← Chapters

တံလျပ်ကြောင်မြီးတို

Vol. 4 Ch. 35

တံလျပ်ကြောင်မြီးတို

Vol. 4 Ch. 35

(မူရင်းမှာ Lynxလို့ သုံးပါတယ် lynxဆိုတာ ဥရောပနဲ့ အာရှမြောက်ပိုင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ကြောင်မြီးတို တမျိုးပါ...ဤကား စကားချပ်)

စုချန်းသည် အနှီတောင်ထိပ်မှာပင် နေထိုင်ရင်း သုံရက်တိတိ ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးများ ရောက်အလာကို စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေခဲ့၏။ သို့သော် အဆိုပါ သုံးရက်လုံးလုံး သာမာန်တောရိုင်းသတ္တဝါများသာ ရောက်လာခဲ့၏။ မည်သည့် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုး တကောင်တလေမျှပင် မျက်စိလည်လမ်းမှား၍ ရောက်မလာပေ။

အဆိုပါဖြစ်ရပ်သည် စုချန်း၏ စိတ်ကို အတော်လေး ဝိဝါဒ ကွဲပြားစေ၏။ သူရွေးချယ်ထားသောနေရာသည် သတ္တဝါဆိုးများ ဝင်ထွက်သွားလာနေကျ လမ်းကြောင်းနှင့် အတော်ပင် ဝေးကွာနေ၍ပေလော။ သူ့အနေနှင့် လက်ရှိနေရာထက် တောနက်သည့်နေရာသို့ ရွှေ့ပြောင်းသင့်နေခဲ့လေပြီလော။

သို့သော် တောနက်အတွင်းသို့ တိုးဝင်လေလေ အန္တရာယ်ကလည်း ပို၍များလာလေလေပင်။ တောနက်ကြီးအတွင်းဝယ် ရိုင်းစိုင်းသတ္တဝါဆိုးကြီးများ အလွန်များပြားလှပေရာ အန္တရာယ်ကြီးမားလှသည်ကတော့ အမှန်ပင်တည်း။ အကယ်၍ အမှားအယွင်း တစုံတရာသာ ဖြစ်ပေါ်လာခဲ့လျင် သူ့အနေနှင့် သတ္တဝါဆိုးကြီးများ သုံးကောင်မှ ငါးကောင်အထိ ဆွဲဆောင်မိသွားနိုင်ချေရှိပြီး သူ့အတွက် အသက်ရှင်သန်ခွင့်သည်လည်း အတော်လေး နည်းပါးသွားပေလိမ့်မည်။

အောင်မြင်မှုဟူသည်လုံ့လဝီရိယရှိသူများကို အမြဲတမ်း မျက်နှာသာပေးတတ်သော သဘောတွင်ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခြင်းသာလျင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ ဤသို့နှင့် နောက်ထပ် လေးရက်တိတိ ထပ်မံကြာမြင့်သွား၏။

ခုနှစ်ရက်မြောက်ညနေခင်းတွင်ကား စတင်ထူးခြားလာတော့သည်။ နေဝင်စ ပြုနေပြီဖြစ်လေရာ ပတ်ဝန်းကျင်တခုလုံး အမှောင်ဖုံးလွှမ်းလာ၏။ တောင်ထိပ်ပေါ်တွင် တိုက်ခတ်နေသော လေမှာကား အရိုးခိုက်အောင် အေးစက်လျက်ရှိသည်။ စုချန်းတယောက်မှာကား တောင်ထိပ်ပေါ်တွင် စိတ်အေးလက်အေးနှင့် အိပ်စက်လျက်ရှိသည်။

ထိုစဉ် တံလျပ်ကြောင်မြီးတိုတကောင်သည် တောင်ကမ်းပါးယံအတိုင်း လျင်မြန်စွာ တက်လာ၏။ အနှီသတ္တဝါသည် တောင်ထိပ်သို့အရောက်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လူသားကို မြင်သောအခါ ခြေလှမ်းများကို သပ်ရပ်စွာလှမ်းလျက် လှည့်ပတ်ချောင်းမြောင်းနေလေသည်။ ထိုသတ္တဝါ၏ အစိမ်းရောင်သန်းနေသော မျက်လုံးအစုံသည်ကား ရန်လိုခြင်း၊ ယုတ်မာရက်စက်ခြင်း၊ သွေးဆာခြင်း စသောအဓိပ္ပါယ်များနှင့် ပြည့်နှက်နေ၏။

