သော အခြေအနေထက် ကျော်လွန်၍ နေခဲ့လေပြီ။

အရွယ်မတိုင်မီကပင် ရင့်ကျင့်နေခဲ့သော စုချန်းပင်တကား။ ထို့ကြောင့် သူသည် တန်ကျင်း ရောက်မလာမီကပင် လုပ်ဆောင်ရမည့် အစီအစဉ်တို့ကို စနစ်တကျ ချမှတ်ခဲ့ပြီး ဖြစ်သည်။ တန်ကျင်းအနေနှင့် အထူးတလည် လုပ်ဆောင်နေရန် မလိုတော့။ စုချန်း၏ အစီအစဉ်အတိုင်း မျှောလိုက်ရန်သာ လိုတော့သည်။

လက်ရှိအချိန်တွင် စုချန်းလုပ်ဆောင်နေသမျှသော အရာအားလုံးသည် အနီရောင်ပြစ်ဒဏ်ကာလတွင် အသက်ရှင်ကျန်ရစ်ရန်သာ ဖြစ်သည်။ ထိုပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသည့်နောက်တွင်ကား ယန့်ဝူရွှန်း၊ ကျန်းစင်းနှင့် စုခေါ့ကျိကဲ့သို့သော လူမျိုးများကို သုတ်သင်ရှင်းလင်းတော့မည် ဖြစ်သည်။

တန်ကျင်းအား လုပ်ဆောင်ရမည့် တာဝန်များကို ရှင်းလင်းပြောကြားပြီးနောက် စုချန်းက ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ အတော်လေး နောက်ကျနေခဲ့လေပြီ။ ထို့နောက် သူက အိမ်ပြန်ရန် ကျောက်စိမ်းနန်းတော်အပြင်သို့ ထွက်လာခဲ့လေသည်။ ကျူးဟုန်သည် မြင်းရထားကို အသင့်ပြင်ဆင်ပြီး သူ့အား စောင့်ဆိုင်းနေကြောင်း စုချန်း တွေ့လိုက်ရသည်။ ရထားလုံးပေါ်သို့ တက်ပြီးသည်နှင့် စုချန်းက အမိန့်ပေးလိုက်၏။

"လမ်းမကြီးအတိုင်းမောင်း ကျုပ် လေညှင်းခံထွက်ချင်တယ်"

"ကောင်းပါပြီ သခင်လေး"

ပြောပြောဆိုဆို ကျူးဟုန်က မြင်းရထားကို ပုံမှန်မောင်းနှင်လိုက်သည်။ မြင်းရထားသည် မနှေးမမြန် မောင်းနှင်နေ၏။ စုချန်းသည် ပတ်ဝန်းကျင်ရှိ ရှုမျှော်ခင်းများကို ငေးကြည့်နေ၏။ ထိုအခိုက်မှာပင် သူငယ်စဉ်က သူ့အဖေ ဤနေရာသို့ ကစားဖို့ ခေါ်ဆောင်လာခဲ့ဖူးသည်ကို သတိရလာ၏။

"ဖေဖေ သား သစ်သီးတုတ်ထိုးလိုချင်တယ်...မဟုတ်ဘူး သားစားဖို့ မဟုတ်ဘူး ဟိုမှာ သနားစရာကောင်းတဲ့ သူတောင်းစား အဖိုးကြီးကို ပေးချင်လို့...ဘာလို့ သားက သူ့ကို တုတ်ထိုး ပေးလို့မရတာလဲ ဖေဖေ..."

"ဖေဖေ သားမြင်းစီးချင်တယ်...ဟာ ဖေဖေက မြင်းလုပ်ပေးမယ်ဆိုရင် သိပ်ကောင်းတာပေါ့...တနေ့ကျရင် သားက နတ်ဆိုးသတ္တဝါတကောင်ကို စီးနင်းပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးမဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်ချင်တယ်..."

"သားကို စိတ်ချပါ ဖေဖေ သားခုထက်ပိုကြိုးစားပြီး အစ်ကိုကြီးချိန်းနဲ့ တခြားညီအစ်ကိုတွေ အကုန်လုံးကို အနိုင်ယူပါ့မယ် သားကြောင့် ဖေဖေ့ရဲ့ ဘဝတလျှောက်လုံး ဂုဏ်တက်စေရမယ်...တကယ်လို့ သား အရင်လို မတော်တော့ဘူးဆိုရင်ကော ဖေဖေက သားကို ချစ်အုံးမှာလားဟင်"

ငယ်နုစဉ်အခါက ရူးရူးမိုက်မိုက် ပြောဆိုခဲ့သော စကားသံများသည် သူ့နားထဲတွင် ပဲ့တင်သံကဲ့သို့ ပြန်လည် ကြားယောင်လာ၏။ မြင်းရထားသည် တဖြည်းဖြည်း ရှေ့ဆက်သွားနေ၏။ စုချန်းသည်လည်း အတိတ်ကို ပို၍ တသသဖြစ်လာ၏။ ပို၍ လွမ်းဆွတ်လာ၏။ စုချန်းက သက်ပြင်းတချက်ကို ရှည်လျားစွာ ချရင်း မြင်းလှည်းလိုက်ကာကို အောက်သို့ပြန်ချလိုက်သည်။

သူနှင့်သူ့အဖေကြားရှိ ချစ်ခြင်းမေတ္တာတရားသည် အပြီးအပိုင် ပျောက်ဆုံးသွားခဲ့လေပြီ။ မည်သည့်အခါမျှ ပြန်မရနိုင်တော့။

All Chapters