မူလစွမ်းရည်များကို ဝယ်ယူခြင်း
Vol. 5 Ch. 44
နောက်တရက်ညတွင် ညတစ္ဆေပြန်ရောက်လာပြန်သည်။ စုချန်းနှင့် မကြခဏ တွေ့ဆုံရခြင်းကြောင့် အကျွမ်းတဝင် ဖြစ်လာသည်လားတော့မသိ။ ခရီးရောက်မဆိုက် ညတစ္ဆေ၏ နှုတ်ဖျားမှ ပထမဆုံး ထွက်လာသော စကားလုံးမှာ
"ဗိုက်ဆာလိုက်တာဟေ့ မင်းဆီမှာ မနေ့ညက မုန့်အကျန်လေးများ ရှိသေးလား"
စုချန်းကလည်း ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။
"ခနလေးစောင့် ကျွန်တော် ခင်ဗျားအတွက် စားစရာတခုခု ရှာပေးမယ်"
တခနအကြာ စုချန်း ပြန်လည်ရောက်ရှိလာ၏။ သူတွေ့မြင်လိုက်သည်မှာ ညတစ္ဆေသည် သူ့ကုတင်ပေါ်တွင် ခြေနှစ်ချောင်းချကာ ကန့်လန့်ဖြတ်ထိုင်ရင်း ကျောက်တုံးငယ်တတုံးကို ကိုင်တွယ်ဆော့ကစားနေခြင်း ဖြစ်သည်။ ထိုကျောက်တုံးငယ်သည် တချက်တုန်ခါသွားတိုင်း ဖီးနစ်ငှက်တကောင်၏ ငိုသံမျိုးထွက်လာ၏။
စုချန်းက ပြောလိုက်သည်။
"ဒီကျောက်တုံးကို သမုဒ္ဒရာရဲ့အသံလို့ခေါ်တယ် ခင်ဗျားနှစ်သက်တယ်ဆိုရင် ကျုပ်က လက်ဆောင်ပေးလိုက်မယ်"
ညတစ္ဆေက ဂရုမစိုက်သောလေသံနှင့် ပြောလိုက်သည်။
"ကျုပ်သိပြီးသားပါ ဒီကျောက်တုံးဟာ ပင်လယ်ရေမျက်နှာပြင်အောက် ပေပေါင်းသုံးထောင်မှာ တည်ရှိတယ် ပင်လယ်လူသားတွေကပဲ ဒီကျောက်တုံးကို ယူငင်နိုင်တယ် ဒီကျောက်တုံးဟာ မှတ်ညဏ်သေတ္တာကို ပြုလုပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတမျိုးပဲ"
ထိုအခါ စုချန်းက အလွန်အံ့သြသော အမူအရာမျိုး ဟန်ပြုကာ ပြောလိုက်သည်။
"ခင်ဗျား တကယ်ပဲ ပင်လယ်လူသားတွေနဲ့ မှတ်ညဏ်သေတ္တာအကြောင်းကို သိနေတာလား"
ညတစ္ဆေက စုချန်း ကမ်းပေးသော မုန့်များကို လှမ်းယူရင်း ပြောလိုက်သည်။
"မင်းအနေနဲ့ တခြားလူတွေကို သိပ်အထင်မသေးသင့်ဘူး မျိုးစိတ်ကြီးခြောက်မျိုးအကြောင်းကို လူတိုင်းလိုလို မကြားဖူးတဲ့လူ မရှိဘူးကွ"
ဤတကြိမ်တွင်တော့ စုချန်း အမှန်တကယ် အံ့သြသွား၏။
"ခြောက်မျိုး ဟုတ်လား ကျွန်တော်ကတော့ ငါးမျိုးပဲ သိတယ် လူသားမျိုးစိတ်တွေရယ် ဟာပီးစ်( မူရင်းတွင် harpiesဟု ရေးထားသည်။ ဖြစ်နိုင်သည်မှာ အဆိုပါ စကားလုံးသည် harpyဟူသော စကားလုံးမှဆင်းသက်လာပုံရသည်။ harpyဟူသည် ဂရိနှင့် ရောမဒဏ္ဍာရီလာ အမျိုးသမီးဦးခေါင်းနှင့်ကိုယ်၊ အတောင်နှင့် ခြေထောက်ပါ ရက်စက်သော သတ္တဝါတမျိုးဟု အဓိပ္ပါယ်ရသည်။ ဤကား စကားချပ်) မျိုးစိတ်တွေရယ် ပင်လယ်လူသားမျိုးစိတ်တွေရယ် နက္ခတာရာမျိုးစိတ်တွေရယ် ဖျက်ဆီးသူရေဗန်ဂျာမျိုးစိတ်တွေရယ် စုစုပေါင်း ငါးမျိုးပဲ ကြားဖူးတာဗျ နောက်ဆုံးတမျိုးက ဘာတဲ့လဲ"
