← Chapters

ပြည်တော်ပြန်ခရီး

Vol. 4 Ch. 40

ပြည်တော်ပြန်ခရီး

Vol. 4 Ch. 40

စစ်မှန်သော ကျောက်စိမ်းနန်းတော်။

ကျောက်စိမ်းနန်းတော်အတွင်းတွင်ကား အလုပ်သမားတယောက်သည် ပျင်းရိငြီးငွေ့စွာ ငိုက်မြည်းနေ၏။ ထိုအခိုက်မှာပင် အုပ်ချုပ်ရေးမှုးကြီး တန်ကျင်းသည် အပြင်မှနေ၍ လှမ်းဝင်လာ၏။ ငိုက်မြည်းနေသော အလုပ်သမားကို မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်း တင်းမာသွားပြီး ခက်ထန်သောလေသံနှင့် အလုပ်သမားကို ငေါက်လိုက်၏။

"ဟဲ့ ငပျင်း တသက်လုံး မကြီးပွားမဲ့အကောင် မင်းကိုမင်းလည်း ပြန်ကြည့်စမ်းပါအုံး အလုပ်မလုပ်ချင်ရင် ငါ့ဆိုင်ထဲက ခုချက်ချင်း ထွက်သွားစမ်းကွာ"

ထို့နောက်သူသည် အကျီ ၤလက်များကို ဒေါသတကြီးနှင့် ယမ်းခါလိုက်ပြီး ဆိုင်အတွင်းသို့ လှမ်းဝင်သွား၏။ မမျှော်လင့်ပဲ အငေါက်ခံလိုက်ရသော အလုပ်သမားသည် မှင်သက်သွား၏။ သူက အခြားအလုပ်သမားတယောက်ကို မေးငေါ့ပြီး မေးလိုက်သည်။

"သူဘာဖြစ်လို့ ဒီနေ့ ဒီလောက်တောင် ဒေါသအိုးပေါက်ကွဲနေရတာတုန်းဟ"

အမေးခံလိုက်ရသော အလုပ်သမားက မျက်လုံးကြီးပြူးရင်း အငေါက်ခံလိုက်ရသော အလုပ်သမားကို ရှင်းပြလိုက်သည်။

"စတုတ္ထသခင်လေး အနီရောင်တောင်ကြောကို သွားခဲ့တာ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ရက်ပေါင်းတစ်ရာ ပြည့်သွားပြီလေကွာ"

"အဲတော့ ဘာဖြစ်တုန်းဟ"

အမေးခံလိုက်ရသော အလုပ်သမားက စုပ်တချက်သပ်ရင်း အူတူတူ အတတနိုင်လှသော သူ့သူငယ်ချင်းကို ဇက်ပိုးအုပ်ကာ ပြောလိုက်သည်။

"မင်းက တကဲ့ငတုံးပဲဟ အနီရောင်တောင်တန်းရှည်ဆိုတာ အင်မတန် အန္တရာယ်များတဲ့နေရာဆိုတာ မင်းမသိဘူးလား ခုဆို သခင်လေးဟ ပြန်လာရမဲ့ရက်ထက် နှစ်ရက်တောင်နောက်ကျနေပြီဆိုတော့ အသက်ရှင်ဖို့အခွင့်အလမ်း အတော်လေး နည်းနေပြီဆိုတဲ့ သဘောပဲ ဒါကြောင့် ဆိုင်အုပ်ချုပ်ရေးမှုးကြီးက စိတ်မကောင်းဖြစ်နေတယ်ဆိုတာ မင်းသိသင့်တာပေါ့ ကဲ ကဲ ဟေ့ စကားမရှည်နဲ့ ဒုက္ခမရောက်ချင်ရင် အလုပ်ကို သေသေချာချာလုပ် ဟုတ်ပြီလား"

ထိုအခါ ညဏ်တုံးလှသော အလုပ်သမားသည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြတ်ခနဲ သတိဝင်လာကာ အလုပ်ကို အာရုံစိုက်၍ အလုပ်လုပ်တော့သည်။

