← Chapters

နှုတ်ဆက်ခြင်း

Vol. 4 Ch. 34

နှုတ်ဆက်ခြင်း

Vol. 4 Ch. 34

အနီရောင်ပြစ်ဒဏ်ကာလ၏ ပထမဆုံးနေ့ရက်သည်ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ကျရောက်လာခဲ့ချေပြီ။ ဤယနေ့တွင် စုမျိုးနွယ်စု မိသားစုဝင်များအားလုံးသည် မြောက်ပိုင်းမြို့တော်၏ အပြင်ဘက်တွင် စုရုံးနေကြ၏။ သူတို့ စုရုံးနေရခြင်း၏ ရည်ရွယ်ချက်မှာ စုချန်းကို နှုတ်ဆက်ရန်နှင့် အနီရောင်တောင်တန်းသို့ စုချန်း အမှန်တကယ် သွား/မသွား သေချာစေရန် ဖြစ်သည်။

စုချန်းသည် သူ့မိခင်နှင့် စုဖေးဟူတို့ပေးလိုက်သော အစားအစာများနှင့် လက်နက်အပြည့်အစုံထည့်ထားသော အိတ်တအိတ်ကို သယ်ဆောင်လာ၏။ အဆိုပါ ပစ္စည်းများထဲတွင် သံမဏိဓားတလက်၊ အလွန်ခိုင်ခံ့သော ရင်ဘတ်ကာတစ်ခုနှင့် ဒူးလေးတလက်တို့ ပါဝင်၏။ ထိုပစ္စည်းများသည် မူလကိရိယာများ မဟုတ်သော်လည်း သာမညောင်ညတော့ မဟုတ်။ အလွန်ကောင်းမွန်သော လက်နက်များ ဖြစ်လေသည်။

ယခုအချိန်တွင် သနားစရာ အကောင်းဆုံးလူမှာ တန်ဟွားယွီဟုသာ ဆိုရမည်။ မိခင်ဟူသည်မှာ မိခင်သာ ဖြစ်သည်။ သူမသည် ယခုအချိန်ထိ လက်မလျော့သေးချေ။ ပြစ်ဒဏ်ကို ရုတ်သိမ်းပေးရန် စုချန်းချဲ့အား ယခုအချိန်ထိ အသနားခံလျက် ရှိရှာသည်။

"အဖေရယ် ချန်းအာဟာ မျက်မမြင်ကလေးတယောက်ပါ သူ့ကိုအနီရောင်တောင်တန်းကိုသွားဖို့ အဖေဘယ်လိုများ စေလွှတ်ရက်တာလဲရှင် ဒီလိုလုပ်လိုက်တာဟာ သူ့ကို သေတွင်းပို့လိုက်သလို ဖြစ်မနေဘူးလား"

ထိုကိစ္စအတွက် သခင်ကြီးဘုရား စုချန်းချဲ့သည်လည်း စိတ်သက်သာပုံမရ။ သူက သက်ပြင်းတချက်ကို လေးလံစွာချရင်း ပြောလိုက်သည်။

"ကျုပ်က စေလွှတ်တာ မဟုတ်ဘူးကွဲ့ ဒီပြစ်ဒဏ်ကို သူကိုယ်တိုင်ပဲ ရွေးချယ်သွားတာပါ"

တန်ဟွားယွီက ထပ်မံ တောင်းပန်လိုက်သည်။

"ဒါပေမဲ့ အဖေ တားဆီးနိုင်ပါတယ်ရှင်"

