မဖြစ်နိုင်သော တောင်းခံမှု
Vol. 4 Ch. 33
ဒုတိယညတွင် အနက်ရောင် ဝတ်ဆင်ထားသောလူသည် စုချန်း၏ အခန်းတွင်းသို့ နောက်တကြိမ် ပြန်လည်ရောက်ရှိလာ၏။ စုချန်းမှာမူကား ထိုလူရောက်အလာကို အချိန်တခုထိ ကြိုတင်စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။ ထိုလူ ရောက်လာသည်ကို မြင်သည်နှင့် စုချန်းက ထိုလူနောက်ကျောရှိ လဖက်ရည်စားပွဲကို ညွှန်ပြရင်း ပြောလိုက်သည်။
"လဖက်ရည် သောက်လိုက်ပါအုံး ခင်ဗျားအတွက် ကြိုတင်အပူပေးထားတဲ့ လဖက်ရည်ပါ ပြီးတော့ ဒီလဖက်ရည်က နှယ်နှယ်ရရ မဟုတ်ဘူးဗျ အင်မတန် အရည်အသွေးကောင်းမွန်တဲ့ ခရမ်းရောင်တိမ်တိုက်လဖက်ရည်ပဲ"
ထိုလောကဝတ်လောက်နှင့် ထိုလူကို ယဉ်ကျေးအောင် ပြုလုပ်နိုင်ပုံမရ။ သကောင့်သားသည် လဖက်ရည်စားပွဲသို့ ဟန်ပါပါနှင့် လျှောက်သွားရင်း လဖက်ရည်ကို တကျိုက်တည်းနှင့် မော့ချလိုက်၏။ ထိုလူ၏ အမူအရာကိုကြည့်၍ စုချန်းက စိတ်သက်သာရသွားသည်။ မည်သို့ဆိုစေ သူဧည့်ခံသော လဖက်ရည်ကို သောက်လိုက်ခြင်းကြောင့် သူတို့အနေနှင့် ရှေ့ဆက် အလုပ်လုပ်နိုင်ဖွယ်ရာ ရှိသည် မဟုတ်ပါလား။ လဖက်ရည်ခွက်ကို မော့သောက်ပြီးသည်နှင့် ထိုလူက စကားစသည်။
"မင်းတောင်းဆိုထားတာတွေက အရမ်းများလွန်းတယ် ငါတို့အကြီးအကဲတွေက ဒီလောက်တော့ သဘောမတူနိုင်ဘူးတဲ့ ဒါပေမဲ့ အနီရောင်တောင်တန်းကို သွားရမဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အကြီးအကဲတွေမှာ စိတ်ကူးတချို့ရှိတယ် မင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူတို့က မင်းကို နည်းနည်းပါးပါး ကူညီမယ်တဲ့"
စုချန်းက မေးလိုက်သည်။
"သူတို့က ဘာပြောသလဲဗျ"
အနက်ရောင်ဝတ်ဆင်ထားသူက နောက်ထပ် လဖက်ရည်တခွက်ကို ၎င်းဖာသာ ၎င်း ငှဲ့သောက်လိုက်၏။ ထို့နောက် သူက စကားဆက်ပြန်သည်။
"အဖွဲ့အစည်းက မူလကိရိယာတွေကို ဒီအတိုင်း အလကားပေးဖို့ သဘောမတူဘူး ဒါပေမဲ့ တောင်တန်းနီမှာ ကြုံတွေ့ရမဲ့ အန္တရာယ်တွေကို မျှော်တွေးပြီးတော့ မူလကိရိယာတွေကို ခေတ္တခနတော့ ငှားရမ်းပေးမယ်တဲ့ မင်းပြန်လာတဲ့အခါကျရင် ဒီပစ္စည်းတွေကို ပြန်လည်ပေးအပ်ရလိမ့်မယ်"
စုချန်းက
"ကောင်းပြီလေ ဒါပေမဲ့ ခင်ဗျားတို့ပေးတဲ့ တန်ကြေးက မနည်လွန်းဘူးလား"
အနက်ရောင်ဝတ်ဆင်ထားသူက ပုခုံးတွန့်ရင်း ပြောလိုက်သည်။
"ဟေ့ မင်းအနေနဲ့ အဲဒီလောက်တော့ လောဘမကြီးနဲ့လေ ဒီပစ္စည်းတွေကို ကျုပ်တို့က စွန့်စားပြီး ငှားရမ်းရတာကွ တကယ်လို့ မင်းအနေနဲ့ ပြန်မလာနိုင်ပဲ သေသွားရင် ကျုပ်တို့ငှားရမ်းလိုက်တဲ့ ပစ္စည်းတွေ ဆုံးရှုံးမသွားပေဘူးလား"
စုချန်းက ပြန်လည်တုံ့ပြန်လိုက်၏။