တန်ကျင်း၏ စိတ်ပိုင်းဆိုင်ရာသည်လည်း အမှန်တကယ်ပင် ဆတ်ဆတ်ထိမခံ ဖြစ်နေသည်ကတော့ အမှန်ပင်။ အဖိုးအိုသည် ယမန်နေ့မှစတင်၍ စုချန်းဆီမှ သတင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် စုချန်းကိုစောင့်ဆိုင်းရန် စုမျိုးနွယ်စုမှ တာဝန်ပေးအပ်ခြင်း ခံထားရသူသည် စုချန်း၏ အရိပ်အယောင်မျှကိုပင် မမြင်ရပဲ နှစ်ရက်တိုင်တိုင် အဝင်ပေါက်၌ စောင့်ဆိုင်းနေခဲ့ရ၏။ စုချန်းအဖို့မူကား ပြန်လာသောအချိန် နောက်ကျလေလေ အသက်ရှင်ရန် အခွင့်အလမ်း နည်းလာလေလေပင် ဖြစ်သည်။ နှစ်ရက်ဟူသော အချိန်ကာလသည် စောင့်ဆိုင်းနေသောသူများကို ရူးသွပ်စွာ ခံစားရအောင် ပြုလုပ်ရန် လိုအပ်သည်ထက်ပင် ပိုနေခဲ့လေပြီ။

"ဒီကလေး မသေလောက်ပါဘူးလေ ငါပြောခဲ့တဲ့အတိုင်းပဲ ဒီကလေးဟာ အင်မတန် ညဏ်ရည်ထက်မြက်တယ် ဒီလိုကလေးမျိုးက ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူးလေ"

စုချန်းအပေါ် သံယောဇဉ်တွယ်နေရှာသော ကျောက်စိမ်းနန်းတော်၏ အုပ်ချုပ်ရေးမှုးကြီး တန်ကျင်းတယောက် သူ့ကိုသူ နှစ်သိမ့်နေခြင်း ဖြစ်သည်။ ထိုအခိုက်မှာပင် အလုပ်သမားတယောက်က အခန်းအပြင်ဘက်မှ သတင်းပို့လာ၏။

"အုပ်ချုပ်ရေးမှုးကြီးခင်ဗျာ အပြင်ဘက်မှာ ဧည့်သည်တယောက် ရောက်နေပါတယ် သူ့ဆီမှာ တန်ဖိုးရှိတဲ့ပစ္စည်း အတော်များများ ပါလာတယ်လို့ ဆိုပါတယ် ခု သူက အုပ်ချုပ်ရေးမှုးကြီးနဲ့ ဧည့်ခန်းထဲမှာ သီးသန့်တွေ့ဆုံလိုတယ်လို့ တောင်းဆိုနေပါတယ်"

တန်ဖိုးရှိပစ္စည်းများနှင့် ခန်းမထဲတွင် သီးသန့်တွေ့ဆုံခြင်းဟူသည် ဗန်းစကားတရပ်ဖြစ်သည်။ တခါမှမကြုံဖူးသည့် တန်ဖိုးရှိ ရတနာပစ္စည်းများ ပါလာသည်ဟု ဆိုလိုလိုက်ခြင်းပင်။ ထိုအခါ မိမိ၏ ဝိသေသလက္ခဏာများကို ဖုံးကွယ်နိုင်ရန်အတွက် ငွေပေးငွေယူကို သီးသန့်ပြုလုပ်ရန် လိုအပ်လာ၏။ အမှန်အတိုင်းပြောရလျင် တန်ကျင်းသည် လက်ရှိအချိန်တွင် အနည်းငယ်မျှ အလုပ်လုပ်လိုစိတ်မရှိ။ သို့သော် သူက စိတ်ကိုထိန်းချုပ်ရင်း အလုပ်သမားကို အမိန့်ပေးလိုက်၏။

