← Chapters

ညတစ္ဆေ

Vol. 5 Ch. 43

ညတစ္ဆေ

Vol. 5 Ch. 43

"ဖြောင်း"

သစ်သားအပိုင်းအစများ နေရာအနှံ့သို့ ပျံ့လွင့်သွား၏။

ယန့်ဝူရွှန်း၏မျက်နှာနှင့် သစ်သားစားပွဲခုံကြီး လှလှပပ မိတ်ဆက်မိချိန်တွင် ဧည့်ပရိတ်များ အားလုံးလိုလိုသည် အသက်ရှုရပ်မတတ် ထိတ်လန့်ကုန်ကြ၏။ အလွန်တရာ မာကျောလှသော သစ်သားစားပွဲခုံကြီးပင် တစစီ ကြေမွကုန်ရာ စုချန်းအသုံးပြုလိုက်သော အင်အား မည်မျှပြင်းထန်မည်ကို တွက်ဆနိုင်ပေသည်။

ယန့်ဝူရွှန်း၏ မျက်နှာသည်ကား သစ်သားစားပွဲခုံနှင့် ရိုက်မိသည်နှင့် တပြိုင်နက် ချက်ချင်းပင် ရောင်ကိုင်းလာ၏။ မြင်ရသူအပါင်း ရင်သပ်ရှုမောလောက်အောင် လှပသော မျက်နှာသည် ယခုအချိန်တွင် မလှပနိုင်တော့ပဲ ဝက်တကောင်၏ ဦးခေါင်းပမာ နီရဲပြောင်တင်းကာ ကြောက်မက်ဖွယ်ရာ ဖူးဖူးရောင်နေ၏။ ၎င်းကို မြင်ရသည်မှာ အမှန်တကယ်ပင် သွေးပျက်စရာ ကောင်းလှသည်။

စုချန်း!!!!

ငြီးငြူသံမျှပင် မထွက်နိုင်တော့ပဲ မြေကြီးပေါ်တွင် လဲကျနေသော ယန့်ဝူရွှန်း၏ အဖြစ်အပျက်ကို မြင်တွေ့ရသောအခါ စုချန်းအန်က သတိလက်လွတ် အော်ဟစ်လိုက်မိသည်။ သူ့နှလုံးသားမှာ ပြင်းထန်စွာ နာကျင်လာပြီး ဒေါသမီးလျံများ တဟုန်းဟုန်း တောက်လောင်လာ၏။

စုချန်းက ဂရုမစိုက်ပါ။ သူက လက်ကို ပြန်ရုတ်ရင်း ပြောလိုက်သည်။

"ကြည့်ရတာ စိတ်ဝင်စားစရာပဲ"

ထို့နောက် သူက ချာခနဲ လှည့်ထွက်သွားလေသည်။ စုချန်း၏ ကျောပြင်ကို ကြည့်နေရင်း စုချန်းအန်ခမျာ ဒေါသထွက်လွန်း၍ တကုန်လုံး တုန်ခါနေ၏။ နောက်ဆုံးတွင်ကား သူသည် တခွန်းတည်းသော ဆဲရဲမှုကိုသာ ပြုလုပ်နိုင်တော့သည်။

"ခွေးမသား"

________________×××________________×××_________

မွေးနေ့မင်္ဂလာပွဲကြီးကား ရုပ်ပျက်ဆင်းပျက်နှင့် ပြီးဆုံးသွားခဲ့လေပြီ။ ထိုနေ့တွင် ရောက်ရှိလာသော ဧည့်ပရိသတ်အပေါင်းတို့သည် စုချန်း၏ မကျေနပ်မှု၊ သွေးဆာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။ အဆိုပါမြင်ကွင်းသည် ထိတ်လန့်စရာကောင်းသော လူငယ်သခင်လေး၏ လုပ်ရပ်ကို မြင်တွေ့ခဲ့ရသော လူတိုင်း၏ နှလုံးသားအတွင်းဝယ် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုတို့ကို ဖြစ်ပေါ်စေခဲ့၏။

သို့သော် မည်သူမျှ ကြိုတင်မသိရှိနိုင်ခဲ့သည်မှာ သိပ်မဝေးလှတော့သည့် အနာဂါတ်တွင် အဆိုပါ မဆိုစလောက် ကြောက်ရွံံ့မှုသည် လူတိုင်းကို ခေါင်းကိုက်စေမည့် ခြိမ်းခြောက်မှုကြီးတရပ် ဖြစ်လာတော့မည် ဟူသည့်အချက်ကိုပင် ဖြစ်သည်။

