← Chapters

စေ့စပ်ညှိနှိုင်းခြင်း ၂

Vol. 4 Ch. 32

စေ့စပ်ညှိနှိုင်းခြင်း ၂

Vol. 4 Ch. 32

စုချန်းက စကားဆက်သည်။

"ကျွန်တော်သာသေသွားခဲ့ရင် အကြီးအကဲစန်းရဲ့ ပူးပေါင်းကြံစည်မှုက ဘူပေါ်သလို ပေါ်ပေါက်လာလိမ့်မယ်ဗျ"

စုချန်းက ဖြစ်ရပ်ကြီးတခုလုံး၏ အညှာကို ကိုင်ထားသကဲ့သို့ ရှိသည်။ အနက်ရောင်ဝတ်ဆင်ထားသူက ဟင့်ခနဲ အသံတချက်ပြုလိုက်သည်။ သို့သော် မည်သည့်စကားမျှတော့ ပြန်မပြောချေ။ သူ မည်သို့ ပြန်ပြောနိုင်အံ့နည်း။ စာနှင့် သူ့လုပ်ရပ်များကို ထောက်ရှုလျင် စုချန်းသည် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့ပုံရသည်။ ယခုတွင်ကား စုချန်းသည် အခြေအနေတခုလုံးကို ထိန်းချုပ်ထားခဲ့လေပြီ။

လက်ရှိအခြေအနေတွင် အနက်ရောင်ဝတ်ဆင်ထားသူအဖို့ စုချန်းတယောက် သတိရှိနေသည်ကိုပင် ပြန်၍ ကျေးဇူးတင်ရမလို ဖြစ်နေ၏။ အကယ်၍ သူက ဘုမသိဘမသိနှင့် စုချန်းကို သတ်ဖြတ်ခဲ့လျင် ၎င်း၏ သေဆုံးခြင်းကြောင့် သူတို့အကြံအစည်တခုလုံး ပေါ်ပေါက်ကုန်ပြီး အခြေအနေတခုလုံး ပို၍ ဆိုးရွားသွားဖွယ်ရာ ရှိနေ၏။

အတွေးနှင့်အတူ အနက်ရောင်ဝတ်ဆင်ထားသူက ပြောလိုက်သည်။

"တကယ်လို့ မနေ့က ဖြစ်ရပ်ကိုသာ မပေါက်ကြားစေရဘူးလို့ အာမခံချက်ပေးရင် ဒီကနေ့ မင်းကို မသတ်တော့ပဲ လွှတ်ပေးလိုက်မယ်"

စုချန်းက ထိုလူကို လှောင်ပြောင်သော အမူအရာနှင့်

"ခင်ဗျားက တကယ်အရူးပဲ"

စုချန်း၏ စကားကြောင့် အနက်ရောင်ဝတ်ဆင်ထားသူ ဒေါသအမျက် ချောင်းချောင်းထွက်လာ၏။

"မင်း ဘာစကားပြောလိုက်တာလဲကွ"

စုချန်းက စကားဆက်သည်။

"ဒီလိုပြင်ဆင်မှုတွေ လုပ်ထားတာက ခင်ဗျားသတ်မှာတခုတည်းကို ကြောက်လို့ လုပ်ထားတယ်များ ထင်နေတာလားဗျ ဒီလိုသာကြောက်မယ်ဆိုရင် အစကတည်းက ဒီလျှို့ဝှက်ချက်တွေကို ဟိုးလေးတကြော်ကြော်ဖြစ်အောင် လုပ်ပြီးနေပြီ ဒီသတင်းပေါက်ကြားသွားပြီဆိုမှတော့ ခင်ဗျားတို့ ကျွန်တော့ကိုသတ်လို့ ဘာမှမထူးတော့ဘူးလေဗျာ"

အနက်ရောင်ဝတ်ဆင်ထားသူ အငိုက်မိသွား၏။ သို့သော် သူက တုံ့ပြန်လိုက်သည်။

"ဒီလိုသာဆိုရင် ကျုပ်တို့ကြားမှာ အဆုံးမရှိတဲ့ ရန်ငြိုးတွေ ဖြစ်ပေါ်လာတော့မှာပေါ့ကွာ"

စုချန်းက သရော်လိုက်သည်။

"တကယ်မဖြစ်သေးလို့သာ ခင်ဗျားခုလို ပြောနေနိုင်တာပဲ"