"ဒီလိုသာဆိုရင် ခင်ဗျားတို့အနေနဲ့ ပိုပြီးတောင် ရက်ရောသင့်တာပေါ့ ကျွန်တော်တောင်းဆိုထားတဲ့ ပစ္စည်းတွေသာရရင် ကျွန်တော့အနေနဲ့ ရှင်သန်ဖို့အခွင့်အလမ်း ပိုများလာမှာကို ခင်ဗျားလည်း သိနေသားပဲ တကယ်တော့ ခင်ဗျားတို့ အဖွဲ့အစည်းက ကြီးကျယ်ခမ်းနားတဲ့ အဖွဲ့အစည်းပဲဟာ အသုံးမပြုပဲ ဒီအတိုင်းပစ်ထားရတဲ့ ပစ္စည်းမျိုးစုံ ရှိနေမှာပဲ အဖိုးတန်ရတနာတွေကို ဒီအတိုင်းပစ်ထားတာဟာ လွှင့်ပစ်တာနဲ့ အတူတူပဲဗျ ဒီလိုထားမဲ့အစား ကျွန်တော့ကိုသာ ပေးလိုက်ရင် ကျွန်တော် အကျိုးရှိရှိနဲ့ အသုံးပြုနိုင်မှာပဲ"
အနက်ရောင်ဝတ်ဆင်ထားသူက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပဲ တုံ့ဆိုင်းနေ၏။ အတန်ကြာမှ သူက စကားဆက်သည်။
"တကယ်တော့ ဒီပစ္စည်းတွေကို မင်း ရပြီးနေပါပြီကွာ"
ပြောပြောဆိုဆို အနက်ရောင်ဝတ်ဆင်ထားသူက အိတ်တလုံးကို ပစ်ပေးလိုက်သည်။ စုချန်းက အိတ်ကို ဖွင့်ကြည့်လိုက်၏။ အိတ်အတွင်း၌ကား စစ်သုံး သံချပ်ကာဝတ်စုံတစုံ၊ စစ်သုံးဓားတလက်၊ အနက်ရောင် ပြွန်ရှည်တချောင်း၊ စစ်သုံးဖိနပ်တရံ၊ ဆေးပုလင်း အမြောက်အများ၊ အနက်ရောင်ပုလဲတစုံနှင့် အဆင့်နိမ့် မူလကျောက်တုံးများ ရှိနေ၏။
အနက်ရောင်ဝတ်ဆင်ထားသူက သူယူလာသောပစ္စည်းများအကြောင်းကို ရှင်းပြလိုက်သည်။
"ဆေးပုလင်းတွေထဲမှာ အနာကျက်မြန်စေတဲ့ဆေးတွေ ရှိတယ် သေစေနိုင်လောက်တဲ့ ဒဏ်ရာမျိုးသာ မရခဲ့ဘူးဆိုရင် ဒီဆေးတွေက ကောင်းကောင်းကြီး အစွမ်းထက်တယ်လို့ ဆိုရမယ် ဒါပေမဲ့ ဒီဆေးတွေက မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေဆိုတော့ ဘေးထွက်ဆိုးကျိုးတော့ နည်းနည်းပါးပါး ရှိတယ် ဆေးအမျိုးအမည်တွေက ကွဲပြားနေတော့ ဘေးထွက်ဆိုးကျိုးတွေကလည်း တခုနဲ့တခုတော့ မတူဘူး ဒီတော့ ရှင်းပြရမှာ နည်းနည်းတော့ ခက်တယ်ကွ ဥပမာ ဝမ်းလျောတာတို့ ရက်အနည်းငယ်လောက် အားနည်းနေတာတို့ပေါ့ ဘာပဲဖြစ်ဖြစ် သေတော့မသေဘူး ဒါကိုတော့ စိတ်ချ
အနက်ရောင်ပုလဲတစုံကိုတော့ ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲလို့ ခေါ်တယ် သူက တဖက်လူရဲ့ ဝိညာဏ်နဲ့ အသိစိတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတယ် ဒါပေမဲ့ သူကလည်း မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်ပဲဆိုတော့ ဘေးထွက်ဆိုးကျိုးတော့ ရှိနေသေးတာပဲ သူက ရန်သူရဲ့ ဝိညာဏ်ကိုသာ တိုက်ရိုက်တိုက်ခိုက်တာမဟုတ်ပဲ အသုံးပြုသူကိုယ်တိုင်လည်း အလားတူ ထိခိုက်မှုမျိုး ခံစားရလေ့ရှိတယ် နောက်တချက်က သူ့ရဲ့အကွာအဝေးအတွင်းမှာ ရန်သူမိတ်ဆွေ မခွဲခြားနိုင်ဘူး
