ပြည်တော်ပြန်ခရီး ၂
Vol. 5 Ch. 41
စုခြံဝင်း၏ သင်းပျံ့ကြိုင်ကြိုင် သစ်ခွနန်းဆောင်တွင် ဧည့်ခံပွဲတခု ကျင်းပနေ၏။ ဧည့်ခံပွဲ၏ အိမ်ရှင်မှာ အခြားသူမဟုတ်။ စတုတ္ထမယ်တော် ယန့်ဝူရွှန်းဖြစ်သည်။ သူမ၏ ရင်ခွင်ထဲဝယ် နူးညံ့ပျော့ပြောင်းပြီး ပြည့်ပြည့်ဖြိုးဖြိုးနိုင်လှသော ကလေးငယ်တယောက်ကို ပွေ့ဖက်ထား၏။ ကလေးငယ်မှာ ယောကျာ်းလေးဖြစ်သည်။
သူမသည် ဧည့်ခံပွဲသို့ ကြွရောက်လာသော ဧည့်သည်များအကြား ဟိုမှသည်မှ သွားလာနေသည်။ ရံဖန်ရံခါတွင်ကား တချို့ဧည့်သည်များကို အလေးထားဟန်ဖြင့် တရေးတယူ နှုတ်ဆက်နေပြန်သည်။
"ဒီကနေ့ ကြွရောက်လာပေးတဲ့အတွက် ယန့်ဝူရွှန်းက ကြီးမြတ်တဲ့ ချိန်းမျိုးနွယ်စုရဲ့ ဂုဏ်ပြုမှုကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်"
"ဟော အကြီးအကဲကျန်းပါလား ကျွန်မသားရဲ့ မွေးနေ့မင်္ဂလာပွဲကို ကြွရောက်လာပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်"
"ဟယ် ဝန်မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ကြွရောက်လာတာကိုး ဝမ်းသာလိုက်တာရှင်"
တခါတရံတွင်ကား သူမသည် ပြည့်တန်ဆာအိမ်တွင် နေထိုင်ခဲ့စဉ်က နှုတ်ကျိုးနေသော နာမည်များကို အမှတ်တမဲ့ မှားခေါ်မိတတ်၏။
"အိုး ဦးလေးဟုန်ကြီးပါလား ရှင်လည်းလာ........."
သို့သော် လူတိုင်းက ယန့်ဝူရွှန်း၏ မှားယွင်းမှုကို အလိုက်တသိပင် မသိကျိုးကျွန် ပြုထားကြ၏။
ဤယနေ့သည် စုချန်းအန်၏ တတိယမြောက်သား ကျူးဟွာ၏ ပထမဆုံး မွေးနေ့မင်္ဂလာဖြစ်သည်။ စုချန်းအန်သည် သူ၏ ချစ်လှစွာသောသားအတွက် မွေးနေ့မင်္ဂလာပွဲကို ခမ်းခမ်းနားနားပင် စီစဉ်ကျင်းပခဲ့ပြီး မြောက်များလှစွာသော ဧည့်သည်တော်များကို ဖိတ်ကြားခဲ့၏။ စုချန်းအန်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ပိုင်ဆိုင်ထားကြသော ဧည့်သည်များအားလုံးကလည်း သူ့ကိုဂုဏ်ပြုရန် မပျက်မကွက်ပင် ကြွရောက်လာကြလေသည်။ ဤပွဲကြောင့် စုမျိုးနွယ်စုတခုလုံးသည် သက်ဝင်လှုပ်ရှားနေ၏။ လူတိုင်းနီးပါး ပျော်ရွှင်ဝမ်းမြောက်နေကြလေသည်။
သို့သော် မပျော်ရွှင်နိုင်သောသူတချို့ကလည်း အမှန်တကယ်ပင် ရှိနေ၏။
"ဟဲ့ စုချန်းအန်"
