← Chapters

ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်း

Vol. 4 Ch. 39

ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်း

Vol. 4 Ch. 39

အနီရောင်တောင်ကြော၏ အနောက်ဘက်ခြမ်းတနေရာတွင် ဖြစ်သည်။ ဂူငယ်လေးတဂူ၏ ရှေ့တွင် ရေတံခွန်တခု တသွင်သွင် စီးကျနေ၏။ ရေတံခွန်အောက်ဘက်ရှိ လျှို့ဝှက်သော ပတ်ကြားအက်တခုအတွင်းဝယ် စုချန်းသည် တင်ပျဉ်ခွေလျက် ထိုင်နေလေသည်။ ရက်ပေါင်းနှစ်ဆယ်ကျော်မျှ ကြိုတင်ပြင်ဆင်ပြီးနောက် စုချန်းတယောက် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် အသင့်ဖြစ်နေခဲ့လေပြီ။

ချီစွမ်းအား စုဆောင်းခြင်းနယ်ပယ်၏ အရံအတားများကို ချိုးဖျက်ဝင်ရောက်ခြင်းဟူသည်မှာ အခြားတော့ မဟုတ်။ တစုံတယောက်၏ စွမ်းအင်ဗဟိုချက်နေရာရှိ မူလစွမ်းအင်များကို စုဆောင်းသိုမှီးပေးနိုင်သည့် စွမ်းအင်ပင်လယ်ပြင်ကြီးကို ဖွင့်လှစ်ပေးရန်ပင် ဖြစ်သည်။ ဤသို့ပြုလုပ်လိုက်ခြင်းအားဖြင့် စုပ်ယူလိုက်သော မူလစွမ်းအင်များကို သိပ်သည်းကျစ်လျစ်သောနည်းလမ်းနှင့် သိမ်းဆည်းနိုင်မည်သာမက ထိမ်းချုပ်ရာတွင်လည်း ပို၍ သက်တောင့်သက်သာ ရှိလာပေလိမ့်မည်။

စွမ်းအင်ပင်လယ်ပြင်ကို မဖန်တီးမီတွင် ထိုသူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု လုပ်ငန်းစဉ်များကိုကား အပြည့်အဝ ထည့်သွင်းစဉ်းစားရန် လိုအပ်၏။ နတ်ဘုရားကိုယ်ထည်အဆင့်ကုန်ပြီး ကိုယ်ခန္ဓာပမာဏပြောင်းလဲမှု အတွေ့အကြုံရှိသူများကိုသာ သူတို့၏ စွမ်းအင်ပင်လယ်ပြင်ကို ဖန်တီးရန် မှန်ကန်သူများဟု သတ်မှတ်နိုင်သည်။ တနည်းအားဖြင့် ၎င်းကို မိုးမျှော်တိုက်များဆောက်လုပ်ရန် လိုအပ်သော အခြေခံအုတ်မြစ်ချခြင်းနှင့် ဥပမာပြုနိုင်၏။

စွမ်းအင်ပင်လယ်ပြင်ကို ဖွင့်လှစ်ရန် နည်းလမ်းပေါင်းများစွာရှိ၏။ ထိုအထဲမှ တချို့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော နည်းလမ်းများဖြစ်ပြီး အများစုမှာ လျှို့ဝှက်ချက်များ မဟုတ်တော့ပေ။ စုချန်းသည် ထိုနည်းလမ်းများကို စုမျိုးနွယ်စုတွင် နားရည်ဝအောင် ကြားဖူးခဲ့ပြီးဖြစ်လေရာ ဤအပိုင်းတွင် သူ့အနေနှင့် ဗဟုသုတ မနည်းလှပေ။ အကြိမ်ပေါင်းများစွာ စဉ်းစားသုံးသပ်ပြီးနောက် စုချန်းသည် "ဆင့်ကဲပြောင်းလဲမှုကိုးမျိုးပါဝင်သောရွှေရောင်ပင်လယ်ပြင်" နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

အဆိုပါနည်းလမ်းကို အသုံးပြုလိုက်ခြင်းကြောင်း ဝဲသြဃကဲ့သို့သော စွမ်းအင်ပင်လယ်ပြင်ကြီး ဖြစ်ပေါ်လာပေလိမ့်မည်။ အချိန်တိုင်းတွင် ၎င်းသည် ဝဲကတော့ကဲ့သို့ လှည့်ပတ်နေမည် ဖြစ်သည်။