တရွေ့ရွေ့ ချည်းကပ်လာသော သတ္တဝါဆိုးကြီး တံလျပ်ကြောင်မြီးတိုသည် သားကောင်၏ အနောက်သို့ အရောက်တွင် ၎င်း၏ ရှေ့ခြေထောက်ကို အနည်းငယ် ကြွလိုက်သည်။ ထိုအခါ ချွန်ထွက်နေသော ခြေသည်းသုံးချောင်းသည် လရောင်အောင်တွင် တဖိတ်ဖိတ် ဝင်းလက်လျက်ရှိကြောင်း အတိုင်းသား တွေ့မြင်နေရ၏။

ထိုအခိုက်မှာပင် စုချန်း၏ နောက်ဘက်မှ အတားအဆီးတခုသည် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ဦးခေါင်းနောက်ဘက်တခုလုံးကို ပွင့်ထွက်မတတ် တိုက်ခိုက်လာသော သတ္တဝါဆိုးကြီး၏ လက်သည်းချက်ကို ကာကွယ်လိုက်၏။ စုချန်းသည် နေရာမှ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ခုန်ထလိုက်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော သံမဏိဓား၏ အလင်းရောင်က ဝင်းခနဲလက်ခနဲ ပေါ်ထွက်လာ၏။

ကမ္ဘာပျက်မတတ် စီခနဲအော်ဟစ်သံ ထွက်ပေါ်လာပြီး တံလျပ်ကြောင်မြီးတိုသည် နောက်ဘက်သို့ ကြောင်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ခုန်ဆုတ်သွား၏။ သတ္တဝါကြီး ခုန်အဆုတ်ဝယ် များပြားလှစွာသော အရိပ်များ ဖြစ်ပေါ်လာသည်။ ဓားသွားမှ ထွက်ပေါ်လာသော အလင်းရောင်များ ၎င်း၏ ကိုယ်ခန္ဓာကို ဖြတ်ကျော်သွားချိန်တွင် ကြက်သွေးရောင်အစင်းကြောင်းများ မညီမညာနှင့် ဖြစ်ပေါ်လာ၏။

ကြောင်မြီးတိုသည် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်ပြီး လေထဲမှနေ၍ မြေပေါ်သို့ ပြန်ကျလာ၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင်ကား စုချန်း၏ ဓားချက် ရှပ်ထိသွားခဲ့ခြင်းကြောင့် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာမှာ မပြင်းထန်လှ။ အပေါ်ယံဒဏ်ရာမျှသာ ဖြစ်သည်။

"ဟာ တံလျပ်ကြောင်မြီးတိုပါလား"

သူ့အား အလစ်အငိုက် တိုက်ခိုက်လာသူကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မြင်တွေ့လာသောအခါ စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ လှုပ်ရှားလာ၏။ ၎င်းသတ္တဝါသည် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးများ အုပ်စုဝင်ဖြစ်သည်။ နောက်ဆုံးတွင် သတ္တဝါဆိုးကြီးတကောင်တော့ သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ပေပြီ။

စုချန်းအနေနှင့် ရိုင်းစိုင်းကြမ်းတမ်းသော သားရဲသတ္တဝါဆိုးကြီးတကောင်ကို တိုက်ခိုက်သတ်ဖြတ်ရန် မျှော်လင့်နေခဲ့သော်လည်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါတွင်ကား လူသားပီသစွာ ကြောက်ရွံ့စိတ် ဝင်လာ၏။ တံလျပ်ကြောင်မြီးတိုတို့သည် တိုက်ခိုက်ရေးစွမ်းရည်တွင် သိပ်မထူးချွန်လှပဲ အခြားသတ္တဝါဆိုးများ၏ လေးပုံပုံတပုံခန့်မျှသာ ရှိသော်လည်း ကြောက်မက်ဖွယ်ရာ လျင်မြန်လှ၍ သတ်ဖြတ်ရန် အလွန် ခဲယဉ်းလှပေ၏။

တံလျပ်ကြောင်မြီးတိုသည် ၎င်း၏ ခြုံခိုက်တိုက်ခိုက်မှု မထိရောက်ရုံသာမက သားကောင်ဟု သတ်မှတ်ထားသူ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပင် ရသွားလေရာ ပြင်းထန်စွာ ဒေါသထွက်လာ၏။ ၎င်းသည် သွားမားကိုဖြဲကာ မာန်ဖီရင်း လေထဲသို့ တဟုန်ထိုးခုန်တက်ကာ စုချန်းကို လွှားခနဲ ခုန်အုပ်လိုက်တော့သည်။

