တိုက်စစ်ဖွင့်ခြင်း
Vol. 5 Ch. 42
စုချန်း၏စကားကို ကြားလိုက်ရသောအခါ စုချန်းအန်နှင့် စုခေါ့ကျိတို့၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။ စုချန်းအန်က စတင်လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ ထိုအခါ စုချန်းက ချက်ချင်းပင် ကလေး၏ လည်မျိုကို လက်ဖြင့်ဆုပ်လိုက်၏။ ထို့နောက် ကလေးကို လေထဲတွင် မြှောက်ပြရင်း အော်ပြောလိုက်သည်။
"ဘယ်သူမှ မလှုပ်ကြနဲ့ တယောက်ယောက် လှုပ်ရှားတာနဲ့ ဒီကလေးကို ကျုပ် ပစ်ချလိုက်မယ်"
စုချန်း၏ ခြိမ်းခြောက်စကားကြောင့် မည်သူမှ မလှုပ်ရှားရဲတာ့ပဲ နေရာတွင် ခြေစုံရပ်နေကြလေသည်။
"အောင်မလေး ကျွန်မရဲ့ကလေး သေပါပြီ"
စတုတ္ထမယ်တော်ယန့်ဝူရွှန်း၏ ကြောက်လန့်တကြီး အော်သံ ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် သူမက ကလေးငယ်ကို စုချန်း၏ လက်ထဲမှ လုယူရန် ကြိုးစားလိုက်သည်။ ယန့်ဝူရွှန်း၏ လုပ်ရပ်မှာ အချည်းအနှီးသာ။ ဤတကွက်ကို စုချန်းက ကြိုတွေးပြီးသား ဖြစ်သည်။ သူက ချက်ချင်းပင် လွတ်နေသော အခြားလက်တဖက်ဖြင့် ယန့်ဝူရွှန်း၏ လည်မျိုကို ဖမ်းဆုတ်ရင်း အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျား ကိုယ့်အတွက်ပဲ အရင်ပူသင့်တာ"
ပြောပြောဆိုဆို စုချန်းက ယန့်ဝူရွှန်း၏ တံကောက်ကွေးကို ခြေဖြင့် ကန်ထည့်လိုက်ရာ ဘဝင်လေဟပ်ကာ ဘဝမေ့နေရှာသော ပြည့်တန်ဆာဟောင်း စတုတ္ထမယ်တော်ယန့်ဝူရွှန်းခမျာ မြေကြီးပေါ်တွင် ဒူးထောက်လျက်သား ထိုင်ကျသွားရှာ၏။
စုချန်း!!!!
စုချန်းအန်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
"ခွေးမသား မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲကွ ဟေ မင်းရဲ့ စတုတ္ထမယ်တော်နဲ့ မင်းညီလေးကို ခုချက်ချင်း လွှတ်လိုက်စမ်း"
စုချန်းက တဟားဟား ရယ်မောလိုက်သည်။
"ကျွန်တော် ဘာလုပ်ဖို့ကြိုးစားနေတာလဲ ဟုတ်လား အဖေ ဟား ဟား ဟား စတုတ္ထမယ်တော်နဲ့ ကျွန်တော်နဲ့ ကြားထဲက ပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေတာလေဗျာ"
စုချန်းအန်က သားဖြစ်သူကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
"မင်း ဘာကြောင့် စိတ်ဆိုးနေသလဲဆိုတာ ငါသိတယ် မင်း သေမှန်းရှင်မှန်း မသိရသေးပဲနဲ့ ငါတို့ မွေးနေ့မင်္ဂလာပွဲကျင်းပနေလို့ စိတ်ဆိုးနေတာမလား မင်း စိတ်ဆိုးတာငါအပြစ်မတင်ပါဘူး ဒါပေမဲ့ကွာ..."