မိထွေးတော် ယန့်ဝူရွှန်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပြီးနောက် စုချန်းသည် သူ့မိခင် တန်ဟွားယွီ၊ သူ့ဦးရီးတော် စုဖေးဟူနှင့်အတူ အိမ်ကိုပြန်လာခဲ့၏။ တန်ဟွားယွီသည် သူမသိချင်နေသာ မေးခွန်းများကို ထပ်ခါထပ်ခါ မေးမြန်းနေရာ စုချန်းမှာ မနေသာတော့။ နောက်ဆုံးတွင် သူက အနီရောင်တောင်ကြောတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အချို့ကို အကျဉ်းချုံးကာ ပြောပြလိုက်ရလေသည်။

အမှန်တကယ်တော့ စုချန်းသည် သူအမှန်တကယ် ကြုံတွေ့ခဲ့ရသည့် ရက်စက်ပြင်းထန်လှသော တိုက်ပွဲများအကြောင်းကို အမှန်အတိုင်း ပြောပြခဲ့ခြင်း မဟုတ်။ သူ့မိခင်မှာ သူ့ကို အလွန်တရာ ချစ်မြတ်နိုးလှ၏။ အမှန်အတိုင်းသာ ပြောလိုက်ပါက သွေးလန့်သွားလောက်ပေ၏။ ထိုအခါ သူက သူ့အမေ စိတ်သက်သာရအောင် ဖြီးဖြန်းပြောဆိုရတော့သည်။ သူဖြီးဖြန်းပုံမှာ အောက်ပါအတိုင်း ဖြစ်၏။

အနီရောင်တောင်ကြောအတွင်းသို့ စတင်ဝင်ရောက်မိသည်နှင့် သူသည် အလွန်ကြင်နာတတ်သော လူတယောက်နှင့် တွေ့ဆုံခဲ့ကြာင်း၊ ထိုလူက သူနေထိုင်သော အလွန် လုံခြုံစိတ်ချရသည့် ဂူတဂူသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရက်ပေါင်းတစ်ရာအတွင်းဝယ် သူကြုံတွေ့ခဲ့ရသော သတ္တဝါဟူ၍ သာမာန် တောရိုင်းတိရိစ္ဆာန်နှစ်ကောင်သာ ရှိကြောင်း၊ အဆိုပါ တောရိုင်းတိရိစ္ဆာန်နှစ်ကောင်ကို ထိုလူ၏ အကူအညီနှင့် သက်တောင့်သက်သာပင် အနိုင်ယူနိုင်ခဲ့ကြောင်း စသည်ဖြင့် ဖြီးဖြန်းလိုက်ခြင်း ဖြစ်သည်။ ထိုမျှလောက် ကြားရရုံနှင့် သူ့သားသည် အိမ်မွေးကြောင်တကောင်ကိုပင် အနိုင်မယူနိုင်လောက်ဟု ယူဆနေသည့်အလား တန်ဟွားယွီခမျာ ထိတ်လန့်တုန်လှုပ်နေရှာ၏။

သို့သာ် စုချန်း၏ ဖြီးလုံးဖြန်းလုံးတို့ကို စုဖေးဟူကတော့ ယုံကြည်ပုံမရ။ သူက စုချန်းကို အဓိပ္ပါယ်ပါပါ ကြည့်နေ၏။ သူ့မျက်လုံးအစုံမှာကား သံသယများနှင့် ပြည့်နှက်နေလေသည်။ သူ တိတိကျကျ ပြောနိုင်သည်မှာ စုချန်းသည် တစုံတရာကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်းပင် ဖြစ်သည်။ သို့သော် အဆိုပါ တစုံတရာကို မည်သည့်အရာမှန်းတော့ စုဖေးဟူက တိတိကျကျ မခန့်မှန်းနိုင်ပြန်။

ထို့နောက် စုချန်းသည် မိခင်ဖြစ်သူ အိပ်မောကျသည်အထိ စောင့်ဆိုင်းပေးပြီး မိခင်နှင့် စကားလက်ဆုံ ပြောဆို၏။ ထို့နောက် သူသည် မြူခိုးအဆောင်သို့ တယောက်တည်း လမ်းလျှောက်ပြန်လာခဲ့လေသည်။ အခန်းသို့ပြန်လည်ရောက်ရှိသည်နှင့် စုချန်းက ကျန်းစင်းနှင့် ကျန်သောအစေခံများအားလုံးကို မောင်းထုတ်လိုက်၏။ အခန်းတွင်းဝယ် သူ့ကိုစောင့်ဆိုင်းနေသူတယောက် ရှိနေသည် မဟုတ်ပါလား။ အရိပ် သို့မဟုတ် အနက်ရောင် ဝတ်ဆင်ထားသူသည် အခန်းတွင်း၌ ကြိုတင်ရောက်ရှိနေမည်မှာ သေချာလှသည်။ စုချန်းက ပြောလိုက်၏။