အဆိုပါတိုက်ခိုက်မှုမျိုးကို စုချန်းက ကြိုတင်မျှော်လင့်ခဲ့ပြီး ဖြစ်သည်။ ကြောင်မြီးတို ခုန်အုပ်လာသည်နှင့် သူက ဘေးကိုလှိမ့်ချရှောင်တိမ်းလိုက်သည်။ စုချန်း၏ လှုပ်ရှားမှုမှာ ရှောင်တိမ်းခြင်း သက်သက်မဟုတ်။ တန်ပြန်တိုက်ခိုက်မှုပါ တွဲ၍ ပါဝင်နေ၏။ လှိမ့်ချရင်းနှင့်ပင် စုချန်းသည် သူ၏ ညာဖက်လက်ရှိဓားနှင့် အောက်မှပင့်၍ ခုတ်လိုက်သည်။

သို့သော် တံလျပ်ကြောင်မြီးတိုဟူသည် အလွန်လျင်မြန်ပြီး ကိုယ်ခန္ဓာပျော့ပြောင်းသည့် သတ္တဝါမျိုးဖြစ်လေရာ ၎င်းသည် လေထဲ၌ပင် လမ်းကြောင်းပြောင်းလဲနိုင်စွမ်း ရှိ၏။ ၎င်းသည် လေထုအတွင်း၌ပင် ကိုယ်ခန္ဓာကို တွန့်လိမ်ရှောင်တိမ်းပြီး ရှေ့ခြေသည်းများဖြင့် စုချန်း၏ သံမဏိဓားပြားကို ထောက်ကာ ဘေးတဖက်သို့ ခုန်ရှောင်သွားတော့သည်။

ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးများနှင့် သာမာန်တောရိုင်းတိရိစ္ဆာန်များအကြား အကြီးမားဆုံးသော ကွဲပြားခြားနားချက်မှာ သတ္တဝါဆိုးများသည် မူလစွမ်းအင်ကို ၎င်းတို့ သန်မာလာစေရန် အသုံးချနိုင်ခြင်းပင် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ နှိုင်းယှဉ်သော် တံလျပ်ကြောင်မြီးတိုများဟူသည် ရိုင်းစမ်းကြမ်းတမ်းသော သတ္တဝါဆိုးများအနက် ခွန်အားအနည်းဆုံး သတ္တဝါဆိုးများ ဖြစ်သည်။ သို့သော် ၎င်းတို့ကို လျော့တွက်လိုက်ပါက အမှားကြီး မှားသွားပေလိမ့်မည်။ ၎င်းသတ္တဝါ၏လက်သည်း၊ ခြေသည်းများသည် သံမဏိတမျှ မာကြောသည့်အပြင် ပေါ့ပါးမှုအရာတွင်လည်း ဆံချည်မျှင်တစပေါ်တွင် မတ်တပ်ရပ်နိုင်လိမ့်မည်ဟုပင် ထင်ရလောက်၏။ အတိုချုပ်ဆိုရလျင် တံလျပ်ကြောင်မြီးတိုဟူသည် လျင်မြန်မှုနှင့်ပတ်သက်သော မူလစွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် သတ္တဝါဆိုးကြီးပင် ဖြစ်သည်။

၎င်းစွမ်းအားသည် လေထဲ၌ရွေ့လျားရာတွင် ပုံရိပ်တုပေါင်းများစွာကို ဖန်တီးပေးနိုင်စွမ်းရှိလေရာ တဖက်ရန်သူအား မည်သည်က ပုံရိပ်အစစ်ဟူသည်ကို ဝေခွဲရခက်စေ၏။ ထို့ကြောင့်ပင် ၎င်း၏အမည်က တံလျပ်ကြောင်မြီးတို ဖြစ်နေခြင်းပေတည်း။

စုချန်း၏ ဓားပြားကို ခြေထောက်နှင့် ကန်လိုက်ချိန်တွင် တွန်းကန်အားတခု ဖြစ်ပေါ်စေပြီး ကြောင်မြီးတို သတ္တဝါဆိုးသည် လေထဲသို့ လျင်မြန်စွာ ရွေ့လျားသွား၏။ ရုတ်တရက်ကြည့်လျင် သူ့ကိုယ်ခန္ဓာတခုလုံး ရှည်ထွက်လာသည်ဟု ထင်ရပြီး တဖက်လူအား မည်သည်က ပုံရိပ်အစစ်ဟူသည်ကို ခန့်မှန်းရ ခက်စေ၏။

