မူလစွမ်းအင်အလင်းစက်များ
Vol. 4 Ch. 38
အလင်းစက်များဝင်လာသည်နှင့် စုချန်းသည် နွေးထွေးသော စီးဆင်းမှုတခု သူ့ကိုယ်တွင်းသို့ ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အနှီခံစားချက်သည် မှေးမှိန်ဖျော့တော့လွန်းသဖြင့် ခံစားချက်အစစ်အမှန်ပေလော၊ သို့တည်းမဟုတ် သူ့စိတ်ကူးစိတ်သန်းကြောင့် ဖြစ်ပေါ်လာသော ထင်ယောင်ထင်မှား ဖြစ်မှုပေလောဟု စုချန်းက တွေးတောနေမိ၏။
မည်သို့ဆိုစေ နွေးထွေးသော စွမ်းအင်စီးဆင်းမှုကြောင့် စုချန်း၏ လက်တဖက်သည် အနည်းငယ် လှုပ်၍ ရလာ၏။ ယခုအချိန်တွင် သူသည် လက်ကို မြှောက်နိုင်ခဲ့လေပြီ။ စုချန်း၏ မျက်လုံးများသည် မျှော်လင့်ချက်ကြောင့် အရောင် တဖြတ်ဖြတ် ဝင်းလက်တောက်ပလာ၏။ အနှီအလင်းစက်များသည် အမှန်တကယ်ပင် မူလစွမ်းအင်လှိုင်းများ ဖြစ်နိုင်ပါမည်လော။ အကယ်၍ မူလစွမ်းအင်များ အမှန်တကယ် ဖြစ်ခဲ့သည်ဆိုပါစို့၊ အဘယ်ကြောင့် သူ့မျက်လုံးများက ထိုစွမ်းအင်များကို မြင်နေရသနည်း။
စုချန်းခမျာ အံ့သြသင့်လွန်းအားကြီး၍ နဝေတိမ်တောင်ပင် ဖြစ်နေရရှာတော့သည်။ ကျောက်စိမ်းမျက်လုံးလူဝံ၏ အမြစ်တွယ်စေသောမူလစွမ်းရည်နှင့် မှော်ပုလဲ၏ ဝိညာဏ်ကွဲထွက်ခြင်းစွမ်းးရည်နှစ်မျိုးလုံးကို နဖူးတွေ့ဒူးတွေ့ခံစားပြီးနောက် သူ့ထံတွင် မည်သို့ထူးခြားမှုမျိုးများ ဖြစ်ပေါ်လာသနည်းဟု စုချန်း တွေးတောနေမိတော့သည်။
သို့တည်းမဟုတ် သူ့မျက်လုံးများသည်ပင် နောက်ထပ်တကြိမ် ဆင့်ကဲပြောင်းလဲခဲ့လေသလော။ သို့မဟုတ် ဝိညာဏ်တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော စွမ်းအင်များကို စုပ်ယူခဲ့မိ၍ပေလော။ ထိုသို့မဟုတ်ပဲ သူ့စိတ်အာရုံသည် အမျိုးမျိုး အထွေထွေသော ဖိနှိပ်မှုများကို ခံစားခဲ့ရ၍ပေလော။
စုချန်း မသိတော့။ လက်ရှိအချိန်တွင် သူလုပ်နိုင်သည့် တခုတည်းသောအရာမှာ ထိုရှုပ်ထွေးသောအရာကို တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်အထိ စောင့်ဆိုင်ရန်သာ ဖြစ်သည်။ သေချာသည်မှာ ၎င်းစွမ်းအင်အသက်အပြောက်များသည် လေထုထဲတွင် ကြာကြာ မတည်မြဲနိုင်ကြောင်းပင်။ ပေါ်ပေါက်လာပြီး ခနအတွင်း၌ပင် လျင်လျင်မြန်မြန်နှင့် ပျောက်ကွယ်ကုန်ကြ၏။ ၎င်းဖြစ်ရပ်ကို မြင်တွေ့သောအခါ မူလစွမ်းအင်သည် ဤပုံစံတွင် ကြာရှည်မတည်မြဲနိုင်သောကြောင့်သာ လျင်မြန်စွာ ပျောက်ကွယ်ကုရခြင်း ဖြစ်မည်ဟု သဘောပေါက်လာ၏။