စူးရှသော အော်သံတသံသည် မွေးနေ့ပွဲမှ ဆူညံနေသော အသံများကို ထွင်းဖောက်၍ ကျယ်လောင်စွာ ပေါ်လာ၏။ အသံကြောင့် လူတိုင်းလိုလို အံ့သြသင့်သွား၏။ ထို့နောက် အသံထွက်ပေါ်လာသောနေရာသို့ လှမ်းကြည့်မိကြလေသည်။ အသံရှင်မှာ အခြားသူမဟုတ်။ တန်ဟွားယွီပင်ဖြစ်သည်။
သူမသည် ကန်းနဖူးနန်းဆောင်ပေါ်တွင် မတ်တပ်ရပ်နေ၏။ သူမ၏ မျက်နှာပေါ်တွင်လည်း လူသတ်လိုသော အငွေ့အသက်များ ယှက်သန်းနေ၏။ သူမသည် နန်းဆောင်ပေါ်မှဆင်းကာ ဧည့်ခံပွဲကျင်းပရာနေရာသို့ ခြေလှမ်းပြင်းပြင်းနှင့် လျှောက်လာလေသည်။ ထိုအခါ ယန့်ဝူရွှန်းက ကမန်းကတန်း ဆီးကြိုနှုတ်ဆက်လိုက်သည်။
"ဟာ အစ်မကြီးပါလား ဘာအကြောင်းများ ရှိလို့ပါလည်းရှင်"
"ဟဲ့ ငါ့ရှေ့က ဖယ်လိုက်စမ်း"
ပြောပြောဆိုဆို သူမက ယန့်ဝူရွှန်းကို တွန်းဖယ်ကာ စုချန်းအန်၏ ရှေ့တွင်ခြေစုံရပ်ရင်း အားရပါးရ ကျိန်ဆဲတော့သည်။
"ကျွန်မတို့ရဲ့သားဟာ ခုချိန်ထိ အသက်ရှင်လား ဒါမှမဟုတ် သေသွားပြီလားဆိုတာ မသိရသေးဘူး ဒါကိုတောင် ရှင်က နည်းနည်းမှ ဂရုမစိုက်ပဲ ဒီမှာလာပြီး ကလိုက်ခုလိုက် လုပ်နေတယ်ပေါ့ ဟုတ်လား စုချန်းအန် ရှင်ဟာ လူကောဟုတ်ရဲ့လား ရှင့်မှာ အသိတရားကော ရှိသေးရဲ့လားဟင်"
တန်ဟွားယွီ၏စကားကြောင့် စုချန်းအန်တယောက် ရေခဲရိုက်ခံထားရသော ငါးပမာ အေးစက်သွား၏။ သို့သော် သူ့အနေနှင့် တန်ဟွားယွီကို တလုံးတပါဒမျှပင် မတုံ့ပြန်နိုင်။
အမှန်တကယ်တော့ ဤမွေးနေ့မင်္ဂလာပွဲသည် သူ့စိတ်ကူးမဟုတ်။ သို့သော် ယန့်ဝူရွှန်းက ထိုအကြောင်းနှင့်ပတ်သက်၍ မကြာခန နားပူနားဆာ လုပ်နေခဲ့၏။ မြည်တွန်တောက်တီးနေခဲ့၏။
"တကယ်လို့ စုချန်း တခုခုဖြစ်ခဲ့တယ်ပဲ ဆိုပါအုံး ဒါနဲ့ပဲ ကျွန်မတို့က အပူရုပ် ဟန်လုပ်ပြီး နေရတော့မှာလား မပြုံးမရွှင်ပဲ နေရတော့မှာလားရှင့်"
ထိုမျှသာမကသေး သူမက သူ့အား "ရှင်ကတန်ဟွားယွီကို ကြောက်နေတာလား ကိုယ့်စိတ်ဆန္ဒ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း မလုပ်ရဲဘူးလား" စသည်ဖြင့် အဆက်မပြတ် စကားနာထိုးပြန်၏။ ယန့်ဝူရွှန်းသည် ထိုကဲ့သို့ပင် တန်ဟွားယွီနှင့်ပတ်သက်၍ စုချန်းအန်အား အမြဲတစေ တကားနာထိုးလေ့ရှိ၏။ ယခုတကြိမ် နောက်ဆုံးစကားလုံးကိုကား စုချန်းအန် မခံနိုင်တော့။