ဤနည်းလမ်းဖြင့် စွမ်းအင်ပင်လယ်ပြင်ကို ဖန်တီး၍ ချီစုဆောင်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် စုချန်းအဘယ်ကောင့် ရွေးချယ်လိုက်ရသနည်း။ အလကားတော့ မဟုတ်။ ဤနည်းလမ်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ပင်လယ်ပြင်ကြီးတွင် အကျိုးကျေးဇူး နှစ်ရပ်ရှိ၏။ ပထမအကျိုးကျေးဇူးမှာ ၎င်း၏ စွမ်းအင်စုပ်ယူနိုင်စွမ်းမှာ အလွန်ပင် အားကောင်းလှ၏။ လက်ရှိ စုချန်း၏ အနေအထားမှာ စွမ်းအင်အစက်အပြောက်များကို မြင်နိုင်စွမ်း ရှိနေလေရာ ၎င်းစွမ်းအင်အစက်အမှုန်တို့ကို အချိန်တိုအတွင် မြန်မြန်ဆန်ဆန်နှင့် များနိုင်သမျှ များအောင် စုပ်ယူနိုင်သော နည်းလမ်းမျိုး လိုအပ်နေ၏။ ဝဲသြဃကဲ့သို့ စွမ်းအင်ပင်လယ်ပြင်ကြီးသည် စွမ်းအင်များကို အလိုအလျောက် စုပ်ယူရာတွင် အားပျော့လှသော်လည်း ဦးတည်ချက်တိတိကျကျ စုပ်ယူရာတွင်ကား အထူးပင် အားကောင်းလှ၏။ ထို့ကြောင့် ဤနည်းလမ်းသည် စုချန်း လိုအပ်နေသော နည်းလမ်းဖြစ်သည်ဟုပင် ဆိုရပေလိမ့်မည်။

ဒုတိယအကျိုးကျေးဇူးမှာ အလွန်အားကောင်းစွာ ဟန့်တား ထိန်းချုပ်ထားနိုင်သော အစွမ်းသတ္တိရှိခြင်းပင် ဖြစ်သည်။ အမှန်တကယ်အားဖြင့် ဒုတိယအချက်သည် "ဆင့်ကဲပြောင်းလဲမှုကိုးမျိုးပါဝင်သော ရွှေရောင်ပင်လယ်ပြင်"နည်းလမ်း၏ အကြီးမြတ်ဆုံး အမှတ်အသားလက္ခဏာ ဖြစ်သည်။ အထက်ပါနည်းလမ်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ပင်လယ်ပြင်သည် စွမ်းအင်များကို အားကောင်းကောင်းနှင့် ထိန်းချုပ်ထားနိုင်၏။ ရိုးသားစွာဆိုရလျင် ၎င်း၏ မှော်စွမ်းအားသည် အလွန်တရာ မြင့်မားလှလေသည်။

သို့သော်ငြားလည်း စွမ်းအင်ပင်လယ်ပြင်၏ ထိန်းချုပ်နိုင်စွမ်းအား မြင့်မားလာလေလေ နောက်တဆင့်သို့ တက်လှမ်းရန် စွမ်းအားများ ပိုမိုလိုအပ်လာလေလေပင် ဖြစ်သည်။ အကျိုးဆက်မှာကား ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူရာတွင် ပို၍ နှေးကွေးလာခြင်းပင်။ ထို့ကြောင့် ဤတချက်သည်ကား "ဆင့်ကဲပြာင်းလဲမှုကိုးမျိုးပါဝင်သောရွှေရောင်ပင်လယ်ပြင်" နည်းလမ်း၏ အားနည်းချက်ဟု ဆိုရပေလိမ့်မည်။

သို့သော်ငြားလည်း စွမ်းအင်အလင်းစက်မှုန်များကို မြင်တွေ့ခွင့်ရလိုက်ကတည်းက သူ့လမ်းကြောင်းသည် သဘာဝအတိုင်း မဟုတ်နိုင်တော့မှန်း စုချန်းတယောက် ကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့လေပြီ။ ထို့ကြောင့် သူ့အနေနှင့် မည်သည့်အတွက်ကြောင့် အများသူငါ ရွေးချယ်လေ့ရှိသော ပုံမှန်နည်းလမ်းမျိုးကို ရွေးချယ်နေတော့မည်နည်း။ ထို့ကြောင့် သူသည် သူ၏ အနာဂတ်အလားအလာအတွက် အကောင်းဆုံး ဖြစ်စေနိုင်မည့် နည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