၎င်းသည် စုချန်း၏ နောက်ကွယ်မှ ဝုန်းခနဲ ပေါ်ပေါက်လာပြီး နောက်မှ အပိုင်တိုက်ခိုက်ရန် ပြင်ဆင်လာ၏။ အဆိုပါတိုက်ခိုက်မှုသည် နူးညံ့ပျော့ပြောင်း၏။ တချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်၏။ ပြင်းထန်ကြမ်းတမ်း၏။ ဤတကြိမ်တွင်ကား စုချန်းအတွက် လှိမ့်ထွက်ရှောင်တိမ်းမှုမျိုး ပြုလုပ်ရန် အခြေအနေ မပေးတော့ချေ။ ကြောင်မြီးတို၏ လက်သည်းများ စုချန်း၏ ကျောပြင်ကို မထိမိခင်မှာပင် ဝင်းလက်သော အရောင်များ တောက်ပနေသည့် အတားအဆီးတခု ရုတ်တရက် ပေါ်ပေါက်လာပြန်သည်။

ကြောင်မြီးတို၏ တိုက်ခိုက်မှုသည် အတားအဆီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေရာ စိတ်ခြောက်ခြားဖွယ်ရာ အလင်းရောင်များ ပေါ်ပေါက်လာ၏။ စုချန်းကလည်း တုံ့ဆိုင်းမနေပါ။ ဓားဖြင့် နောက်ပြန်တွက်လိုက်၏။ ဤတကြိမ်တွင်ကား သတ္တဝါဆိုးကြီးကြောင်မြီးတိုသည် ပါးနပ်သွားလေပြီ။ လျင်မြန်သော အရှိန်အဟုန်ဖြင့် ရှောင်ထွက်သွား၏။ ဓားသွားသည် ပုံရိပ်ယောင်တခုကိုသာ ဖောက်ဝင်သွား၏။ ကြောင်မြီးတို၏ မွေးညှင်းတပင်မျှကိုပင် မထိခိုက်မိခဲ့ချေ။

ကြောင်မြီးတိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထပ်မံ တိုက်ခိုက်လာပြန်၏။ ယခုတကြိမ် တိုက်ခိုက်မှုသည်ကား ယခင်အကြိမ်များထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်လာတော့သည်။ စုချန်းကလည်း တုံ့ဆိုင်းနေသည်တော့မဟုတ်။ မြူခိုးကြားထဲမှ မြွေ၏ ခြေလှမ်းကွက်များကို အသုံးပြုကာ ကြောင်မြီးတို၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

မြူခိုးကြားထဲမှမြွေ၏ခြေလှမ်းသည် ကုမျိုးနွယ်စု မူပိုင်သိုင်းပညာရပ်တမျိုးဖြစ်ပြီး စုချန်းသည် မျိုးဆက်သွေးမပါသူများ လေ့ကျင့်ရောက်ရှိနိုင်သည့် နောက်ဆုံးအဆင့်ထိ ပေါက်မြောက်အောင်မြင်ပြီး ဖြစ်သည်။ သို့သော် ၎င်းသည် ကြောင်မြီးတိုတကောင်၏ လျင်မြန်မှုနှင့် နှိုင်းယှဉ်လျင် သိသိသာသာပင် အားနည်းနေဆဲဖြစ်သည်။

ယခုတကြိမ်တွင် သူသည် မည်သို့မှ လှိမ့်ထွက်နိုင်စွမ်း မရှိတော့သည့်အပြင် မြူခိုးမြွေခြေလှမ်းကလည်း တံလျပ်ကြောင်မြီးတို၏ လျင်မြန်မှုကို မည်သို့မျှ မယှဉ်နိုင်လေရာ ကြောင်မြီးတို၏ လက်သည်းနှင့် စုချန်း၏ ဘယ်ဖက်လက်တို့ လှလှပပကြီး မိတ်ဆက်မိတော့သည်။ စုချန်း၏ ဘယ်ဖက်လက်ပေါ်တွင် နက်ရှိုင်းသော လက်သည်းရာကြီးသုံးခု ပေါ်ပေါက်လာ၏။ ဒဏ်ရာများမှ သွေးများတစိမ့်စိမ့် ယိုစီးကျလျက်ရှိသည်။

ကြောင်မြီးတိုသည် ရောက်ရှိသောနေရာမှ နောက်တကြိမ်ပြန်လှည့်လာပြန်သည်။ ဤတကြိမ်တွင် ၎င်း၏ တိုက်ခိုက်မှုသည်ကား စုချန်း၏ မျက်နှာကို ဦးတည်ထား၏။ ၎င်း၏ လှုပ်ရှားမှုကလည်း ကနဦး တိုက်ခိုက်မှုထက် ပို၍သာ လျင်မြန်လာပေရာ ခန္ဓာကိုယ်ကိုပင် မမြင်ရတော့ပဲ အရိပ်မျှသာ မြင်ရတော့သည်။