အနက်ရောင်ဝတ်ဆင်ထားသူ ပါးစပ်ပိတ်သွား၏။ စုချန်း၏ စကားမှာ အမှန်ပင်။ လက်ရှိအခြေအနေသည် စုချန်းအပေါ်တွင်သာ မူတည်နေခဲ့ပြီ ဖြစ်သည်။ ၎င်းအနေနှင့် သူတို့ကို ဒုက္ခပေးလိုက ပေးနိုင်၏။ မပေးလိုကလည်း လျှို့ဝှက်ချက်များကို ဆက်လက်ထိမ်းသိမ်း၍ နေနိင်၏။ မည်သို့ပင်ဖြစ်စေ သူသည် စုချန်းကို သတ်ဖြတ်ရန် စေလွှတ်ခြင်း ခံရသူ ဖြစ်သည်။ စုချန်းအနေနှင့် လက်ဦးမှု ယူလိုက ယူနိုင်၏။ ယခုတွင်ကား တိုက်ခိုက်မည့်အရိပ်အယောင် မပြပဲ စကားများသာ တွင်တွင်ပြောနေ၏။ အဘယ်ကြောင့်ပေနည်း။

နောက်ဆုံးတွင်ကား အနက်ရောင်ဝတ်ဆင်ထားသူ သဘောပေါက်လာသည်မှာ သူသည် သာမညောင်ည လူငယ်လေးတဦးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ကြောင်းကိုပင်။ ဤလူငယ်သည် သူလိုချင်သည့်အရာကို ရှင်းရှင်းလင်းလင်း သိထားသူဖြစ်ပြီး အရာရာကို အစီအစဉ်တကျ လုပ်ကိုင်တတ်၏။ သူ့အနေနှင့် ဤလူငယ်ကို အထင်မသေးရဲတော့ပေ။ ထိုအခါ သူက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

"မင်းဘာလိုချင်တာလဲ"

ထိုအခါ စုချန်းက ကြေးနီစည်ပိုင်းငယ်ကို အောက်သို့ချလိုက်၏။ ထို့နောက် သူက စာရွက်အပိုင်းအစတခုကို ယူပြီးအနက်ရောင်ဝတ်ဆင်ထားသူကို လှမ်းပေးရင်း ပြောလိုက်သည်။

" ဒီစာရင်းထဲမှ ရေးချထားတဲ့ အရာအားလုံးကို ကျွန်တော်လိုချင်တယ်"

အနက်ရောင်ဝတ်ဆင်ထားသူက စာရွက်ပေါ်ရှိ စာရင်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"မြွေဆိုးအဆိပ်တပုလင်း၊ သံမဏိသစ်တတွဲ၊ အဆင့်ကိုး မူလကိရိယာ လေးမျိုး၊ လေးမျိုးမှာ တမျိုးက အဝေးရောက်တိုက်ပွဲအတွက် တမျိုးက အနီးကပ်တိုက်ပွဲအတွက်၊ ကိုယ်ကျပ်ဝတ်စုံတစုံ၊ တိုက်ပွဲဝင်ဖိနပ်တရံ ဒါငွေညှစ်တာပဲကွ"

အနက်ရောင်ဝတ်ဆင်ထားသူ၏ တကိုယ်လုံးသည် ဒေါသကြောင့် တုန်ခါနေ၏။ မူလကိရိယာဟူသည်မှာ အဘယ်နည်း။ မူလစွမ်းအင်ကို အသုံးပြုနိုင်သည့် လက်နက်မျိုးကို ခေါ်သည်။ မူလကမ္ဘာမြေကြီးတွင် သက်ရှိသတ္တဝါများ ဖြစ်ပေါ်လာခဲ့ခြင်းမှာ မူလစွမ်းအင်ကြောင့် ဖြစ်လေရာ သက်ရှိများသည် ၎င်းကို အမှီသဟဲပြု၍ နေထိုင်ခဲ့ကြ၏။ အမြတ်ထုတ်ခဲ့ကြ၏။ အသုံးချခဲ့ကြ၏။ ၎င်းသည် မူလမျိုးစိတ်များ၊ မူလသတ္တဝါဆိုးကြီးများမှစတင်၍ အာကင်းနစ်အင်ပါယာတလျှောက်မှ ယနေ့သွေးနှောမျိုးစိတ်များတိုင်အောင် သမိုင်းကြောင်းတလျှောက် မပြောင်းလဲနိုင်သော အမှန်တရား ဖြစ်ခဲ့လေသည်။ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းနှင့် အသိပညာများအပြင် မူလကိရိယာများသည် လူသားများအနေနှင့် မူလစွမ်းအင်ကို ကိုင်တွယ်အသုံးပြုနိုင်ရန် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။