"ဧည့်သည်ကို အထဲ ခေါ်ခဲ့စမ်းဟေ့"

တခနအကြာ အလုပ်သမားသည် လူတယောက်ကို အထဲသို့ ဖိတ်ခေါ်လာ၏။ ဧည့်သည်သည် ညံဖျင်းကြမ်းတမ်းလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး တကိုယ်လုံးကို သားရဲအရေခွံနှင့် လွှမ်းခြုံထား၏။ ဦးခေါင်းတွင် ဝါးခမောက်တလုံးကို ဆောင်းထားပြီး ခါးမောက်သည် ထိုလူ၏ မျက်နှာတခုလုံးကို ဖုံးအုပ်နေရာ ထိုလူမည်သူမည်ဝါမှန်း ခွဲခြားရန် ခက်လှသည်။ ထိုလူ၏ ကျောတွင်ကား လူနှစ်ယောက်ကို ချောင်ချောင်ချိချိ သယ်ဆောင်နိုင်လှသည့် အိတ်ကြီးတအိတ်ကို လွယ်ထားသည်။

တန်ကျင်းက ဈေးသည်ပီပီ ဧည့်သည်အား ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်၏။

"ဧည့်သည်တော်ကြီး ထိုင်ပါခင်ဗျာ ဒီကနေ့ ဘာများ ရောင်းရာ ရှိပါသလဲ"

ထိုလူက ရှတတနိုင်သော အသံနှင့် ပြောလိုက်သည်။

"သားရဲသတ္တဝါဆိုးတွေရဲ့ အရေခွံတွေပါပဲခင်ဗျာ"

အဆိုပါ စကားသံကို ကြားလိုက်ရသောအခါ တန်ကျင်းတယောက် မှင်သက်အံ့သြသွား၏။ သူက ဧည့်သည်ကို တချက်စိုက်ကြည့်ရင်း မယုံသင်္ကာနှင့် မေးလိုက်သည်။

"တကယ်ပဲ သားရဲသတ္တဝါဆိုးတွေရဲ့အရေခွံတွေလားဗျ"

"သားရဲသတ္တဝါဆိုးတွေရဲ့ အရိုးတွေနဲ့ တခြား ဆေးဘက်ဝင်အပင်တွေလည်း ပါပါတယ်ခင်ဗျာ"

ထိုလူက တိုတိုတုတ်တုတ်နှင့် ဖြေလိုက်သည်။ တန်ကျင်း၏ မျက်လုံးအစုံသည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ဝင်းလက်တောက်ပလာ၏။ သူက ဧည့်သည်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

"ဒီပစ္စည်းတွေကို ဘယ်ကများ ရလာတာလဲကွဲ့"

"အနီရောင်တောင်ကြောကပါ ခင်ဗျာ"

"ဘယ်အချိန်တုန်းက သွားခဲ့တာလဲကွဲ့"

"လွန်ခဲ့တဲ့ ရက်တစ်ရာလောက်ကပါ"

တန်ကျင်းတယောက် သတိလက်လွတ်နှင့် မတ်တပ်ထရပ်မိတော့သည်။ ထို့နောက် သူက မေးလိုက်၏။

"ဒီတော့ ဧည့်သည်တော်ကြီးက ဒီပစ္စည်းတွေအတွက် ဘယ်လောက်များ လိုချင်တာလဲ"

"အုပ်ချုပ်ရေးမှုးကြီးတန်ကရော ဘယ်လောက်ပေးမယ်များ စဉ်းစားထားသလဲဗျ"

နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် ထူးဆန်းသော ဧည့်သည်သည် ပင်ကိုယ်လေသံနှင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တန်ကျင်းက အသံကို ချက်ချင်း မှတ်မိလိုက်၏။ သူက ဧည့်သည်၏ ဝါးခမောက်ကို ဆုပ်ကိုင်ရင်း နောက်သို့ ဆွဲချွတ်လိုက်သည်။ ဝါးခမောက်၏ နောက်ကွယ်မှ တန်ကျင်း အမြဲတမ်း မှတ်မိနေသည့် မျက်နှာတခု ပေါ်လာ၏။