ဤတကြိမ်သည်ကား တံလျပ်ကြောင်မြီးတို၏ အပြီးသတ်တိုက်ခိုက်မှုပင် ဖြစ်လိမ့်မည်ဟု စုချန်းက ယူဆလိုက်သည်။ အကြောင်းမှာ ၎င်း၏ ခြေဖဝါးများတွင် မြူခိုးတချို့ ဖြစ်ပေါ်နေကြောင်း တွေ့ရှိလိုက်ရ၍ ဖြစ်သည်။ အဆိုပါ မြူနှင်းများသည် အလင်းရောင်များ တောက်ပနေ၏။ စုချန်းသည် အမြန်နှုန်းကို အမြင့်ဆုံးထိ တင်လိုက်၏။ သူ့ကိုယ်ခန္ဓာသည် အလင်းတန်းတခုပမာ တိုးထွက်သွား၏။ သူသည် ဘေးဖက်သို့ လှိမ့်ရှောင်လိုက်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မပေ၏။ ယခုတကြိမ်တွင်လည်း သူသည် ပွတ်ကာသီကာနှင့် ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။

စုချန်း စိတ်သက်သာရသွား၏။ သူက သက်ပြင်းတချက်ချလိုက်သည်။ သူသည် တိုက်ပွဲဝင်ဖိနပ်၏ မူလစွမ်းရည်တမျိုးဖြစ်သော တိမ်တိုက်ခြေလှမ်းပညာရပ်ကို မြူခိုးကြားထဲမှ မြွေခြေလှမ်းနှင့် ရောသမမွှေကာ အသုံးပြုလိုက်ခြင်းပင်တည်း။ ထို့ကြောင့်သာ တံလျပ်ကြောင်မြီးတို၏ မြန်ဆန်လှသော တိုက်ခိုက်မှုကို ပွတ်ကာသီကာနှင့် ရှောင်တိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

သတ္တဝါဆိုးကြီး ကြောင်မြီးတိုသည်ကား ယခုအချိန်ထိ လက်မလျော့သေး။ နောက်တကြိမ် ထပ်မံတိုက်ခိုက်ရန် တာစူလာပြန်၏။ ထိုအခါ စုချန်းသည် တိုက်ပွဲဝင်ဖိနပ်ကို ထပ်မံနိုးထစေကာ တိမ်တိုက်ခြေလှမ်းနှင့် မြွေခြေလှမ်းကွက်များကို ပေါင်းစပ်၍ တံလျပ်ကြောင်မြီးတို၏ အလျင်ကို လိုက်မီအောင် ကြိုးစားတော့သည်။

ဤသို့နှင့် အနီရောင်တောင်ကြောတနေရာရှိ ပေနှစ်ရာကျော်မျှမြင့်သော တောင်ထိပ်တခုတွင် လူသားတယောက်နှင့် မူလစွမ်းအားအသုံးပြုနိုင်သော ကြီးမားလှသည့် ကြောင်အုပ်စုဝင် သတ္တဝါဆိုးကြီးတကောင်သည် အလွန်လျင်မြန်လှသည့် အရှိန်အဟုန်ဖြင့် တယောက်နှင့်တယောက် လှည့်ပတ် ချောင်းမြောင်းနေကြလေသည်။ ဆယ်ကြိမ်တိုင်တိုင် လှည့်ပတ်ပြီးသည့်တိုင်အောင် တဖက်နှင့်တဖက် မည်သူကမျှ အသာစီးမရခဲ့ချေ။

နောက်ဆုံးတွင်ကား စုချန်းခမျာ ရိုင်းစိုင်းကြမ်းတမ်းသည့် သတ္တဝါဆိုးကြီးတကောင် မည်မျှ ခွန်အားကြီးသည်ကို နားလည်သဘောပေါက်စ ပြုလာခဲ့လေပြီ။ သူ့တွင်ပါလာသည့် မူလကိရိယာများ၏ အစွမ်းကြောင့်သာ မဟုတ်လျင် သူလေ့ကျင့်ခဲ့သည့် အတိုင်းအတာအရ အနှီသတ္တဝါဆိုးကြီးကို မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ သို့သော် စုချန်းအဖို့ကား ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလေလေ၊ မိမိကိုယ်မိမိ ပို၍ ဒေါသထွက်လာလေလေပင်။ သူ၏ မူလရည်ရွယ်ချက်မှာ ဤနေရာသို့လာ၍ အလွန်သန်မာသော ရန်သူများနှင့် ရင်ဆိုင်ကာ မိမိ၏ တိုက်ပွဲဝင်စွမ်းရည်ကို ပိုမိုတိုးတက်စေရန်ပင် မဟုတ်ပါလား။

