အမြင်အာရုံ တိုးတက်လာခြင်း
Vol. 4 Ch. 36
တံလျပ်ကြောင်မြီးတိုတကောင်ကို သတ်ဖြတ်ပြီးနောက် စုချန်းသည် စွမ်းအင်စုပ်ယူခြင်း နည်းလမ်းကို စတင်လေ့ကျင့်ခဲ့၏။ မူလစွမ်းအင်ကို ပိုင်ဆိုင်ထားသည် သတ္တဝါဆိုးကြီးတကောင် သေဆုံးသွားပြီးနောက် မူလစွမ်းအင်များသည် အလွန် နှေးကွေးသော နှုန်းထားဖြင့် လေထုအတွင်းသို့ လွင့်စင်ပပျောက်သွားလေ့ရှိသည်။ လူအများ ပြောဆိုလေ့ရှိသည်မှာ ထိုအချိန်တွင် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းသည် သာမန်အချိန်များထက် နှစ်ဆခန့် ပိုမို၍ အကျိုးကျေးဇူးရှိသည်ဟု ဆိုကြ၏။ ိသို့သော်ငြားလည်း ထိုစကားမှန်ကန်ကြောင်း မည်သူမျှ လက်တွေ့စမ်းသပ်ဖူးခြင်း မရှိလေရာ အချို့လူများက ယုံတမ်းစကားဟု ယူဆကြ၏။ ထို့ကြောင့် သတ္တဝါဆိုးကြီးများ သေဆုံးချိန်တွင် အနီးတွင်ထိုင်၍ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူပါက ပိုမို၍ အကျိုးကျေးဇူးရှိသည်ဟူသော အယူအဆနှင့်ပတ်သက်၍ လူအမျိုးမျိုးက အမြင်အမျိုးမျိုး ကွဲပြားနေကြလေသည်။
၉
ထို့ကြောင့် စုချန်းကိုယ်တိုင်လည်း ထိုအယူအဆနှင့် ပတ်သက်၍ မှန်/မမှန် မသိချေ။ အချိန်အတန်ကြာအောင် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူပြီးနောက် စုချန်းက လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်သည်။ သူ့အနေနှင့် သိသာထင်ရှားသော မည်သည့် ပြောင်းလဲမှုမျိုးကိုမျှ ခံစားရခြင်း မရှိ။
စုချန်းအတွက် နောက်ထပ်အလုပ်တခုမှာ တိုက်ပွဲ၏ အောင်မြင်မှုသရဖူကို ဆွတ်ခူးရန်သာ ဖြစ်သည်ၤ။ ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးတကောင်၏ ကိုယ်ခန္ဓာသည် အလွန် အဖိုးထိုက်တန်၏။ ၎င်းတို့၏ သားရေကို ရောင်းစားနိုင်၏။ ၎င်းတို့၏ အသားကို စားသောက်နိုင်၏။ ၎င်းတို့၏ သွေးနှင့် ရိုးတွင်းချဉ်ဆီများကိုမူကား မျိုးဆက်သွေးဆေးရည်အဖြစ် အသုံးပြုနိုင်၏။ အကယ်၍ မူလသလင်းဖန်သားမျိုးကို ပိုင်ဆိုင်ထာသော သတ္တဝါဆိုလျင်ကား ပြောပြရန်ပင် မလိုတော့။ အဘယ်ကြောင့်ဆိုသော် မူလသလင်းဖန်သားများသည် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းကို တိုးမြှင့်ပေးနိုင်သောကြောင့်ပင်။
သိူ့သော်ငြားလည်း စုချန်းသတ်ဖြတ်လိုက်သော တံလျပ်ကြောင်မြီးတိုသည် သတ္တဝါဆိုးများအနက် အဆင့်အနိမ့်ဆုံး ဖြစ်လေရာ အဆိုပါသလင်းဖန်သားမျိုးကို ပိုင်ဆိုင်ထားဖို့ဟူသည် အပုံတထောင်ပုံလျင် တပုံခန့်သာ အခွင့်အရေး ရှိနေ၏။ တဖန် တံလျပ်ကြောင်မြီးတိုထံမှရရှိသော မျိုးဆက်သွေးဆေးရည်ကလည်း အဆင့်အနိမ့်ဆုံး ဆေးရည်အတန်းအစားမျိုးသာ ဖြစ်နေပြန်သည်။ ၎င်း၏ တန်ဖိုးကလည်း အကန့်အသတ်နှင့်သာဖြစ်၍ သယ်ဆောင်ရန် အဆင်မပြေလှ။ ထိုသို့ သယ်ဆောင်ရမည့်အစား စွန့်လွှတ်လိုက်သည်ကသာ ပို၍ ကောင်းပေအုံးမည်။