အလင်းစက်မှုန်များသည် ကျောက်စိမ်းမျက်လုံးလူဝံ မရေမတွက်နိုင်သော ရက်ပေါင်းလပေါင်းများစွာ မွေးမြူသန့်စင်လာခဲ့သော မူလစွမ်းအင်များကို ကိုယ်စားပြု၏။ သူတို့ပေါ်ပေါက်လာပုံမှာ ရိုးရှင်းဟန်တူသော်လည်း အမှန်တကယ်အားဖြင့် ၎င်းတို့သည် အချိန်အတန်ကြာအောင် တသမတ်တည်း သန့်စင်ခံခဲ့ရပြီး ဖြစ်သည်။ တနည်းအားဖြင့် ၎င်းတို့သည် မူလစွမ်းအင်၏ စစ်မှန်သော ငွေ့ရည်ဖွဲ့ပုံစံပင်တည်း။
မူလစွမ်းအင်သုံးစွဲသူ သေလွန်သောအခါ ၎င်းစွမ်းအင်တို့သည် ထိန်းချုပ်ခံဘဝတွင် မနေကြတော့ပဲ ကိုယ်ခန္ဓာအပြင်ဘက်သို့ တိုးထွက်လာကြပြီး သူတို့ ထွက်ပေါ်လာသော ကမ္ဘာကြီးဆီသို့ ပြန်လည်ခရီးနှင်ကြလေသည်။ ထိုအခါ အထပ်ထပ်အခါခါ သန့်စင်ထားသော မူလစွမ်းအင်များအားလုံးသည် ၎င်းတို့၏ ပေါင်းစည်းညီညွှတ်မှုကို ဆုံးရှုံးသွားပြီး နဂိုအတိုင်း လွတ်လပ်သော စွမ်းအင်လှိုင်းများဘဝသို့ ပြန်လည်ရောက်ရှိသွားကြကုန်၏။
အလင်းစက်များ ပျောက်ကွယ်သွားခြင်းသည် စုစည်းထားသာ စွမ်းအင်များအားလုံး မူလအနေအထားသို့ ပြန်လည်ရောက်ၤရှိသွားခြင်းကို ဆိုလိုသည်။ ထို့ကြောင့် စုချန်း၏ မျက်လုံးများသည် မူလစွမ်းအင်၏ သဘာဝပုံစံကို မမြင်နိုင်ပါ။ ဖွဲ့စည်းထားသော စွမ်းအင်ပေါင်းစပ်မှုကိုသာ မြင်တွေ့နေရခြင်း ဖြစ်သည်။
အနှီ အလင်းစက်မှုန်များသည် ရေမှုန်ရေမွှားများပမာ စုချန်း၏ ပတ်ပတ်လည်တွင် ဝန်းရံထားကြလေ၏။ သူတို့ကိုကြည့်ရသည်မှာ စုချန်း၏ ညှို့ငင်ဆွဲယူမှုကို နာခံလိုဟန်မရှိ။ သို့သော် စုချန်းသည် စုပ်ယူမှုအားကို တသမတ်တည်းထားပြီး မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေ၏။ နောက်ဆုံးတွင်ကား အလင်းမှုများ၏ ခုခံမှုသည် တစထက်တစ လျော့နည်းလာပြီး နောက်ဆုံးတွင် အလင်းမှုန်များအားလုံး စုချန်း၏ ကိုယ်ခန္ဓာအတွင်းသို့ တိုးဝင်ကုန်ကြတော့သည်။
သူ ပထမတကြိမ် ခံစားဖူးသည့် နွေးထွေးသော စီးဆင်းမှုသည် ဒုတိယအကြိမ်မြောက် ပြန်လည်ဖြစ်ပေါ်လာ၏။ တဆက်တည်းမှာပင် သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားချက်နှစ်မျိုးလုံး ပိုမိုကောင်းမွန်လာသည်ဟု စုချန်း ခံစားလိုက်ရသည်။ စုချန်း၏နှလုံးသားထဲတွင် ကျေနပ်အားရသာ ခံစားချက်များ ဖြစ်ပေါ်လာ၏။ သူစုပ်ယူလိုက်သည့် အလင်းမှုန်တစက်သည် ရက်အနည်းငယ်မျှ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းနှင့် ညီမျှနေရာ ဝမ်းမသာပဲ အဘယ်မှာ ခံနိုင်အံ့နည်း။