ထိုအခါ စုခေါ့ကျိက ရယ်သွမ်းသွေးရင်း ဝင်ရောက်ပြောဆိုလိုက်သည်။

"ဒီကိစ္စမှာတော့ မရီးမှားနေပြီ ထင်တယ်ဗျ လူသားမျိုးစိတ်တွေဟာ အသင်္ချေမက ရန်လိုရိုင်းစိုင်းတဲ့ မျိုးစိတ်ပေါင်းများစွာ ဝန်းရံထားတဲ့ အခြေအနေမျိုးမှာတောင် စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိကို အခြေခံပြီးတော့ နေရာတခုကို ခြေကုပ်ရယူနိုင်ခဲ့တယ် အလွန်တရာ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေမျိုးတွေမှာတောင် လူသားစစ်သည်တောင်တွေဟာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ကြဘူး စုချန်းဟာ အမြဲတစေ တာအိုလမ်းကြောင်းနဲ့ သိုင်းပညာစွမ်းအားမွေးမြူခြင်းလမ်းစဉ်ကို အာရုံစိုက်ထားတတ်တဲ့ လူငယ်လေးပဲ ဒီလမ်းကြောင်းကို လျှောက်မဲ့လူဟာ သူရဲကောင်းတယောက် ဖြစ်လာမှာဖြစ်လို့ စွန့်စားမှုတွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေလို့ မရဘူး ဒီတော့ ကျုပ်တို့က သူ့ကို ဘယ်လိုများ တားဆီးမလဲ မျက်လုံးမမြင်တာတောင် စုချန်းဟာ စုယွဲ့နဲ့ မိုဒါယန်တို့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တာကို ကြည့်ရင် သူ့အခြေအနေက သာမာန် လူကောင်းတယောက်ထက် မညံ့မှန်း သိသာနေပြီ ဒီနှစ်မှာပဲ ကျုပ်ရဲ့သားဟာလည်း စုချန်းကို တိုက်ပွဲစဉ်အတွင်းမှာပဲ ရှုံးနိမ့်ခဲ့တယ်မလားဗျ ဒီတော့ သူဟာ အစွမ်းအစ ရှိပါတယ် သူ့အနေနဲ့ အနီရောင်တောင်တန်းက အသက်ရှင်လျက် ပြန်လာနိုင်ဖို့ဆိုတာ သိပ်တော့လည်း မဖြစ်နိုင်စရာ မရှိပါဘူးဗျာ"

နောက်ဆုံးဝါကျတချို့ကို ပြောဆိုလိုက်သည့်အချိန်တွင် စု့ခေါ့ကျိ၏ နှလုံးသားသည် တစစ်စစ် နာကျင်ကိုက်ခဲနေ၏။ သို့သော် သူ့စကားလုံးများသည်ကား ပျားရည်ဆမ်းထားသကဲ့သို့ ချိုမြလှပေသည်။

တန်ဟွားယွီက သွားကြားထဲမှ ထွက်လာသောလေသံနှင့် ပြောလိုက်သည်။

"ဒီမှာ စုခေါ့ကျိ ဒီနှစ်ပိုင်းအတွင်းမှာ ရှင်ဟာ ကျွန်မရဲ့သားကို ဒုက္ခပေးဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့တယ် ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မသားဟာ ဒီလမ်းကြောင်းပေါ်ကို ရောက်ခဲ့မှာ မဟုတ်ဘူး ဒီတော့ ရှင်နဲ့ကျွန်မနဲ့ ဇာတ်လမ်းမပြီးသေးဘူးဆိုတာ မှတ်ထားပါ"

ပြောပြောဆိုဆို သူမက စုခေါ့ကျိကို ခုန်အုပ်ရန် ကြိုးစားလိုက်၏။ ထိုအခါ အနီးအနားရှိလူများက သူမကို နောက်မှဝိုင်းဝန်းဆွဲထားရလေသည်။ တန်ဟွားယွီ၏ ဒေါသနှင့်ရက်စက်ကြမ်းတမ်းမှုကြောင့် စုခေါ့ကျိ လန့်ဖြတ်သွား၏။ သူက နောက်ကို အနည်းငယ်ဆုတ်ရင်း ပြောလိုက်သည်။

"စကားကို အေးအေးဆေးဆေး ပြောစမ်းပါဗျာ ဒီကနေ့ ဒီလိုဖြစ်ရတာ ကျုပ်နဲ့ ဘာများသက်ဆိုင်တာ မှတ်လို့"