______________×××_______________×××___________

စုချန်းသည် ရေတံခွန်အောက်တွင်ထိုင်ကာ ရေကျသံကိုနားထောင်ပြီး "ဆင့်ကဲပြောင်းလဲမှုကိုးမျိုးပါဝင်သော ရွှေရောင်ပင်လယ်" လေ့ကျင့်ခန်းကို ကြိုးစားလေ့ကျင့်နေ၏။ သူ့ကိုယ်တွင်း၌ ပုန်းအောင်းနေသော စွမ်းအင်များသည် စတင်စုဝေးစပြုလာ၏။ သို့သော် စုဝေးမှုနှုန်းထားမှာကား နှေးကွေးလှသေးသည်။ ပုံမှန်အားဖြင့် နတ်ဘုရားကိုယ်ထည်အဆင့်သာရှိသေးသည့် လေ့ကျင့်သူများသည် မည်သည့် မူလစွမ်းအင်ကိုမျှ အသုံးပြုရန် နည်းလမ်းမရှိပေ။ သို့သော်ငြားလည်း စွမ်းအင်လျံှကျသည့်အဆင့်သို့ရောက်ရှိသောအခါတွင်ကား ၎င်းစွမ်းအင်များသည် အရင်းအမြစ်တခုဖြစ်လာကာ အသုံးပြုနိုင်သော အဆင့်သို့ ရောက်ရှိလာမည် ဖြစ်သည်။

ချီစုဆောင်းခြင်းနယ်ပယ်၏ အကာအရံများကို ချိုးဖောက်ဖျက်ဆီးရန်လိုအပ်သည်မှာ ထိုသူသည် မူလစွမ်းအင်အနယ်းငယ်ခန့်ကို ထိန်းချုပ်ပြီး သူ၏ စွမ်းအင်ဗဟိုချက်နေရာတွင် စွမ်းအင်ပင်လယ်ပြင်ကြီး တည်ရှိနိုင်စေရေးအတွက် နေရာချဲ့ထွင်ရန်ပင် ဖြစ်သည်။ ထိုစွမ်းအင်ပင်လယ်ပြင်ကြီး၏ ပုံသဏ္ဍန်မှာလည်း ဝဲသြဃပုံသဏ္ဍန်မျိုး ဖြစ်ပေါ်ရန် လိုအပ်၏။ ထို့ကြောင့် စတင်လေ့ကျင့်ကတည်းက သူသည် မူလစွမ်းအင်ကို တသမတ်တည်း လှည့်ပတ်စေလျက် အထူး စွမ်းအင်နယ်ပယ်ကွက်လပ်ကြီး ပေါ်ပေါက်လာစေရန် လေ့ကျင့်ရပေလိမ့်မည်။

ယခုတွင် စုချန်းသည် ပထမဆုံး စွမ်းအင်အပိုင်းအစကို ဖန်တီးခဲ့ပြီးလေပြီ။ ၎င်းသည် သူ၏ စွမ်းအင်ဗဟိုချက်တွင် တသမတ်တည်းလှည့်ပတ်လျက် စွမ်းအင်လေဟာနယ်ကြီး ဖြစ်ပေါ်လာစေရန် ဖန်တီးလျက်ရှိသည်။ စတင်လေ့ကျင့်ချိန်တွင် ၎င်းသည် အလွန်သေးငယ်သော တွင်းပေါက်ငယ်ပမာသာ ရှိလေ၏။ တနည်းအားဖြင့် ကြီးမားသော ကမ္ဘာကြီးကို အခေါင်းပေါက်ငယ်ဖြစ်အောင် အပ်တချောင်းနှင့် ထိုးစိုက်နေသည်နှင့်ပင် တူနေသေးတော့သည်။