ထိုစဉ် စုချန်းက စကားဖြတ်ပြောလိုက်သည်။
"ကျွန်တော် ဒီလောက် သဘောထားသေးတဲ့ကောင် မဟုတ်ဘူးဗျ"
စုချန်းအန် အံ့သြသွား၏။
"ဟေ ဒါဆို ဘာကြောင့်လဲကွ"
ထိုအခါ စုချန်းက ယန့်ဝူရွှန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း ပြောလိုက်သည်။
"တကယ်လို့ အဖေသိချင်တယ်ဆိုရင် အဖေ့ရဲ့မိန်းမကြီးကို အရင်မေးကြည့်သင့်တယ် သူဘာလုပ်ခဲ့သလဲဆိုတာကို"
ယန့်ဝူရွှန်း၏ နှလုံးသား ဆတ်ခနဲ တုန်ခါသွား၏။ သို့သော် သူမက ငြင်းဆန်လိုက်သည်။
"ကျွန်မလဲ ဘာမှ..."
ယန့်ဝူရွှန်းခမျာ စကားပင်ဆုံးအောင် မပြောလိုက်ရရှာ။ အကြောင်းမှာ စုချန်းက စကားအဆက်မခံပဲ သူမ၏ တကိုယ်လုံးကို မြေကြီးပေါ်သို့ ပစ်ချလိုက်ခြင်းကြောင့် ဖြစ်သည်။ တဆက်တည်းမှာပင် စုချန်းက ယန့်ဝူရွှန်း၏ သူမတူအောင် ဆွဲဆောင်မှုရှိလှသောမျက်နှာကို ခြေထောက်ဖြင့် တက်နင်းထားလိုက်၏။ အများသူငါ မူးမေ့လဲကျသွားစေလောက်သည်အထိ ချောမောသော မျက်နှာတခု စုချန်း၏ ခြေဖဝါးအောက်တွင် ပြားပြားဝပ်နေသည်ကို မြင်တွေ့ရသောအခါ လူတိုင်း၏ရင်ထဲတွင် နာကျင်စွာ ခံစားလိုက်ရသည်။
သို့သော် စုချန်းက မည်သူတဦးတယောက်၏ ခံစားချက်ကိုမျှပင် ဂရုမစိုက်ချေ။ သူက ကျယ်လောင်သောအသံဖြင့် အော်ပြောလိုက်သည်။
"ခင်ဗျားဟာ ကျုပ်ကို နှစ်ကြိမ်တိုင်တိုင် ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ် ဒုတိယအကြိမ်မှာ ခင်ဗျားဟာ လူတချို့လွှတ်ပြီး သားရဲညှို့ငင်ဆေးရည်ကို သားရဲကာကွယ်ဆေးရည်ဆိုပြီး ကျုပ်ကို လိမ်ရောင်းဖို့ ကြိုးစားခဲ့တယ် ဒါတောင် ခင်ဗျားက ဘာမှမလုပ်ဘူးလို့ ပြောချင်နေသေးတာလား"
စုချန်း၏စကားကြောင့် ယန့်ဝူရွှန်းတယောက် ကြက်သေသေသွား၏။ တလုံးတပါဒမျှပင် မဟနိင်ရှာတော့။ စုချန်း၏ စကားကို ကြားလိုက်ရသော ပရိသတ်များအားလုံးမှာကား အံ့သြကုန်ကြ၏။ အာမေဋိတ်သံများ ဟိုမှသည်မှ ထွက်ပေါ်လာ၏။ ထို့နောက် တယောက်နှင့်တယောက် တီးတိုးစကားပြောသံများ ချက်ချင်းပင် ဆူညံပွက်လာရိုက်လာလေသည်။
သူတို့ထဲတွင် လူနုံလူအဟူ၍ တယောက်မျှ မပါချေ။ သားရဲညှို့ငင်ဆေးရည်ကို သားရဲကာကွယ်ဆေးရည်ဟု အယုံသွင်းကာ ရောင်းချခြင်းနှင့် အနီရောင်နယ်မြေမှ စုချန်းတယောက် အချိန်နောက်ကျမှ ပြန်ရောက်လာခြင်းသည် မည်သို့ဆက်စပ်နေသနည်း။ လူတိုင်းသည် ထိုအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းပင် နားလည်လိုက်ကြ၏။