ကြောင်မြီးတိုနှင့်တိုက်ခိုက်ရင်း စုချန်းသည် မူလကျောက်တုံး နှစ်တုံးခန့်ကို အသုံးပြုခဲ့ရ၏။ လက်ရှိတိုက်ပွဲမှ ရရှိသော အကျိုးအမြတ်များနှင့် မူလကျောက်တုံးများ၏ တန်ဖိုးကို နှိုင်းယှဉ်ကြည့်သော် စုချန်းအဖို့ အမြတ်ထွက်ရမည့်အစား အရှုံးပင် ပေါ်နေသေးကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ တိုက်ပွဲသည် ရှည်ကြာလွန်း၍ စုချန်းအဖို့ စွမ်းအင်ကို ပိုမိုသုံးစွဲခဲ့ရ၏။ တဖန် တံလျပ်ကြောင်မြီးတိုအသေကောင်ကို ထမ်းပိုး၍ ခရီးဆက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်။
ဤတပွဲဝယ် စုချန်းအနေနှင့် တံလျပ်ကြောင်မြီးတိုတကောင်ကို အနိုင်ရခဲ့၏။ သို့သော် တွက်ချေကား မကိုက်ခဲ့။ အရှုံးပေါ်ခဲ့သည်ဟုပင် ဆိုနိုင်သည်။ အမှန်တကယ်တွင် အရှုံးပေါ်သည်၊ မြတ်သည် စသော အချက်အလက်များထက် ပို၍ အရေးပါသည်မှာကား တန်ဖိုးမဖြတ်နိုင်သော တိုက်ပွဲအတွေ့အကြုံများသာ ဖြစ်လေတော့သည်။
ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးတကောင်နှင့် တိုက်ခိုက်ခြင်းသည် သူ့အတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။ သတ္တဝါဆိုးကြီးများ၏ ခွန်အားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် စုချန်းအနေနှင့် သူနှင့် သတ္တဝါဆိုးကြီးများအကြား ခွန်အားချင်း မည်မျှ ကွာဟနေသည်ကို သဘောပေါက်စ ပြုလာ၏။ တချိန်တည်းမှာပင် စုချန်းသည် ယခင်ကထက် ပိုမို၍ ယုံကြည်မှု ပိုမိုတိုးပွားလာ၏။ ကနဦးတိုက်ပွဲတွင် စုချန်းသည် သူ၏ ခွန်အားကို မှတ်ကျောက်အတင်ခံနိုင်ခဲ့ပြီ မဟုတ်ပါလား။
အရေးအကြီးဆုံး အရာမှာကား စုချန်း၏ မျက်လုံးများသည် နောက်ထပ် လမ်းခွဲတခုသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ တိုက်ပွဲစဉ်တလျှောက်ဝယ် သူ့မျက်လုံးများသည် အပြောင်းအလဲ သုံးကြိမ်တိတိ ကြုံတွေ့ခဲ့ရ၏။
ပထမဆုံးအပြောင်းအလဲပြီးနောက် စုချန်းသည် အလင်းရောင်များကို ခံစားလိုက်ရ၏။ တနည်းအားဖြင့် သူ့ကမ္ဘာကြီး တခုလုံးတွင် အမှောင်ထုများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
ဒုတိယအပြောင်းအလဲပြီးနောက် စုချန်းသည် သူ၏ အမြင်အာရုံတခုလုံးကို ပြန်လည်ရရှိခဲ့၏။ သူ့မျက်လုံးများသည် အမေမွေးဖွားပေးခဲ့သည့်အတိုင်း ဒင်းပြည့်ကျပ်ပြည့် ပြန်လည်ကောင်းမွန်သွားခဲ့လေပြီ။