ဤသို့နှင့် စုချန်းအန်သည် မွေးနေ့မင်္ဂလာပွဲတခု ကျင်းပရန် ဆုံးဖြတ်လိုက်ရတော့သည်။ သို့သော် ဤလုပ်ရပ်က တန်ဟွားယွီကို စိတ်ထိခိုက်စေမည့်အပြင် မလုပ်သင့်သောလုပ်ရပ်မှန်း သူကောင်းကောင်းသိနေ၏။ ထို့ကြောင့် တန်ဟွားယွီ၏ ပြစ်တင်ပြောဆိုမှုကို ခွန်းတုံ့မပြန်ပဲ ရေငုံနှုတ်ပိတ်ထားခြင်း ဖြစ်သည်။ ထိုအခိုက်မှာပင် ယန့်ဝူရွှန်းသည် ရှေ့သို့လှမ်းထွက်လာရင်း ပြောလိုက်သည်။
"အစ်မကြီးရဲ့စကားကလဲရှင် တကယ်လို့ စုချန်းဟာ သားတယောက်ဆိုရင် ကျွန်မရဲ့သားလေးကကော အစ်ကိုကြီးရဲ့သားမဟုတ်ဘူးလားရှင့် စုချန်းတယောက် အနီရောင်နယ်မြေကို ထွက်သွားတုန်းက ကျွန်မတို့လည်း သူအသက်ရှင်ပါ့မလားလို့ စိတ်ပူခဲ့တာပါပဲ ဒါပေမဲ့ ခုအချိန်မှာ ကျွန်မတို့ ဘာမှမလုပ်နိုင်တော့ဘူးလေ ဟုတ်တယ်မလား တကယ်လို့ ကျွန်မတို့အကုန်လုံး ထိုင်ငိုနေတော့ကော သူက ပြန်လာမှာလားရှင်"
ထိုအခိုက်မှာပင် စုခေါ့ကျိကလည်း ရှေ့သို့လျှောက်ရင်း ချွန်းတွန်းလုပ်လိုက်ပြန်သည်။
"ဒေါ်လေးယန့်ရဲ့စကားက သဘာဝကျပြီးတော့ အကြောင်းအကျိုး ညီညွတ်ပါပေတယ် ဒီကနေ့က ကျူးဟွာလေးရဲ့ ပထမဦးဆုံး မွေးနေ့ဖြစ်တဲ့အတွက် အင်မတန် အရေးကြီးတဲ့နေ့လို့ ဆိုနိုင်တယ် တကယ်လို့ ဒီနေ့ကို စုချန်းကြောင့်သာ မေ့လျော့သွားရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ဘူး စုချန်းရဲ့ဝိညာဏ်ကတော့ ခုချိန်မှာ အဝါရောင်စမ်းရေအိုင်ဆီကို ရောက်ရှိနေလိမ့်မယ်လို့ ကျုပ်ကတော့ ယုံကြည်ထားတယ်"
စုခေါ့ကျိ၏စကားကြောင့် တန်ဟွားယွီ ဒေါပွသွား၏။ သူမက ရိုင်းရိုင်းစိုင်းစိုင်းပင် တုံ့ပြန်လိုက်သည်။
"စုခေါ့ကျိ နင်ဘာတွေ ပေါက်လွှတ်ပဲစား ပြောနေတာလဲ ဘာအဝါရောင်စမ်းရေအိုင်လဲ ဘာဝိညာဏ်လဲ ငါ့သား မသေသေးဘူးဟဲ့"
စုခေါ့ကျိက ခေါင်းခါလိုက်သည်။
"ပြန်လာရမဲ့ရက်ထက် နှစ်ရက်တောင် နောက်ကျနေပြီ မျက်လုံးလဲကန်းနေတယ် ကျုပ်တွေးထားသလိုပဲ ဖြစ်လာဖို့များနေတယ်"
စကားလုံးများကသာ စိတ်မကောင်းဖြစ်သည့်အသွင်ဆောင်နေသော်လည်း စုခေါ့ကျိ၏ မျက်နှာတခုလုံးကား မှိုရသကဲ့သို့ ပြုံးရွှင်နေ၏။ သူနှင့်စုချန်းတို့အကြားရှိ ပဋိပက္ခမှာ လူသိရှင်ကြားဖြစ်သည်။ ဤနေရာတွင် ယန့်ဝူရွှန်းနှင့် မတူသည်မှာကား စုခေါ့ကျိသည် စုချန်းအန်အပေါ်တွင် မှီခိုနေစရာမလိုသလို ၎င်း၏မျက်နှာကိုလည်း ထောက်နေစရာမလို။ ထို့ကြောင့် စုခေါ့ကျိ၏ ပီတိကို သူ့မျက်နှာပေါ်တွင် ထင်းထင်းကြီး မြင်သာနေသည်။ သူသည် ပျော်ရွှင်မှုကို အသံထွက်၍ မဖော်ပြသော်လည်း မထီမဲ့မြင်နိုင်သော လှောင်ပြုံးတမျိုးနှင့် ဖော်ပြထားလေသည်။