ညတစ္ဆေက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"အာကင်နစ်လို့ခေါ်တဲ့ လူထူးဆန်း မျိုးစိတ်တွေလေကွာ အာကင်နစ်တွေဟာ ကျန်တဲ့မျိုးစိတ်ငါးမျိုး ပေါင်းတာထက်တောင် သန်မာတယ်ကွ"
စုချန်းက ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့မျိုးစိတ်တွေက ပျောက်ကွယ်သွားပြီလေဗျာ သူတို့တည်ရှိခဲ့တယ်ဆိုတာ သမိုင်းသင်ခန်းစာတွေထဲမှာပဲ ကျန်တော့တာပဲကို"
ညတစ္ဆေက မျက်လုံးကြီးပြူးကာ ပြောလိုက်၏။
"အာကင်နစ်တွေ ပျောက်ကွယ်သွားပြီလို့ မင်းကို ဘယ်သူပြောသလဲ အာကင်နစ်ဆိုတာ ဘယ်တော့မှ မျိုးမသုန်းဘူးကွ လောလောဆယ် သူတို့ အနားယူနေတာပဲရှိတယ်"
စုချန်းက သိပ်မထူးဆန်းသောလေသံနှင့် ပြန်ပြောလိုက်သည်။ ညတစ္ဆေ မချင့်မရဲ ဖြစ်လာစေရန် ဖြစ်သည်။
"ဒီတော့ ဘာဖြစ်သလဲ"
သို့သော် စုချန်း၏ လုပ်ရပ်က အချည်းနှီး ဖြစ်သွား၏။ ညတစ္ဆေသည် ဤယနေ့ညတွင် မလိုလားအပ်သော စကား အတော်များများ ပြောမိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားပုံရ၏။ နောက်ထပ် တခွန်းတပါဒမျှ မပြောတော့ချေ။ ပြောရမည့်အစား သူက လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ စုချန်း၏ အိပ်ယာပေါ်တွင် ပုလဲကုံးပေါင်းများစွာ ပြန့်ကျဲသွား၏။ ပုလဲတလုံးချင်းစီသည် မှုန်ဝါးဝါး အလင်းရောင်များ တောက်ပနေရာ ပုလဲကုံးများစွာ စုပေါင်းလိုက်သောအခါ အလင်းရောင်ထွက်နေသော ဘောလုံးလေးများ စီတန်းနေသကဲ့သို့ ရှုချင့်စဖွယ် ကောင်းနေ၏။
စုချန်း၏ မျက်လုံးထဲတွင် အလင်းရောင်များ ဝင်းလက်သွား၏။ သို့သော် သူက မည်သည့်အရာကိုမျှ သတိမထားမိသကဲ့သို့ ဟန်ဆောင်လိုက်သည်။ ညတစ္ဆေက စကားစသည်။
"မင်းလိုချင်နေတဲ့ ပစ္စည်းတွေက အဲဒီမှာပဲ အချိန်ယူပြီး စိတ်ကြိုက်သာ ရွေးချယ်ပေတော့"
"ကျွန်တော်မှ မျက်လုံးမမြင်ရတာ"
ညတစ္ဆေက ရှင်းပြလိုက်သည်။