အထက်ပါ အပြောင်းအလဲနှစ်ရပ်လုံးသည် စုချန်းကို ယခင် ဒုက္ခိတဘဝမှ သာမာန်လူသားတယောက်၏ ဘဝသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် တတိယအပြောင်းအလဲမှာကား ထူးခြားလှပေ၏။ တတိယအပြောင်းအလဲသည် စုချန်းအား သူ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသည့်၊ သာမာန်လူသားတဦး မည်သည့်အခါကမျှ ကြုံတွေ့ရန် မဖြစ်နိုင်သည့် အတွေ့အကြုံများဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
သို့ဆိုလျင် တတိယအပြောင်းအလဲမှာ အဘယ်သို့သော အပြောင်းအလဲမျိုးပင် ဖြစ်လေသနည်း။ စုချန်းအဖို့ အံ့သြ၍ မဆုံးတော့။ သူက သက်ပြင်းတချက်ချရင်း တီးတိုးရေရွတ်လိုက်သည်။
"လက်စသတ်တော့ ဒါက ရွေ့လျားအမြင်ပဲကိုး"
ရွေ့လျားအမြင်အာရုံကို ပိုင်ဆိုင်ခဲ့ခြင်းကြောင့် အလွန်လျင်မြန်စွာ ရွေ့လျားနေသော အရာဝတ္တုများသည် စုချန်း၏ မျက်လုံးထဲတွင် နှေးကွေးနေကြ၏။ ထိုအခါ ထိုအရာဝတ္တုများ၏ ရွေ့လျားမှု၊ လှုပ်ရှားမှုများကို စုချန်းအနေနှင့် မြင်နိုင်ရှိလာ၏။ မြင်သည်ဆိုရာဝယ် ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားပင် မြင်တွေ့နေရခြင်း ဖြစ်သည်။ ကုန်ကုန်ပြောရလျင် ယခုအချိန်တွင် စုချန်းသည် ပေတရာအကွာမှ ပျံသန်းနေသော ခြင်တကောင်ကိုပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။ မည်မျှထိ မြင်ရသနည်းဆိုရသော ထိုခြင်၏ တောင်ပံခတ်နေပုံ အသေးစိတ်ကိုပင် စုချန်း မြင်တွေ့နေရလေ၏။
ဤသည်မှာ တချိန်က သူတောင်းစားအိုကြီး ပြောဆိုခဲ့ဖူးသည့် "မင်းက ခုထက်ပိုပြီး မြင်နိုင်စွမ်းရှိလာအောင် လုပ်ဆောင်ပေးမယ်" ဟူသော စကား၏ အဓိပ္ပါယ်ပင်လော။ ဤသို့ဆိုလျင် သူမမှားခဲ့ချေ။ သုံးနှစ်တိုင်တိုင် မက်ခဲ့ရသော အိပ်မက်ဆိုးများအားလုံးသည် ယခုအချိန်တွင် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ၊ ကြည်နူးဖွယ်ရာများအဖြစ် ပြောင်းလဲလာခဲ့ချေပြီတည်း။ တနေ့နေ့ တချိန်ချိန်ကျလျင် သူ့မျက်လုံးများ တိုးတက်ပြောင်းလဲလာလိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ထားသော်လည်း အမှန်တကယ် တိုးတက်ပြောင်းလဲလာပြီဟု သိလိုက်ရသော အခါတွင်ကား စုချန်းအဖို့ သူ၏ စိတ်လှုပ်ရှားမှုကို မနည်းပင် ထိန်းချုပ်နေရရှာသည်။
_________________×××_____________×××___________
ကျန်ရှိနေသော အချိန်တွင် စုချန်းသည် သတ္တဝါဆိုးကြီးများအား ဆွဲဆောင်ရန် သူဖြန်းပျက်ထားသော သားရဲဆွဲဆောင်ဆေးရည်ကိုပြန်လည် သိမ်းဆည်းလိုက်၏။ ယနေ့အဖို့ တိုက်ခိုက်သတ်ဖြတ်ခြင်းအမှုကို မပြုလုပ်လိုတော့။ ထို့နောက်သူသည် တောင်ကုန်းထိပ်တွင်ထိုင်ကာ အသစ်စက်စက် ရရှိထားသော ရွေ့လျားအမြင်ကို စမ်းသပ်နေ၏။ တနေ့လုံး သဲကြီးမဲကြီး စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် စုချန်းသည် ရွေ့လျားအမြင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားလေသည်။