တန်ဟွားယွီတယောက် ဒေါသအိုးပေါက်ကွဲသွားလေပြီ။ သူမက စုခေါ့ကျိဆီသို့ ပြေးဝင်သွားလိုက်၏။ ကံကောင်းထောက်မစွာပင် စုချန်းအန်က အချိန်မီ တားဆီးနိုင်လိုက်သည်။ သူ၏ လက်များက သံမဏိပမာ မာကျောလှပေရာ တန်ဟွားယွီတယောက် မလှုပ်ရှားနိုင်တော့။ ထို့နောက် စုချန်းအန်က ပြောလိုက်သည်။
"အားရအောင်ပြောပြီးပြီဆိုတော့ တော်သင့်ပြီ"
စုချန်းအန်၏ စကားကြောင့် တန်ဟွားယွီက သူမခင်ပွန်းကို မှင်သက်စွာငေးကြည့်ရင်း တုံ့ပြန်လိုက်သည်။
"ချန်းအန် ရှင်ဘယ်လိုပြောလိုက်တာလဲ သူက ကျွန်မတို့သားကို သေပြီလို့ ပြောနေတာလေ"
ထိုအခါ စုချန်းအန်က တန်ဟွားယွီကို ဘေးသို့တွန်းထုတ်ရင်း ရက်စက်စွာ ပြောလိုက်၏။
"အို ဒီကောင်က သူ့အသက်ကိုတောင် သူဂရုမစိုက်တာ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ"
အကြင်နာမဲ့လှသော ခင်ပွန်းသည်၏ စကားကို ကြားလိုက်ရသောအခါ တန်ဟွားယွီ၏ တကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ချစ်လှစွာသောခင်ပွန်းသည်၏ နှုတ်ဖျားမှ ဤကဲ့သို့သော စကားမျိုးထွက်လာလိမ့်မည်ဟု သူမ မည်သည့်အခါကမျှ မထင်ခဲ့။ တန်ဟွားယွီသည် စုချန်းအန်၏ မျက်နှာကို တကြိမ်တခါမျှ မမြင်ဖူးသောလူတယောက်ကို စိုက်ကြည့်သကဲ့သို့ စိုက်ကြည့်နေ၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ရှင်ဟာ တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီကိုး"
တန်ဟွားယွီ၏ စကားကို စုချန်းအန်က မကြားသကဲ့သို့ တွေတွေကြီး မတ်တပ်ရပ်နေ၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏။ မိသားစုရန်ပွဲကား ဇာတ်ရှိန်အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။ ရွှေပွဲလာဧည့်ပရိသတ်များမှာကား ရန်ပွဲကို စိတ်ဝင်တစားကြည့်ရှုနေကြ၏။ ထိုထဲမှ တချို့သည် စုမိသားစုနှင့် ပတ်သက်၍ အတင်းတုပ်ကုန်ကြ၏။ တချို့မှာ သက်ပြင်းကိုယ်စီ ချကုန်ကြသည်။ တချို့တလေမှာကား တီးတိုးလှောင်ပြောင်ကုန်ကြ၏။ တချို့မှာ မသိဟန်ပြုကာ တခြားအကြောင်းအရာများကို ပြောဆိုနေကြလေသည်။