"တော်တော်ဆိုးတဲ့သခင်လေးပဲ ကျွန်တော့ကို ဒီလိုတော့ မနောက်သင့်ဘူးဗျို့"

ပြောပြောဆိုဆို သူက စုချန်းကို မချင့်မရဲနှင့် ထုရိုက်လိုက်သည်။ မည်သို့ဆိုစေ အဖိုးအို၏ စိုးရိမ်သောကမှာကား ပျောက်ပြယ်လွင့်ပါးသွားခဲ့လေပြီ။ ထို့နောက် သူက အားရပါးရ ရယ်မောလိုက်သည်။ ထိုအခါ စုချန်းက ဖြတ်ခနဲ သတိပေးလိုက်၏။

"နေအုံး အုပ်ချုပ်ရေးမှုးကြီးရဲ့ ကျွန်တော်တို့ သိပ်ဆူလို့ မရသေးဘူးခင်ဗျ"

တဆက်တည်းမှာပင် သူက ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။

"တကယ်တော့ အုပ်ချုပ်ရေးမှုးကြီးကို ဒီလို စနောက်တာမျိုး မလုပ်သင့်ပါဘူးဗျာ ဒါပေမဲ့ ကျွန်တော့မှာ ရွေးချယ်စရာ မရှိလို့ပါ"

တန်ကျင်းက ပြန်လည် မေးမြန်းလိုက်သည်။

"သခင်လေး ဘာကိုများ ဆိုလိုချင်တာလဲ"

စုချန်းက ညင်သာစွာပြုံးရင်း ရှင်းပြလိုက်သည်။

"ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့မှာ အဖိုးတန်ပစ္စည်း အတော်များများ ပါလာတယ်ဗျ ဒါကြောင့်ပဲ အုပ်ချုပ်ရေးမှုးကြီးနဲ့ သီးသန့် ဆွေးနွေးချင်တာပေါ့"

ထို့နောက် စုချန်းက နောက်ကျောတွင် လွယ်လာသော အိတ်ကို တန်ကျင်း၏ ရှေ့တွင်ချရင်း ဖွင့်ပြလိုက်သည်။ အိတ်အတွင်းရှိ ပစ္စည်းများကို မြင်တွေ့လိုက်ရသောအခါ တန်ကျင်းတယောက် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားတော့သည်။

"ဒါတွေက တံလျပ်ကြောင်မြီးတိုရဲ့ အရေခွံ နဲ့ သွားခေါဝက်ဝံဘီလူးရဲ့ အရေခွံတွေ ဒါကကျတော့ အနက်ရောင်အကြေးခွံသတ္တဝါနှစ်ကောင်ရဲ့ အရေခွံ...မြတ်စွာဘုရား...ဒါကြီးက သက်တန့်ရောင်ကျားရဲ့ အရေခွံမလား အရေခွံက နည်းနည်းတော့ ပျက်စီးနေတယ် ဒါပေမဲ အပေါ်အကျီ ၤတချို့နဲ့ လက်ပြတ်ခါးတိုအကျီ ၤလုပ်ဖို့တော့ လုံလောက်သားပဲ ...မြတ်စွာဘုရား ကယ်တော်မူပါ ဒါတွေအကုန်လုံးက သတ္တဝါဆိုးကြီးတွေရဲ့ အရေခွံတွေပါလား..ဘုရား ဘုရား.သခင်လေး တခြားမျိုးနွယ်စုတခုရဲ့ ဆိုင်တဆိုငိကိုများ ဓားပြတိုက်လာတာလား"