စုခေါ့ကျိ၏ အမူအရာက မတရားစွပ်စွဲခံရ၍ မခံချိမခံသာ ဖြစ်နေသည်နှင့် တူလှသည်။ အဆိုပါ အဖြစ်အပျက်တို့ ဖြစ်ပွားနေသော နေရာနှင့် ခပ်လှန်းလှန်းတွင်ကား စုချန်းသည် စုဖေးဟူ၏ လက်ကိုဆုပ်ကိုင်ကာ တစုံတရာကို တီးတိုးပြောဆိုနေ၏။ သူပြောဆိုနေသော စကားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

"တတိယဦးရီးတော် ဒီတခေါက် ကျွန်တော်သွားရမှ အတော်လေး အန္တရာယ်များတယ် ဒါပေမဲ့ ကျွန်တော့အနေနဲ့ အမေကလွဲပြီး တခြား ဘယ်အရာမှ စိတ်မပူလှဘူး ဒီတော့ ကျွန်တော် ဒီမှာမရှိတဲ့အချိန် ဦးရီးတော်ကိုပဲ အပူကပ်ရတော့မှာပဲခင်ဗျာ ကျွန်တော်မရှိတုန်း အမေ့ကို တဆိတ်လေး ဂရုစိုက်ပေးပါခင်ဗျာ ဘာမှာ ရူးရူးမိုက်မိုက် လျှောက်မလုပ်မိပါစေနဲ့"

စုဖေးဟူက ပြောလိုက်သည်။

"ကိုယ့်ဟာကိုယ်သာ အထူးဂရုစိုက်စမ်းပါကွယ် ဒီကကိစ္စတွေကို စိတ်သာချ ဟုတ်ပြီလား မင်းဟာ မျက်လုံးမမြင်တဲ့အတွက် ပြစ်ဒဏ်ကာလတလျောက်လုံး အကြားအာရုံနဲ့ ဆဌမအာရုံကိုပဲ အမှီသဟဲပြုပြီး နေထိုင်ရလိမ့်မယ် ဒီတော့ ဘာမှ မဟုတ်တာတွေ လျှောက်မစားနဲ့ အိတ်ထဲမှာ ရိက္ခာပိုပိုလိုလို ထည့်ပေးထားတယ် သယ်ရတာ မဆိုစလောက် လေးတယ်ဆိုပေမဲ့ ပေါက်တတ်ကရတွေ လျှောက်စားတာနဲ့စာရင်တော့ အများကြီး တော်ပါသေးတယ်"

စုချန်းက ရယ်မောရင်း သူ့ဦးရီးတော်၏ စိုးရိမ်မှုကို နှစ်သိမ့်လိုက်သည်။

"ဘာမှစိတ်မပူပါနဲ့ ဦးရီးတော် ရိုင်းစိုင်းတဲ့ သတ္တဝါဆိုးတကောင်လောက် သတ်ပြီးသွားရင် ကျွန်တော်တို့အတွက် အစားအသောက်က အများကြီး ပိုလာပါလိမ့်မယ်"

စုဖေးဟူက သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသလိုက်သည်။

"မြတ်စွာဘုရား ဒီလိုသတ္တဝါတွေကို သတ်ဖြတ်ဖို့ ကြိုးစားမဲ့အစား မင်းအနေနဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးသွားတဲအထိ အသက်ရှင်နိုင်အောင် ကြိုးစားတာက ပိုကောင်းလိမ့်မယ် ထင်တယ် ဒီလိုနေရတာ ဆင်းရဲဒုက္ခရောက်ကောင်းရောက်မှာဖြစ်ပေမဲ့ သေတာထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်ကွာ"

"ကျွန်တော် သေသေချာချာ လုပ်မှာပါ ခင်ဗျာ"

ပြောပြောဆိုဆို စုချန်းသည် နောက်လှည့်ကာ အနီရောင်တောင်တန်းသို့ ဦးတည်လျှောက်လာခဲ့၏။ သူခြေလှမ်းများသည် မြန်လည်းမမြန်သလို နှေးလည်းမနှေးပါ။ တသမတ်တည်းဖြစ်သည်။ စုချန်းသည် တလှမ်းချင်း ပုံမှန်လျှောက်သွားနေ၏။ နောက်ဆုံးတွင် သူသည် တောအုပ်တခုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