ထိုအခါ စုချန်းအန်က မျက်လုံးပြူးကာ ယန့်ဝူရွှန်းကိုစိုက်ကြည့်ရင်း မေးလိုက်သည်။
"ယန့်ဝူရွှန်း မင်းတကယ်ပဲ ဒါမျိုးလုပ်ခဲ့သလား"
အခြေအနေမှာ မလှပတော့မှန်း ယန့်ဝူရွှန်းတယောက် သဘောပေါက်လိုက်၏။ လက်ရှိအခြေအနေသည် သူမ ထိန်းချုပ်နိုင်စွမ်း၏ ဘောင်အပြင်သို့ ရောက်ရှိသွားခဲ့ပေပြီ။ သို့သော် ပြည့်တန်ဆာဟောင်းတယောက်ပီပီ သူမ၏ သရုပ်ဆောင်မှုက ခေတော့မခေလှ။ သူမက အသံကုန် အော်ဟစ်လိုက်သည်။
"မှားယွင်းပြီး စွပ်စွဲနေတာပါ ယောကျာ်းရယ် ဒီကိစ္စဟာ ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူးရှင် ကျွန်မဟာ သားရဲညှို့ငင်ဆေးရည်၊ သားရဲကာကွယ်ဆေးရည်တွေဆိုတာ တခါမှတောင် မကြားဖူး မမြင်ဖူးပါဘူး ကျွန်မလို မိန်းမသားတယောက်က ဒီလို ကိစ္စတွေကို ဘယ်နားလည်ပါ့မလဲရှင်"
ယန့်ဝူရွှန်း၏ ဗြောင်လိမ်နေသော စကားကို နားထောင်ရင်း စုချန်းက အေးစက်သောလေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားက ခုချိန်ထိ လိမ်ဖို့ ကြိုးစားနေတုန်းပဲကိုး ခင်ဗျားဟာ ပထမတခေါက်တည်းက သင်ခန်းစာရသွားတဲ့အတွက် ဒီတခေါက်မှာတော့ ကိုယ်တိုင်နာမည်မခံပဲ ကြားလူတယောက်ကို အသုံးပြုခဲ့တယ် ဒါပေမဲ့ ဒီကိစ္စကို ကျုပ်တကယ်ပဲ မဖော်ထုတ်နိုင်ဘူးလို့ ခင်ဗျား ထင်နေတာလား ခင်ဗျားအသုံးပြုခဲ့တဲ့ ကြားလူရဲ့နာမည်က နတ်ဆိုးအိုကြီးလီ ဟုတ်တယ်မလား"
စုချန်း၏စကားကြောင့် ယန့်ဝူရွှန်း ထိတ်လန့်သွား၏။ သူမ၏ ရင်ထဲတွင် အော်ဟစ်ငိုကြွေးချင်စိတ်များ ပေါ်ပေါက်လာသည်။ သူမ၏ ခံစစ်သည် တလွှာချင်း ခွာချခံနေရလေပြီ။ နတ်ဆိုးအိုကြီးလီဆိုသည်မှာ သူမ၏ တပည့်တပန်းများက သူမအတွက် ရှာဖွေတွေ့ရှိခဲ့သော လူဖြစ်သည်။ လီနှင့် ဆွေးနွေးရာတွင် သူမ၏ တပည့်များသည် ၎င်းတို့၏ မူလဇာတိကို လုံးဝလျှို့ဝှက်ထားမည်မှာ ထည့်ပြောနေစရာမလို။ စုချန်းတယောက် ထိုကိစ္စကို သိရှိသွားလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားချေ။
စုချန်းက စကားဆက်သည်။
"ခုချိန်ထိ ခင်ဗျားက ဆက်လိမ်ချင်သေးတယ်ဆိုရင် အမှန်တရားကို ကျုပ်ပြောပြလိုက်မယ် နတ်ဆိုးအိုကြီးလီကို ကျုပ်ဖမ်းမိထားပြီးပြီ သူက ဝန်ခံလိုက်တယ် ဒီဆေးရည်ကို စစ်မှန်တဲ့ကျောက်စိမ်းနန်းတော်မှာ လာရောင်းပြီး ကျုပ်ကိုဒုက္ခပေးဖို့ သူ့ကိုခိုင်းတဲ့လူတွေဟာ ခင်ဗျားရဲ့ လူတွေပဲတဲ့"