သူ့အနေနှင့် ရက်ပေါင်း ဘယ်နှစ်ရက်စာမျှ စုဆောင်းနိုင်မည်နည်း။ စုချန်းမသိပါ။ စိတ်လည်းမဝင်စားပါ။ သူစိတ်ဝင်စားသည့် တခုတည်းသောအရာမှာ ရရှိလာသောအခွင့်အရေးကို အကျိုးရှိရှိ အသုံးချရန်သာ ဖြစ်သည်။ တံလျပ်ကြောင်မြီးတိုကို သတ်ဖြတ်ခဲ့စဉ်ကာ အထက်ပါ စုပ်ယခြင်းနည်းလမ်းအတိုင်း လေ့ကျင့်ခဲ့သော်လည်း ထိုစဉ်က စွမ်းအင်အစက်အပြောက်များကို မမြင်နိုင်ခဲ့လေရာ မမြင်မကန်းနှင့်သာ လေ့ကျင့်ခဲ့ရ၏။ ထိုအခြေအနေတွင် မူလစွမ်းအင်များကို စုပ်ယူခဲ့မိသည်ရှိသော် ကံကောင်းထောက်မ၍သာဖြစ်သည်ဟု ဆိုရမည်။
ယခုတွင်ကား သူသည် စွမ်းအင်အလင်းစက်များကို မြင်တွေ့ရပြီဖြစ်လေရာ အောင်မြင်မှုနှုန်းထားမှာလည်း အလွန်ပင် မြန်ဆန်လာ၏။ ထိုအခါ စုချန်းသည် လေထဲတွင် မျောလွင့်နေသော စွမ်းအင်အလင်းစက်များကို အကုန်အစင် စုပ်ယူမိနေအောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေတော့သည်။ ကျောက်စိမ်းမျက်လုံးလူဝံ၏ စွမ်းအင်အလင်းစက်များသည် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်နေကြ၏။ ဖြတ်ခနဲပေါ်လာလိုက်၊ ဖြတ်ခနဲပျောက်သွားလိုက်နှင့် ပျောက်ကွယ်မှုနှုန်းထားမှာ အလွန်ပင် လျင်မြန်လှသည်။ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ စုချန်းခမျာ စွမ်းအင်အလင်းစက်မှုန် ရှစ်စက်ကိုသာ စုပ်ယူနိုင်ခဲ့ရှာသည်။
ရှစ်စက်မျှသော စွမ်းအင်အလင်းစက်မှုန်မျှနှင့် စုချန်းသည် အလွန်တရာ ကွဲပြားခြားနားစွာ ခံစားနေရသည်။ သိသာသောအချက်မှာ အဆိုပါစွမ်းအင်ပမာဏမျှလောက်နှင့်ပင် ဝေဒနာများ သက်သာပျောက်ကင်းလာခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အနက်ရောင်မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းကို သုံးကြိမ်တိတိ အသုံးပြုခဲ့သည်ရှိသော် စုချန်းတယောက် နေ့တဝက်မျှ မထနိုင်ပဲ ပက်လက်လန်နေလေ့ရှိသည်။ ယခုတွင်ကား အနည်းငယ် မောပန်းနေသည်မှအပ သူ့အနေအထားသည် သာမာန်လူကောင်းနှင့် မခြားနားသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
သို့သော် မူလစွမ်းအင်၏ စစ်မှန်သော အရည်အသွေးမှာ ခွန်အားကို ပြန်လည်ဖြည့်တင်းရန် မဟုတ်။ ကိုယ်ခန္ဓာ၏ သဘာဝကို ပြောင်းလဲရန်နှင့် ကြီးထွားတိုးတက်လာစေရန်သာ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ စုချန်း၏ ဝေဒနာများ သက်သာပျောက်ကင်းပြီး ခွန်အားများ ပြည့်ဖြိုးလာခြင်းမှာ သူ့ကိုယ်ခန္ဓာ၏ ဆင့်ကဲပြောင်းလဲမှုကြောင့်သာ ဖြစ်သည်။ လူတယောက်၏ ရုပ်ခန္ဓာ ဆင့်ကဲပြောင်းလဲလာပါက ၎င်း၏ ခံနိုင်ရည်နှင့် ရောဂါခုခံနိုင်စွမ်း၊ ပျောက်ကင်းမှုနှုန်းထားတို့မှာလည်း အလိုအလျောက် တိုးတက်လာတတ်သည်မှာ သဘာဝသာဖြစ်သည်။