အဆိုပါအပ်သည် တဖြည်းဖြည်း လှည့်ပတ်နေရင်းနှင့် စွမ်းအင်ပင်လယ်ပြင်ပုံစံလေဟာနယ်ကြီးသည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာ၏။ ကနဦး သေးငယ်သော ဝဲသြဃပုံသဏ္ဍန် စွမ်းအင်ပင်လယ်ပြင်ကြီးကား စတင်ဖြစ်ပေါ်လာခဲ့ပေပြီ။ ယခုအချိန်တွင်ကား သူစုပ်ယူခဲ့သော မူလစွမ်းအားများကို မှီခိုအားထားရုံမျှနှင့် မလုံလောက်တော့။ အခြားသော အရင်းအမြစ်များ၏ အကူအညီကို ရရှိရန် လိုအပ်နေခဲ့လေပြီ။ ကျေးဇူးတင်စရာကောင်းသည်မှာ ဤအခြေအနေကို ကြိုသိသော စုချန်းသည် မူလကတည်းက အခြားသော အရင်းအမြစ်များကို ပြင်ဆင်ခဲ့ပြီးသားပင်။

အနီရောင်တောင်ကြောဟူသည် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးများသာမက အဖိုးအနဂ္ဂထိုက်တန်သော ဆေးဘက်ဝင်အပင်များလည်း အလွန်ပေါများသော နေရာဖြစ်သည်။ ဤနေရာသို့ မလာခင်ကတည်းက တန်ကျင်းသည် စုချန်းအား အထောက်အကူပြုနိုင်မည့် သင်ခန်းစွာများစွာကို ပို့ချလိုက်ပြီးသား ဖြစ်သည်။ စုချန်းကလည်း မအပါ။ဤနယ်မြေသို့ စတင်ဝင်ရောက်ကတည်းက ဆေးဘက်ဝင်အပင်များစွာကို ခူးဆွတ်သိမ်းဆည်းခဲ့၏။

သို့သော် အဆိုပါ ဆေးပင်များကိုကား သူ့အနေနှင့် တကြိမ်တခါမျှ အသုံးမပြုခဲ့ချေ။ သူ့စိတ်ကူးမှာ ၎င်းဆေးပင်များအား တန်ကျင်းကို ရောင်းချရန်ပင် ဖြစ်သည်။ ယခုတွင်ကား ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ဝင်ရောက်ရန် ထိုဆေးပင်များကို လက်တွေ့ အသုံးချနေရပပြီ။ ဤသည်မှာလည်း သဘာဝကျပါပေ၏။

စွမ်းအင်ပင်လယ်ပြင်ကို ဖွင့်လှစ်ရန်လိုအပ်သော စွမ်းအင်များ တရှိန်ထိုး မြင့်တက်လာ၏။ တနည်းအားဖြင့် စွမ်းအင်ဗဟိုချက်နေရာတွင် မုန်တိုင်းတခု ပြင်းပြင်းထန်ထန် တိုက်ခတ်နေသကဲ့သို့ပင် ထင်ရသည်။ စုချန်းတယောက် ပြင်းပြင်းထန်ထန် နာကျင်လာ၏။ မခံမရပ်နိုင်တော့ပဲ အသံထွက်၍ပင် ငြီးငြူမိတော့သည်။

ချီစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ချိုးဖျက်ဝင်ရောက်ခြင်းမှာ သိပ်မခက်လှ။ သို့သော် သက်တောင့်သက်သာရှိလှသည့် အတွေ့အကြုံမျိုးတော့ မဟုတ်ပေ။ ထိုအခိုက်မှာပင် စုချန်းသည် သူ့ကိုယ်တွင်းရှိ ချီဝဲသြဃကြီးသည် တဖြည်းဖြည်း ပြန့်ကားလာသည်ဟု ခံစားလိုက်ရသည်။ ထိုအခါ စုချန်းသည် ၎င်းဝဲသြဃကို ပိုမိုကျယ်ပြန့်လာစေရန်နှင့် ပိုမိုလည်ပတ်လာစေရန် ထိန်းချုပ်အားထုတ်ပြီး ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားလေ့ကျင့်နေတော့သည်။

ဆေးပင်များမှရရှိသော စွမ်းအင်များ ကုန်ခန်းသွားသောအခါ စုချန်းက နောက်ထပ် ဆေးပင်တဆုပ်ကို ကောက်ဝါးရင်း သူ့ကိုယ်တွင်းရှိ ချီစွမ်းအင်ဝဲသြဃကို ဆက်လက် ရှင်သန်စေခဲ့လေသည်။ တတိယမြောက် ဆေးလက်တဆုပ်စာကို ဝါးစားပြီးချိန်တွင်ကား သူဖန်တီးရန် ကြိုးစားနေသော မူလချီစွမ်းအင်ဝဲသြဃသည် လက်သီးတဆုပ်စာ အရွယ်အစားသို့ ရောက်လာခဲ့ပြီး ဆက်လက်ကြီးထွားခြင်း မရှိတော့ပေ။