နီလာခရမ်းတိုက်ပွဲဝင်ဝတ်စုံကတော့ နီလာခရမ်းတွင်းထွက်ရတနာကနေ ထုတ်လုပ်ထားတဲ့ ဝတ်စုံပဲ သူ့ကိုသာ နိုးထစေခဲ့ရင် မူလစွမ်းအင်ကာကွယ်တဲ့ အလွှာတမျိုးအဖြစ် ဖြစ်ပေါ်လာတယ် တကယ်လို့ မူလစွမ်းအင်ကာကွယ်တဲ့အလွှာ ပျက်စီးသွားရင်တောင်မှ မာကျောတဲ့ သတ္တုတွေကြောင့် ကာကွယ်ဖို့တော့ အသုံးဝင်နေသေးတယ် ဒါပေမဲ့ သူဟာလည်း မအောင်မြင်တဲ့ ထုတ်ကုန်တမျိုးပဲဖြစ်လို့ ရှေ့မျက်နှာစာ ပျက်စီးနေတယ်ကွ ဒါကြောင့် နောက်ကတိုက်ခိုက်လာတဲ့ အန္တရာယ်မျိုးကိုပဲ ကာကွယ်ပေးနိုင်လိမ့်မယ်
မီးလျံမုဆိုးပြောင်းရှည်အဝေးရောက်လက်နက်ကတော့ ကျုပ်တို့ ထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်တွေထဲမှာ အဆန်းကြယ်ဆုံးနဲ့ အရူးသွပ်ဆုံးလို့ ပြောလို့ရတယ် သူလည်းပဲ မအောင်မြင်တဲ့ ထုတ်ကုန်ပဲဆိုပါစို့ကွာ ဒီလက်နက်က မူလစွမ်းအင်ကို အရွေ့စွမ်းအင်အဖြစ်ပြောင်းလဲပြီး ကျည်ဆန်ရှစ်တောင့်ကို အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပစ်လွှတ်နိုင်တယ် လေးနဲ့မြားရဲ့ပုံစံကိုပဲ ပြုပြင်ပြောင်းလဲဆန်းသစ်ထားတဲ့ လက်နက်တမျိုးပေါ့ ထုတ်လုပ်ပြီးမှ သိလိုက်ရတာက ဒီလက်နက်ရဲ့ အသံက ကြောက်ခမန်းလိလိ ကျယ်လောင်နေပြီး အကွာအဝေးကလည်း ကန့်သတ်ချက် ရှိနေတယ် ပေတရာအကွာအဝေးအတွင်းတောင် သိပ်ယုံစားလို့မရဘူးဟေ့ ဒီတော့ စထုတ်တုန်းက အဝေးရောက်ပစ်မှတ်တွေအတွက် ရည်ရွယ်ခဲ့ပေမဲ့ တကယ့်တကယ်တန်းတော့ အနီးကပ်တိုက်ပွဲတွေအတွက်ပဲ အသုံးဝင်တယ်လို့ ဆိုရမယ် တကယ့်ကို ချာတူးလန် လက်နက်ပါပဲကွာ
တိမ်တိုက်ခြေလှမ်းစစ်သုံးဖိနပ်တွေကတော့ မူလစွမ်းအားတွေနဲ့ ပြုလုပ်ထားတာကွ ဒီဖိနပ်က အသုံးပြုသူကို ပိုမို လျင်မြန်စေပြီး လွတ်လွတ်လပ်လပ် ပျံသန်းစေနိုင်လိမ့်မယ် ဒီဖိနပ်ကတော့ မအောင်မြင်တဲ့ ထုတ်ကုန်မဟုတ်ဘူးဆိုပေမဲ့ သူလည်းပဲ အမှားတော့မကင်းဘူး သူ့ပြသနာက ဟောင်းနွမ်းလွန်းနေတာပဲ အဆက်မပြတ်အသုံးပြုမှုကို ခံနိုင်ရည် ရှိမဲ့ပုံ မပေါ်ဘူး ဆက်တိုက်သုံးစွဲရင် မင်းဖိနပ်က တစစီ ကွဲထွက်သွားလိမ့်မယ်
စစ်သုံးဓားကိုတော့ အနက်ရောင်မျဉ်းကြောင်းဓားလို့ ခေါ်တယ် ဓားသွားကို သတ္တဝါဆိုးတွေရဲ့ သွေးနဲ့ တိမ်တိုက်ပုံစံ ရေးဆွဲထားတယ် တိမ်တိုက်ပုံစံဟာ စွမ်းအားပြင်းထန်တဲ့ မူလတိုက်ပွဲဝင်စွမ်းရည်နဲ့ အရာရာကို ချေမှုန်းသတ်ဖြတ်စေတယ်လို့ မှတ်တမ်းဝင်ထားတယ် ဒီဓားသာ နိုးထလာမယ်ဆိုရင် သူ့ရဲ့စွမ်းအားက အင်မတန် ပြင်းထန် ထက်မြက်လိမ့်မယ်ကွ ဒီဓားဟာ အဆင့်ရှစ် မူလပစ္စည်းကိရိယာထဲမှာတောင် ပါဝင်တယ် တချိန်က ဒီဓားဟာ တိုက်ပွဲတခုမှာ ပျက်စီးသွားခဲ့ဖူးတယ် ဒါပေမဲ့ ခုချိန်ထိတော့ အသုံးပြုလို့ ရနေတုန်းပဲ သူက တဖက်လူရဲ့ ပြင်ပစွမ်းအင်ကို စုပ်ယူနိုင်ပြီး ရေရှည် တိုက်ပွဲဝင်လို့မရအောင် ပြုလုပ်ပေးနိုင်လိမ့်မယ်"