ယန့်ဝူရွှန်းသည်ကား ရေနစ်သူအဖို့ ကောက်ရိုးတမျှင်ကပင် အားကိုးစရာ ကောင်းသည်ဟူသောမူကို ယခုတိုင် လက်ကိုင်ထား၏။ သူမက အနည်းငယ်မျှ ဝန်ခံခြင်းမပြုပဲ အော်ဟစ်ငြင်းဆန်လိုက်သည်။
"အို ဒီလူတွေဟာ ငါ့လူတွေဖြစ်နေရင်တောင် ငါလို့ အဓိပ္ပါယ်မသက်ရောက်ဘူးလေ ငါ့လူတွေဟာ ငါ့ကို ချောက်တွန်းတာလည်း ဖြစ်နိုင်တာပဲ ဒီလောက်လေးနဲ့ ဒီကိစ္စကို ခေါင်းဆောင်တာ ငါပါလို့ မင်းအနေနဲ့ တရားသေပြောလို့မှ မရတာ"
"ခင်ဗျားရဲ့ ညွှန်ကြားချက်ကြောင့်သာမဟုတ်ရင် ဒီလိုလိမ်ညာမှုအတွက် ဒီလောက် တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေကို ဘယ်သူက သုံးမှာလဲ"
"ဘာပြောတယ် တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေဟုတ်လား သူတို့မှာ အတုသုံးခု......."
ယန့်ဝူရွှန်းက အကြောက်အကန် ငြင်းဆန်လိုက်သည်။ သို့သော် မထင်မှတ်ပဲ သူမ စကားမှားသွားလေပြီ။ သူမ၏အသံသည် တဝက်တပျက်နှင့်ပင် တိမ်ဝင်သွား၏။ သူမ၏ မျက်နှာမှာကား သေပြီးခါစ လူတယောက်ကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်သွားလေသည်။
ယန့်ဝူရွှန်း၏ပုံစံကိုကြည့်ရင်း စုချန်းက တဟားဟားနှင့် ရယ်မောလိုက်သည်။ ထို့နောက် သူက ရိသဲ့သဲ့နှင့် ပြောလိုက်၏။
"ဟား ဟား ဟား ဆက်ပြောလေ ဆက်ပြောစမ်းပါဗျ ဘာကြောင့် တုံးတုံးတိတိနဲ့ စကားရပ်လိုက်တာလဲ ကျုပ်ကလဲ ခင်ဗျား ဘာကြောင့် အဲဒီမှာ ပစ္စည်းအတုသုံးမျိုး ရှိတာကို သိနေသလဲလို့ စိတ်ဝင်စားနေတာ ကျုပ်အစတုန်းက ပြောခဲ့တဲ့အထဲမှာ သားရဲညှို့ငင်ဆေးရည်ကို သားရဲကာကွယ်ဆေးရည်ဆိုပြီး လိမ်ရောင်းဖို့ ကြိုးစားခဲ့တယ်လို့ပဲ ပါတာပါ"
ယန့်ဝူရွှန်း၏ တကိုယ်လုံး တုန်ယင်နေ၏။ သူမ စကားတခွန်းမှ မပြောနိုင်ရှာတော့။
ဧည့်ခံပွဲသို့ ရောက်နေသည့် ပရိသတ်များ အားလုံးလိုလိုသည် အခြေအနေကို နားလည်သဘောပေါက်သွားကြလေပြီ။ ရှုသွင်းလိုက်သည့် လေထုတွင် အလွန်အေးစက်သော အငွေ့အသက်များ ပါလာသည်ဟု သူတို့၏ စိတ်ထဲတွင် ခံစားလိုက်ရ၏။ အထက်ပါစကားများကို ကြားလိုက်ရသောအခါ တန်ဟွားယွီသည် ဒေါသထွက်လွန်း၍ တကိုယ်လုံး တုန်ယင်နေ၏။ သူမက ယန့်ဝူရွှန်းကို ဆဲဆိုလိုသည်။
"အရှက်မရှိတဲ့ မိန်းမပျက် နင်ကတော့ သေသင့်နေပြီ"