"ကြည့်ရတာ စုမျိုးနွယ်စုရဲ့ စတုတ္ထသခင်လေးဟာ မျိုးနွယ်စုထဲမှာ သိုးမဲတကောင် ဖြစ်နေသလိုပဲ တကယ်လို့ သူသာ မသေသေးဘူးဆိုရင် ဘာများလုပ်နေတာလဲမသိဘူးနော်"
"တကယ်တော့ သူဟာ မျက်မမြင်တယောက်ပဲဗျ ဒါတောင်မှ သူက အနီရောင်တောင်ကြောကို သွားရဲသေးတယ်ဆိုတော့ တယ်မခေဘူးပဲ"
"ဒါနဲ့ သူက နတ်ဘုရားကိုယ်ထည်ကျင့်စဉ်နယ်ပယ်ထဲမှာပဲ ရှိနေသေးတယ်ဆိုလားပဲ"
"သေသေချာချာ တွေးကြည့်ရင် တကယ်နှမြောစရာကောင်းတာဗျ ဘာပဲပြောပြော သူဟာ ခုချိန်ထိ ပါရမီရှင်တယောက် ဖြစ်နေတုန်းပါပဲလေ"
"အရင်တုန်းက ပါရမီရှင်လို့ ပြောစမ်းပါဗျာ မြောက်ပိုင်းမြို့တော်တခွင်မှာ တနှစ်တနှစ်ကို သူလိုမျိုးပါရမီရှင် ဆယ်နဲ့ရာနဲ့ချီပြီး မတွေ့နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ"
"မှန်တယ်ဗျို့ မှန်တယ် မှန်တယ် ခင်ဗျားပြောတာ"
ပရိတ်သတ်များသည် ကိုယ်ထင်ရာ အာပေါင်အာရင်းသန်သန်နှင့် ပြောဆိုနေကြရာ တန်ဟွားယွီတယောက် မည်သို့မျှ မတတ်နိုင်တော့။ လက်မြှောက်အရှုံးပေးလိုက်ရတော့သည်။
ထိုအခိုက်မှာပင် အသံတသံသည် ရုတ်တရက် ထွက်ပေါ်လာ၏။
"ကျွန်တော်သေပြီလို့ ဘယ်သူပြောသလဲ"
ထိုအသံကိုကြားလိုက်ရသည်နှင့် လက်ပံပင်ဆက်ရက်ကျသကဲ့သို့ ဆူညံနေသော ပရိတ်သတ်များအားလုံးသည် လည်ချောင်းကို တစုံတခုနှင့် ပိတ်ဆို့ခံလိုက်ရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကုန်၏။ စုချန်းအန်၊ စုခေါ့ကျိ၊ ယန့်ဝူရွှန်းနှင့် ဧည့်သည်များအားလုံးသည် ရေးကြီးသုတ်ပြာနှင့် နောက်ကို ပြိုင်တူလှည့်ကြည့်လိုက်ကြ၏။
ထိုနေရာတွင် လူငယ်တယောက် မတ်တပ်ရပ်နေ၏။ ထိုလူငယ်သည် စုချန်းမှတပါး အခြားမည်သူများ ဖြစ်နိုင်အံ့နည်း။ စုချန်းကို မြင်လိုက်သည်နှင့် စုခေါ့ကျိ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်လာ၏။ သူက ဖြတ်ခနဲ ရေရွတ်လိုက်မိသည်။
"ဟာ စုချန်းပါလား"
ယန့်ဝူရွှန်းမှာကား လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ပြင်းထန်သော ဆုပ်အားကြောင့် သူမလက်သည်းများသည်ပင် သူမ၏ အရေပြားကို ဖောက်ထွက်သွားမတတ် ရှိလေသည်။ သူမက တီးတိုးကြုံးဝါးလိုက်သည်။