အဖိုးအိုတန်ကျင်းခမျာ သူ့မျက်လုံးများကိုသူ မယုံနိုင်ပဲ ဖြစ်နေရှာ၏။

သို့သော်ငြားလည်း တခနလေးအတွင်းမှာပင် တန်ကျင်းက အဖြစ်မှန်ကို သဘောပေါက်သွား၏။ သူက အလွန် နှေးကွေးသောလေသံနှင့် တခွန်းချင်း မေးမြန်းလိုက်သည်။

"ဒီသတ္တဝါဆိုးတွေအားလုံးဟာ သခင်လေးရဲ့ လက်ချက်ကြောင့် အသက်ပျောက်ကုန်ကြတာလား"

စုချန်းက ခေါင်းညိတ်လိုက်သည်။

"အဲဒီမှာ စုစုပေါင်း သားရဲသတ္တဝါဆိုး ၃၇ကောင်တိတိ ကျန်ခဲ့တယ် အတွေ့များတဲ့ သတ္တဝါဆိုးတွေရဲ့ အရေခွံနဲ့အရိုးတွေကိုတော့ ကျွန်တော်လည်း မသယ်နိုင်တော့လို့ တောနက်ထဲက ဂူတဂူထဲမှာပဲ ဖွက်ထားခဲ့ရတယ် နောက်ကျရင်တော့ အုပ်ချုပ်ရေးမှုးကြီးက လူတချို့လွှတ်ပြီးတော့ ပြန်သယ်ခိုင်းလိုက်ပေါ့"

တန်ကျင်းကား အံ့သြသင့်လွန်း၍ အသက်ရှုရပ်မတတ် ဖြစ်နေ၏။ သူက မျက်လုံးကြီးပြူးရင်း မေးလိုက်သည်။

"သခင်လေး ဘယ်လိုများ လုပ်လိုက်တာလဲ အဲဒီမှာ ချီစုဆောင်းခြင်းနယ်ပယ်က ချီစွမ်းအားပညာရှင်တွေလိုပဲ အင်အားကြီးတဲ့ သတ္တဝါဆိုးတွေ အများကြီးပဲ ဒီလောက် ကြမ်းတမ်းတဲ့ သတ္တဝါဆိုးတွေကို သခင်လေးက အများကြီး သတ်ဖြတ်လာခဲ့တယ် သခင်လေး မျက်လုံး ဘယ်လိုပဲ ပြန်ကောင်းလာတယ်ပြောပြော ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

စုချန်းက မပွင့်တပွင့် ရယ်မောရင်း တန်ကျင်းကို ရှင်းပြလိုက်သည်။

"ကျွန်တော့မှာ တခြား လျှို့ဝှက်ချက်တွေ ရှိသေးတယ် အုပ်ချုပ်ရေးမှုးကြီးရဲ့"

တန်ကျင်းက စုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။

"ဒီတော့ သခင်လေးက ကိုယ့်ရဲ့ဂယ်ပေါက်တွေကို တခြားမိသားစုဝင်တွေ မသိစေချင်ဘူးဆိုပါတော့"

"ကျွန်တော်က ဒီလျှို့ဝှက်ချက်တွေကို အုပ်ချုပ်ရေးမှုးကြီးကလွဲပြီး တခြားဘယ်သူမှ မသိစေချင်သေးဘူးဗျ"

စုချန်းက ရှင်းပြရင်း သူ့လက်ကို ဖြန့်လိုက်၏။ ထိုအခါ သူ့လက်ဖဝါးပေါ်တွင် ဝဲဂယက်ကြောင့် ဖြစ်ပေါ်လာသော လေအဟုန်တခုသည် ခရုပတ်ပုံစံကဲ့သို့ ဖြစ်ပေါ်လာ၏။ ဝဲဂယက်လေအဟုန်သည် သူ့ချည်းသက်သက်ဆိုလျင် ထူးခြားသည်ဟု မဆိုနိုင်။ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်သော မည်သူမဆို အဆိုပါ လုပ်ရပ်မျိုးကို ပြုလုပ်နိုင်၏။ သို့သော် စုချန်းအတွက်ဆိုလျင် ဤလုပ်ရပ်မှာ ထူးခြားနေ၏။