ထို့နောက် သူမသည် ယန့်ဝူရွှန်းဆီသို့ ခုန်အုပ်ရင်း မျက်နှာကို တစစီဆုတ်ဖြဲရန် ကြိုးစားလိုက်သည်။ သို့သော် စုချန်း၏ ဟန့်တားမှုကြောင့် သူမ၏ ကြိုးစားမှုမှာ အထမမြောက်လိုက်ချေ။ စုချန်း၏ လုပ်ရပ်ကို တန်ဟွားယွီ နားမလည်ချေ။ သူမက ချက်ချင်းပင် သားဖြစ်သူကို မေးခွန်းထုတ်လိုက်သည်။
"ချန်းအာ မင်း ဒါဘာလုပ်တာလဲ"
စုချန်းက ရှင်းပြလိုက်သည်။
"ဒီကိစ္စကို ဖြေရှင်းဖို့ တာဝန်အရှိဆုံးနဲ့ အသင့်တော်ဆုံးလူဟာ အဖေပဲလို့ ကျွန်တော် ခုချိန်ထိ တွေးနေတုန်းပဲ"
ဤပြသနာကို စုချန်းအန်အား ကိုင်တွယ်ခွင့်ပြုလိုက်ပါက ယန့်ဝူရွှန်းအား လွှတ်ပေးလိုက်သည်နှင့် အတူတူသာ ဖြစ်လိမ့်မည်ဟု တန်ဟွားယွီ တွေးမိလိုက်သည်။ သူမ၏ စိတ်ထဲတွင် အော်ဟစ်ငိုကြွေးချင်စိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာ၏။ သို့သော် သားဖြစ်သူ၏ တည်ကြည်ပြတ်သားသော မျက်နှာကို ကြည့်မိသောအခါ အတိုက်အခံ ပြုလုပ်လိုစိတ် မရှိတော့။ ထိုအခါ သူမက ခေါင်းကို ဆတ်ခနဲ ညိတ်ပြရင်း စုချန်းအန်ကို အစိမ်းလိုက်ဝါးစားတော့မည့်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
စုချန်းအန်သည် ခေတ္တခနမျှ တုံ့ဆိုင်းနေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီပြသနာကို နောက်မှ အေးအေးဆေးဆေး ရှင်းကြတာပါ့ကွာ"
စုချန်းက ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။
"မရဘူးအဖေ...အဖေ့ရဲ့ဆုံးဖြတ်ချက်ကို ခုပဲ သိချင်ပါတယ်"
သူ၏ အကြံပြုချက်ကို သားဖြစ်သူက မနာခံမှန်း သိလိုက်ရသောအခါ စုချန်းအန်၏ နှလုံးသားထဲတွင် ဒေါသမီးလျံများသည် ဒုတယအကြိမ်မြောက် တောက်လောင်လာပြန်၏။သူက စိတ်ကိုထိန်းချုပ်ရင်း ပြောလိုက်သည်။
"ချန်းအာ ဒီနေရာမှာ ဧည့်သည်တွေ ဒီလောက်များတာ မင်းလည်းတွေ့သားနဲ့ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်ရတာတောင် မလုံလောက်သေးဘူးလားကွာ"
ဖခင်ဖြစ်သူ၏ စကားကို စုချန်း အနည်းငယ်မျှပင် ဂရုမစိုက်ပါ။ ဂရုမစိုက်သည့် အပြင် သူက ကလေးငယ်ကို အသုံးပြုကာ ခြိမ်းခြောက်လိုက်သေးသည်။
"ဒါဆိုရင်တော့ ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိတော့ဘူး ထင်တယ် မတတ်နိုင်ဘူးလေ ဒီကလေးကို တသက်လုံး ဒီလိုပဲ ပွေ့ချီထားရတော့မှာပေါ့"