အနက်ရောင်ဝတ်ဆင်ထားသူ ရှင်းပြနေသော စကားများကိုနားထောင်ရင်း စုချန်းက ခြောက်သွေ့စွာ ရယ်မောလိုက်သည်။
"ခင်ဗျားတို့ အဖွဲ့အစည်းက ကျွန်တော့ကို နှစ်ပြားမတန်တဲ့ကောင်၊ အမှိုက်သရိုက် စွန့်ပစ်စရာနေရာများ မှတ်နေသလားဗျ ခင်ဗျားတို့ဆီမှာ အသုံးမဝင်တဲ့ ပစ္စည်းတွေကိုမှ ရွေးချယ်ပြီး ကျွန်တော့ကို လာပေးတယ်ပေါ့လေ ခင်ဗျားပေးတာတော့ အများကြီးပဲ ဒါပေမဲ့ တခုမှလည်း အသုံးမဝင်ပါလားဗျ"
ထိုလူက တုံ့ပြန်လိုက်သည်။
"အသုံးဝင်တဲ့ဟာတွေလည်း ပါပါတယ်ကွ မူလကျောက်တုံးတွေလေ"
အမှန်တကယ်အားဖြင့် မူလကိရိယာများ၏ စွမ်းအားကို မူလချီစွမ်းအား ပညာရှင်များကသာ အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်၏။ သို့သော် စုချန်းသည်ကား ထိုအဆင့်ထိ မရောက်သေးရာ ထိုပစ္စည်းများကို ကိုင်တွင်အသုံးပြုနိုင်ရန် ခက်ခဲ၏။ ၎င်းအစား မူလကျောက်တုံးများကိုသာ စွမ်းအင်အရင်းအမြစ်အဖြစ် အစားထိုး အသုံးပြနိုင်လေသည်။
မူလကျောက်တုံးများတွင် မူလစွမ်းအင်ပါဝင်ပြီး အမျိုးမျိုး အထွေထွေသော မူလစွမ်းအင်သုံး ကိရိယာများကို ကိုင်တွယ်ထိန်းချုပ်ရာတွင် အသုံးဝင်၏။ ထိုမျှသာမကသေး အဆိုပါ ကျောက်တုံးများသည် သုံးစွဲသူ၏ မူလစွမ်းအင်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိလေသည်။ သို့သော်ငြားလည်း ထိုကျောက်တုံးများတွင် ပါဝင်သော မူလစွမ်းအင်သည် သန့်စင်မွန်မြတ်ခြင်း မရှိလေရာ အင်အားဖြည့်တင်းရန်သာ အသုံးပြနိုင်၏။ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူရန်ကား အသုံးမဝင်ချေ။
မူလကျောက်တုံးများသည် သဘာဝအလျောက် ဖြစ်ပေါ်လာသည်တော့ မဟုတ်။ မူလချီစွမ်းအားပညာရှင်များက ၎င်းတို့၏ စွမ်းအားကို ကျောက်တုံးများအဖြစ် ပြောင်းလဲထားသည့် သဘောဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မူလစွမ်းအင်ကို အရန်အဖြစ် စုဆောင်းထားသည့် သဘောပင်။ ထို့ကြောင့် မူလစွမ်းအားပညာရှင်တိုင်းသည် မူလကျောက်တုံးများကို ထုတ်လုပ်နိုင်စွမ်း ရှိ၏။
ချီစူဆောင်းခြင်းနယ်ပယ်ရှိ မူလချီစွမ်းအားပညာရှင်တယောက်အဖို့ အဆင့်နိမ့်မူလကျောက်တတုံးရရှိရန် တရက်ခန့် အချိန်ယူရ၏။ ထို့ကြောင့် ချီစွမ်းအားပညာရှင်တယောက် ဖြစ်ခါစသူတယောက်၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ထိုကျောက်တုံးများနှင့် သတ်မှတ်လေ့ရှိသည်။ မူလကျောက်တုံးများအား အလွန်အမင်း သုံးစွဲခြင်းကြောင့် အနှီကျောက်တုံးများ၏ သဘောသဘာဝသည် ချီစွမ်းအားပညာရှင်များအကြားတွင် ငွေကြေးသဘောဆောင်လာ၏။ ယခုဖော်ပြပါ မူလကျောက်တုံးမျိုးသည် လှဲလှယ်မှုတွင် အခြေခံအကျဆုံး ယူနစ်တမျိုး ဖြစ်သည်။