"နင်တကယ်ပဲ မသေသေးဘူးကိုး တွေ့ကြသေးတာပေါ့"
တန်ဟွားယွီမှာကား ဝမ်းသာလွန်း၍ ခုန်ဆွခုန်ဆွ ဖြစ်နေရှာ၏။
"ချန်းအာ"
သူမက အသံကုန်အောင်ဟစ်ရင်း ချစ်လှစွာသောသားကို ပြေး၍ ပွေ့ဖက်လိုက်သည်။
စုချန်းကြောင့် ပတ်သကရာပတ်သက်ကြောင်း လူအသီးသီးသည် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေရ၏။ ထိုအထဲတွင် စုချန်းအန်၏ ခံစားချက်က အရှုပ်ထွေးဆုံးဟု ဆိုရပေလိမ့်မည်။ သူ၏သားကို မြင်တွေ့လိုက်ရ၍ သူမပျော်သည်ကတော့ သိပ်ကို သေချာ၏။ ပျော်ရမည့်အစား တကြိမ်တခါမှ မခံစားဖူးသည့် စိတ်ဖိစီးမှုတရပ်သာ ပေါ်ပေါက်လာကြောင်း စုချန်းအန် သတိထားမိလိုက်သည်။ သို့သော်ငြားလည်း မျက်ခုံးနှစ်ခုကို ထိကပ်အောင် တွန့်ထားရုံမှအပ မရိုးသားရှာသောဖခင်သည် စကားတခွန်းမျှပင် မဟနိုင်ရှာ။ သနားစရာကောင်းလှပါဘိတောင်း။
ထိုအချိန်တွင် တန်ဟွားယွီသည် သူမ၏ သားကို တင်းကျပ်စွာ ပွေ့ဖက်ကာ အိပ်မက်လား သို့တည်းမဟုတ် အမှန်တကယ်ပင်လားဟု ဝေခွဲမရဟန်ဖြင့် သားဖြစ်သူ၏ မျက်နှာကို အတင်းကာာရော ပွတ်သပ်နေရှာ၏။ ထို့နောက် သူမက တုန်ယင်သောအသံနှင့် မေးလိုက်သည်။
"ချန်းအာ ငါ့သား ဘာဖြစ်လို့ ခုချိန်မှ ပြန်လာရတာလဲကွယ်"
စုချန်းက မိခင်ဖြစ်သူကို အလွန်နူးညံ့ငြင်သာသော အသံနှင့် ရှင်းပြလိုက်သည်။
"တောင်ပေါ်လမ်းတွေက အင်မတန်ကြမ်းတယ် ပြီးတော့ ကျွန်တော်ဟာ မျက်မမြင်လေ အမေရဲ့ အပြန်လမ်းကို မှန်းမရတော့ တောင်ပေါ်မှာ ခြေဦးတည့်ရာ လမ်းလျှောက်ရင်းနဲ့ အချိန်အတော်လေး ကုန်သွားတယ် လူလည်းပဲ အတော်အားကုန်သွားတယ် နှစ်ရက်လောက် နောက်ကျပြီး ရောက်လာတာကိုက အတော်ကြီးဟုတ်နေပြီ လမ်းမှားပြီး သားရဲသတ္တဝါဆိုးတွေ ကျင်လည်ကျက်စားတဲ့ နေရာဘက်ကို ရောက်မသွားတာ ကံကာင်းတယ်လို့ ပြောရမယ် အမေရဲ့"
တန်ဟွားယွီ၏ မျက်လုံးမှ ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်ရည်များ စီးကျလာ၏။ သူမက သားဖြစ်သူ၏ နဖူးပေါ်မှ ဆံစများကို ငြင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
"ခုတော့ အဲဒီနေရာဟာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ငါ့သား သိသွားပြီပေါ့ ဟုတ်လား"