စုချန်းသိရှိလိုက်ပေပြီ။ စွမ်းအင်ပင်လယ်ပြင်သည် ၎င်း၏ ပမာဏပုံစံကို ရယူနိုင်ခဲ့လေပြီတကား။ သူ လေ့ကျင့်ရမည့် နောက်တဆင့်မှာ စွမ်းအင်ပင်လယ်ပြင်၏ ရှေ့ပြေးပုံစံဖြစ်သော လက်သီးဆုပ်အရွယ် ချီစွမ်းအင်ဝဲသြဃငယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန်နှင့် သူ့နှင့်အတူ တသားတည်းကျလာအောင် ပြုလုပ်ရန်ပင် ဖြစ်သည်။ ချီစွမ်းအင်ပင်လယ်ပြင်ကို တည်ငြိမ်အောင် ထိန်းသိမ်းရသောအလုပ်ည် အတော်လေး အချိန်ကုန်စေသော အလုပ်ဖြစ်သည်။ စုချန်းသည် သုံးရက်တိုင်တိုင် နေရာတွင်ထိုင်လျင် ကြိုးစားလေ့ကျင့်ခဲ့ရ၏။

ဤယနေ့သည်ကား လေးရက်မြောက်နေ့ ဖြစ်သည်။ နေရောင်ခြည်သည် တလောကလုံးသို့ ဖြာကျနေ၏။စုချန်းသည် မျက်လုံးများကို ငြင်သာစွာဖွင့်ရင်း သာယာလှပနေသော လောကကြီးကို ငေးကြည့်လိုက်သည်။ နေရောင်အောက်တွင် သူ့မျက်နှာ အိန္ဒြေတမျိုးနှင့် တည်ကြည်ခန့်ညားနေ၏။

ဟေး!!!!! ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီကွ!!!!!!

စုချန်းက ခေါင်းကိုမော့ရင်း အားရပါးရ ဟစ်ကြွေးလိုက်၏။ နောက်ဆုံးတွင်ကား သူသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လေပြီ။ ဤအခိုက်အတန့်၌ပင် သူသည် တရားဝင် ချီစွမ်းအား ပညာရှင်တယောက်အဖြစ် စာရင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သလို မူလစွမ်းရည်များကိုလည်း အသုံးပြုနိုင်ခဲ့လေပြီ။ ထို့ကြောင့် သူသည် နောင်လာမည့်တိုက်ပွဲများတွင် ကိုယ်ခန္ဓာ၏ ကာယခွန်အား တခုတည်းအပေါ်တွင်သာ မှီခိုနေရန် မလိုအပ်တော့။

လတ်တလော သူအသုံးပြုနိုင်သည့် မူလစွမ်းရည်ဟူ၍ တခုမျှ မရှိသေးသည်တော့ အမှန်ပင်။ သို့တိုင်အောင် လက်ရှိ သူ့အခြေအနေသည် ယခင်နှင့် နှိုင်းယှဉ်၍ မရလောက်အောင် ကွာခြားသွားခဲ့လေပြီ။

ပထမဆုံးအနေနှင့် စုချန်းသည် မူလကိရိယာများကို အသုံးပြုရန် မူလကျောက်တုံးများအပေါ် မှီခိုအားထားနေရန် ဆက်လက်မလိုအပ်တော့။ မူလကျောက်တုံးတိုင်းသည် ငွေကြေးနှင့်စက်၍ ဝယ်ယူရသည့်အရာမျိုးဖြစ်လေရာ သူ့အနေနှင့် အတော်လေး ဂရုစိုက်၍ အသုံးပြုနေရ၏။

မူလစွမ်းရည်များ မရှိသေးသော်လည်း လတ်တလောတွင် စုချန်းသည် မူလစွမ်းအင်နှင့် သူ့ကိုယ်ခန္ဓာကို ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်လေရာ ၎င်းကို သူ့ကိုယ်တွင်းသို့ ပေါင်းထည့်နိုင်ပါက သူ၏ ခုခံနိုင်သော စွမ်းရည်မှာလည်း အလိုအလျောက် တိုးမြင့်လာမည်ဖြစ်သည်။ ဥပမာပြရလျှင်..မူလစွမ်းအင်ကို သူ့လက်သီးကွက်များသို့ ပေါင်းစပ်ပေးနိုင်ပါက သူ၏ တိုက်ခိုက်သောစွမ်းရည် ပိုမို မြင့်မားလာမည် ဖြစ်သည်၊ မူလစွမ်းရည်ကို သူ့ခြေထောက်များအတွင်း အားဖြင့်ပေးနိုင်ပါက သူ၏ ပြေးလွှားနိုင်သောစွမ်းရည် ပိုမို မြင့်မားလာမည်ဖြစ်သည်။