သူ့အနေနှင့် ရွေ့လျားအမြင်ကို နှိုးဆွနိုင်၏။ ရပ်တန့်နိုင်၏။ နှိုးဆွထားချိန်ဝယ် သူ့အမြင်အာရုံတခုလုံးသည် ရွေ့လျားအမြင်အာရုံအတိုင်း ရှိနေပြီး ရပ်တန့်လိုက်သော အချိန်တွင်ကား သူ့မျက်လုံးများသည် သာမာန်လူသားတဦး၏ အမြင်အာရုံမျိုးကိုသာ ပေးစွမ်းတော့သည်။
ရွေ့လျားအမြင်ကို အချိန်ကြာမြင့်စွာ သုံးစွဲလိုက်လျင်ကား သူ့မျက်လုံးများသည် ညာင်းကိုက်လာ၏။ မောပန်းလာ၏။ သို့သော် မျက်လုံးများကိုပိတ်၍ ငြိမ်သက်စွာ နေလိုက်သည့် အချိန်တွင်တော့ အနှီ ပင်ပန်းနွမ်းနယ်မှုများသည် ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ တဖြည်းဖြည်း ပျေက်ကွယ်သွားတတ်လေသည်။ ရွေ့လျားအမြင်ကို အချိန်ကြာမြင့်စွာ အသုံးပြုလိုက်ရ၍ မျက်လုံးများ အလွန်ပင်ပန်းနွယ်းနေနေခဲ့လျင် ရွေ့လျားအမြင်မှာ သာမာအမြင်သို့ ပြောင်းလဲလိုက်သည့် စပ်ကြားဝယ် သူ့မျက်လုံးများသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိပဲ ဖြစ်နေတတ်၏။ သို့သော် ထိုအချိန်ကာလမှ အခိုက်အတန့်သာ ဖြစ်သည်။ မြန်မြန်ဆန်ဆန်ပင် မူလအမြင်အာရုံကို ပြန်လည်ရရှိလာလေ့ ရှိသည်။
ပြောင်းပြန်အနေနှင့် ရွေ့လျားအမြင်ကို အသုံးပြုခြင်းမရှိပဲ မျက်လုံး၏ စွမ်းအင်များကို စုဆောင်းထားခဲ့လျင် မူလအမြင်အာရုံသည်လည်း တိုးတက်ပြောင်းလဲလာတတ်၏။ သို့သော် ထိုတိုးတက်ပြောင်းလဲမှုမှာကား သိသာထင်ရှားခြင်း မရှိလှ။ မည်သို့ဆိုစေ ထိုအမြင်အာရုံသည်လည်း စုချန်း၏ မူလအမြင်အာရုံထက်တော့ ကောင်းမွန်သည်သာဖြစ်သည်။
နောက်ဆုံးတွင်ကား ရွေ့လျားအမြင်ဟူသည် ရွေ့လျားအမြင်မျှသာဖြစ်သည်။ ၎င်းသည် အချိန်ကို မပြောင်းလဲပေးနိုင်သလို စုချန်း၏ စွမ်းရည်ကိုလည်း တိုးမြှင့်မပေးနိုင်။ ၎င်းသည် စုချန်းအား အလွန်မြန်ဆန်စွာ ရွေ့ပြောင်းနေသည့် အရာဝတ္တုများကို သဲကွဲစွာ မြင်စေနိုင်သော အရည်အချင်းမျှကိုသာ ပေးစွမ်းနိုင်ပေသည်။ ထိုအရာဝတ္တုများနှင့် ရင်ဆိုင်သည့်နေရာတွင်ကား တံလျပ်ကြောင်မြီးတိုနှင့် ရင်ဆိုင်ရာတွင် အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း စုချန်းအနေနှင့် ကိုယ့်အားကိုယ်ကိုးသာ ဖြစ်သည်။