တန်ကျင်းသည် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းကို မလေ့ကျင့်ဖူးသော်လည်း ချက်ချင်းပင် သဘောပေါက်သွား၏။ သူက ဝမ်းသာအားရနှင့် မေးလိုက်သည်။

"ဟာ သခင်လေးက ချီစွမ်းအားပညာရှင်တယောက်တောင် ဖြစ်လာပြီပေါ့"

စုချန်းက ခေါင်းညိတ်လိုက်သည်။

"ဒါလဲ နောက်ထပ်လျှို့ဝှက်ချက်တခုပဲ ဆိုပါတော့ဗျာ"

အဖိုးကြီးတန်ကျင်း၏ ရင်ထဲတွင် ချိုမြစွာ ခံစားလိုက်ရ၏။

"သခင်မကြီးကတော့ ဒီလိုတော်တဲ့ သားတယောက်ရတာ အင်မတန် ဝမ်းသာနေတော့မှာပဲ"

ထိုနောက် သူက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။

"ဒီအကြောင်း သခင်မကြီးကို ပြောမပြချင်ဘူးလား သခင်လေး"

စုချန်းက ခေါင်းကို တွင်တွင်ခါယမ်းလိုက်သည်။

"မဖြစ်သေးဘူးဗျ သူ့အနားမှာက လူအင်မတန်များတယ် စုခေါ့ကျိနဲ့ ယန့်ဝူရွှန်းရဲ့လူတွေ သူ့ဘေးနားမှာ မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ သတင်းပြန့်သွားရင် ကျွန်တော့အတွက် သိပ်မကောင်းဘူး ဒါကြောင့် ခုချိန်မှာ ဒီသတင်းကို ကျွန်တော့အမေကို ပေးမသိတာ အကောင်းဆုံးပဲ"

တန်ကျင်းက သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။ ထို့နောက် သူက စုချန်း၏ ပုခုံးပေါ်တွင် လက်တဖက်တင်ရင်း ပြောလိုက်သည်။

"သခင်လေးရဲ့အမေဟာ သခင်လေးကို သိပ်ဂရုစိုက်တာပဲ ဒါပေမဲ့ သခင်လေးဟာ လူလားမြောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သူခုချိန်ထိ မသိရှာသေးဘူး"

စုချန်းက ပြန်ပြောလိုက်သည်။

"ကျွန်တော်မြင်တာကတော့ ဒါဟာ အစပဲရှိပါသေးတယ် ခင်ဗျာ"

__________________×××_______________×××_______

နာရီဝက်ခန့်အကြာတွင်ကား စုချန်းသည် ရေချိုးလျက်ရှိ၏။ အတန်ကြာသော် သူက ရေချိုးခြင်းကို လက်စသတ်လိုက်၏။ ထို့နောက် သန့်ရှင်းသော အဝတ်အစားတစုံကို ဝတ်ဆင်လိုက်သည်။ ထိုအခါကျမှ သူသည် တောနက်ကြီးအတွင်းရှိ လူရိုင်းတဦးပုံစံပေါက်နေရာမှ သူ၏ မူလသွင်ပြင်ဖြစ်သော တင့်တယ်ပြီး ထည်ဝါခမ်းနားသည့်ပုံစံသို့ ပြန်လည်ရောက်ရှိလာ၏။

ရေမိုးချိုးပြီးသည့်အခါတွင်ကား စုချန်းသည် ထိုင်ခုံတလုံးတွင် ထိုင်ရင်း တန်းကျင်းကိုယ်တိုင် အထူးနှပ်ပေးထားသော လဖက်ရည်ကို တစိမ့်စိမ့်နှင့် အရသာခံရင်း သောက်နေ၏။ အနီရောင်နယ်မြေတွင် ရက်ပေါင်းတစ်ရာတိတိ ဒုက္ခခံစားပြီး လူ့ဘောင်လူ့လောကသို့ ပြန်ရောက်လာသည့်အချိန်တွင် ယခင်က သူအမြဲတစေ ရရှိခဲ့သော အရာများသည် ရုတ်တရက် ပို၍ တန်ဖိုးရှိလာသည်ဟု ခံစားနေရကြောင်းကိုတော့ စုချန်း ဝန်ခံရပေလိမ့်မည်။