၎င်းသည် မူလစွမ်းရည်များနှင့်စာလျင် အလွန်အဆင့်နိမ့်သည်ဟု ဆိုနိုင်သော်လည်း မူလစွမ်းအင်ကို မထိန်းချုပ်နိုင်သေးသော သာမာန်သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်လိုက်လျင်ကား အဆပေါင်းများစွာ ပို၍ သာလွန်နေပေ၏။ လက်ရှိသူ့အခြေအနေအရ စုချန်းသည် မိမိကိုယ်မိမိ ပို၍ ယုံကြည်မှုရှိလာတော့သည်။

________________×××________________×××_________

စုချန်းသည် အနီရောင်နယ်မြေတွင် ဆက်လက်နေထိုင်ခဲ့၏။ နောက်ထပ် အချိန်တလ ကုန်ဆုံးသွားပြန်သည်။

အနီရောင်နယ်မြေ၏ တောနက်ကြီးတနေရာတွင်ကား စုချန်းသည် သက်တန့်ရောင် အမြီးနှစ်ခွကျားတကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေ၏။ ၎င်းကျားမျိုးသည် ပင်ကိုယ်သဘာဝကပင် ရက်စက်ကြမ်းကြုတ်ပြီး တိုက်ခိုက်ရာတွင်လည်း အလွန်တရာ ပြင်းထန်လှ၏။ သက်တန့်ရောင်အမြီးနှစ်ခွကျား၏ မွေးရာပါ မူလစွမ်းရည်မှာ ၎င်း၏ အမြီးဖြင့် တဖက်လူကို ရစ်ပတ်တိုက်ခိုက်ပြီး လေထဲသို့ လွှင့်ပစ်နိုင်ခြင်း ဖြစ်သည်။ ၎င်း၏ ခွန်အားမှာကား ကြီးမားသည့် သစ်ပင်ကြီးတပင်ကို ထက်ပိုင်းပြတ်သွားစေသည်အထိ ပြင်းထန်လှသည်။ သန့်စင်သော ခွန်အားအရာတွင် ဤကျားမျိုးသည် ကျောက်စိမ်းမျက်လုံးလူဝံထက် မနိမ့်လှပေ။

ဤမျှ ရက်စက်ကြမ်းကြုတ်သော သတ္တဝါဆိုးမျိုးနှင့် တိုက်ခိုက်နေရသော်လည်း စုချန်းသည် မိမိကိုယ်မိမိ ယုံကြည့်မှုပြည့်ဝလျက်ရှိရာ အပြုံးပင်မပျက်ချေ။ သူသည် အနက်ရောင်မျဉ်းကြောင်းဓားကို မြှောက်ကာ ဝင့်ကာနှင့် ကျားသတ္တဝါဆိုးကို ဒေါသမထွက် ထွက်လာအောင် မြူဆွယ်စနောက်နေ၏။ ရက်စက်ကြမ်းကြုတ်လှသော ကျားသတ္တဝါဆိုးကြီးသည် စုချန်းကိုကြည့်ရင်း စိတ်ထွက်လာဟန်ဖြင့် ကျယ်လောင်စွာဟိန်းဟောက်ပြီး ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်လေသည်။