မိခင်ဖြစ်သူ၏ဂရုဏာကို စုချန်းက တလေးတစားပင် တုံ့ပြန်လိုက်သည်။
"အမေ့ကို စိတ်ပူအောင်လုပ်မိပြီ သားအပြစ်ပါ တောင်းပန်ပါတယ်အမေရယ်"
"ကဲ ဒီလူတွေကို ထားလိုက်ပါ အမေတို့ ထွက်သွားရအောင်"
သားဖြစ်သူ ပြန်ရောက်လာပြီဖြစ်၍ တန်ဟွားယွီတယောက် ဤနေရာတွင် ဆက်လက်မနေလိုတော့။ သူမက စုချန်း၏ လက်ကိုဆွဲရင်း လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက လက်မခံပါ။ သူက ပြောလိုက်သည်။
"သိပ်တော့လဲ အလောသုံးဆယ်စရာ မလိုပါဘူးအမေရယ် ဒါနဲ့ ဒီနေရာကိုရောက်တော့ ကျွန်တော် ကြားလိုက်တယ် ဒီကနေ့ဟာ တတိယညီလေးရဲ့ ပထမဆုံး မွေးနေ့ပွဲတဲ့ ဟုတ်သလားဗျ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ အစ်ကိုကြီးဆိုတော့ ညီလေးဟွာကို ဂုဏ်ပြုပေးရမှာပေါ့ အနီရောင်တောင်ကြောကပြန်လာတော့ ကျွန်တော့မှာ အထူးပစ္စည်းတချို့ပါလာတယ် ဒီပစ္စည်းတွေဟာ သိပ်တန်ဖိုးမကြီးဘူးဆိုပေမဲ့ လမ်းပေါ်မှာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းမျိုးတော့လည်း မဟုတ်ပြန်ဘူး ဒီတော့ ဒီပစ္စည်းတွေကို ဘာဖြစ်လို့ တတိယညီလေးကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ မပေးပဲနေရမှာလဲ"
တန်ဟွားယွီ အံ့သြသွား၏။ သူမက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။
"ချန်းအာ မင်း....မင်း.....တကယ်တော့ ယန့်ဝူရွှန်းဟာ မင်အသက်ရှင်နေတယ်လို့ မသိခင်ကတည်းက ဒီမွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်နေတာကွဲ့ ဒါဟာ မွေးနေ့မဟုတ်ဘူး သားရဲ့ သေခြင်းအတွက် တမင်သက်သက် အောင်ပွဲခံတဲ့ပွဲပဲ အခု မင်းက ပြန်ရောက်လာတာနဲ့ လက်ဆောင်ပေးအုံးမယ်ပေါ့ ဟုတ်လား ဒီလက်ဆောင်တွေကို မပေးသင့်ဘူးကွဲ့"
စုချန်းက ပြုံးရယ်ရင်း ပြောလိုက်သည်။
"ဒါက လုပ်သင့်လုပ်ထိုက်တဲ့ လောကဝတ်တခုပါဗျာ "
ထို့နောက် သူက ခြေလှမ်းအနည်းငယ်လှမ်းရင်း အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်းငယ်တလုံးကို ဆွဲထုတ်ရင်း ရှင်းပြလိုက်သည်။