အထူးစီစဉ်ပြုလုပ်ထားသော မူလကိရိယာများသည် သုံးစွဲသူ၏ အင်အားကို အကြီးအကျယ် တိုးမြှင့်စေနိုင်ပြီး ဈေးကွက်တွင်လည်း တန်ဖိုးအလွန်ကြီး၏။ စုမျိုးနွယ်စုပင်လျင် အဆင့်ကိုး မူလကိရိယာနှစ်မျိုးနှင့် အဆင့်ရှစ် မူလကိရိယာတမျိုး၊ ပေါင်းသုံးမျိုးသာလျင် ပိုင်ဆိုင်ထား၏။

အဆင့်ကိုးမူလကိရိယာများသည် အင်အားအနည်းဆုံးဖြစ်ပြီး အဆင့်တစ်ကိရိယာများသည် အင်အားအကြီးဆုံးဖြစ်၏။ အဆင့်တစ်ထက်ကျော်လွန်သော ကိရိယာများကိုမူကား နတ်ဘုရားအဆင့်လက်နက်များဟု သတ်မှတ်နိုင်လေသည်။ ယေဘုယျအားဖြင့် စုချန်းအနေနှင့် မူလကိရိယာလေးမျိုး ဝတ်ဆင်ရန် စိတ်ကူးသည်ကပင် သူ့အဆင့်အတန်းထက် များစွာ ကျော်လွန်နေခဲ့ပေပြီ။ ဤနေရာတွင် မြေဆိုးအဆိပ်နှင့် သံမဏိသစ်သားချောင်းတို့ကို ထည့်မတွက်ထားသေးပေ။

နတ်ဆိုးသတ္တဝါအုပ်စုဝင်ဖြစ်သော မြွေဆိုးအဆိပ်သည်လည်း အင်မတန် အဖိုးထိုက်တန်၏။ ၎င်း၏ အစွမ်းသတ္တိမှာကား ထင်ယောင်ထင်မှား ဖြစ်စေတတ်ခြင်းပင်။ စုချန်းတောင်းဆိုလိုက်သည့် စံနှုန်းမှီ မြွေဆိုးအဆိပ်တပုလင်းရရှိရန် အနှီ မြွေဆိုးအရှင်တကောင် နှစ်ဝက်ခန့် အဆိပ်များ သွန်ချအန်ထုတ်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက ဆယ်နှင့်ချီသော မြွေဆိုးအသေကောင်များမှ ပမာဏအနည်းငယ်သော အဆိပ်များကို အထပ်ထပ်အခါခါ စုဆောင်းယူရပေလိမ့်မည်။

သံမဏိသစ်ဟူသည်မှာကား ကြီးထွားမှု အလွန်နှေးကွေးလှပြီး နှစ်ပေါင်းတထောင်ကျော်မတိုင်ခင်အထိ မည်သည့်တန်ဖိုးမျှ မရှိခဲ့ချေ။ ထို့ကြောင့် သံမဏိသစ်တတွဲရရှိရန် နှစ်တထောင်ကျော်ခန့်ပင် ကြာမြင့်လေသည်။ အနှီပစ္စည်းမျိုးသည်လည်း မှန်းဆရခက်ခဲလောက်အောင် အင်မတန် ရှားပါးသည့် ပစ္စည်းတမျိုးပင် ဖြစ်သည်။

အဆိုပါ ရှားပါးရတနာပစ္စည်းနှစ်မျိုးသည် မူလကိရိယာများထက်ပင် အဖိုးထိုက်တန်ကြ၏။ အနည်းဆုံးတော့ မူလကိရိယာများကို ရှာဖွေတွေ့ရှိနိုင်ပေသေးသည်။ သို့သော် နှစ်တထောင်သံမဏိသစ်မျိုးနှင့် မြွေဆိုးအဆိပ်များကို ရရှိရန်မှာ အလွန်ပင် ခက်ခဲလှပေ၏။

ထို့ကြောင့် အနက်ရောင်ဝတ်ဆင်ထားသူ ဒေါသထွက်သည်မှာ သိပ်တော့မဆန်းဟု ဆိုရမည်။ ထိုလူက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