အနက်ရောင်မျဉ်းကြောင်းဓားမှ ဓားရောင်များ ဝင်းလက်သွားပြီး ဓားချက်နှစ်ချက်သည် သက်တန့်ရောင်ကျား၏ ကိုယ်ပေါ်သို့ တချက်ပြီးတချက် ထိမှန်သွားလေသည်။ ကျားကြီးသည် ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ပြီး စုချန်းကို အမြီးနှင့် ရစ်ပတ်ရန် ကြိုးစားလိုက်၏။ စုချန်း၏ ကိုယ်ခန္ဓာသည် သစ်ရွက်တရွက်ပမာ လေဟုန်စီး၍ ပျံသန်းသွားသည်။ တချိန်တည်းမှာပင်သူက မီးလျံမုဆိုးအဝေးရောက်ပြောင်းရှည်လက်နက်နှင့် ကျားဆိုးကြီးကို တရှိန်ထိုး ပစ်ချလိုက်၏။ လက်နက်၏ ထိမှန်မှုနှုန်းထားမှာ ယခင်ကထက် များစွာကောင်းမွန်လေရာ သက်တန့်ရောင်ကျား၏ ကိုယ်ပေါ်တွင် လက်နက်ရာ အပေါက်များ မွစာကြဲ၍ ဖြစ်ပေါ်လာတော့သည်။ ကျားသတ္တဝါဆိုးကြီး၏ နာကျင်စွာ အော်ဟစ်သံ ပေါ်ပေါက်လာ၏။

တံလျပ်ကျားကြီးသည် ရှိသမျှခွန်အားကိုထုတ်ရင်း ရှေ့သို့ တဟုန်ထိုး ခုန်အုပ်လိုက်၏။ သို့သော် သူ့ကို စောင့်ကြိုနေသည်အရာမှာ နှယ်နှယ်ရရ မဟုတ်။ ပိုမိုပြင်းထန်ကြမ်းတမ်းသည် သွေးစက်ဝိုင်းမူလစွမ်းရည် ဖြစ်နေသည်။ အနက်ရောင်မျဉ်းကြောင်းဓားမှ ထွက်ပေါ်လာသော သွေးရောင်အလင်းတန်းသည် တံလျပ်ကျားကြီး၏ ကိုယ်ခန္ဓာအား နှစ်ပိုင်းကွဲထွက်သွားစေ၏။ ဆန့်ထုတ်ထားသော အမြီးက စုချန်းကို ထိမှန်သွားသော်လည်း နီလာခရမ်းကိုယ်ကျပ်ဝတ်စုံ၏ အစွမ်းကြောင့် မည်သည့် ထိခိုက်ဒဏ်ရာမျိုးမှ မရရှိခဲ့ချေ။ ထို့နောက်တွင်ကား သတ္တဝါဆိုးကြီးသည် လဲကျသေဆုံးသွားလေ၏။

တိုက်ပွဲသည် အချိန်ခနမျှသာ ကြာမြင့်လိုက်၏။ ကျားသတ္တဝါဆိုးကြီးကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ စုချန်းသည် လွန်ခဲ့သောလက စုချန်းမဟုတ်တော့မှန်း ဤတချက်ကိုကြည့်ရုံနှင့် သိသာထင်ရှားနေခဲ့လေပြီ။ မြေကြီးပေါ်တွင် လဲကျသေဆုံးနေသော ကျားအသေကောင်ကိုကြည့်ရင်း စုချန်းက တီးတိုးရေရွတ်လိုက်သည်။

"ကံဆိုးလိုက်တာ ကျားအရေခွံကတော့ ပျက်စီးပါပြီကွာ"

စုချန်း၏ ခွန်အားသည် တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ လိုအပ်ချက်မှာလည်း ယခင်ကထက်စာ၍ မြင့်မားလာ၏။ ယခုအချိန်တွင် ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးများကို အမဲလိုက်ရခြင်း၏ ရည်ရွယ်ချက်သည် ရန်သူကို အနိုင်ယူရန် သက်သက်မဟုတ်တော့ပဲ ၎င်းတို့၏ မူလစွမ်းအင်များနှင့် အရင်းအမြစ်များကို သိမ်းပိုက်နိုင်ရန်ဟူသော ရည်ရွယ်ချက်သို့ ပြောင်းလဲလာခဲ့လေပြီ။

သက်တန့်ရောင်ကျား၏ အရေခွံသည် အလွန်လှပပြီး အဖိုးထိုက်တန်၏။ မူလက စုချန်းသည် ၎င်းကို မထိခိုက်စေပဲ အနိုင်ယူရန် စဉ်းစားထား၏။ သို့သော် ကျားသတ္တဝါဆိုးသည် ရက်စက်ကြမ်းကြုတ်လှသည့်အပြင် သူ့ကို သတ်ဖြတ်ရန် အပြင်းအထန် ကြိုးစားအားထုတ်လာသောအခါ မတတ်သာပဲ ပြန်လည် တုံ့ပြန်ခဲ့ရ၏။ ယခုတွင်ကား အဖိုးအနဂ္ဂထိုက်တန်လှသော သက်တန့်ရောင်ကျား၏ အရေခွံသည် နှစ်ခြမ်းကွဲကာ ရစရာမရှိအောင် ပျက်စီးသွားခဲ့လေပြီ။