သူမ၏သားသည် ကြောက်မက်ဖွယ်ရာကောင်းလှသော ဒေသအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်ရသောအခါ တန်ဟွားယွီ၏ ခြေထောက်များသည် အားမရှိသကဲ့သို့ ပျော့ခွေကာ မြေပေါ်သို့ လဲပြိုကျသွားရှာသည်။ သားဖြစ်သူ စုချန်း၏ အသက်ရှင်သန်ခွင့်သည် ကြိုတင်ခန့်မှန်း၍ မရတော့သလို မသေချာမရေရာသော အခြေအနေတခုသို့ ကျရောက်သွားခဲ့ပြီမှန်း သူမ သေသေချာချာ သိနှင့်နေခဲ့သည် မဟုတ်ပါလား။

_____________×××_______________×××___________

အနီရောင်တောင်တန်းသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းရှည်ကြီးဖြစ်ပြီး များပြားလှသော တောအုပ်များကလည်း အကန့်အသတ်မရှိ ဖုံးအုပ်ထား၏။

စုချန်းသည် တောင်ထွဋ်များ တခုပြီးတခု ကျော်ဖြတ်လာခဲ့၏။ တောင်ကြောတလျောက် အကြီးအသေးစုံလင်လှသော တောင်ထွဋ်များ ဖြစ်ပေါ်နေလေရာ မြေအနေအထားမှာ ရှုပ်ထွေးလှပြီး ကျောက်ဆောင်ထူထပ်လှ၏။ အထူးပင် အန္တရာယ်များသော လမ်းခရီးမျိုးပေတကား။ တနေကုန် ခရီးပြင်းနှင်ခဲ့ပြီး စုချန်းသည် တောင်ကုန်းငယ်တခု၏ ထိပ်ဖျားသို့ ရောက်ရှိလာ၏။

တောင်ထိပ်ဖျားတွင် မတ်တပ်ရပ်၍ စုချန်းက အဝေးကို လှမ်းမျှော်ကြည့်ရှုလိုက်၏။ သူမြင်နိုင်သမျှသောအရာမှာ အဆုံးအစမရှိသော အစိမ်းရောင်ပင်လယ်ကြီးပေတကား။ သစ်ပင်များ၏ အလွန်တွင်ကား မည်သည့်လူသတ္တဝါ၊ မည်သည့် သတ္တဝါဆိုးများကိုမှ မတွေ့မြင်ရချေ။

သူမတ်တပ်ရပ်နေသော တောင်ကုန်းငယ်သည် သိပ်မမြင့်လှပါ။ သူနေထိုင်ရာ မြို့တော်တည်ရှိရာနေရာမှ ပေပေါင်း နှစ်ရာ သို့မဟုတ် ထိုထက် အနည်းငယ်သာ ပို၍ မြင့်ပေလိမ့်မည်။ တောင်ကုန်းငယ်တွင် ကျောက်ကမ်းပါးယံသုံးခုရှိ၏။ အရှေ့ဘက်တွင် တခု၊ အနောက်ဘက်တွင်တခုနှင့် မြောက်ဘက်တွင် တခုတို့ဖြစ်သည်။ မြောက်ဘက်ကမ်းပါးယံသည် မတ်စောက်လှပေရာ တက်ရောက်ရန် မဖြစ်နိုင်ချေ။ သူမတ်တပ်ရပ်နေသော တောင်ထွဋ်သည်ကား တောင်ဘက်မှ ဖြစ်သည်။ မြစ်ငယ်လေးတစင်းသည်ကား တောင်အနောက်ဘက်ကို ဖြတ်သန်းကာ ကွေ့ကောက်စွာ စီးဆင်းလျက်ရှိ၏။

"နေရာလေးကတော့ မဆိုးဘူး လာမဲ့ရက်တစ်ရာလုံးကို ဒီမှာပဲ နေလိုက်တာကောင်းမယ်"