"ကဲ ထွက်ခဲ့ပါတော့ဗျာ ခင်ဗျား ထွက်လာလို့ရပါပြီ"

အနက်ရောင်ဝတ်ဆင်ထားသူ၏ ပုံရိပ်သည် ဖြတ်ခနဲ စုချန်း၏ မြင်ကွင်းရှေ့သို့ ရောက်ရှိလာ၏။

"ဒီတကြိမ်မှာ အသက်ရှုနှုန်းကိုရော နှလုံးခုန်သံကိုရော ထိန်းချုပ်ထားတယ် ကျုပ်ရောက်နေမှန်း မင်းဘယ်လိုလုပ် သိလိုက်တာလဲ"

သူ့လေသံသည် အတော်လေး မကျေမချမ်း ဖြစ်နေဟန်ပေါ်၏။ စိတ်ရှုပ်ထွေးနေဟန်ပေါ်၏။ စုချန်းက ကိုယ့်ကိုယ်ကို သဘောကျရင်း ကြိတ်ရယ်လိုက်သည်။ သူတွေးတောနေသည်မှာကား

"ဘာလဲ ခင်ဗျားကို အလွယ်တကူနဲ့ ရှာဖွေမတွေ့ရဘူးလို့ တန်ခိုးရှင်တပါးပါးက ကန့်သတ်ထားလို့လား ခင်ဗျားက အဲဒီမှာ မလှုပ်မရှား မတ်တပ်ရပ်နေတယ် ကျွန်တော်ကလည်း ခင်ဗျားကို ချက်ချင်းပဲ မြင်တွေ့လိုက်တယ်" ဟူ၍ ဖြစ်သည်။

သို့သော် အတွေးဟူသည်မှာ အတွေးသာ ဖြစ်သည်။ စုချန်းပါးစပ်မှ အမှန်တကယ် ပြောဆိုလိုက်သည့် စကားမှာကား

" ခင်ဗျားတို့ရဲ့ အစီအစဉ်ဟာ ကျွန်တော် အသက်ရှင်မရှင်ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေတယ် ကျွန်တော့အနေနဲ့ကလည်း မဖြစ်မနေ အသက်ရှင်သန်ခွင့်ရအောင် ကြိုးစားချင်တယ် ဒါကြောင့် ခင်ဗျားတို့ဆီက မူလကိရိယာလေးမျိုးကို ငှားရမ်းခဲ့တယ် ဒီတော့ ကျွန်တော်ပြန်ရောက်လာပြီဆိုတာ သိတာနဲ့ ခင်ဗျားအနေနဲ့ ငှားထားတဲ့ပစ္စည်းတွေကို ပြန်သိမ်းဖို့ ဒီကိုရောက်မလာပဲ ဘယ်နေပါ့မလဲ ကျွန်တော်က အမှတ်တမဲ့နဲ့ ခေါ်ကြည့်လိုက်တာပါ လက်စသတ်တော့ ခင်ဗျား တကယ်ပဲ ရောက်နေတာကိုးဗျ"

ထိုအခါကျမှ အနက်ရောင်ဝတ်ဆင်ထားသူက စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းတချက်ကို ကြိတ်၍ ချလိုက်သည်။ သူက မေးလိုက်၏။

"ဒီတော့ မင်းက ရမ်းတုတ်လိုက်တာပေါ့ ဟုတ်လား"

စုချန်း ကြိတ်ပြုံးလိုက်၏။ အနက်ရောင်ဝတ်ဆင်ထားသူသည် သနားစရာကောင်းလောက်အောင် အယုံလွယ်ကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ သူက ရယ်မောလိုစိတ်ကို ထိန်းချုပ်ရင်း စကားဆက်သည်။

"ဒီတော့ ခင်ဗျား ဒီကိုရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ ခင်ဗျား ဘာမှမစားရသေးဘူးထင်တယ် ဟုတ်ရဲ့လား ကျွန်တော် ခင်ဗျားအတွက် စားစရာတချို့ ယူလာတယ်"