"တယ်လဲလောဘကြီးတဲ့ကောင်ပါလား မင်းကိုယ်မင်း ကောက်ကြံခံရမှာ မကြောက်ဘူးလားကွ ဟေ"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ခင်ဗျား ခွင့်ပြုပေးမယ်ဆိုရင် အဆင်ပြေမှာပါ ဒီတော့ ခင်ဗျားရဲ့ အထက်က လူတွေဆီမှာ ကျွန်တော့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြီး တင်ပြလိုက်ပါ ဒီပစ္စည်းတွေကို ခပ်မြန်မြန်လေး ပို့ပေးမယ်ဆိုရင် ကျုပ်အရင် ကြားထားသမျှ အရာအားလုံးကို မေ့ထားလိုက်မယ်"

အနက်ရောင်ဝတ်ဆင်ထားသူက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။

"မင်းကတော့ တကယ်ကို လောဘကြီးလွန်းတယ် ဒါပေမဲ့ ကျုပ်အနေနဲ့ ဘယ်ကိုမှလည်း ပြန်စရာမလိုဘူး ဘယ်သူ့ကိုမှလည်း သတင်းပို့နေစရာ မလိုဘူး ဘာကြောင့်လဲဆိုတော့ မင်းရဲ့ တောင်းဆိုချက်ကို အကြီးအကဲစန်းကို လိုက်လျောမှာ မဟုတ်လို့ပဲ"

စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြုရင်း ပြောလိုက်သည်။

"တကယ်လို့ မူလကိရိယတမျိုးကို လျော့လိုက်မယ်ဆိုရင်ကောဗျာ"

အနက်ရောင်ဝတ်ဆင်ထားသူက ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ဒါက မူလကိရိယာတွေကြောင့် မဟုတ်ဘူးကွ မြွေဆိပ်နဲ့ သံမဏိသစ်က အလွန်ရှားပါးတယ် ငါတို့အနေနဲ့ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ ဆန္ဒမရှိဘူးဟေ့ ပေးရတဲ့ တန်ဖိုးနဲ့ ပစ္စည်းနဲ့က မမျှဘူး ဖြစ်နေတာကိုးကွ"

အနက်ရောင်ဝတ်ဆင်ထားသူ အမှတ်တမဲ့ ပြောဆိုလိုက်သော စကားကြောင့် စုချန်း အံ့သြသွား၏။ ကြည့်ရသည်မှာ အဆင့်ကိုးမူလကိရိယာပစ္စည်းလေးမျိုးသည် ၎င်းတို့အတွက် အထူးတလည် ပြသနာတရပ် ဟုတ်ပုံမရ။ အလွယ်တကူ ပေးနိုင်ပုံရ၏။ ပြသနာဖြစ်နေသည်မှာ မြွေအဆိပ်နှင့် သံမဏိသစ်တို့ပင် ဖြစ်ပုံရသည်။ အဆိုပါ ပစ္စည်းနှစ်မျိုးမှာ အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးလှသဖြင့် အပေးအယူ မမျှတဟု ယူဆနေပုံရသည်။

ယေဘုယျအားဖြင့် အဖွဲ့အစည်းတခု၏ အင်အားသည် ၎င်းတို့၏ စီးပွားရေးအခြေအနေ၊ ချမ်းသာကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေသည်ဟု ဆိုနိုင်၏။ သူတို့နှစ်ဦး ပြောဆိုခဲ့သော စကားများအရ အနက်ရောင်ဝတ်ဆင်ထားသူ၏ အဖွဲ့အစည်းသည် သေးသေးမွှားမွှားတော့ ဟုတ်ပုံမရ။ ယခုအချိန်တွင် အလွန်ကြီးမားသော အဖွဲ့အစည်းတရပ်နှင့် ရင်ဆိုင်နေရပြီမှန်း စုချန်း နားလည်သဘောပေါက်လာ၏။ ထိုအခြေအနေကို မည်သို့ ချည်းကပ်ကိုင်တွယ်ရမည်မှန်း စုချန်း ကောင်းစွာ သိရှိထားလေသည်။

ထိုအခါ စုချန်းက ချိုသာသောလေသံနှင့် ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် လာမဲ့ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့အနေနဲ့ အနီရောင်တောင်တန်းဘက်ကို ခရီးထွက်ဖို့ ရှိနေတယ်ဗျ"

"ဘာကွ"