ပြောပြောဆိုဆို သူက ကလေးငယ်ကို လေထဲသို့ မြှောက်ကာ ပင့်ကာနှင့် ဆော့ကစားလိုက်၏။ မဆီမဆိုင် လေပေါ်အမြှောက်ခံလိုက်ရသည့် ကလေးငယ်သည် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးကာ ပြင်းထန်စွာ အော်ဟစ်ငိုကြွေးတော့သည်။ စုချန်းအန် မည်သို့မျှ မတတ်သာတော့။ သူက အသက်ကို ပြင်းပြင်းရှုကာ အတန်ကြာအောင် စဉ်းစားပြီး အမိန့်ချမှတ်လိုက်သည်။
"ယန့်ဝူရွှန်းဟာ တစုံတယောက်ကို ဒုက္ခပေးဖို့ အကွက်ကျကျ ကြံစည်ခဲ့တယ် ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်တဲ့ လုပ်ရပ်အတွက် သူမအနေနဲ့ အပြစ်ပေးခံဖို့သင့်တယ် ဒါပေမဲ့ သူမဟာ ခုချိန်ထိ ဟွာအယ်ရဲ့ အမေဖြစ်နေတုန်းပဲ ဒါ့အပြင် ကလေးဟာ အရမ်းငယ်သေးလို့ မအေနဲ့ ခွဲခွာဖို့ မသင့်သေးဘူး ဒီတော့ ဒီကိစ္စကို မင်းလည်းကျေနပ်သွားအောင် သူမကို စတုတ္ထမယ်တော်အရာကနေ အစေခံမိန်းမတယောက်အဖြစ် အဆင့်လျှော့လိုက်တယ်လို့ ဒီကနေ့ဒီနေရာမှာ ငါကြေညာလိုက်တယ်"
စုချန်းအန်၏ အမိန့်ကိုကြားလိုက်ရသောအခါ တန်ဟွားယွီတယောက် ဒေါသအိုး ပေါက်ကွဲသွား၏။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"စုချန်းအန် ဒီမိန်းမက ရှင့်ရဲ့သားကို သတ်ဖို့ကြိုးစားခဲ့တာ ဒါတောင်ရှင်က ဒီမိန်းမကို သေဒဏ်မပေးဘူး အိမ်တော်ကလည်း နှင်မထုတ်ဘူး ရှင်ဟာ တကယ်ပဲ ဒီမိန်းမကို ရှင့်ဘေးနားမှာ ဆက်ထားဖို့ လုပ်နေတာကိုး ရှင်ဘာတွေများ တွေးနေတာလဲ"
စုချန်းအန်က ဒေါသတကြီးနှင့် တုံ့ပြန်လိုက်သည်။
"တိတ်စမ်း ဒီလောက်ဆိုရင်တော်သင့်ပြီ စုချန်းလည်း ဘာမှမဖြစ်ဘူး ယန့်ဝူရွှန်းလည်း အပြစ်ပေးခံပြီးပြီ ကဲ စုချန်း မင်းအနေနဲ့ သူတို့ကို လွှတ်ပေးလို့ရပြီလား"
ဖခင်ဖြစ်သူ စုချန်းအန်၏ အပြုအမူ၊လုပ်ရပ်များကိုကြည့်ရင်း စုချန်း စိတ်ပျက်သွား၏။ အထင်သေးသွား၏။ အမှန်တော့ သူ့ဖခင်သည် သူ့အပေါ် ခံစားချက်တစုံတရာ ကျန်နေသေးသလားဟု သူက စူးစမ်းလိုက်ခြင်း ဖြစ်သည်။ ယန့်ဝူရွှန်းက သူ့အပေါ်သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်းကို ဖော်ထုတ်လိုက်သောအခါ ဖခင်ဖြစ်သူ မည်သို့တုံ့ပြန်မည်ကို သူ သိရှိလို၏။ ဖြစ်နိုင်ချေအများကြီးကို သူကြိုတင်တွေးထား၏။ သို့သော် သူ့ဖခင်က ယန့်ဝူရွှန်းကို အဆုံးစွန်ထိ ကာကွယ်လိမ့်မည်ဟုကား သူလုံးဝ မမျှော်လင့်ထားချေ။