"ဒါဟာ ကျောက်စိမ်းအရိုးနတ်ဆိုးရဲ့ မျက်ခွံရိုးနှစ်ခုကြားထဲက အရိုးပဲ ချောမွေ့ပြီး တောက်ပြောင်နေတဲ့ ဒီအရိုးဟာ မူလစွမ်းအင်ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ အလွန် အသုံးဝင်တယ် လက်ဝတ်ရတနာအနေနဲ့ နှစ်ပေါင်းများစွာ ဝတ်ဆင်ထားရင် ခွန်အားကို တိုးပွားစေတယ် ဒီပစ္စည်းကို ကျွန်တော် အမှတ်မထင် ရရှိခဲ့တာပဲ ခု ဒီပစ္စည်းလေးကို ညီလေးဟွာအတွက် ကျွန်တော်က လက်ဆောင်ပေးလိုက်မယ်"
အမှန်တကယ်တော့ ယန့်ဝူရွှန်းသည် လူတယောက်၏ မျက်နှာကို အကဲခတ်ရာတွင် အလွန်ကျွမ်းကျင်သော အမျိုးသမီးဖြစ်သည်။ သူမဘဝတလျှောက်လုံးတွင် လူကဲခတ်ခြင်းကို အသုံးပြု၍ အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်ခဲ့၏။ ယခု စုချန်း၏ အပြုအမူကို တွေ့သောအခါ ယန့်ဝူရွှန်း၏ မျက်နှာပေါ်တွင် အပြုံးတမျိုး ပေါ်ပေါက်လာ၏။ သူမက ပြောလိုက်သည်။
"ကြည့်ရတာ စတုတ္ထသခင်လေးဟာ ပိုပြီး အမြင်ကျယ်လာပုံရတယ် ဒါတင်မကဘူး လူ့ကျင့်ဝတ်တွေကိုလည်း ပိုပြီး နားလည်သဘောပေါက်လာပုံပဲ"
ထိုသို့ပြောပြီး ယန့်ဝူရွှန်းက စုချန်း၏လက်ဆောင်ကို ပြုံးပြုံးရွှင်ရွှင်နှင့်ပင် လက်ခံလိုက်၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။
"စတုတ္ထမယ်တော် ကလေးကို ကျွန်တော် ခနချီကြည့်လို့ ရမလား"
မထင်မှတ်သောစကားကြောင့် ယန်ဝူရွှန်း အံ့သြသွား၏။ စကားမပြောနိုင်ပဲ တိတ်ဆိတ်သွား၏။ အတန်ကြာစဉ်းစားပြီးမှ သူမက ကလေးကို စုချန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ စုချန်းက ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ချီရင်း ပါးကလေးကို မထိတထိနှင့် ပွတ်သပ်ကာ ပြောလိုက်သည်။
"ကျွန်တော်က မျက်မမြင်ပေမဲ့ ဒီကလေး ဘယ်လောက်ဝဖြိုးမယ်ဆိုတာကိုတော့ ပြောနိုင်တယ် ဟော ခြေထောက်သေးသေးလေးနဲ့ ကန်နေတာ ကြည့်ပါအုံး ဘယ်လောက်ထိ သန်မာလိုက်သလဲဆိုတာ"
ယန့်ဝူရွှန်းကလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ပင် စုချန်း၏စကားကို ရေလိုက်ငါးလိုက်နှင့် ထောက်ခံနေ၏။ ထိုအခိုက်မှာပင် စုချန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်ရက် ပျောက်ကွယ်သွား၏။ သူက ပြောလိုက်သည်။
"ဘယ်လောက်တောင် ကျန်းမာပြီး အပြစ်ကင်းတဲ့ကလေးလည်းလို့ ကြည့်စမ်းပါအုံး ဒါနဲ့ စတုတ္ထမယ်တော် ဒီကလေးကို ကျွန်တော် တချက်တည်းနဲ့ အသေသတ်ပစ်နိုင်မယ် ထင်သလားဗျ"