တောင်ကုန်းလေး၏ အနေအထားနှင့် တည်နေရာကို စုချန်း ကျေနပ်သဘောကျသွား၏။ တီးတိုးရေရွတ်ရင်း စုချန်းသည် လေးလံလှသောအိတ်ကြီးကို အောက်သို့ချလိုက်၏။ ထို့နောက် သူက အိတ်ထဲမှ ကြိုးလှေကားတခုကို ဆွဲထုတ်က ကျောက်ကမ်းပါးယံတခု၏ အောက်သို့ တွဲလောင်းချထားလိုက်သည်။ အကယ်၍ အကြောင်းတစုံတရာကြောင့် တောင်အောက်သို့ ခုန်ဆင်းရမည့် အနေအထားသို့ ရောက်လာပါက အနှီ ကြိုးလှေကားသည် သူ၏ အသက်ကို ကယ်ဆယ်နိုင်ပေလိမ့်မည်။

တဖန် စုချန်းသည် သူ့အိတ်အတွင်းမှ ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ကာ ဆေးရည်အနည်းငယ်ကို မြေကြီးပေါ်တွင် ဖြန်းထားလိုက်၏။ အနှီဆေးရည်မှာ အခြားမဟုတ်။ ယန့်ဝူရွှန်းတယောက် သူ့ကို အကောက်ကြံရာတွင် အသုံးချခဲ့သော သားရဲညှို့ငင်ဆေးရည်ပင် ဖြစ်သည်။ သုံးစွဲသောပမာဏကို ထိရောက်စွာ ထိန်းချုပ်ထားပါက အနှီဆေးရည်သည် အလွန်ကောင်းမွန်သော ငါးစာတမျိုးပင်တည်း။

အထက်ပါလုပ်ရပ်များ လုပ်ဆောင်ပြီးနောက် စုချန်း လုပ်စရာရှိသည့် တခုတည်းသောအလုပ်မှာ ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ အနီရောင်တောင်တန်းနယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်မှာ ရူးမိုက်ရာကျနေ၏။

ထို့ကြောင့် စုချန်းက စောင့်စားရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ အမဲလိုက်ရန် သူရွေးချယ်လိုက်သော နည်းလမ်းမှာ ရန်သူ့နယ်မြေအတွင်း ထိုးဖောက်၍ သားကောင်ကို အမဲလိုက်ရမည့် နည်းလမ်းအစား ကိုယ့်နယ်မြေအတွင်း သားကောင်အလာကို စောင့်ဆိုင်း၍ ကိုယ်ပိုင်အခွင့်အရေး ဖန်တီးရန်ပင် ဖြစ်သည်။ ထိုအခါ သူက ထိုနေရာတွင်ပင် ထိုင်၍ သားကောင်များ ရောက်လာပါစေဟု ဆုတောင်းနေလေတော့သည်။

ဤနည်းလမ်း၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ လုံခြုံစိတ်ချရမှုရှိခြင်းပင် ဖြစ်သည်။ သူ့အနေနှင့် ပတ်ပတ်လည် မြေမျက်နှာပြင် အနေအထားကို အသုံးချ၍ သူ၏ လုပ်အားကို လျော့ချနိုင်၏။ သတ္တဝါဆိုးများ ရောက်ရှိလာပါက စုချန်းအနေနှင့် အပေါ်စီးမှနေ၍ ပတ်ဝန်းကျင်တခုလုံးကို ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရရာ အနှီသတ္တဝါ၏ အမျိုးအစားကို ခွဲခြားသတ်မှတ်နိုင်၏။ ထိုအခါ သူ့အနေနှင့် ထိုသတ္တဝါကို အမဲလိုက်ရန် သင့်မသင့် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ အကယ်၍ ရောက်ရှိလာသော သတ္တဝါသည် အလွန် သန်မာနေပါက သူ့အနေနှင့် ကြိုးလှေကားကို အသုံးပြု၍ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ပေလိမ့်မည်။

ဤနည်းလမ်းသည် စုချန်းနှင့် အဖိုးကြီးတန်ကျင်းတို့နှစ်ယောက် သုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သော တိုက်ပွဲဝင်နည်းလမ်းများအနက်မှ တခုဖြစ်သည်။