ထို့နောက် သူက ဂျုံနှင့်ထောပတ်တို့ကို ရောနယ်ပြုလုပ်ထားသော မုန့်များထည့်လာသည့် အိတ်ကလေးကို အမှတ်တမဲ့နှင့် ဆွဲထုတ်လိုက်သည်။ အနှီမုန့်များသည် သူမပြန်ခင် သူ့အမေထည့်ပေးလိုက်သည့် မုန့်များဖြစ်သည်။ စုချန်း၏ ပုံစံကိုကြည့်ရသည်မှာ ထိုမုန့်များကို အနည်းငယ်မှ နှစ်သက်ဟန်မတူ။ မုန့်အိတ်တအိတ်လုံးကို အနက်ရောင်ဝတ်ဆင်ထားသူအား ရက်ရက်ရောရောနှင့်ပင် ပေးလိုက်လေသည်။

အနက်ရောင်ဝတ်ဆင်ထားသူသည် တစုံတရာမျှ သံသယရှိဟန်မတူ။ သူ့ကိုကြည့်ရသည်မှာ အလွန်တရာ ဆာလောင်နေပုံပေါ်၏။ သူက မုန့်များအားလုံးကို အချိန်အနည်းငယ်အတွင်း ပြောင်သလင်းခါအောင် စားသောက်ပစ်လိုက်လေသည်။ သူ့မျက်လုံးများသည် တဖိတ်ဖိတ် ဝင်းလက်တာက်ပလာ၏။ ထို့နောက် သူက ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။

"သိပ်ကောင်းတာပဲ မုန့်တွေက တော်တော် အရသာရှိတယ်"

စုချန်းကား အနည်းငယ်မျှ အလျင်လိုဟန်မတူ။ တဖက်လူ စားသောက်ပြီးစီးသည်အထိ သူက စိတ်အေးလက်အေးနှင့် စောင့်ဆိုင်းနေ၏။ ထိုသူ စားသောက်ပြီးစီးသွားဟန်ပေါ်မှ သူက စကားစသည်။

" အနီရောင်နယ်မြေကနေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်တာ ဒီ ကိရိယာလေးမျိုးကြောင့်ပဲ ကျွန်တော့အနေနဲ့ ဒီပစ္စည်းတွေကို ပိုင်ရှင်အမှန်လက်ထဲ သိပ်ကို ပြန်ပေးသင့်တာပေါ့"

ပြောပြောဆိုဆို သူက ကျောတွင်လွယ်ပိုးထားသောအိတ်ကို အနက်ရောင်ဝတ်ဆင်ထားသူ၏ ရှေ့သို့ ချပေးလိုက်သည်။ အနက်ရောင်ဝတ်ဆင်ထားသူကလည်း အိတ်ကိုလမ်းယူရင်း စေ့စေ့စပ်စပ်ပင် လှန်လှောကြည့်ရှုလိုက်သည်။ အိတ်အတွင်း၌ကား အသုံးမပြုရသေးသော ဆေးပုလင်းများ၊ ကွဲအက်နေသာ မှော်ပုလဲများ၊ မူလကျောက်တုံးများ နှင့် မူလကိရိယာများသည် အစီအရီ ရှိနေကြ၏။ မလကျောက်တုံးများကိုကား စုချန်းထံသို့ ပေးအပ်ပြီးကတည်းက အနက်ရောင်ဝတ်စုံနှင့်လူသည် မည်သည့်အခါကမျှ ပြန်လည်ရရှိရန် မျှော်လင့်ထားပုံမရ။

ပစ္စည်းများကို စစ်ဆေးပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းကို ဆတ်ခနဲညိတ်ရင်း ပြောလိုက်သည်။

"အကုန်လုံးအဆင်ပြေတယ်ဆိုတော့ ငါ့အနေနဲ့ နှုတ်ဆက်ချိန်တန်ပြီထင်တယ်"

ထိုအခါ စုချန်းက ဟန့်တားလိုက်သည်။

"ခနနေပါအုံးဗျ"

အနက်ရောင်ဝတ်ဆင်ထားသူ၏ မျက်လုံးများက တစုံတရာကို သတိထားဟန် ပေါ်လာ၏။ သူက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်း ဘာလိုချင်လို့လဲ"

"စိတ်ပျက်စရာလူပဲ ခုမှလာပြီး သတိထားနေတယ် ခနက အားရပါးရ စားနေတုန်းတော့ ဘာကြောင့် သတိမထားတာတုန်း အချိန်ခနလေးဟာ ခင်ဗျားကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ လုံလောက်တယ်ဆိုတာ ခင်ဗျား မသိဘူးထင်တယ်"

အထက်ပါ စကားများသည် စုချန်း၏ စိတ်ထဲတွင် ကျိတ်၍ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။ သို့သော် သူတကယ်တမ်း ပြောလိုက်သည့်စကားမှာကား တမျိုးဖြစ်၏။