အတိုချုပ်ဆိုရလျင် မူလစွမ်းအင် အလင်းစက်မှုန်ရှစ်စက်သည် စုချန်း၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိသွားသည်နှင့် ဆင့်ကဲတိုးတက်မှု ဖြစ်ပေါ်လာအောင် ပြောင်းလဲပေးလိုက်သည့် သဘောပင်။ အထပ်ထပ်အခါခါ စဉ်းစားသုံးသပ်ပြီးနောက် သူ့ခွန်အားသည် အဖြူရောင်ကြယ်တလုံးစာမျှ ထပ်မံတိုးတက်လာခဲ့ပေပြီဟု ကောက်ချက်ချလိုက်သည်။
"သိပ်ကောင်းတယ်ဟေ့"
ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဟန်ဖြင့် စုချန်းက အော်ဟစ်လိုက်သည်။ သူသည် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးတကောင်ကို သတ်ဖြတ်မိရုံနှင့် သူ့ခွန်အားသည် အဖြူရောင်ကြယ်တလုံးစာမျှ တိုးတက်လာခဲ့၏။ မည်မျှ အံ့သြစရာကောင်းသည့် အတွေ့အကြုံပေနည်း။ ဤအတွေ့အကြုံထက် ကောင်းမွန်သောအရာဟူ၍ အခြားရှိနိုင်အံ့မထင်။
စုချန်းသည် အလွန်တရာ စိတ်လှုပ်ရှားလာ၏။ ယခင်ၤက တခါမျှ မဖြစ်ပေါ်ဖူးသော စိတ်လှုပ်ရှားမှုမျိုး ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် စုချန်း၏ အနာဂတ်သည် မျှော်လင့်ချက်များ၊ ယုံကြည်မှုများနှင့် ပြည့်နှက်လာခဲ့လေပြီတည်း။
_____________×××________________×××____________
နောက်ရက်များတွင်ကား စုချန်းသည် အနီရောင်တောကြောတွင် နေထိုင်ရင်း ဆက်လက်လေ့ကျင့်နေခဲ့၏။ သူသည် မိမိအလုပ်ကို မည်သည့်အခါမျှ လက်လွတ်စပယ် မပြုလုပ်ပဲ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်စေရန် ကြိုးစားအားထုတ်နေသူဖြစ်သည်။ ထို့ကြောင့် သူသည် အမဲလိုက်ခြင်းအမှုကိုလည်း ချင့်ချင့်ချိန်ချိန်သာ ပြုလုပ်၏။
သူ့အနေနှင့် အကန့်အသတ်မရှိသော အလားအလာကောင်းများစွာကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သော်လည်း အလားအလာဟူသည်မှာ အလားအလာမျှသာ ဖြစ်သည်။ တကယ်ဖြစ်လာသည်တော့ မဟုတ်သေး။ လက်ရှိအခြေအနေတွင်ကား သူသည် အားနည်းနေဆဲသာ ဖြစ်သည်။ အနီရောင်တောင်တန်းနယ်မြေ၏ အစွန်အဖျားဧရိယာ၌ အသက်ရှင်သန်ခွင့်ရရန် မူလကိရိယာလေးမျိုးလုံးကို အသုံးပြုခဲ့ရခြင်းမှာ အလွန်အားနည်း၍သာ မဟုတ်ပါလား။
မဆိုစလောက်သော ယုံကြည်မှုလွန်ကဲခြင်းသည်ပင် သူမျှော်တွေးထားသော အနာဂါတ် မျှော်လင့်ချက်များအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်နိုင်၏။ ယုံကြည်မှုလွန်ကဲခြင်းသည် တိတ်တဆိတ်နှင့် ဖြေးညှင်းစွာ ဝင်လာတတ်သော လူသတ်သနားဟုသာ စုချန်းက ယူဆထားသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်းသည် ခရီးဆက်ရာတွင် ယခင်ကစက်ပင် ပို၍ ဂရုစိုက်လာ၏။ ပို၍ သတိထားလာ၏။