"ဘာမှစိတ်မပူနဲ့ ဒီထဲက ကြိုက်တဲ့တခုကိုသာ ရွေးချယ်လိုက် မင်းသိဖို့လိုအပ်တဲ့ အချက်အလက်တွေအကုန်လုံး မင်းအာရုံထဲမှာ အလိုအလျောက် ပေါ်လာလိမ့်မယ် ဒါပေမဲ့ တခုတော့ရှိတယ် ပစ္စည်းတခုချင်းစီတိုင်းမှာ မူလချိပ်ပိတ်ထားတဲ့ ရှိတဲ့အတွက် လောလောဆယ် မင်းအာရုံထဲပေါ်လာမဲ့ အချက်အလက်တွေက အတိုချုပ်ပဲ ဖြစ်နေလိမ့်မယ် စိတ်ကြိုက် ရွေးချယ်ပြီးလို့ ယူမယ်လို့ ဆုံးဖြတ်လိုက်တော့မှ ချိပ်ပိတ်ထားတာက အလိုအလျောက် ပွင့်သွားလိမ့်မယ်"
ညတစ္ဆေသည် ပြောစရာရှိသည်တို့ကို ပြောပြီးသည်နှင့် စုချန်းယူလာသော မုန့်များကို အားရပါးရ စားသောက်လိုက်သည်။ စုချန်းကလည်း အနည်းငယ်မျှ တုံ့ဆိုင်းမနေ။ ပုလဲတကုံးကို ချက်ချင်းပင် ကောက်ယူလိုက်၏။ ညတစ္ဆေ၏ စကားက မှန်လှသည်။ စုချန်း၏ အာရုံထဲတွင် စကားလုံးတချို့ ချက်ချင်းပေါ်ပေါက်လာ၏။
ထိုစကားလုံးများအရ သူရွေးချယ်လိုက်သော ပုလဲကုံးသည် ဝိညာဏ်တံလျပ်နည်းစနစ်၏ မူကွဲတချို့ပေလောဟု စုချန်း တွေးတောမိ၏။ ဤနည်းစနစ်ကို အသုံးပြုလိုက်ပါက အသုံးပြုသူသည် အခြားလူတယောက်၏ စိတ်ကူးစိတ်သန်းများအပေါ် သွားရောက်လွှမ်းမိုးနိုင်၏။ မြတ်စွာဘုရား။ အတော်လေး အင်အားပြင်းထန်လှသည့် စွမ်းရည်ပေတကား။ အလွန်ထူးချွန်သော မူလကိရိယာပြုလုပ်သူ ပညာရှင်များသာ အဆိုပါ ပုလဲကုံးကိုဖန်တီးရန် ဤနည်းစနစ်မျိုးကို အသုံးပြုနိုင်ကြ၏။ တစုံတယောက်အား ဝိညာဏ်တံလျပ်စွမ်းရည် ရရှိစေရန် လေ့ကျင့်ရသည့် နည်းလမ်းများကလည်း အတော်လေး ထူးခြားပေသည်။
ထိုအထိုက်မှာပင် စုချန်းသည် မိုးပျံဖားအသက်ရှုနည်းစနစ်ဟုခေါ်သော အတော်လေး ကောင်းမွန်ပုံရသည့် အလယ်အလတ် စုတ်ယူခြင်း အမှတ်တံဆိပ် ပုလဲကုံးကို ကောက်ယူလိုက်ပြန်သည်။ ဤနည်းစနစ်သည် မိမိကိုယ်တွင်းသို့ မူလစွမ်းအင်များ စီးဝင်သည့်နှုန်းထားကို မြန်ဆန်စေရန် အားကောင်းသော အသက်ရှုနည်းလမ်းတမျိုးကို အသုံးခြင်း ဖြစ်သည်။ မိုးပျံဖားအသက်ရှုနည်းစနစ်သည် အလယ်အလတ်အဆင့် စုပ်ယူခြင်းနည်းစနစ်များတွင် အခြားသော နည်းစနစ်များထက် သာလွန်သည်ဟု သတ်မှတ်နိုင်သော်လည်း ၎င်းတွင် အားနည်းချက်တခု ရှိနေ၏။ ထိုအားနည်းချက်မှာ ဤအသက်ရှုနည်းကို အသုံးပြုရန် ပတ်ဝန်းကျင်အခြအနေ ကန့်သတ်ချက် အလွန်များပြားနေခြင်းပင်။ မိုးပျံဖားအသက်ရှုနည်း အသုံးပြုရန်လိုအပ်သော ပတ်ဝန်းကျင်ကန့်သတ်ချက်တချို့ကို ပြောပြရလျင် အောက်ပါအတိုင်း