စုချန်းအန်သည် စုမျိုးနွယ်စု၏ စည်းကမ်းများကို လက်တလုံးခြား လုပ်ခဲ့လေပြီ။ ယန့်ဝူရွှန်းကို အစေခံအဖြစ် ရာထူးချခြင်းမှာ ရယ်ဖွယ်ရာကောင်းလှပေ၏။ ကြည့်ရသည်မှာ သူ့ဖခင်သည် သူ့ကို လူနုံလူအတယောက်ဟု ယူဆနေပုံရ၏။ မူလစတုတ္ထမယ်တော်အရာ မရှိတော့သော်လည်း စုချန်းအန်က သူမကို နှစ်သက်နေသမျှ၊ ဆက်လက်ထောက်ပံ့နေသမျှ ယန့်ဝူရွှန်း၏ သြဇာအာဏာသည် ဆက်လက်ကြီးထွားနေအုံးမည်သာ။
စုချန်းကို သတ်ဖြတ်ရန်ကြံစည်ခဲ့သူသည် ဤမျှလောက်သော ပြစ်ဒဏ်နှင့်သာ ထိုက်တန်သလားဟု မေးခွန်းထုတ်စရာပင်။ အမှန်တကယ်တော့ စုချန်းအနေနှင့် ဖခင်ဖြစ်သူ၏ အမိန့်ကို ကန့်ကွက်ပိုင်ခွင့်ရှိ၏။ သို့သော် သူ့အနေနှင့် ဆက်လက်၍ အတိုက်အခံလုပ်လိုစိတ် မရှိတော့။ အကြောင်းမှာ သူသည် သူ့ဖခင် စုချန်းအန်အပေါ် အပြီးအပိုင် လက်လျော့လိုက်ပြီ ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် သူက ဤပြစ်ဒဏ်ကိုပင် လက်သင့်ခံရန် ဆုံးဖြတ်လိုက်၏။
ဤနည်းအားဖြင့် နောင်အနာဂါတ်တွင် ယန့်ဝူရွှန်းကို မြင်တိုင်း စုချန်းအန်အပေါ် မည်သည့်မျှော်လင့်ချက်မှ မထားမိစေရန် မိမိကိုယ်မိမိ ပြန်လည် သတိပေးနေမိမည် ဖြစ်သည်။ ထိုအတွေးကြောင့် စုချန်းက ဆက်လက်တိုက်ခိုက်ရန် လက်လျော့လိုက်ခြင်း ဖြစ်သည်။
ထိုအခါ သူက ခေါင်းညိတ်ရင်း ပြောလိုက်၏။
"သူတို့ကို လွှတ်ပေးရတာက ပြသနာမရှိပါဘူး ဒါပေမဲ့ ကျွန်တော့မှာ တောင်းဆိုချက်တခု ရှိသေးတယ်"
စချန်းအန်က လက်ခံလိုက်သည်။
"ပြော"
စုချန်းက ပြောလိုက်သည်။
"ဒီကနေ့ကစပြီး စစ်မှန်တဲ့ကျောက်စိမ်းနန်းတော်၊ ကြီးမြတ်တဲ့ ကောင်းချီးမင်္ဂလာမျှော်စင်၊ ယန်ပြန်လှည့်ခြင်းဆိုင်နဲ့ အနီရောင်တောအုပ်တို့ကို ကျွန်တော်ရဲ့ အုပ်ချုပ်မှုအောက်ထဲ ထည့်ပေးရမယ် သူတို့အားလုံးကို စုမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုလို့ နောက်ထပ်သတ်မှတ်ခြင်း မရှိစေရဘူး"
စုချန်းပြောလိုက်သည့် စီးပွားရေးလုပ်ငန်းလေးမျိုးလုံးသည် တန်ဟွားယွီတယောက် စုချန်းအန်နှင့် စေ့စပ်ချိန်တွင် တန်မိသားစုဘက်မှ အမွေပေးလိုက်သော လုပ်ငန်းများဖြစ်သည်။ ဤယနေ့တွင်ကား အဆိုပါ စီးပွားရေးလုပ်ငန်းများကို ပြန်လိုချင်သည်ဟု ပွင့်ပွင့်လင်းလင်းပင် အရေးဆိုလိုက်လေပြီ။ စုချန်း၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ စုချန်းအန်၏ စိတ်ထဲတွင် တစုံတခုကို နားလည်သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ သူက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ဧည့်သည်များအားလုံးကို ဝေ့ကြည့်ကာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ငါသဘောတူတယ်"