စနစ်တကျ ကြိုတင်ပြင်ဆင်ထားသောလည်း အမှန်တကယ်တွင်ကား ထိုမျှနှင့် မလုံလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် စုချန်း၏ အဆင့်အတန်းသည် ကိုယ်ခန္ဓာ သန်မာအောင်လေ့ကျင့်ရသောနယ်ပယ်အတွင်း၌သာ ရှိသေး၏။ အဆိုးဆုံးဟုဆိုရမည့် သတ္တဝါဆိုးတကောင်သည် ချီးစွမ်းအားများ စုဆောင်းခြင်းနယ်ပယ်ရှိ မူလချီစွမ်းအားပညာရှင်တယောက်နှင့် အဆင့်တူ၏။

မူလကိရိယာလေးမျိုး ရှိသည့်တိုင်အောင် စုချန်းအနေနှင့် အလွန်တရာ ဂရုစိုက်နိုင်မှ တော်ကာကျပေလိမ့်မည်။ ကံမကောင်း အကြောင်းမလှ၍ သတ္တဝါဆိုးများ အုပ်စုလိုက်ရှိနေသော နေရာသို့ ထွက်ပြေးမိလျင်ကား စုချန်းအတွက် သွားစရာ လမ်းတလမ်းသာ ကျန်ရှိတော့သည်။ ထိုလမ်းမှာကား သေလမ်းပင် ဖြစ်လေတော့သည်။ထို့ကြောင့် အမဲလိုက်ရာတွင် ယခုလိုနည်းလမ်းများ အသုံးပြုခြင်းသည် ရယ်ဖွယ်ရာကောင်းနေသည့်တိုင်အောင် အန္တရာယ်အကင်းဆုံးဟုသာ ဆိုရပေလိမ့်မည်။

တဖက်လှည့်နှင့် စဉ်းစားကြည့်သော် စုချန်းအတွက် ယန့်ဝူရွှန်းကိုပင် ကျေးဇူးတင်စရာ ကောင်းနေသေးသည်။ အကြောင်းမှာ ယန့်ဝူရွှန်း၏ သူလျှိုယူဆောင်လာသည့် သားရဲညှို့ငင်ဆေးရည်ကြောင့်သာလျင် စုချန်းအနေနှင့် ဤနည်းလမ်းမျိုးကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်ကား ယန့်ဝူရွှန်းခမျာ စုချန်းကို ဒုက္ခပေးနိုင်ဖို့ နေနေသာသာ တဖက်လှည့်နှင့်ပင် ကူညီရာ ရောက်နေခဲ့ချေပြီတကော။

တနာရီခန့်စောင့်ဆိုင်းပြီးနောက် စုချန်းမျှော်လင့်နေသောပထမဆုံး သားရဲသတ္တဝါတကောင်သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာ၏။ လွှသွားကျားတကောင်ပေတကား။ အဆိုပါကျားသည် ရိုင်းစိုင်ကြမ်းတမ်းသော သတ္တဝါဆိုး အုပ်စုဝင်တော့ မဟုတ်။ သာမာန် တောရိုင်းတိရိစ္ဆာန်တကောင်မျှသာ ဖြစ်သည်။ သို့တိုင်အောင် အနှီသတ္တဝါ၏ ကိုယ်ခန္ဓာမှာ ကြီးမားလှပြီး အလေးချိန်ကလည်း တတန်မျှလောက်ပင် ရှိနိုင်၏။ ဤကဲ့သို့သော တိရိစ္ဆာန်မျိုးကို အလွယ်တကူ ခုခံရန်မှာ သိပ်လွယ်သည့် ကိစ္စတော့ မဟုတ်။