ဖြစ်သည်။ အနှီအသက်ရှုနည်းကို အသုံးပြုရန် လေကောင်းလေသန့် ပေါများသော နေရာ ဖြစ်နေရန်လို၏။ ပင်လယ်ရေမျက်နှာပြင်အထက် အလွန့်မြင့်မားရန် လို၏။ ထိုမျှသာမကသေး အလွန်ပူပြင်းသော ရာသီဥတုမျိုး ရှိနေရန်လည်း လိုအပ်၏။ အကယ်၍ ဤအသက်ရှုနည်းကို အလုံပိတ်ထားသော အခန်းတခု၌ လေ့ကျင့်မိလျင် ထိုသူသည် အသက်ရှုကျပ်ကာ သေဆုံးသွားနိုင်၏။
စုချန်းအနေနှင့် ဤမျှကြီးမားသော အားနည်းချက်ရှိနေသည့် နည်းစနစ်မျိုးကိုတော့ လက်မခံနိုင်။ ထိုအခါ သူက ပုလဲကုံးကို မူလနေရာတွင် ပြန်ထားကာ နောက်ထပ် ပုလဲတကုံးကို ရွေးချယ်လိုက်ပြန်၏။
ဤတကြိမ် စုချန်းရွေးချယ်လိုက်သည် ပုလဲကုံးတွင်ပါဝင်သည့် မူလစွမ်းရည်မှာကား မိုးကြိုးစုဆောင်းခြင်း နည်းစနစ်ဟု ခေါ်၏။ ဤမူလစွမ်းရည်သည် မိုးကြိုးများကို မဖန်တီးပေးနိုင်သော်လည်း ၎င်းမိုးကြိုးများကိုကား ဆွဲငင်ပေးနိုင်၏။ သို့သော် ဤစွမ်းရည်ကို အသုံးပြုရန်မှာ ပထမဦးဆုံးအနေနှင့် အကြင်သူသည် မိုးကြိုးများ တဝုန်းဝုန်းတဒိုင်းဒိုင်း ပစ်ချနေပြီး လျပ်စီးများ မကြာခဏဝင်းလက်နေသည့် ပတ်ဝန်းကျင်မျိုးတွင် ရောက်ရှိနေရန်လို၏။ သို့မှာသာ ၎င်းသည် မိုးကြိုးများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ သို့သော်ငြားလည်း မိုးကြိုးစုဆောင်းခြင်းစွမ်းရည်ကြောင့် ဖြစ်ပေါ်လာမည့် မိုးကြိုးများသည် ၎င်းကို ဖန်တီးသူ သိုင်းပညာရှင်၏ အဆင့်အတန်းနှင့် ခွန်အားကိုကား ကျော်လွန်နိုင်ခြင်းမရှိ။ ဆိုလိုသည်မှာ ၎င်းခွန်အားရှိသလောက်သာ မိုးကြိုး၏စွမ်းအားက ပြင်းထန်မည်ဖြစ်သည်။ ပိုဆိုးသည်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသည့် နေ့မျိုးတွင် မိုးကြိုးမုန်တိုင်းများသည် အလွန်အင်အားပြည့်ဝသော်လည်း အခြားနေ့များတွင်ကား အထူးတလည် အစွမ်းထက်ခြင်း မရှိပေ။
စုချန်းက အခြားပုလဲတကုံးကို ကောက်ယူလိုက်ပြန်သည်။ ဤတကြိမ် သူကောက်ယူလိုက်သည့် ပုလဲကုံးတွင် ပါဝင်သည့် မူလစွမ်းရည်မှာကား အနက်ရောင်မြူဟု ခေါ်သည်။ ၎င်းသည် အနက်ရောင်မြူအများအပြားကို ထုတ်လွှတ်ပေးနိုင်သဖြင့် ရန်သူ၏ မြင်ကွင်းကို ရှုပ်ထွေးဝေဝါးစေရာ အတော်လေး အသုံးဝင်သည့် စွမ်းရည်ဟု ဆိုနိုင်သည်။ သို့သော်ငြားလည်း ဤစွမ်းရည်ကို အသုံးပြုနိုင်ရန်မှာ မှောင်မိုက်သောသားရဲသတ္တဝါဆိုးများ၏ သွေးဗီဇမျိုး ပိုင်ဆိုင်ရန် လိုအပ်နေပြန်၏။