မည်သို့ဆိုစေ ထိုမျှလောက်သော ပြောင်းလဲမှုသည်ပင်လျင် စုချန်းကို အလွန်အမင်း စိတ်လှုပ်ရှားစေ၏။ ကြည့်ရသည်မှာ ၎င်းသည် အမြင်အာရုံနှင့်သက်ဆိုင်သည့် မူလစွမ်းရည်တမျိုး ဖြစ်ပုံရသည်။ ယနေ့တွင်ကား စုချန်းအဖို့ အဆိုပါစွမ်းရည်ကို ဝယ်ယူစရာမလိုပဲ ရရှိခဲ့လေပြီ။ ရွေ့လျားမှုနှင့်သက်ဆိုင်သော အမြင်စွမ်းရည်သည် သူ၏ တိုက်ပွဲဝင်စွမ်းရည်ကို အထူးတလည် တိုးမြှင့်မပေးသော်လည်း လက်တွေ့တိုက်ပွဲဝင်ရာ၌ကား အတော်လေးပင် အသုံးကျပေ၏။ သို့တိုင်အောင် စုချန်းသည် ယခုပြောင်းလဲမှုမှာ အဆုံးသတ်ပြောင်းလဲမှုဟု မယူဆချေ။ သိပ်မကြာသော အနာဂါတ်ဝယ် သူ့မျက်လုံးများသည် ယခုထက်ပိုမို၍ ဆင့်ကဲပြောင်းလဲလာအုံးမည်ဟု တထစ်ချ ယုံကြည်ထားလေသည်။
မည်သို့ဆိုစေ စုချန်းအဖို့ ကုချိန်းလွှာ၏ အခန်းတွင်း၌ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို မမေ့ပျောက်နိုင်သေးသည်ကတော့ အမှန်ပင်။
တနေ့တွင် အရာဝတ္တုများကို ထွင်းဖောက်မြင်နိုင်သည့်အစွမ်းမျိုး ရှိလာမည်လော။ သို့တည်းမဟုတ် သူ့မျက်လုံးများသည် ယခုထက်ပို၍ ထူးခြားသော အစွမ်းသတ္တိများ ရရှိလာမည်လော။ စုချန်း မသိပါ။ မသိသလို စိတ်လည်းမဝင်စားပါ။ သူသိရှိသည့် တခုတည်းသောအရာမှာ မည်သည့်အခါမျှ အားမလျှော့ပဲ ဆက်လက်ကြိုးစားနေရန်သာ ဖြစ်သည်။ မည်သို့ဆိုစေ စုချန်း၏ ဘဝတလျှောက်လုံးတွင် ယနေ့လောက် မျှော်လင့်ချက်များစွာနှင့် ပြည့်နှက်နေသည့်အချိန်ကာလဟူ၍ မရှိခဲ့ဖူးပေ။
နောက်ရက်များတွင်လည်း စုချန်းသည် ယခင်နည်းလမ်းအတိုင်း သားရဲညှို့ငင်ဆေးရည်ကို အသုံးပြုကာ သားရဲသတ္တဝါဆိုးများအား ဆက်လက် ဆွဲဆောင်ခြင်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့၏။ ဆယ်နှစ်ရက်မြောက်နေ့တွင်ကား စုချန်းသည် သွားခေါဝက်ဝံဘီလူးတကောင်နှင့် တွေ့ဆုံခဲ့တော့သည်။
သွားခေါဝက်ဝံဘီလူးတကောင်၏ တကိုယ်လုံးသည် ကြောက်မက်ဖွယ်ရာ စွမ်းအားပြည့်ဝ၏။ သူ၏ ခွန်အားမှာလည်း တံလျပ်ကြောင်မြီးတိုတကောင်ထက် အဆပေါင်များစွာ သာလွန်လှသည်။ ၎င်း၏ အမှတ်တမဲ့နိုင်သော လက်သည်းကုပ်ချက်သည်ပင် ကျောက်စိုင်ကျောက်သားများကို တစစီ ပြိုကွဲသွားစေနိုင်၏။
ပို၍ဆိုးသည်မှာ ၎င်းပိုင်ဆိုင်ထားသော တိုက်ပွဲဝင်စွမ်းရည်တမျိုးဖြစ်သည်။ သွားခေါဝက်ဝံဘီလူးသည် ၎င်း၏ ခေါနေသော သွားများအတွင်းမှ ဓားသွားပုံသဏ္ဍန်ချီစွမ်းအင်လှိုင်းများကို ပစ်လွှတ်တိုက်ခိုက်နိုင်ခြင်းပင် ဖြစ်သည်။
အနီးကပ် တိုက်ပွဲစဉ်အတွင်းဝယ် သွားခေါဘီလူးဝက်ဝံသည် အထက်ပါ အဝေးရောက်တိုက်ခိုက်မှုမျိုးကို ရုတ်တရက် ပြုလုပ်လိုက်လေရာ အကာအကွယ် ကင်းမဲ့နေသော စုချန်းအဖို့ အနည်းငယ် ထိခိုက်မိသွားတော့သည်။ စုချန်းနှင့် သွားခေါဝက်ဝံဘီလူးတို့၏ တိုက်ပွဲသည် နေ့တဝက်မျှပင် ကြာမြင့်သွား၏။ ထိုအခါ စုချန်းအဖို့ မတတ်သာတော့။ နီလာခရမ်းစစ်သုံးဝတ်စုံနှင့် တိမ်တိုက်ခြေလှမ်းတို့ကိုသာမက နောက်ဆုံးတွင် အနက်ရောင်မျဉ်းကြောင်းဓားကိုပါ ထုတ်သုံးရတော့သည်။