စုချန်း၏ ခြေအနှုတ်အသိမ်းသည် ပို၍ မြန်ဆန်လာ၏။ ပို၍ သွက်လက်လာ၏။ သူ့လက်ထဲရှိ သံမဏိဓားသည် အရောင်များ တဖြတ်ဖြတ်ဝင်းလက်ကာ ကချေသည်တယောက် ကနေသကဲ့သို့ ထင်ရသည်။ ဓားကွန်ချာပမာ ဖြစ်ပေါ်နေပုံမှာ ပိန်းကြာဖက်ပေါ် ရေမတင်သို့ပေတည်း။ တံလျပ်ကြောင်မြီးတိုကလည်း နှယ်နှယ်ရရတော့ မဟုတ်။ အံ့သြသင့်ဖွယ်ရာကောင်းလောက်အောင် လျင်မြန်လှသည်။ လေထုအတွင်း ပုံရိပ်ယောင်ပေါင်းများစွာ ဖြစ်ပေါ်နေပုံမှာ ပုံရိပ်စစ်က မည်သည့်နေရာတွင် ရှိမှန်းကိုပင် ခန့်မှန်းရန် ခက်လှသည်။

စုချန်းအနေနှင့် အနိုင်ရရှိလိုလျင် အနက်ရောင်မျဉ်းကြောင်းစစ်သုံးဓား သို့မဟုတ် မီးလျံမုဆိုးအဝေးရောက်ပြောင်းရှည်လက်နက်ကို အသုံးပြုရန် လိုအပ်လာမည်လော မဆိုနိုင်။ မဖြစ်သေး။ တံလျပ်ကြောင်မြီးတိုဟူသည် ရိုင်းစိုင်းသတ္တဝါဆိုးများအနက် အဆင့်အနိမ့်ဆုံးဖြစ်ပြီး သူသတ်ဖြတ်ခဲ့သော လင်ချီးကဲ့သို့ လူစားမျိုးနှင့် အဆင့်တူမျှသာ ဖြစ်သည်။ သူ၏ ဝှက်ဖဲများအားလုံးကို ဤနေရာတွင် တထိုင်တည်း အသုံးပြုလိုက်ပါက ယခုထက်ပို၍ သန်မာသော သတ္တဝါဆိုးများကို သူမည်သို့ ရင်ဆိုင်နိုင်အံ့ပေနည်း။ မူလပစ္စည်းကိရိယာများအပေါ် အလွန်အကျူး မှီခိုခြင်းသည် မိမိကိုယ်မိမိ အားကိုစိတ်များကို ယုတ်လျော့စေနိုင်၏။

အမှန်တကယ်နှင့် သူနှင့် တံလျပ်ကြောင်မြီးတိုအကြား လျင်မြန်မှုသည် သိပ်မကွာလှသလို ခွန်အားအရာတွင်လည်း အတူတူမျှသာ ဖြစ်သည်။ တနည်းအားဖြင့် ရင်ဆိုင်တိုက်ပွဲဆင်နွဲရန် အကောင်းဆုံး အခြေအနေဟုပင် ဆိုနိုင်၏။ ဤသို့သော အခြေအနေမျိုးတွင် သူ့အနေနှင့် ယခင်ကထက် ပို၍ တိုက်စစ်ဆင်နိုင်ရန် ကြိုးစားရပေလိမ့်မည်။

အထက်ပါ စဉ်းစားပြီးသည်နှင့် စုချန်းသည် အံကိုတင်းတင်းကြိတ်၍ ဆက်လက်တိုက်ပွဲဝင်တော့သည်။ သူသည် ကြောင်မြီးတို၏ လှုပ်ရှားမှု၊ ပုံပန်းသွင်ပြင်တို့ကို ကြိုတင်မှန်းဆနိုင်ရန် ကြိုးစားတော့သည်။ ကြောင်မြီးတိုသည် ၎င်း၏ မူလပုံစံအတိုင်း ရှေ့တိုးနောက်ဆုတ်နှင့် တဟုန်ထိုး ပြေးလွှားနေ၏။ ပြေးလွှားတိုင်းတွင်လည်း ၎င်း၏နောက်ဝယ် ပုံရိပ်ယောင်ပေါင်းများစွာ ချန်ထားခဲ့လေရာ သာမာန်မျက်စိနှင့် ၎င်း၏ လှုပ်ရှားမှုကို မည်သို့မျှ ကြိုတင်မှန်းဆ၍ ရလိမ့်မည် မဟုတ်။