အနီရောင်နယ်မြေ၏ ငါးဆယ့်ကိုးရက်မြောက်နေ့တွင်ကား စုချန်းသည် သွားခေါဝက်ဝံဘီလူးတကောင်နှင့် ရင်ဆိုင်တိုးမိပြန်၏။ သူခွန်အားသည် ယခင်ကထက် အဆပေါင်းများစွာ တိုးပွားလာ၍ပေလော၊ သို့တည်းမဟုတ် တိုက်ပွဲအတွေ့အကြုံများ အလွန်ကြွယ်ဝလာ၍ပေလောတော့ မပြောတတ်။ ယခုတိုက်ပွဲကိုကား စုချန်းက အလွယ်တကူပင် အဆုံးသတ်နိုင်လိုက်၏။
ဝက်ဝံဘီလူးကို သတ်ဖြတ်ပြီးသည့်အချိန်တွင် စုချန်းသည် စွမ်းအင်အလင်းစက်မှုန်များကို နောက်တကြိမ် မြင်တွေ့ရပြန်သည်။ ယခုတကြိမ်တွင်ကား ကြိုတင်ပြင်ဆင်ပြီးသားဖြစ်၍ စွမ်းအင်အလင်းစက် ဆယ့်တစ်စက်ထိ စုချန်း စုပ်ယူလိုက်နိုင်၏။ ကျန်သော အလင်းမှုန်များမှာကာ တစစီ ပျောက်ကွယ်သွားလေသည်။ ထိုအခါ စုချန်းသည် တကြိမ်လျင် စွမ်းအင်အလင်းစက်မှုန်ပမာဏ မည်မျှကို စုပ်ယူနိုင်သနည်းဟူသည့်အချက်ကို တွက်ဆနိုင်စွမ်း ရှိလာ၏။
စုချန်းမှတ်သားထားလိုက်သည်မှာ သွားခေါဝက်ဝံသည် ၎င်းသေဆုံးချိန်တွင် အလင်းစက်မှုန်ပမာဏ အများအပြားကို ထုတ်လွှတ်ခဲ့ကြောင်းပင်။ အကယ်၍ အလင်းစက် ဆယ်စက်တိုင်းသည် အဖြူရောင်ကြယ်တလုံးကို ကိုယ်စားပြုခဲ့လျင် သွားခေါဝက်ဝံ၏ ကိုယ်ခန္ဓာစွမ်းအားအဆင့်သည် အဖြူရောင်ကြယ် အလုံးပေါင်း တစ်ရာခန့် ရှိပေလိမ့်မည်။ ထိုအချက်ကို ထောက်ဆ၍ သာမာန် အဆင့်နိမ့် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးများ၏ အင်အားကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်နိုင်၏။ လတ်တလော သူစုပ်ယူခဲ့သော စွမ်းအင်ပမာဏမှာ ရရှိနိုင်သော ပမာဏစုစုပေါင်း၏ အပုံတစ်ရာပုံလျင် တစ်ပုံခန့်သာ ရှိပေသေးသည်။
သတ္တဝါဆိုးကြီးတကောင်ကို သတ်ဖြတ်ပြီး ၎င်း၏ စွမ်းအင်အားလုံးကို စုပ်ယူရရှိနိုင်ရန် ယခု စုချန်းအသုံးပြုနေသောနည်းလမ်းထက် ပို၍ ကောင်းမွန်သော နည်းလမ်းများ ရှိနေအုံးမည်လော။ မည်သူမျှ အတိအကျ မသိနိုင်။ သို့သော် ဘုရားသခင်နှင့် ကောင်းကင်ဘုံသည်ပင် စုချန်းအား တိတ်တဆိတ် ကူညီနေသည်ဟု ယူဆရ၏။ အကြောင်းမှာ ရက်အနည်းငယ်အကြာတွင် ယေဘုယျအားဖြင့် အင်အားနည်းသည်ဟု ယူဆရသော သတ္တဝါဆိုးကြီးသုံးကောင်နှင့် စုချန်း ထပ်မံဆုံတွေ့ရပြန်သည်။ သူသည် အဆိုပါ သတ္တဝါများအားလုံးကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့လေသည်။
ထိုအခိုက်မှာပင် ထူးခြားမှုတခု ဖြစ်ပေါ်လာတော့သည်။