အနက်ရောင်မျဉ်းကြောင်းဓားသည် အဆင့်ရှစ် မူလကိရိယာဖြစ်၍ မည်မျှ အဖိုးထိုက်မည်ကို မေးခွန်းထုတ်နေစရာပင် မလို။ ဓားသွားမှာ အလွန်တရာ ချွန်မြနေ၏။ စုချန်းသည် ဓားပေါ်ရှိ သွေးအားလှိုင်းပုံစံကို နှိုးဆွလိုက်သောအခါ သွေးရောင်လွှမ်းနေသော မြူခိုးတန်းတခု ပန်းထွက်လာသည်ကို အတိုင်းသား မြင်တွေ့လိုက်ရသည်။ ဆယ်ကြိမ်ကျော်ကျော်ထိ သံမဏိဓားနှင့် ထိုးစိုက်ခဲ့သည်တိုင် ပန်းနှင့်ပေါက်သကဲ့သို့သာ ခံစားရဟန်တူသော သွားခေါဝက်ဝံဘီလူးသည် အနက်ရောင်မျဉ်းကြောင်းဓား၏ သွေးမြူခိုးတန်းနှင့် တွေ့သောအခါတွင်တော့ ခံနိုင်ဟန် မတူတော့။ ဓားတချက်တည်းနှင့် ထက်ခြမ်းကွဲသွားတော့သည်။
ဓား၏စွမ်းအားသည် အလွန်တရာကြီးမားသော်လည်း စုချန်းအဖို့ ဓားတချက်ထုတ်လွှတ်ဖို့အရေးကို ရှိရှိသမျှ စွမ်းအားများ အသုံးပြုလိုက်ရ၏။ တိုက်ပွဲပြီးဆုံးသွားသောအခါတွင်ကား စုချန်းခမျာ မြေကြီးပေါ်၌ပင် မားမားမတ်မတ် ရပ်တည်နိုင်စွမ်းမရှိတော့။ မောကြီးပန်းကြီးနှင့် ထိုင်ချလိုက်ရတော့သည်။
ကြံခိုင်မှုအကောင်းဆုံးအချိန်တွင် ဓား၏စွမ်းအားကို ထုတ်ဖာ်အသုံးပြုလျင် သူ့အနေနှင့် အများဆုံး သုံးကြိမ်ခန့်အထိ အသုံးပြုနိုင်မည်ဟု စုချန်း ခန့်မှန်းထား၏။ သို့သော် ဓား၏ သွေးအားလှိုင်းပုံစံကို မနှိုးဆွပဲ အသုံးပြုလျင်ကား အကြိမ်ရေ အတော်များများ အသုံးပြုနိုင်ပေလိမ့်မည်။ ဤတကြိမ်တွင်လည်း စုချန်းအဖို့ ထပ်မံဆုံးရှုံးသွားခဲ့သည်မှာ သေချာ၏။ အကြောင်းမှာ သွားခေါဝက်ဝံဘီလူးသည် တံလျပ်ကြောင်မြီးတိုထက်စာလျင် အရင်းအမြစ်များ ပေါကြွယ်ဝသည်မှာ မှန်သော်လည်း တိုက်ပွဲစဉ်တလျှောက်လုံး မူလကျောက်တုံး လေးတုံးတိတိ အသုံးပြုခဲ့ရသောကြောင့်ပင်။
သို့သော် စုချန်းအဖို့ ဤနေရာသို့ လာခဲ့သည်မှာ ငွေကြးအကျိုးအမြတ်ကြောင့် မဟုတ်။ ဤမျှ ကြမ်းတမ်းခက်ထန်သော သတ္တဝါဆိုးကြီးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် စုချန်း၏ တိုက်ပွဲဝင်အင်အားများ တိုးပွားလာသလို အဖိုးမဖြတ်နိုင်သော တိုက်ပွဲအတွေ့အကြုံများလည်း ရရှိလာခဲ့သည် မဟုတ်ပါလား။
အထူးသဖြင့် ဝက်ဝံ၏ အသားကို စားသုံးပြီးချိန်တွင် အဆိုပါအချက်မှာ မှန်ကန်ကြောင်း ပို၍ သိသာလာ၏။ ရိုင်းစိုင်းကြမ်းတမ်းသည့်သတ္တဝါဆိုးများ၏ အနှစ်သာရသွေးဗီဇများပါဝင်သော ဝက်ဝံသား အတော်များများကို စုချန်း မြိုချလိုက်၏။ ထို့နောက်တွင်ကား စုချန်း၏ ခွန်အားများ အတိုင်းအဆမရှိ တိုးပွားလာခဲ့သလို တိုက်ပွဲအတွင်း ပိုမို ကြံခိုင်လာသည်မှာ အတိုင်းသား မြင်သာနေတော့သည်။ ဆယ်ရက်တာကာလအတွင်းဝယ် အသစ်မွေးဖွားလာသော လူတယောက်ကဲ့သို့ စုချန်း ခံစားနေရတော့သည်။