အနက်ရောင်ဝတ်ဆင်ထားသူ လန့်ဖြတ်သွား၏။ စုချန်းက စကားဆက်သည်။

"တကယ်တော့ ဒီပစ္စည်းတွေကို တောင်းခံရတဲ့အကြောင်းက ဒီခရီးစဉ်အတွက်ပဲဗျ တကယ်လို့ကျွန်တော်သာ အဲဒီနေရာက ပြန်မလာနိုင်ခဲ့ဘူးဆိုရင် လျှို့ဝှက်ချက်တွေ အကုန်လုံး ပေါက်ကြားကုန်လိမ့်မယ် ခင်ဗျားတို့ရဲ့ အကြံအစည်ဟာလည်း လူသိရှင်ကြား ဖြစ်ကုန်လိမ့်မယ် ကျွန်တော် တာဝန်ပေးထားတဲ့လူဟာ ကျွန်တော်ဘာကြောင့် သေရတယ်ဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူးဗျ သတ္တဝါဆိုးတကောင်ကောင်ကြောင့်များ ကျွန်တော်သေသွားခဲ့ရင် ခင်ဗျားတို့ အထင်ကြီးစရာကောင်းတဲ့ အဖွဲ့အစည်းကြီးရဲ့ စီမံချက်သတင်းတွေအကုန်လုံး ပေါက်ကြားသွားပြီသာ မှတ်ပေတော့ တကယ်တမ်းတွေးကြည့်ရင် ဒါဟာ ရှက်စရာပဲဗျ"

"မသွားလို့မရဘူးလား"

စုချန်းက သူ့လက်နှစ်ဖက်ကို ဖြန့်ရင်း ပြောလိုက်သည်။

"ကျွန်တော့အနေနဲ့ ရွေးစရာမရှိဘူးဗျ ရာဇဝတ်မှုတခုကို မှားယွင်းပြီး ကျူးလွန်မိတဲ့အတွက် မျိုးနွယ်စုရဲ့ အပြစ်ပေးမှုကို ခံထားရတာပဲ"

ထို့နောက် သူက ဖြစ်ပျက်ခဲ့သမျှတို့ို ပြန်လည် ပြောပြလိုက်၏။ ပြောပြသည်ဟုဆိုရာတွင် အလုံးစုံ ပြောပြသည်တော့ မဟုတ်။ သူ့အနေနှင့် အနီရောင်ပြစ်ဒဏ်ကို ကိုယ်တိုင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းကိုမူကား ချန်လှပ်ထားခဲ့၏။ အကြောင်းမှာ အကြီးအကဲစန်း၏ နောက်ၤကွယ်ရှိ အဖွဲ့အစည်းကို သူ အသုံးချရန် ယုံကြည်မှု ရှိနေသောကြောင့်ပင်။ သူ့အနေနှင့် ဆွေမျိုးများ၏ ဖိနှိပ်မှုကို ခံစားနေရကြောင်း၊ ထို့ကြောင့် ထွက်ခွာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိကြောင်း အနက်ရောင်ဝတ်ဆင်ထားသူအား သဘာဝကျကျပင် လှိမ့်လိုက်လေ၏။

စုချန်း၏ စကားကို နားထောင်ပြီး အနက်ရောင်ဝတ်ဆင်ထားသူသည် စကားပင် မပြောနိုင်တော့။ စုချန်းလိုလူစားမျိုးက သူ့မျိုးနွယ်စုအတွင်း၌ပင် ဤမျှ ဒုက္ခရောက်နေလိမ့်မည်ဟု သူတခါမှ မထင်ခဲ့မိချေ။ မူလက စုချန်း၏ ဒုက္ခသည် သူနှင့် မသက်ဆိုင်ခဲ့ချေ။ ယခုတွင်ကား သူနှင့်သာမက သူ့အဖွဲ့အစည်းအပေါ်၌ပါ သက်ရောက်မှု ကြီးမားလာချေပြီ။

"သေစမ်း ဒီငွေညှစ်မှုက ငါတို့ထိမ်းချုပ်နိုင်စွမ်းရဲ့ အပြင်ကို ရောက်နေပြီပဲ"

အနက်ရောင်ဝတ်ဆင်ထားသူက ကြိတ်၍ ကြိမ်ဆဲလိုက်၏။ ငွေညှစ်တောင်းခံခြင်းသည် သူတို့လို အဖွဲ့အစည်းများအတွက် လုပ်နေကျအရာ ဖြစ်သည်။ သို့သော် ဆယ့်ငါးနှစ်အရွယ် ကောင်လေးတယောက်က ထိုကဲ့သို့ နည်းဗျူဟာမျိုးကိုသုံး၍ သူတို့ကို ခြေချုပ်လက်ချုပ်မိစေလိမ့်မည်ဟု တခါမျှပင် မတွေးတောမိခဲ့ချေ။ သို့သော် လက်ရှိတွင်ကား သူ့အနေနှင့် မည်သည့်လုပ်ဆောင်စရာမျှ မကျန်တော့။ အနက်ရောင်ဝတ်ဆင်ထားသူက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး စုချန်းအား ပြောလိုက်သည်။