အိတ်အတွင်း၌ မူလကျောက်တုံး တစ်ရာတိတိ ရှိနေ၏။ သူသာ လက်မဖွာခဲ့လျင် သုံးစွဲရန် မလုံလောက်စရာ မရှိပေ။ လျှို့ဝှက်အဖွဲ့မှ သူ့ကိုပေးသော ပစ္စည်းများအနက် အဆိုပါကျောက်တုံးများသည်သာ တန်ဖိုးအကြီးဆုံး ပစ္စည်းဟု ဆိုရမည်။
ပစ္စည်းများအားလုံးလိုလိုတွင် ချို့ယွင်းချက် တခုမဟုတ်တခု ရှိနေကြသော်လည်း စုချန်း စိတ်ကျေနပ်သွား၏။ မူလပစ္စည်းဟူသည်မှာ အလွန်ရှားပါး၏။ အဆိုပါပစ္စည်းများသည် အပြစ်အနာအဆာသာ မရှိခဲ့လျင် လျှို့ဝှက်အဖွဲ့အစည်းအနေနှင့် ထိုပစ္စည်းများကို သူ့အား ငှားယမ်းရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။
ထိုည၌ပင် စုချန်းသည် သူ့ခရီးအတွက် ပြင်ဆင်မှုတို့ ပြုလုပ်၏။ ထိုအခါမှာပင် သူ့လက်ပြင်တခုလုံး ပူလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့လက်ဖျံတွင် ရေးထိုးထားသည့် သေးငယ်ပြီး အနီရောင်သန်းနေသော မြွေတကောင်တက်တူးသည် တဖြည်းဖြည်း တောက်ပလာခြင်း ဖြစ်သည်။
ထိုမြွေသဏ္ဍန်တက်တူးမှာ အခြားမဟုတ်။ ကုချိန်းလွှာကိုယ်တိုင် သူ့အတွက် အထူးတလည် ထားရစ်ခဲ့သော တက်တူးဖြစ်သည်။ ထိုတက်တူးသည် ထူးထူးခြားခြား အစွမ်းအစ မရှိသော်လည်း တူညီသော တက်တူးရှိနေသူတဦး သတ်မှတ်ထားသော အချင်းဝက်အကွာအဝေးတွင် ရှိနေခဲ့လျင်ကား အလိုအလျောက် သိရှိနိုင်၏။ ဗေဒင်မေးလျင် ဆန်ကုန်နေလိမ့်မည်။ တက်တူး၏ အချက်ပေးမှုကြောင့် ကုချိန်းလွှာတယောက် ဤနေရာသို့ ရောက်ရှိလာပြီမှန်း စုချန်း အတပ်သိလိုက်၏။
စုချန်းက အိမ်တခါးကို ဖွင့်ရင်း တောင်အနောက်ဘက်သို့ ဦးတည် လျှောက်လာခဲ့၏။ စမ်းရေများ တသွင်သွင်စီးဆင်းနေသော ဂူပေါက်ဝသို့အရောက်တွင် ကုချိန်းလွှာသည် ထိုနေရာတွင် ထိုင်ရင်း သူမမေးဖျားကို ပျင်းရိငြီးငွေ့စွာ ပွတ်သပ်နေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ သူမ မည်သည့်အကြောင်းအရာများကို စဉ်းစားနေကြောင်းကို မည်သူမျှ မသိနိုင်ချေ။
စုချန်း ရောက်ရှိလာသည်ကို မြင်တွေ့ရသောအခါ ကုချိန်းလွှာတယောက် ထိုင်နေရာမှ ခုန်ထရင်း ဝမ်းသာအားရ ဆီးကြိုလိုက်သည်။
"ရှင်နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ"
စုချန်းက မေးလိုက်သည်။
"ဒီအချိန် ဒီနေရာကြီးကို ရောက်လာပြီး ကျွန်တော့ကို လာတွေ့ရအောင် ဘာတွေများ ဖြစ်နေလို့လဲဗျ"
ကုချိန်းလွှာ၏ မျက်နှာပေါ်တွင် ဆန်းကြယ်သော အမူအရာတမျိုး ပေါ်ပေါက်လာ၏။ သူမက စုချန်းအနီးသို့ တိုးကပ်ရင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ ယွဲ့ဝူချိဆိုတာ ဘယ်သူလဲ ကျွန်မ သိလာခဲ့ပြီရှင့်"