စုချန်းအန်၏ သဘောတူညီချက်ကိုရသည်နှင့် စုချန်းက ချက်ချင်းပင် ကလေးငယ်ကို လက်လွှဲပေးလိုက်၏။ စတုတ္ထမယ်တော်တဖြစ်လဲ အစေခံမသည် ကလေးငယ်ကို လှမ်းယူကာ နေရာမှ ဘေးသို့လှိမ့်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် စုချန်းသည် ယခုအချိန်ထိ သူ့ခြေထောက်ကို မဖယ်ပေးသေးချေ။
"စုချန်း ခုချိန်ထိ မင်းရဲ့ စတုတ္ထမယ်တော်ကို မလွှတ်ပေးသေးဘူးလား"
စုချန်းအန်၏ စကားကို ကြားလိုက်ရသောအခါ စုချန်း၏ နှုတ်ခမ်းထောင့်အစုံသည် တွန့်သွားပြီး မဲ့ပြုံးတမျိုး ပေါ်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
"စတုတ္ထမယ်တော်ဟုတ်လား အဖေ...အဖေ့ကိုကြည့်ရတာ ခုနလေးတင်ပဲ ယန့်ဝူရွှန်းကို အစေခံအဖြစ် ရာထူးချလိုက်တာကို မေ့သွားပြီထင်တယ် ကျွန်တော့ညာဖက်ဘေးမှာ ရပ်နေတဲ့မိန်းမဟာ စတုတ္ထမယ်တော်မဟုတ်တော့ဘူး သာမာန်အစေခံမတယောက် ဖြစ်သွားပြီလေ"
စုချန်းက စကားအဖြစ်သာ ပြောလိုက်သည်။ ယန့်ဝူရွှန်းကို ဖိနင်းထားသော ခြေထောက်ကိုတော့ ရွှေ့ပေးလိုက်၏။ ဤတကြိမ်တွင်တော့ ယန့်ဝူရွှန်းတယောက် လွတ်လပ်သွားခဲ့ပေပြီ။ ထို့နောက် စုချန်းက ပြောလိုက်သည်။
"ဂုဏ်ပြုပါတယ် စတုတ္ထမြောက် အစေခံမကြီး ခင်ဗျား အခု လွတ်လပ်သွားပြီ ဒါပေမဲ့ မလွှတ်ပေးသေးခင် ခင်ဗျားကို ကျွန်တော် လက်ဆောင်တခု ပေးစရာရှိသေးတယ်"
ယန့်ဝူရွှန်းခမျာ နဝေတိမ်တောင် ဖြစ်သွားရှာ၏။
"ဘာ....ဘာပြောတာလဲကွဲ့"
စုချန်း၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။ စုချန်း၏ အပြုံးကို မြင်သည်နှင့် စုချန်းအန် မျက်လုံးပြူးသွားသည်။ သူက လွှတ်ခနဲ အော်ဟစ်တားမြစ်လိုက်သည်။
"မလုပ်နဲ့"
သို့သော် စုချန်းအန်၏ တားမြစ်မှုက လက်မတင်လေး နောက်ကျသွားခဲ့လေပြီ။ ထိုအချိန်တွင် စုချန်းသည် ယန့်ဝူရွှန်း၏ ကုပ်ကို ဖြတ်ခနဲ ဆုပ်ကိုင်ကာ ရာပေါင်းများစွာသော နဂါးရုပ်များနှင့် ပုံဖော်ထွင်းထုထားသည် ကြီးမားလုံးဝန်းသည့် စားပွဲခုံကြီးနှင့် ရက်ရက်စက်စက်ပင် ဆောင့်ချခဲ့လေပြီတကား။