"ကောင်းပြီလေ လောလောဆယ် ကျုပ်အရင်ပြန်ပြီး မင်းပြောတဲ့ ကိစ္စတွေကို ကျုပ်ရဲ့အထက်လူကြီးတွေဆီ အစီရင်ခံလိုက်မယ် နောက်တော့ ဘာဆုံးဖြတ်ချက် ထွက်လာမလဲ စောင့်ကြည့်ကြတာပေါ့"

စုချန်းက

"ဒီအတွက် ဘာပြသနာမှ မရှိပါဘူး ဒါပေမဲ့ ခင်ဗျားအနေနဲ့ မြန်မြန်လှုပ်ရှားရင် ကောင်းလိမ့်မယ်"

"မနက်ဖြန် ဒီအချိန်မှာပဲ ကျုပ်က မင်းကို လာတွေ့မယ်"

အထက်ပါစကားကို ပြောဆိုပြီးသည်နှင့် ထိုလူသည် အမှောင်ထုအတွင်းသို့ အရိပ်ပမာ တိုးဝင်ပျောက်ကွယ်သွားလေသည်။ စုချန်းသည်ကား မည်သည့်အရာကိုမျှ မမြင်သကဲ့သို့ လေထုအတွင်းသို့ အဓိပ္ပါယ်ကင်းမဲ့စွာ စိုက်ကြည့်နေ၏။ အတန်ကြာတော့မှ သူက သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်သည်။

"နောက်ဆုံးမှာတော့ ပြီးသွားပြီပေါ့လေ"

ယခုကဲ့သို့ သူ့ထက် အဆမတန် အင်အားကြီးမားသော ရန်သူနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ဆုံခြင်းသည် စုချန်းအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။ အမှားအယွင်းအနည်းငယ်မျှ ဖြစ်ပေါ်ခဲ့သည်နှင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပေလိမ့်မည်။ စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေ၏။ ထိုလူနှင့် စကားပြောနေစဉ် မည်သည့် ထူးခြားချက်မျှ မရှိဟု ထင်ရသော သူ့ခြေထောက်အစုံသည် ထိုလူထွက်ခွာသွားသည်နှင့် ပျော့ခွေသွားသကဲ့သို့ ခံစားရလေသည်။

သို့သော် အဆိုပါ ကြောက်ရွံ့မှုသည် စုချန်း၏ နှလုံးသားအတွင်းဝယ် တခနမျှသာ ကြာမြင့်လိုက်၏။ သူ့မျက်လုံးအစုံတွင် မယိမ်းယိုင်သော ဆုံးဖြတ်ချက်နှင့် ဝင်းလက်တောက်ပနေ၏။ သူက တီးတိုးရေရွတ်လိုက်သည်။

"ကြီးမားတဲ့အောင်မြင်မှုမျိုး ရချင်ရင် ဘယ်လောက်ကြောက်စရာကောင်းတဲ့ အန္တရာယ်မျိုးနဲ့ ကြုံတွေ့ပါစေ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရမှာပဲ ဒီအတွက် ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ နောက်မတွန့်တော့နဲ့ စုချန်းရေ"

အနီရောင်တောင်တန်းမှ ခေါင်းနှင့်ကိုယ် အိုးစားမကွဲပဲ ပြန်လာရေးအတွက် မိမိ၏ မျိုးနွယ်စုကို မှီခို၍ မရပါက လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းကိုသာ မှီခိုရပေတော့မည်။ ထို့ကြောင့် စုချန်းသည် အနက်ရောင်ဝတ်ဆင်ထားသူတို့ အဖွဲ့အစည်း ရောက်လာမည်ကို ကြိုတင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုအကြံကိုလည်း ထိုလူ မည်သည့်အခါမျှ သိရှိနိုင်တော့မည်မဟုတ်။

လက်ရှိတွင် စုချန်းအနေနှင့် အထူးတလည် လုပ်ဆောင်စရာ မကျန်တော့။ သူလုပ်ရမည့် တခုတည်းသောအရာမှာ ထိုလူတို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။

All Chapters