အနီရောင်တောင်ကြောတွင် နေထိုင်ပြီး ဆယ့်ငါးရက်အကြာတွင်ကား စုချန်းတယောက် ပထမဆုံးအခက်အခဲနှင့် စတင်ရင်ဆိုင်ရတော့သည်။ ၎င်းမှာ အရွယ်အစားတူညီသော အနက်ရောင်အကြေးခွံသားရဲသတ္တဝါဆိုးကြီးနှစ်ကောင် တချိန်တည်း တပြိုင်တည်း ရောက်ရှိလာခြင်းပင် ဖြစ်သည်။ ထိုအခါ စုချန်းတယောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ပဲ အသင့်ပြင်ဆင်ထားသော ကြိုးလှေကားနှင့် ခုန်ချထွက်ပြေးရတော့သည်။
အနှီသတ္တဝါနှစ်ကောင်မှာ စုချန်းနေထိုင်သော တောင်ထိပ်ပေါ်၌ပင် တနေကုန် စောင့်ဆိုင်းနေကြ၏။ ဤသို့သော အဖြစ်မျိုး ထပ်မံမကြုံတွေ့စေရန် ဤနေရာနှင့် အတန်အသင့် ဝေးကွာသော နေရာတခုတွင် နောက်ထပ်စခန်းသစ်တခု တည်ဆောက်သင့်မသင့်ဟူသော အချက်သည် စုချန်းအတွက် စဉ်းစားစရာ ဖြစ်လာတော့သည်။
ဆယ့်ရှစ်ရက်မြောက်နေ့တွင်ကား စုချန်းသည် မီးလျံကျားသစ်တကောင်ကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့ပြန်သည်။ သို့သော် မီးလျံကျားသစ်သည် ၎င်းမသေဆုံးမီ ပြင်းထန်သော မီးလုံးကြီးများနှင့် ပစ်လွှတ်တိုက်ခိုက်ခဲ့လေရာ စုချန်းခမျာ ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။ အဆိုပါအဖြစ်အပျက်သည် စုချန်းအား ယုံကြည်မှု မလွန်ကဲစေရန် သတိပေးခဲ့၏။ မတတ်သာသောအခြေအနေတွင် စုချန်းသည် အနက်ရောင်ဝတ်စုံနှင့်လူ ပေးထားခဲ့သော ဆေးပုလင်းများအနက်မှ တပုလင်းကို ထုတ်သုံးရတော့သည်။ ဆေးသည် အမှန်တကယ် အစွမ်းထက်၏။ စုချန်း၏ ဒဏ်ရာများသည် အလျင်အမြန်ပင် သက်သာပျောက်ကင်းလာတော့သည်။ သို့သော် ထိုအတွက် စုချန်းပြန်ပေးခဲ့ရသောတန်ဖိုးမှာ ဝမ်းလျောခြင်းပင် ဖြစ်သည်။ ထိုနေ့တနေ့လုံး စုချန်းတယောက် ဝမ်းလျောနေရှာ၏။
နှစ်ဆယ့်တစ်ရက်မြောက်နေ့တွင်ကား စုချန်းသည် နောက်ထပ် တံလျပ်ကြောင်မြီးတိုတကောင်ကို ထပ်မံ သတ်ဖြတ်နိုင်ခဲ့ပြန်သည်။ ဤတကြိမ်တွင်ကား သူသည် နီလာခရမ်းစစ်သုံးဝတ်စုံကို အသုံးပြုရန် မလိုတော့သလို မည်သည့် ဆုံးရှုံးမှုမျှလည်းမရှိတော့။
နှစ်ဆယ့်ငါးရက်မြောက်နေ့တွင်ကား စုချန်းသည် အနက်ရောင်တိမ်တိုက်သားရဲသတ္တဝါဆိုးကြီးနှင့် ရင်ဆိုင်တိုးမိတော့သည်။ အနှီသတ္တဝါသည်ကား နှယ်နှယ်ရရ မဟုတ်။ အလွန်သန်မာသော သတ္တဝါဆိုးကြီးဖြစ်ပြီး ၎င်း၏ ကိုယ်ခန္ဓာကို မြူခိုးများအဖြစ် ပြောင်းလဲနိုင်သော မူလစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော သတ္တဝါကြီးဖြစ်သည်။ စုချန်းသည် အနက်ရောင်တိမ်တိုက်သတ္တဝါဆိုးကြီးနှင့် ရင်ဆိုင်ရလောက်သည်အထိ မသန်မာသေးရာ ကြိုးလှေကားကိုအသုံးပြု၍ ဆင်းပြေးရပြန်သည်။