"အော် ဒီလိုပါ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ ကျွန်တော် သိချင်လို့ပါ ဒီကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ သုံးလေးကြိမ်လောက် တွေ့ဆုံခဲ့ပြီးပြီ ဒါပေမဲ့ ခုချိန်ထိ ခင်ဗျားရဲ့နာမည်ကို ကျွန်တော် မသိသေးဘူး အမြဲတမ်း အနက်ရောင်ဝတ်စုံနဲ့လူဆိုပြီး ခေါ်နေလို့လည်း မသင့်တော်ဘူးလေဗျာ ဟုတ်တယ်မလား"

ထိုလူက ခေတ္တမျှတုံ့ဆိုင်းပြီး ပြောလိုက်သည်။

"ဒီကိစ္စတွေ ပြီးသွားပြီဆိုတော့ မင်းနဲ့ကျုပ်နဲ့ တွေ့စရာအကြောင်းမရှိတော့ဘူးလေ နာမည်သိတော့ ဘာထူးမှာလည်း "

စုချန်းက ပြောလိုက်သည်။

"မဟုတ်သေးဘူးဗျ ကျွန်တော့အနေနဲ့ ခင်ဗျားကိုအကူအညီတောင်းစရာတချို့ ရှိနေသေးတယ်"

အနက်ရောင်ဝတ်စုံနှင့်လူက ချက်ချင်း တုံ့ပြန်လိုက်သည်။

"စုချန်း မင်းအနေနဲ့ အဲဒီလောက်ထိ မရဲတင်းသင့်ဘူးကွ"

"ခနနေစမ်းပါအုံး ကျွန်တော့အနေနဲ့ စကားကို ဆုံးအောင်ပြောပါရစေဗျာ"

စုချန်းက တောင်းပန်လိုက်၏။ ထို့နောက် သူက စကားဆက်သည်။

"ကျွန်တော့အနေနဲ့ အလယ်အလတ်အဆင့် မူလစွမ်းအင် စုပ်ယူခြင်း မွေးမြူခြင်း နည်းလမ်းနဲ့ မူလစွမ်းရည်နှစ်မျိုးကို အလိုရှိနေတယ် ဒါပေမဲ့ ခင်ဗျား ဒါတွေကို အလကားပေးစရာ မလိုဘူး ကျွန်တော်က တန်ရာတန်ကြေးပေးပြီး ဝယ်ယူပါ့မယ်"

အနက်ရောင်ဝတ်ဆင်ထားသူ၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ သူက အံ့သြခြင်းကြီးစွာနှင့် မေးလိုက်သည်။

"မင်းက ချီစုဆောင်းခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီပေါ့ ဟုတ်လား"

စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"သိပ်တော့မသေချာသေးဘူး ဒါပေမဲ့ ဒီခရီးစဉ်က ကျွန်တော့အတွက် အတော်လေး အကျိုးရှိခဲ့တယ်... ခင်ဗျားလည်း သိပြီးသား ဖြစ်မှာပါ ကျွန်တော့ရဲ့အဆင့်ဟာ နတ်ဘုရားကိုယ်ထည် အဆင့်ကိုးအလွှာထဲမှာပဲ ရှိနေသေးတယ်ဆိုတာ ဒါပေမဲ့ အနီရောင်တောင်ကြောမှာ ရက်ပေါင်းတစ်ရာတိတိ လေ့ကျင့်ပြီးတဲ့နောက် ကျွန်တော်ဟာ နတ်ဘုရားကိုယ်ထည်နောက်ဆုံးအဆင့်ကို ရောက်ရှိနိုင်ခဲ့ပြီ ဒီတော့ သိပ်မကြာခင်မှာပဲ ကျွန်တော်ဟာ ချီစွမ်းအားစုဆောင်းခြင်း နယ်ပယ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ် အနှေးနဲ့ အမြန် ဒီကိစ္စဟာ ဖြစ်လာတော့မှာပဲဗျ"

စုချန်းအနေနှင့် သူ၏ တိုးတက်မှုကို ဖုံးကွယ်ထားရန် အနည်းငယ်မျှ မရည်ရွယ်ထားချေ။ သူ့အနေနှင့် လုပ်ဆောင်ရန် လိုအပ်သည်မှာ သူရရှိထားသည့် အောင်မြင်မှုထက် အနည်းငယ် လျှော့ပြောရန်သာ ဖြစ်သည်။ နောက်ပိုင်းတွင်ကား အရာအားလုံးသည် အလိုအလျောက် နေသားတကျ ဖြစ်သွားပေလိမ့်မည်။