စုချန်း စိတ်ဝင်စားသွား၏။
"ဟာ ဟုတ်လား သူက ဘယ်သူလဲဗျ"
ထိုအခါ ကုချိန်းလွှာက လက်ကိုနောက်ပစ်ရင်း ခြေလှမ်းအနည်းငယ်ခန့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ ဟန်ပါပါနှင့် ပြောလိုက်သည်။
"အမယ်မယ် ရှင် ဒီလိုမေးလိုက်ရုံနဲ့ ကျွန်မက ဖြေရမှာတဲ့လား ဒီသတင်းကိုရဖို့ ကျွန်မမှာ အတော်လေး အားထုတ်ခဲ့ရတာရှင့် ဒါကိုတောင် ရှင်က ကျေးဇူးတင်စကား ပြောဖော်မရဘူးပေါ့လေ"
စုချန်းက ကုချိန်းလွှာ၏ ကလေးဆန်မှုကို ကြည့်ရင်း ရယ်မောလိုက်သည်။ သို့သော် သူ့ပါးစပ်ကမူကား သူမအား မြှောက်ပင့်လိုက်၏။
"သခင်မလေးကုဟာ အင်မတန် ထူးခြားတဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတဲ့သူပါဗျာ ဒီလောက်ပြသနာကလေးနဲ့ ဘယ်အခက်တွေ့မတုန်း ဒါမျိုးက သခင်မလေး လက်ဖျောက်တချက်တီးလိုက်ရုံနဲ့ အလွယ်တကူ သိရှိနိုင်တဲ့ဟာမျိုးပဲကို"
စုချန်း၏ မြှောက်ပင့်ပြောဆိုမှုက အလွန်ပင် ထိရောက်၏။ ထိုစကားကို ကြားလိုက်သည်နှင့် ကုချိန်းလွှာ၏ မျက်နှာတွင် ပြုံးပန်းတဝေဝေနှင့် ဖြစ်လာတော့သည်။ ချက်ချင်းပင် နောက်ဘက်သို့လှည့်ရင်း သူမက ပြောလိုက်သည်။
"အမယ်လေး ရှင်က မလွယ်ဘူးပဲ သူများကို စိတ်ကျေနပ်အောင် ဘယ်လိုပြောဆိုရမှန်း ကောင်းကောင်းသိနေတယ်ပေါ့လေ"
တဆက်တည်းမှာပင် သူမက စုချန်းအနီးသို့ တိုးကပ်သွားရင်း နားရွက်အနီးတွင်ကပ်ကာ ခပ်တိုးတိုး ပြောလိုက်၏။
"ယွဲ့ဝူချိဆိုတာ တခြားလူမဟုတ်ဘူးရှင့် 'ရှည်လျားစွာရစ်ခွေနေသောမြို့တော်'က လျှို့ဝှက်လက်နက်ကိုင်အင်အားစုရဲ့ ခေါင်းဆောင်ကြီးပဲ"
ရှည်လျားရစ်ခွေမြို့တော်!! လျှို့ဝှက်လက်နက်ကိုင်အင်အားစု!! ခေါင်းဆောင်ကြီး!!
မမျှော်လင့်သော သတင်းကြောင့် စုချန်းတယောက် လုံးဝ အံ့သြသွား၏။
ရှည်လျားရစ်ခွေမြို့တော်ဟူသည်မှာ လောင်စန်းနိုင်ငံတော်၏ ပထမမြို့တော်ဖြစ်သည်။ လျှို့ဝှက်လက်နက်ကိုင် အင်အားစုဟူသည်မှာလည်း လောင်စန်းနိုင်ငံတလွှား အလွန်အင်အားကြီးမားပြီး သြဇာညောင်းလှသော အဖွဲ့အစည်းကြီးတရပ် ဖြစ်၏။ တဖက်ရန်သူကို ကင်းထောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ စောင့်ကြည့်ခြင်း၊ တိုင်းပြည်လုံခြုံရေးကို စိတ်ချရအောင် ပြုလုပ်ခြင်း စသည့် လုပ်ငန်းစဉ်များသည် လျှို့ဝှက်လက်နက်ကိုင်အင်အားစု၏ အဓိက လုပ်ငန်းစဉ်ကြီးများ ဖြစ်သည်။