ထိုအခိုက်မှာပင် စုချန်း၏ မျက်လုံးအတွင်းမှ အလွန်ထူးဆန်းသော အလင်းရောင်တမျိုး တောက်ပလာ၏။ ထိုအခါ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့သည် ရုတ်တရက် နှေးကွေးသွားသကဲ့သို့ စုချန်း၏ စိတ်ထဲတွင် ခံစားလိုက်ရသည်။ တံလျပ်ကြောင်မြီးတိုသည် ယခင်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနိုင်ပုံ မပေါ်တော့ဟု စုချန်းက ထင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အနှီသတ္တဝါဆိုးကြီး၏ ပုံရိပ်များကို သူ့မျက်လုံးထဲတွင် အလွန် ထင်ရှားပြတ်သားစွာ မြင်တွေ့နေရသောကြောင့်ပင်။

စုချန်း၏ မျက်လုံးထဲတွင် ကြောင်မြီးတို၏ ရွေ့လျားသော လမ်းကြောင်းပုံသဏ္ဍန်ကို မြင်တွေ့ရရုံသာမက လေထဲ၌ ဖြတ်သန်းသွားချိန်တွင် တဖြတ်ဖြတ် တုန်ခါနေသော ကြောင်မြီးတို၏ အမြီးကိုပင် သဲသဲကွဲကွဲ မြင်တွေ့နေရ၏။ ထိုမျှသာမကသေး သူသည် ကြောင်မြီးတို၏ နှုတ်သီးဒေါင့်နားရှိ အမွှေးအမြှင်များ၊ ချွန်ထွက်သော လက်သည်းများ လေဟာနယ်ကို ဖြတ်သန်းသွားပုံတို့ကိုပါ အသေးစိတ် မြင်တွေ့နေရတော့သည်။ ကုန်ကုန်ပြောရလျင် စုချန်းသည် အနှီ သတ္တဝါဆိုးကြီး၏ မျက်နှာတခုလုံးကို အသေးစိတ် မြင်တွေ့နေရခြင်း ဖြစ်သည်။

ဓားရောင်များ ဝင်းလက်သွား၏။ စုချန်း၏ ဓားသွားသည် ကြောင်မြီးတို၏ အမြီးကို ကျကျနနကြီးပင် သွားရောက်မိတ်ဆိတ်ခဲ့လေပြီ။ တိုက်ပွဲစဉ်တလျောက်လုံး စုချန်းမကြားခဲ့ရသော ကြောင်မြီးတို၏ နာနာကျည်းကျည်း ငြီးငြူသံကြီး ပေါ်ပေါက်လာ၏။ ဤတခေါက် ထိုးနှက်ချက်ကား ပထမအကြိမ် ထိုးနှက်ချက်ထက် ကြောင်မြီးတိုကို အထိနာသွားစေပုံရသည်။

"တောက် နည်းနည်းလေး နှေးသွားတယ်"

စုချန်းတယောက် သူ၏ ဓားချက်ကို မကျေမနပ် ဖြစ်သွား၏။ သူ၏ မျက်လုံးများက ကြောင်မြီးတို၏ လှုပ်ရှားမှုမှန်သမျှကို ကြိုတင်တွက်ဆနိုင်လာသော်လည်း သူ့၏ လှုပ်ှားမှုမှာကား အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိမလာသေး။ ကြောင်မြီတိုခမျာ ကံကောင်းသွား၏။ လှုပ်ရှားမှု နောက်ကျသွားကြောင့် ဦးခေါင်းကို ရည်ရွယ်ထားသော ဓားချက်သည် အမြီးကိုသာ ထိမှန်သွားခဲ့လေသည်။

သို့သော် သိပ်တော့မဆိုးဟု ဆိုရမည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ယခုထက်ပို၍ ချိန်သားကိုက်လာပေလိမ့်မည်။ ထိုအခါ စုချန်းက ကြောင်မြီးတို၏ ရွေ့လျားမှုကို ထပ်မံ တွက်ဆလိုက်၏။ ကြောင်မြီးတိုသည် နောက်တကြိမ် ထပ်မံခုန်အုပ်လာ၏။ သူ့နောက်တွင် ပုံရိပ်ယောင်များစွာ အတန်းလိုက်ကြီး ကျန်ရစ်ခဲ့လေသည်။