မူလစွမ်းအင်စုပ်ယူခြင်း အခြေခံနည်းလမ်းဟူသည်မှာ နတ်ဘုရားကိုယ်ထည်ကျင့်စဉ် လေ့ကျင့်သူများအတွက်သာ အထူးသင့်လျော်သည့် နည်းလမ်းဖြစ်သည်။ ချီစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်မိသည့်အချိန်တွင် ထိုသူသည် အားကောင်းလာသော စုပ်ယူခြင်းစွမ်းရည်နှင့် ပိုပြီး လိုက်လျောညီထွေဖြစ်သည့် စွမ်းအင်ပြည့်ဝသော၊ ထူးခြားသော နည်းစနစ်မျိုးကို လိုအပ်လာ၏။

စုပ်ယူခြင်းနည်းလမ်းများကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပညာရှင်အဆင့်ဟူ၍ ခွဲခြားထား၏။ သို့သော် ကိုယ်ခန္ဓာစွမ်းအားများစုဆောင်းရာတွင်ကား မည်သည့် အကန့်အသတ်မျှ မရှိပဲ မိမိစိတ်ကြိုက် လေ့ကျင့်နိုင်လေသည်။ ဆိုလိုသည်မှာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးသူများသည် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုပြီး မိမိသဘောကျ စုပ်ယူနိုင်၏။ ဤနေရာတွင် တခုတည်းသော ကန့်သတ်ချက်မှာ ပညာရှင်အဆင့် စုပ်ယူခြင်းနည်းလမ်းကို ရရှိရန် ပိုမိုခက်ခဲခြင်း ဖြစ်သည်။

စုချန်းအနေနှင့် ပညာရှင်အဆင့် စုပ်ယူခြင်းနည်းလမ်းကို တောင်းဆိုရလောက်သည်အထိတော့ မဝံ့ရဲချေ။ ထို့ကြောင့် သူက အလယ်အလတ်အဆင့် စုပ်ယူခြင်းနည်းလမ်းကိုသာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်လူက စုချန်း၏ စကားကို ယုံကြည်သွားပုံရသည်။ သူက ပြောလိုက်၏။

"ထားပါတော့ ဒါပေမဲ့ ငါမေးချင်တာတခုက မင်းတို့စုမျိုးနွယ်စုမှာ စုပ်ယူခြင်းနည်းလမ်းတွေ၊ မူလစွမ်းရည်တွေနဲ့ ပတ်သက်တာ ဘာမှမရှိဘူးလား မင်းဟာ စုမျိုးနွယ်ရဲ့ တတိယမျိုးဆက်သခင်လေးပဲ မင်းအနေနဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီဆိုရင် မင်းမျိုးနွယ်စုဆီက ဒီနည်းလမ်းတွေကို အလကား တောင်းခံပိုင်ခွင့် ရှိနေတာပဲလေ"

စုချန်းက မေးလိုက်သည်။

"ကျွန်တော် ပြန်ရောက်တဲ့ညက ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား မသိသေးဘူးလား"

အနက်ရောင်ဝတ်ဆင်ထားသူက ခေါင်းညိတ်လိုက်သည်။

"ငါသိပြီးသားပါ မင်းမှာ အတော်ရွံစရာကောင်းတဲ့ ဖခင်တယောက် ပိုင်ဆိုင်ထားတာပဲ"

စုချန်းက ပြောလိုက်၏။

"ဒါကြောင့်မို့လို့ ပြောတာပေါ့ ကျွန်တော့အနေနဲ့ စုမျိုးနွယ်ရဲ့ အကူအညီကို ဘယ်တော့မှ ထပ်မယူတော့ဘူးလို့ ဆုံးဖြတ်ထားတယ်"

"အော် အဲလိုလား"

နောက်ဆုံးတွင်တော့ အနက်ရောင်ဝတ်ဆင်ထားသူသည် စုချန်း၏ ခံစားချက်၊ စိတ်ကူးစိတ်သန်းနှင့် ရည်ရွယ်ချက်တို့ကို နားလည်သဘောပေါက်လာ၏။ စုချန်းသည် စုမျိုးနွယ်စုကို သံယောဇဉ်ဖြတ်ရန် စတင်ကြိုးစားနေခဲ့ပြီ ဖြစ်သည်။ တနည်းအားဖြင့် သူသည် သူနှင့် စုမျိုးနွယ်စု၏ ကြားတွင် မမြင်နိုင်သော စည်းတချောင်းဖြင့် ခြားနားထားရန် ကြိုးစားနေသည်ဟု ဆိုသော်ရ၏။ ထိုအလုပ်သည် နှေးကွေးကောင်း နှေးကွေးပေလိမ့်မည်။ သို့သော် တနေ့နေ့ တချိန်ချိန်တွင်ကား အောင်မြင်သွားပေလိမ့်မည်။