လွှသွားကျားကို မြင်သောအခါ စုချန်းက မူလကိရိယာများကို အသုံးမပြုတော့ပဲ ရိုးရိုးရှင်းရှင်းပင် လက်သီးကို အသုံးပြု၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ နတ်ဘုရားကိုယ်ထည်အဆင့်ကိုးရှိသူတယောက်သည် လွှသွားကျားတကောင်ထက်တော့ မည်သို့မျှ နိမ့်ပါးစရာ မရှိပေ။ တဖန် စုမျိုးနွယ်စု၏ မီးလျံထဲမှကျားလက်သီးပညာရပ်ကလည်း အလွန်တရာ ကြမ်းတမ်းရက်စက်ပြီး အင်အားပြည့်ဝသော ပညာရပ်မျိုး ဖြစ်သည်။ ထို့ကြောင့် သူနှင့် ကျားသတ္တဝါကြား ခွန်အားအရာတွင် သိပ်မကွာခြားလှဟု ဆိုရမည်။။ လက်ရှိအခြေအနေတွင် အထူးတလည် တိုက်ခိုက်ရေးနည်းစနစ်များ မရှိ။ တိုက်ပွဲ၏ အဆုံးအဖြတ်မှာ ပြင်းထန်သော လက်သီးတချက်သာလျင် ဖြစ်သည်။

နောက်ဆုံးတွင် စုချန်းက သူ၏ ကာယအင်အားကို အသုံးပြု၍ လွှသွားကျားကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်၏။ သို့တိုင်အောင် သူသည်လည်း ဒဏ်ရာဒဏ်ချက်များနှင့်တော့ မကင်းခဲ့ချေ။ ကျား၏ လက်သည်းချက်ကြောင့် ကိုယ်ခန္ဓာအနှံ့အပြားတွင် ခြစ်ရာများ ရရှိခဲ့လေသည်။ နောက်ဆုံးတွင်ကား ကံဆိုးသူကျားခမျာ စုချန်း၏ လက်ချက်ကြောင့် အသက်ပျောက်ခဲ့ရရှာသည်။ စုချန်းသည် ရရှိထားသော ဒဏ်ရာဒဏ်ချက်များကို အနည်းငယ်မျှပင် ဂရုမစိုက်။ သံမဏိဓားကို အသုံးပြု၍ ကျားကောင်ကို အသားဖျက်လိုက်၏။ ထို့နောက် ကျားသားတချို့ကို တာရှည်ခံစေရန် ကြပ်တင်လိုက်သည်။ တချို့ကိုမူကား ချက်ချင်းပင် ချက်ပြုတ်လိုက်လေသည်။

ကျားသားသည် အလွန်ကောင်းမွန်သော အဟာရတမျိုးဖြစ်သည်။ ကုန်ဆုံးသွားသော စွမ်းအင်များကို အလျင်အမြနပ် ပြည့်ဝလာစေ၏။ သားရဲသတ္တဝါဆိုးများသည် လူသားတို့အား စားသောက်ကြ၏။ လူသားများသည်လည်း ထိုနည်းလည်းကောင်းပင် သတ္တဝါဆိုးများအား ပြန်လည် စားသောက်ကြ၏။ တနည်းအားဖြင့် သားရဲသတ္တဝါဆိုးများနှင့် လူသားများသည် တူညီသော လိုအပ်ချက်တခုအတွက် အပြန်အလှန် ဆက်နွယ်နေကြသည်ဟု ဆိုသော်ရ၏။

စုချန်းအနေနှင့် အနီရောင်တောင်ကြောကို ရွေးချယ်လိုက်ရသည်မှာ မရေမတွက်နိုင်သော တိုက်ပွဲများ ဆင်နွဲရန်မဟုတ်။ သူ ဤနေရာကို ရွေးချယ်လိုက်သည့် တခုတည်းသော အကြောင်းအရာမှာ ပေါကြွယ်ဝလှသော သားရဲသတ္တဝါဆိုးများကြောင့် ဖြစ်သည်။ အဆင့်အနိမ့်ဆုံးသော သတ္တဝါတကောင်၏ အသားကိုစားရလျင်ပင် လူသားတယောက်၏ ခွန်အားကို များစွာ တိုးပွားလာနိုင်စေ၏။

ကျားတကောင်လုံး၏ အသားများကို အားရပါးရ စားသောက်ပြီးနောက် ညရောက်သောအခါ စုချန်းသည် ကျားသားရည်ကိုခြုံကာ အနီရောင်ပြစ်ဒဏ်၏ ပထမဆုံးသော ညကို ဖြတ်သန်းခဲ့လေတော့သတည်း။

All Chapters