နှစ်ဆယ့်ကိုးရက်မြောက်နေ့တွင်ကား ပုံစံတူအနက်ရောင်အကြေးခွံသတ္တဝါဆိုးကြီးနှစ်ကောင် စုချန်းနေသော တောင်ထိပ်ပေါ်သို့ ထပ်မံတက်လာပြန်၏။ ဤတကြိမ်တွင်တော့ စုချန်းသည် အမြဲတမ်းမခွဲပဲ ပူးကပ်နေသော နှစ်ကောင်ကို လှည့်ကွက်သုံးကာ ခွဲခြားပစ်လိုက်၏။ ထို့နောက် တကောင်ကို သတ်ဖြတ်လိုက်လေသည်။ အနှီသတ္တဝါသည် ၎င်းမသေခင် မူလစွမ်းအင်များကို အသုံးပြုကာ အကြေးခွံများအားလုံးကို ထုတ်လွှတ်ရင်း စုချန်းအား တန်ပြန်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။
စုချန်းကား တခါသေဖူး ပျဉ်ဖိုးနားလည်သွားခဲ့လေပြီ။ သူက နီလာခရမ်းဝတ်စုံကို အသုံးပြုကာ တိုက်ခိုက်မှုအားလုံးကို ဖယ်ရှားနိုင်ခဲ့၏။ ထိုအချိန်တွင် ကျန်တကောင် ရောက်ရှိလာပြန်ရာ စုချန်းအဖို့ ထပ်မံတိုက်ခိုက်ရန် အင်အားမရှိတော့သဖြင့် ကြိုးလှေကားကိုအသုံးပြုကာ ဆင်းပြေးရ၏။ အခဲမကြေသော သတ္တဝါသည် တနေ့လုံး တောင်ထိပ်ပေါ်၌ပင် စောင့်ဆိုင်းနေ၏။
ဤသို့နှင့်ပင် စုချန်းသည် အနီရောင်တောင်ကြောတွင် နေထိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့၏။ သူသည် သတ်ဖြတ်မိသမျှ သတ္တဝါဆိုးကြီးများ၏ သွေးကို သောက်၏။ အသားကို စား၏။ သူ၏ တိုက်ပွဲဝင်စွမ်းရည်နှင့် အင်အားမှာလည်း ဒီရေအလား တရိပ်ရိပ်နှင့် တိုးပွားလာခဲ့လေသည်။
အနီရောင်တောင်ကြောသို့ မဝင်ရောက်မီက စုချန်းသည် နတ်ဘုရားကိုယ်ထည် အဆင့်ကိုးမျှသာရှိပြီး စွမ်းရည်စစ်ဆေးရာတွင် အဖြူရောင်ကြယ် ကိုးဆယ့်တစ်လုံးမျှသာ ပေါ်သောအနေအထားဖြစ်သည်။ သို့သော် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးများနှင့် အဆက်မပြတ်တိုက်ခိုက်နေရပြီး များပြားလှသော အသားများကို စားသုံးလိုက်ရသည့်နောက်တွင်ကား အနှီသတ္တဝါဆိုးများ၏ စွမ်းအင်သည် သူ့ကိုယ်ခန္ဓာအတွင်းသို့ ပူးကပ်ပျော်ဝင်ကုန်ကြလေပြီ။ တလအတွင်း၌ပင် စုချန်းသည် အဖြူရောင်ကြယ် သုံးလုံးအထ တိုးပွားလာအောင် စွမ်းဆောင်နိုင်ခဲ့၏။ ဤနှုန်းထားအတိုင်းသာ ဆက်သွားလျင် အနီရောင်ပြစ်ဒဏ်ကာလအတွင်း နတ်ဘုရားကိုယ်ထည်အဆင့် ကုန်သည်အထိ လေ့ကျင့်နိုင်ပေလိမ့်မည်။
သို့သော်ငြားလည်း သူ့ခရီးစဉ်တခုလုံးမှာ အလုံးစုံ ချောမွေ့နေသည်တော့မဟုတ်။ ပြသနာအသစ်တခုသည် စုချန်းဆီသို့ လျင်လျင်မြန်မြန်ပင် ဆိုက်ရောက်လာခဲ့တော့သည်။၎င်းမှာ ယန့်ဝူရွှန်း၏ လက်ဆောင် သားရဲညှို့ငင်ဆေးရည် ကုန်ခန်းစပြုလာခြင်းပေတည်း။