အမှန်တကယ်တော့ စုချန်း၏ လုပ်ရပ်သည် သူ့မျိုးနွယ်စုနှင့် သံယောဇဉ်ဖြတ်ရန် ကြိုးစားနေသကဲ့သို့ တဖက်တွင်လည်း သူ့မျိုးနွယ်စုကို ကာကွယ်ရန် ကြိုးစားနေသည်နှင့် တူ၏။ သူသည် ကြီးမားသောအဖွဲ့အစည်းတခုကို အကျပ်ကိုင် ငွေညှစ်ခဲ့ပြီး ဖြစ်သည်။ ထိုအတွက် အကျိုးဆက်သည် မည်သို့ဖြစ်လာမည်မှန်း ဘုရားသခင်မှသာ သိပေလိမ့်မည်။ စုချန်းနှင့် စုမျိုးနွယ်စုအကြား ရန်ငါစည်းခွဲခြားလိုက်ခြင်းသည် တနည်းအားဖြင့် စုမျိုးနွယ်စုကို ကာကွယ်ရာ ရောက်နေပေ၏။

စုချန်းနှင့် စုမျိုးနွယ်စုအကြားရန်ငြိုးသည် အလွန်တရာ နက်ရှိုင်းနေခဲ့ပြီ ဖြစ်သော်လည်း စုချန်းသည် အငှားလက်ကို အသုံးပြု၍ လက်စားချေမည့်သူမျိုးမဟုတ်။ သူက သူမုန်းတီးသည့်သူများကို မိမိ၏ လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပေးမည့် လူစားမျိုးသာ ဖြစ်သည်။

အကယ်၍ သူ့လုပ်ရပ်ကြောင့် စုမျိုးနွယ်စုအပေါ် ကြီးစွာသော ဘေးအန္တရာယ်တမျိုးမျိုး ကျရောက်လာခဲ့လျင် ထိုအဖြစ်အပျက်သည် သူ့မူလရည်ရွယ်ချက်နှင့် လုံးဝ ကွဲပြားသွားပေလိမ့်မည်။ စုမျိုးနွယ်စုအနေနှင့် သူ့ကို မည်မျှ နိုင်ထက်စီးနင်း ဆက်ဆံခဲ့သည်ဖြစ်စေ၊ မျိုးနွယ်စုတခုလုံး ပြိုကွဲပျက်စီးစေသည်အထိတော့ သူ့အနေနှင့် ရက်စက်လိုစိတ် မရှိသေး။

ထိုစဉ် အနက်ရောင်ဝတ်ဆင်ထားသူက မေးလိုက်သည်။

"ကဲ ထားပါတော့ ဒုတိယအကြောင်းပြချက်က ဘာတဲ့လဲ"

အနက်ရောင်ဝတ်ဆင်ထားသူသည် အယုံလွယ်သူမျှသာ ဖြစ်သည်။ လူပြိန်းတယောက်တော့ မဟုတ်။ စုချန်းတွင် ဒုတိယအကြောင်းပြချက်ရှိနေမှန်း ကောင်းကောင်းသိ၏။

ဤတကြိမ်တွင်တော့ စုချန်းက ရိုးရိုးသားသားပင် ပြောလိုက်သည်။

"အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်နဲ့ စုမျိုးနွယ်စုရဲ့ လေ့ကျင့်ပုံနည်းလမ်းတွေနဲ့ သိပ်ပြီး မကိုက်ညီလှဘူးဗျ စုမျိုးနွယ်စုဟာ ချမ်းသာကြွယ်ဝတယ်ဆိုပေမဲ့ နောက်မှပေါ်ပေါက်လာတဲ့ အိမ်တော်အသစ်ပဲ ဒီအဆင့်ရောက်လာအောင် ကျွန်တော့အဖိုးတယောက်တည်း တည်ထောင်ခဲ့တာလို့ ဆိုနိုင်တယ် ဒီတော့ အုတ်မြစ်သိပ်မခိုင်သေးဘူး တနည်းအားဖြင့် ကျွန်တော် လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိဘူးဆိုပါတော့ဗျာ မျိုးနွယ်စုလေးခု ယှဉ်လိုက်ရင် ကျွန်တော်တို့ရဲ့သက်တမ်းက အတိုဆုံးလို့တောင် ဆိုနိုင်တယ် ဒါကြောင့် ကျွန်တော်တို့ နားလည်ထားတဲ့ လေ့ကျင့်ရေးနည်းစနစ်တွေ မူလစွမ်းအင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက သနားစရာကောင်းလောက်အောင် နည်းပါးတယ် ဒါပေမဲ့ ခင်ဗျားရဲ့ အဖွဲ့အစည်းကတော့ မတူဘူး မူလကိရိယာလေးမျိုးကို အလွယ်တကူ ထုတ်ပေးနိုင်တာ ကြည့်ရုံနဲ့ ကျွန်တော့ မိသားစုထက် အဆပေါင်းများစွာ အင်အားကြီးတာကို မြင်သာနေတယ် ဒါကြောင့်ခင်ဗျားတို့မှာ ပိုပြီး အသုံးဝင်မဲ့ လေ့ကျင့်ရေးနည်းလမ်းတွေ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်တယ် ကိုယ်ခန္ဓာစွမ်းအားမွေးမြူတဲ့နေရာမှာ အသုံးမဝင်တဲ့ နည်းလမ်းဆယ်မျိုးထက် အသုံးဝင်မဲ့ နည်းလမ်းတမျိုးကိုပဲ ရွေးချယ်သင့်တယ်လေ"