တန်ကျင်းက မေးလိုက်သည်။

"ကဲ သခင်လေး နောက်ထပ် ဘာများဆက်လုပ်ဖို့ စဉ်းစားထားသလဲခင်ဗျ"

စုချန်းက

"လောလောဆယ်တော့ ဒီအရောင်းအဝယ်ကို အပြီးသတ်လိုက်အုံးမယ် ပြီးမှပဲ စုအိမ်ကို ပွင့်ပွင့်လင်းလင်း ပြန်တော့မယ်လို့ စဉ်းစားထားတယ် ခင်ဗျ"

ထိုအခါ တန်ကျင်းက ပြောလိုက်၏။

"အရောင်းအဝယ်က ပြီးနေပါပြီ သခင်လေးအနေနဲ့ ရွှေစင်နဲ့ပဲ ယူမလား ဒါမှမဟုတ် မူလကျောက်တုံးတွေနဲ့ပဲ ယူမလား"

ရွှေစက်နှင့်မူလကျောက်တုံးများ၏ တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် တူညီ၏။ အသုံးပြုသောနေရာတွင်သာ ခြားနားမှု ရှိလေသည်။

စုချန်းက ဖြေလိုက်သည်။

"ကျွန်တော်က မူလစွမ်းအားပညာရှင်တယောက် ဖြစ်နေပြီဆိုတော့ မူလကျောက်တုံးတွေပဲ ယူတော့မယ်"

ထိုအခါ တန်ကျင်းက သားရဲအရေခွံများကို မည်ရွေံမည်မျှနှင့် ဈေးဖြတ်ထားကြောင်း စုချန်းကို ရှင်းပြလိုက်သည်။

"စုစုပေါင်း သားရဲအရေခွံ ၃၇ခုတိတိရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ အရွယ်အစားနဲ့ အဆင့်အတန်းကတော့ မတူညီကြဘူး ဒါပေမဲ့ ကျွန်တော်က သားရဲအရေခွံတခုကို မူလကျောက်တုံးတတုံးနဲ့ တန်ဖိုးဖြတ်လိုက်မယ် ဒါဆိုရင် မူလကျောက်တုံး ၃၇တုံး ရလာလိမ့်မယ် အရေခွံမဟုတ်တဲ့ တခြားအရာတွေအားလုံးအတွက်က နောက်ထပ် မူလကျောက်တုံး သုံးတုံးနဲ့ ဈေးဖြတ်လိုက်မယ် စုစုပေါင်း မူလကျောက်တုံး အလုံး၄၀ပေါ့ ကဲ သခင်လေး ဘယ်လိုသဘောရသလဲ"

စုချန်းက ရယ်မောလိုက်သည်။

"ဘာပြောစရာရှိသလဲ အုပ်ချုပ်ရေးမှုးကြီးကို ကျေးဇူးတင်ရမှာပေါ့ဗျာ"