အနှီလုပ်ငန်းစဉ်များသည် အလွန် အရေးကြီးလှသော လုပ်ငန်းစဉ်များ ဖြစ်လေရာ လျှို့ဝှက်လက်နက်ကိုင်အင်အားစု၏ သြဇာအာဏာ မည်မျှ ကြီးမားမည်ကို တွက်ဆနိုင်ပေသည်။ ရေမြင့်လျင် ကြာတင့်သည့်ပမာ အဖွဲ့က သြဇာကြီးသလောက် ထိုအဖွဲ့၏ ခေါင်းဆောင်ကြီးဖြစ်သူ ယွဲ့ဝူချိ၏ ဂုဏ်ဒြပ်ကလည်း မြင့်မားလှပေ၏။ သူ၏ သြဇာလွှမ်းမိုးမှုကလည်း အတိုင်းအဆမရှိ ကျယ်ပြန့်လှပေ၏။ ထို့ကြောင့် ၎င်းကို နိုင်ငံ၏ အဓိကပုံရိပ်ဟုပင် သတ်မှတ်နိုင်သည်။
ယွဲ့ဝူချိ၏ အဆင့်အတန်း မည်မျှ မြင့်မားသည်ကို မည်သူ သိနိုင်မည်နည်း။ သို့သော် လျှို့ဝှက်အဖွဲ့အစည်းသည် ယွဲ့ဝူချိကဲ့သို့သော လူစားမျိုးကိုပင် သတ်ဖြတ်ရန် ကြံစည်ရဲ၏။ ဤအခြေအနေသည် စုချန်း၏ ကြိုတင်မျှော်တွေးနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပေပြီ။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ လျှို့ဝှက်အဖွဲ့အစည်းမျိုးနှင့် ပူးပေါင်းဆောင်ရွက်ရန် သူ ကြံစည်ခဲ့၏။ အကြပ်ကိုင်ခဲ့၏။ ငွေညှစ်ခဲ့၏။ ဤအခြေအနေမျိုးတွင် စုချန်းကဲ့သို့သော အဆင့်အတန်းမျိုးကို လိုက်လျောရန် လျှို့ဝှက်အဖွဲ့အစည်းက သဘောတူညီခဲ့ခြင်းမှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ချေ။ အံ့သြစရာပင်တကား။
သို့သော် စုချန်းအတွက် မည်သို့မျှ နောက်ဆုတ်ရန် အခွင့်အရေး မရှိတော့။ ထိုလူများ၏ အကြံအစည်ကို ကွက်ကွက်ကွင်းကွင်း သိလိုက်ရပြီဖြစ်ရာ သူ့တွင် ပို၍ နောက်ဆုတ်ရန် လမ်းမရှိတော့မှန်း ရှင်းရှင်းလင်းလင်း သိသာနေခဲ့လေပြီ။ လက်ရှိအချိန်တွင် သူ့အတွက် လုပ်ဆောင်ရန်မှာ အသတ်မခံရရန်နှင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်သာ ဖြစ်သည်။ တတ်နိုင်သမျှ အခြေအနေကို ပြောင်းပြန်လှန်ပြီး မိမိအတွက် အခွင့်အရေးများ ပိုမို ရရှိလာရန် ကြိုးစားရမည်သာ ဖြစ်သည်။
စုချန်းတယောက် အတွေးနှင့် မြောလွင့်နေ၏။ ထိုအချိန်တွင် ကုချိန်းလွှာက ပြောလိုက်သည်။
"လျှို့ဝှက်အဖွဲ့အစည်းက ဒီလို လူစားမျိုးကိုတောင် သတ်ဖို့ ကြံစည်ရဲတယ် သေချာပေါက် သတ္တိအလွန်ကောင်းတဲ့လူတွေလို့ ပြောရမယ်"
စုချန်းက ပြောလိုက်သည်။
"သူတို့ သတ္တိကောင်းမှာပေါ့ဗျ ယွဲ့ဝူချိကို သတ်ဖို့ စိတ်ကူးရကတည်းက သူတို့မှာ အကြံအစည်ပေါင်းများစွာ ချမှတ်ပြီးခဲ့ပြီပဲ ဒီမယ် ကုချိန်းလွှာ ခင်ဗျား ပြန်သွားလို့ရှိရင် အကြီးအကဲယွဲ့အတွက် လျှို့ဝှက်သတိပေးစာတစောင်လောက်တော့ ပို့ထားသင့်တယ်"
စုချန်း၏ စကားကို ကုချိန်းလွှာက ခေါင်းခါရင်း တုံ့ပြန်လိုက်သည်။
"အမလေး မလိုပါဘူးရှင် ဒီလိုအဖွဲ့အစည်း ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်နေမှတော့ တနှစ်တနှစ် သူ့ကို သတ်ဖြတ်ချင်တဲ့လူ ဘယ်လောက်များမလဲ သူမသိပဲ မနေပါဘူး သူ့ကိုသတ်ဖို့ ဒီလောက်သာ လွယ်နေလို့ရှိရင် ရှင့်လူက ဟိုးအရင်ကတည်းက သေခဲ့ပြီးပြီပေါ့ သူဆီစာရေးလို့ သူကတော့ ပိုပြီး လုံခြုံရေးတွေ တိုးချလိမ့်မယ် မထင်နဲ့ ကံမကောင်း အကြောင်းမလှရင် ဒီစာက ဒုက္ခတွေကို ဖိတ်ခေါ်သလိုတောင် ဖြစ်နေလိမ့်အုံးမယ်ရှင့်"