အမှန်တကယ်တွင်ကား တတိယအကြောင်းပြချက်တခု ကျန်ရှိနေသေး၏။ ၎င်းမှာ စုချန်းသည် ချီစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်ပြီး ဖြစ်ကြောင်းကို ဖုံးကွယ်လိုသောကြောင့် ဖြစ်သည်။ တစုံတယောက်သည် နတ်ဘုရားကိုယ်ထည် လမ်းဆုံလမ်းခွသို့ရောက်ရှိပါက လေ့ကျင့်ရန် နည်းလမ်းများကို စုမျိုးနွယ်စုထံမှ အခမဲ့ တောင်းယူပိုင်ခွင့် ရှိ၏။ သို့သော် စုချန်းသည် ကြောင်လက်သည်းဝှက်သကဲ့သို့ လူစားမျိုးဖြစ်သည်။ မလိုအပ်ပဲ မိမိ၏ အစွမ်းအစကို မည်သည့်အခါမျှ ထုတ်ဖော်ပြသမည်မဟုတ်။ ဆက်လက်လေ့ကျင့်ရန် နည်းလမ်းများကို ပြင်ပအကူအညီဖြင့်သာ လုပ်ဆောင်သွားရန် သူဆုံးဖြတ်ထား၏။ သို့သော် သူ့အနေနှင့် အနက်ရောင်ဝတ်စုံနှင့်လူကို ဤမျှလောက်ထိ ခရေစေ့တွင်းကျ ရှင်းပြနေရန်တော့ မလို။

စုချန်း၏ စကားကိုကြားရသောအခါ အနက်ရောင်ဝတ်စုံနှင့်လူသည် အလွန်တရာ ကျေနပ်အားရလာ၏။ သူက ပြောလိုက်သည်။

"တကယ်လို့ မင်းက အလွန်ထူးခြားတဲ့ ကျင့်စဉ်နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောလာမယ်ဆိုရင် ပုန်းအောင်းနေတဲ့ နဂါးကျောင်းတော်ရဲ့ စာကြည့်တိုက်တောင် ကျုပ်တို့ရဲ့ မသေမျိုး....."

အနက်ရောင်ဝတ်ဆင်ထားသူသည် မထင်မှတ်ပဲ စကားမှားကာ မိမိ အဖွဲ့အစည်း၏ နာမည်ကို ထုတ်ဖော်မိမည်ကဲ့သို့ ဖြစ်သွား၏။ သို့သော် သူက အချိန်မီ ပါးစပ်ပိတ်နိုင်လိုက်သည်။ စုချန်းက ထိုအဖြစ်ကို မသိဟန်ဆောင်ကာ မေးလိုက်သည်။

"ဒီတော့ အပေးအယူဖြစ်မဖြစ်ပဲ ပြောစရာရှိတော့တာပေါ့"

အနက်ရောင်ဝတ်ဆင်ထားသူက ပြောလိုက်သည်။

"ဒီကိစ္စက ကျုပ်တယောက်တည်းနဲ့ မပြီးဘူးကွ ပြန်ပြီး အစီရင်ခံရအုံးမယ်"

သို့သော် ထိုလူ၏ လေသံအရ ထိုကိစ္စမှာ အခက်အခဲ ရှိဟန်မတူ။ စုချန်းက ပြောလိုက်သည်။

"ခုတော့ ခင်ဗျားနာမည်ကို ပြောလို့ရပြီနဲ့တူတယ်"

"မင်းအနေနဲ့ ငါ့ကို ညတစ္ဆေလို့ ခေါ်နိုင်တယ်"

All Chapters