မပျက်စီးသော အဆင့်နိမ့်သားရဲသတ္တဝါဆိုးများ၏ အရေခွံတခုလျင် ပုံမှန်အားဖြင့် မူလကျောက်တုံးတတုံးစီနှင့် အရောင်းအဝယ် ပြုလုပ်လေ့ရှိသည်။ ကြီးမားသော သတ္တဝါဆိုးများ၏ အရေခွံများဈေးနှုန်းသည်လည်း ထိုနည်းအတိုင်းသာ ဖြစ်သည်။ တံလျပ်ကြောင်မြီးတိုကဲ့သို့ သေးငယ်သည့် သတ္တဝါဆိုးများ၏ အရေခွံမှာကား ထိုမျှ ဈေးရလေ့မရှိပေ။ သို့သော်ငြားလည်း တန်ကျင်းက စုချန်းယူလာသော အရေခွံများကို အကောင်းဈေးနှုန်းအတိုင်း မူလကျောက်တုံး တတုံးစီနှင့် ဈေးဖြတ်ပေးလိုက်ခြင်းဖြစ်လေရာ အတော်လေး ရက်လျောနေခဲ့ပေပြီ။

ထို့ကြောင့် တစုံတယောက်အနေနှင့် မိမိ ရောင်းဝယ်လိုသော ပစ္စည်းများကို မိမိမျိုးနွယ်စု ဆိုင်များတွင် ရောင်းချခြင်းသာလျင် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ အကယ်၍ တန်ကျင်းကသာ ထိုပစ္စည်းများ၏ ဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိလျင် ဈေးနှုန်းမှာလည်း ကျဆင်းလိမ့်မည်မဟုတ်။ ထိုအစား သူတို့က အချင်းချင်း ပူးပေါင်း၍ ပွင့်ပွင့်လင်းလင်းနှင့် မျှမျှတတ ဖလှယ်နိုင်ခဲ့လေသည်။

အလုပ်ကိစ္စများ ပြီးသွားသောအခါ စုချန်းက မေးလိုက်သည်။

"ဒါနဲ့ ကျွန်တော်သွားနေတုန်း ကျွန်တော့ မိသားစုနဲ့ အိမ်အခြေအနေကကော ဘယ်လိုများ ရှိသလဲ အုပ်ချုပ်ရေးမှုးကြီး"

တန်ကျင်းက ခေါင်းခါယမ်းလိုက်သည်။

"ကျန်တာတွေကတော့ ပုံမှန်ပါပဲ ဒါပေမဲ့ သခင်လေး ပြန်ရောက်ရမဲ့အချိန် ပြန်ရောက်မလာတော့ သခင်မကြီးခများ စိတ်ပူပြီး နေမကောင်းဖြစ်နေတယ် ဒီတော့ သခင်လေးအနေနဲ့ အချိန်မဆွဲပဲ အိမ်ကို အမြန်ဆုံးပြန်ပြီး သခင်မကြီးကို စိတ်သက်သာရအောင် လုပ်ပေးသင့်တယ်"

စုချန်းက ဖြေလိုက်သည်။

"ကျွန်တော် ခနနေ သွားမှာပါ"

ထိုစဉ် တန်ကျင်းက တစုံတရာကို သတိရလာဟန်ဖြင့် ပြောလိုက်သည်။

"ဒါနဲ့ သခင်လေး ကျွန်တော်တို့ လုယိကို ဆက်သွယ်ခဲ့တဲ့ ကြားလူကို ရှာတွေ့ပြီး ဒါပေမဲ့ ကြားလူရဲ့နောက်က အမိန့်ပေးနေသူကို မခွဲခြားနိုင်သေးတော့ ဘာမှဆက်မလုပ်ထားသေးဘူး"

စုချန်းက

"ကောင်းပြီလေ ဒီကိစ္စကို ကျွန်တော့ပဲ လွှဲပေးလိုက်တော့ ဒါနဲ့ လုယိရဲ့သားကကော ဘာဖြစ်သွားပြီလဲ"

"အကြွေးမပေးနိုင်လို့ သူ့လက်တွေ အဖြတ်ခံလိုက်ရတယ် ခုဆိုရင် သူဟာ ဒုက္ခိတတယောက် ဖြစ်သွားပြီ ကောင်းပါတယ်လေ လုယိအနေနဲ့ သူ့သားကို စိတ်ပူနေစရာ မလိုတော့ဘူးပေါ့"

စုချန်း စကားမပြောနိုင်တော့ပဲ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

All Chapters