အတိုင်းအဆမရှိ တိုးပွားလာသော ခွန်အားများကြောင့် စုချန်းသည် အနက်ရောင်ဓား၏သွေးစက်ဝိုင်းကို သုံးကြိမ်မှ လေးကြိမ်အထိ တိုးမြှင့်အသုံးပြုနိုင်ခဲ့၏။ ပထမဓားသုံးချက်သည် ယခုတိုင် သူ့ကို မောပန်းစေသေးသည် မှန်သော်လည်း အကြောသေကာ မြေပေါ်တွင် ပက်လက်လန်စေလောက်သည်အထိတော့ အခြေအနေမဆိုးတော့။ နောက်ပိုင်းတွင် အင်အားတိုးလာသည်နှင့်အမျှ ဓား၏ စွမ်းအင်ကိုလည်း ယခုထက်ပိုမို ထုတ်ယူသုံးစွဲနိုင်လိမ့်မည်သာ။

ထို့နောက်တွင်ကား စုချန်းသည် ကျားသေမှထွက်ပေါ်လာသော စွမ်းအင်အလင်းစက်မှုန်များကို စတင်စုပ်ယူတော့သည်။ အလင်းမှုန်များအားလုံး မြန်မြန်ဆန်ဆန် ပျောက်ကွယ်မသွားခင် စုချန်းက စွမ်းအင်အလင်းစက် ဆယ့်သုံးစက်ထိ စုပ်ယူနိုင်ခဲ့၏။ ဝဲသြဃစွမ်းအင်ပင်လယ်ပြင်ကြီးသည် သူ၏ စုပ်ယူနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ခဲ့လေပြီ။

ထိုအခါ စုချန်းက သူ့အခြေအနေကို လျင်မြန်စွာ တွက်ချက်လိုက်သည်။ လွန်ခဲ့သောလက သူသည် အဝါရောင်ကြယ် ဆယ်လုံးမှ ဆယ့်နှစ်လုံးရောက်သည်အထိ အကြမ်းဖျင်း သွားနိုင်ခဲ့၏။ လက်ရှိ သူ၏ အခြေအနေသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်၏ ပထမအလွှာအတွင်းရှိ မူလချီစွမ်းအားပညာရှင်တယောက်အဆင့်တွင် ရှိနေပေလိ့်မ့်မည်။

အဝါရောင်ကြယ်တလုံးသည် အဖြူရောင်ကြယ် ဆယ်လုံးနှင့် ညီမျှ၏။ တလအတွင်း အဝါရောင်ကြယ်နှစ်လုံး ရရှိခဲေ့သာကြောင့် သူ့ခွန်အားသည် အဖြူရောင်ကြယ် အလုံးနှစ်ဆယ်စာ တိုးမြင့်လာကြောင်း သိသာနေ၏။ ဤအမြန်နှုန်းမှာကား ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အကြောင်းမှာ ယခင်လများက သူသည် အဖြူရောင်ကြယ် သုံးလုံးခန့်သာ တိုးမြင့်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

တိုးတက်မှုနှုန်း ဤမျှ မြန်ဆန်နေရခြင်းမှာ အခြားကြောင့်မဟုတ်။ ချီစုဆောင်းခြင်းနယ်ပယ်သို့ စတင်ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အနီရောင်နယ်မြေအတွင်း ယခုထက်ပို၍ နက်ရှိုင်းစွာ ဝင်ရောက်ကာ သားရဲသတ္တဝါဆိုးကြီးများအား အမဲလိုက်လို၏။ ၎င်းတို့၏ မူလစွမ်းအင်များကို စုပ်ယူလို၏။

သို့သော် အခြေအနေကား မပေးတော့။ သူ့အနေနှင့် အနီရောင်နယ်မြေတွင် ဆက်လက်နေထိုင်လိုသော်လည်း ပြစ်ဒဏ်ကာလကား ပြီးဆုံးသွားခဲ့လေပြီ။ ရက်ပေါင်တစ်ရာ ကုန်ဆုံးသွားပြီးနောက် စုချန်းတယောက် ပြည်တော်ပြန်ရန် အချိန်ကာလမှာ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ပြီတည်း။

All Chapters