ယခုတကြိမ်တွင်ကား စုချန်းသည် တံလျပ်ကြောင်မြီးတို၏ တည်နေရာနှင့် ရွေ့လျားပုံကို တိကျစွာ တွေ့မြင်နေခဲ့ပြီ ဖြစ်လေရာ ၎င်းလှုပ်ရှားလာမည့် လမ်းကြောင်းကို ကြိုတင်မှန်းဆနိုင်ခဲ့၏။ ထိုအခါ စုချန်းသည် အလွန်တရာ ရိုးရှင်းသော လှုပ်ရှားမှုတခုကို ပြုလုပ်လိုက်၏။ ၎င်းမှာ ကြောင်မြီးတို ခုန်အုပ်လာမည့်လမ်းတွင် သူ၏ ဓားကို ထောင်ထားလိုက်ခြင်းပင် ဖြစ်သည်။

ကြောင်မြီးတို၏ လှုပ်ရှားမှုသည် အလွန်တရာ မြန်ဆန်လှ၏။ ထို့ကြောင့် စုချန်း၏ ဓားကို တွေ့မြင်နေရသည့်တိုင် ၎င်းအနေနှင့် ပြန်လှည့်ရန် မဖြစ်နိုင်တော့။ တဖန် ၎င်း၏ အမြည်းမှ ဒဏ်ရာကလည်း လေထဲတွင် လိုအပ်သလို လမ်းကြောင်းပြောင်းလဲခြင်းကို တားဆီးနေပြန်သည်။ ထိုအခါ ၎င်းသည် စုချန်း၏ ထောင်ထားသောဓားကို တည့်တည့်ကြီးပင် ဝင်တိုးမိတော့သည်။

ကမ္ဘာပျက်မတတ် အော်ငြီးသံကြီး ပေါ်ထွက်လာ၏။ ၎င်း၏ ဦးခေါင်းပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတခု ရရှိသွားလေပြီ။ ဒဏ်ရာကြောင့် နာကျင်နေသော သတ္တဝါဆိုးကြီး တုံ့ပြန်ချိန် မရခင်မှာပင် စုချန်းသည် မီးလျံမုဆိုးပြောင်းရှည်လက်နက်ကို လျင်မြန်စွာ ထုတ်ယူပြီး ကြောင်မြီးတို၏ အပျော့ပြောင်းဆုံးနေရာဖြစ်သော ဝမ်းဗိုက်ကို တချက်တည်း ပစ်ချလိုက်တော့သည်။ ဤတချက်သည်ကား ကြောင်မြီးတို၏ အမြင်အာရုံကို လုံးဝ မှောင်မိုက်သွားစေတော့သည်။

စုချန်း၏ တိုက်ခိုက်မှုမှာကား ထိုမျှနှင့် မပြီးဆုံးသေး။ သူသည် လက်ထဲရှိဓားနှင့် နာကျင်နေသော သတ္တဝါဆိုးကြီး၏ ကိုယ်ခန္ဓာကို အဆက်မပြတ် ထိုးခုတ်တော့သည်။ တံလျပ်ကြောင်မြီးတိုသည် မာကျောထူထဲလှသော အရေပြားများကို ပိုင်ဆိုင်ထားသော်ငြား အချက်မပြတ် ကျရောက်လာသော စုချန်း၏ ဓားချက်များကို မည်သို့မျှ ခံနိုင်ရည် မရှိတော့။ သွေးများသည် ရေတံခွန်တခုကဲ့သို့ စီးကျလာလျက် မြေကြီးပေါ်သို့ တအိအိ လဲပြိုသွားရှာတော့သည်။

စုချန်းက သူ၏ ဓားဦးကို လဲကျနေသော ကြောင်မြီးတိုဆီသို့ ညွှန်လျက် အေးဆေးစွာ ပြောလိုက်သည်။

"မင်းဘာတတ်နိုင်သေးလဲ အခုတော့ မခုန်နိုင်တော့ဘူးမလား"

နောက်ဆုံးတွင်ကား အနီရောင်တောင်ကြောတွင် ကျင်လည်ကျက်စားနေရှာသော ရိုင်းစိုင်းကြမ်းတမ်းသည့် သတ္တဝါဆိုးကြီး အုပ်စုဝင် တံလျပ်ကြောင်မြီးတိုတကောင်သည် လူသားမျိုးနွယ်စုဝင် လူငယ်လေးတဦး၏ လက်ချက်ကြောင့် မသဲမကွဲ ငြီးငြူကာ နေရာမှာပင် လဲကျသေဆုံးသွားရှာတော့သည်။

All Chapters