စုချန်းသည် နောက်ဆုံးကြွင်းကျန်ရစ်သော မူလစွမ်းအင်အလင်းစက်တခုကို စုပ်ယူလိုက်၏။ သို့သော် မည်မျှ ကြိုးစား စုပ်ယူစေကာမူ ထူးခြားမလာတော့။ သူ့ကိုယ်ခန္ဓာတခုလုံးသည် ထူးဆန်းသော တစုံတရာနှင့် ပြည့်နှက်နေသည်ဟု ခံစားနေရတော့သည်။ စုချန်း သိလိုက်ပေပြီ။ လက်ရှိလေ့ကျင့်နေသော နတ်ဘုရားကိုယ်ထည် နောက်ဆုံးအဆင့်ကို သူကျော်လွှားနိုင်ခဲ့ပေပြီ။ တနည်းအားဖြင့်သူသည် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းသူတိုင်း ဆုံတွေ့ရသည့် အခြေအနေ သို့မဟုတ် အကျပ်အတည်းနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့ရလေပြီ။
အဆိုပါအခြေအနေတွင် အနှီ အခက်အခဲကို မကျော်လွှားနိုင်ပါက မည်မျှပင် ကြိုးစားစုပ်ယူစေကာမူ အဆင့်တဆင့်သော်မျှ တိုးတက်လာနိုင်စရာ အကြောင်းမရှိတော့။ နောက်ဆုံတွင်တော့ စုချန်းသည် ချီစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ခြေတလှမ်းမျှသာ လိုပေတော့သည်။
"အင်း နောက်ဆုံးတော့ ငါဟာ ဒီနေရာကို ရောက်လာနိုင်ခဲ့ပြီပဲ"
သက်ပြင်းတချက် ရှည်လျားစွာချရင်း စုချန်း ငြီးတွားလိုက်၏။ သူမူလက တွေးထင်ထားသည်မှာ အနီရောင်ပြစ်ဒဏ်ကာလ ပြီးဆုံးသော အချိန်ကျမှ ဤအဆင့်သို့ ရောက်နိုင်လိမ့်မည် ဟူ၍ဖြစ်သည်။ စွမ်းအင်အလင်းစက်များက သူ့အခြေအနေကို တိုးမြှင့်စေလိမ့်မည်ဟု စုချန်း မည်သည့်အခါကမျှ မျှော်လင့်မထား။ ယခုတွင်ကား သူသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဆောလျင်စွာ ဝင်ရောက်နိုင်ခဲ့လေပြီ။ နောက်တဆင့်အနေနှင့် သူလုပ်ရမည့်အလုပ်မှာ ရှိရှိသမျှ အင်အားများကို စုဆောင်း၍ ချီစုဆောင်းခြင်းနယ်ပယ်၏ အကာအရံများကို ချိုးဖျက်ဝင်ရောက်နိုင်ရေးအတွက် ကြိုးစားရန်ဖြစ်သည်။
လူသားဟူသည် လွန်ခဲ့သောနှစ်ပေါင်း ထောင်သောင်းချီကာလကတည်းက တိုးတက်လာခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ မူလစွမ်းရည်ကို အသုံးချနိုင်စွမ်းမှာ အတော်လေး ကောင်းမွန်နေခဲ့ပြီဟု ဆိုနိုင်၏။ ချီစုဆောင်းခြင်းနယ်ပယ်၏ အကာအရံများကို ချိုးဖျက်ခြင်းမှာ အနိမ့်ဆုံးသော အဆင့်ဖြစ်သည်။ တနည်းအားဖြင့် ချီစုဆောင်းခြင်းနယ်ပယ်သည် သွေးဗီဇမရှိသောသူများ ဝင်ရောက်နိုင်သည့် တခုတည်းသော နယ်မြေဖြစ်သည်။ ထို့ကြောင့် ချီစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်မည့်သူ၏ စွမ်းအင်ဗဟိုချက်ကို ဖွင့်လှစ်ရန် နည်းလမ်းပေါင်း ထောင်နှင့်ချီ၍ ရှိလေသည်။
ချီစုဆောင်းခြင်းနယ်ပယ်၏ အကာအရံများကို ချိုးဖျက်ရမည့်အလုပ်ကလည်း သိပ်တော့ မခက်ခဲလှ။ ထိုအခါ စုချန်းက သူ့မျိုးနွယ်စုဆီသို့ပြန်၍ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်ရန် စိတ်ကူးကို ပစ်ပယ်လိုက်သည်။ သူ့အနေနှင့် အနီရောင်နယ်မြေတွင်သာဆက်နေ၍ ချီစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။