ကုချိန်းလွှာက စကားဆက်ပြန်၏။
"ရှင်ပဲစဉ်းစားကြည့်လေ ဒီစာကြောင့် လျှို့ဝှက်လက်နက်ကိုင်အင်အားစုကလူတွေ ဒီကိုရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ပြီးရင် သူတို့က ဒီသတင်းအချက်အလလက် ဘယ်ကနေရသလဲ မေးခွန်းထုတ်ကြလိမ့်မယ် နောက်ဆုံးမှာ ရှင်ဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်မနေဘူးလား နောက်ဆုံးမှာ သတင်းပြန့်သွားမယ် တဖက်အဖွဲ့အစည်းက သိသွားမယ် အဲဒါဆိုရင် ရှင်တော့ သေပြီပဲ"
ကုချိန်းလွှာသည် အလွန်မြင့်မားသော မိသားစုမှ လာသူဖြစ်လေရာ ထိုအဆင့်အတန်းမှ ပုဂ္ဂိုလ်များ မည်သို့မည်ပုံ ပြုလုပ်လေ့ရှိကြောင်း သူမကောင်းကောင်းသိ၏။ တဖက်အဖွဲ့အစည်းသည် သာမာန်စာတစောင်မျှနှင့် ရေးသားသူကို ယုံကြည်လိမ့်မည်မဟုတ်ကြောင်း သူမကောင်းကောင်း နားလည်၏။ စာရေးသားခြင်းသည် ရေးသားသူကို အခက်တွေ့စေခြင်းနှင့်သာ အဆုံးသတ်ပေလိမ့်မည်။
ထိုအခါ စုချန်းက အိပ်မက်မှ လန့်နိုးလာသူကဲ့သို့ သတိရလာ၏။ သူက ပြောလိုက်သည်။
"ဒါ ကျွန်တော့ရဲ့ သတိလစ်ဟင်းမှုပဲ တကယ်တော့ ယွဲ့ဝူချိကို သတိပေးးပေး မပေးပေး ဘာမှ မထူးခြားဘူးပဲ ဒါပေမဲ့..."
စုချန်းက တစုံတခုကို စဉ်းစားတွေးတောမိဟန်ဖြင့် စကားဆက်သည်။
"အခြေအနေက ဒီလိုလို့ တကယ်တမ်း ယူဆရပေမဲ့ အကြီးအကဲစန်းရဲ့ လျှို့ဝှက်အဖွဲ့က ဘာကြောင့် ဒီလောက်တောင် သတိထားနေရတာလဲ ဘာကြောင့် ကျွန်တော့ရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုကို လက်ခံလိုက်လျောရတာလဲ"
ထိုအခါ ကုချိန်းလွှာသည် စုချန်း၏ အကြံအစည်နှင့် လုပ်ရပ်ကို နားလည်သဘောပေါက်သွားပြီး အံ့သြသွား၏။ ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ်နေကြလေသည်။
ထိုအခိုက်မှာပင် စုချန်းက လွှတ်ခနဲ ပြောလိုက်သည်။
"တကယ်တော့ ဒီလူတွေ ဂရုစိုက်တာ ယွဲ့ဝူချိရဲ့လုံခြုံရေးစနစ်မဟုတ်ပဲ အခြားတခုများ......."
ကုချိန်းလွှာ၏ မျက်လုံးက ဖြတ်ခနဲ ဝင်းလက်လာ၏။
"ဒါမှမဟုတ် ဝိညာဏ်မြုပ်နှံခြင်းဆိုင်ရာတံခါးပေါက်များ ဖြစ်နေမလားရှင့်"
ယွဲ့ဝူချိအား လုပ်ကြံသတ်ဖြတ်ရန်မှာ ထိုအဖွဲ့အစည်း၏ အဆုံးစွန်သော ရည်မှန်းချက် ဟုတ်ပုံမရ။ မဟုတ်မှလွဲရော ဝိညာဏ်မြုပ်နှံခြင်းဆိုင်ရာတံခါးပေါက်သာ ဖြစ်နိုင်ချေ ရှိနေ၏။
နှစ်ယောက်သားပါးစပ်မှ တချိန်တည်း တပြိုင်တည်းတွင် မေးခွန်းတခု လွှတ်ခနဲ ထွက်ပေါ်လာ၏။
"ဝိညာဏ်မြုပ်နှံခြင်းဆိုင်ရာတံခါးပေါက်ဆိုတာဘာကြီးတုန်း"