သူက နောက်ထပ်ပုလဲတကုံးကို ကောက်ယူလိုက်ပြန်သည်။ ၎င်းတွင်ကား တောက်ပခြင်းစွမ်းရည်ပါဝင်၏။ ဤစွမ်းရည်သည် အသုံးပြုသူ၏ လက်နက်ကို အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်စေနိုင်၏။ ၎င်းသည် မည်သည့် အမှောင်ထုကိုမဆို ကွယ်ပျောက်သွားစေနိုင်သည့် စွမ်းရည်ရှိသည့်အပြင် အမှောင်ထု သို့မဟုတ် ညစ်ညမ်းသောအရာများကို အသုံးပြု၍ တိုက်ခိုက်တတ်သော သက်ရှိများကိုလည်း တိုက်ရိုက် ဒုက္ခပေးနိုင်စွမ်းရှိ၏။ အားနည်းချက်မှာ မိမိကိုယ်တိုင်လည်း အလွန်ထင်ရှားသော ပစ်မှတ် ဖြစ်နေစေခြင်းပင်တည်း။
နောက်ထပ် နည်းစနစ်များမှာကား လေဟုန်စီးနည်းစနစ်၊ မီးလျံစက်လုံးနည်းစနစ်နှင့် အရိပ်ခန္ဓာနည်းစနစ်တို့ ဖြစ်ကြသည်။ လေဟုန်စီးနည်းစနစ်သည် တစုံတယောက်၏ အလျင်ကို တိုးမြှင့်ပေးနိုင်၏။ မီးလျံစက်လုံးနည်းစနစ်မှာကား မီးလုံးကြီးများ ဖန်တီးပြီး တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ အရိပ်ခန္ဓာနည်းစနစ်မှာကား တမူထူးခြား၏။ ၎င်းသည် သက်ရှိအရိပ်တခုကို ယာယီဖန်တီးပေးနိုင်ပြီး တိုက်ပွဲဝင်နိုင်စေ၏။ သို့သော် ၎င်းကို အသုံးပြုရန် တံလျပ်စွမ်းရည်ရှိသော သားရဲသတ္တဝါဆိုးများ၏ သွေးဗီဇ လိုအပ်သည်။
မူလစွမ်းရည်အသီးသီးကို ကိုယ်စားပြုထားသော ပုလဲကုံးများမှာ များပြားလှ၏။ စုချန်းသည် ပုလဲကုံးများကို တခုပြီးတခု ကောက်ကိုင်ကြည့်နေ၏။ ထိုအခိုက်မှာပင် သူ့နှုတ်ခမ်းထောင့်၌ အမျိုးအမည် ခွဲခြားရန်ခက်ခဲသော အပြုံးတမျိုး ပေါ်ပေါက်လာတော့သည်။ စိတ်ဝင်စားစရာပေတကား။ အဘယ်ကြောင့် စုချန်း ပြုံးနေသနည်း။
အခြားကြောင့်တော့ မဟုတ်။ ညတစ္ဆေယူဆောင်လာသော များပြားလှသည့် မူလစွမ်းရည် ပုလဲကုံးများအနက် ရှေးဟောင်းအာကင်နာ နည်းစနစ်များ၏ သဲလွန်စတချို့ကို သူတွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ အာကင်နာနည်းနစ်များသည် အာကင်နစ်လူမျိုးများ ဖန်တီးခဲ့သည် မူလစွမ်းရည် ဖြစ်သည်။ လက်ရှိ အသုံးပြုနေကြသည့် မူလစွမ်းရည်များနှင့် အာကင်နာစွမ်းရည်များအကြား အကြီးမားဆုံး ကွဲပြားခြားနားချက်မှာ ၎င်းတို့အကြား သရုပ်သကန် အလွန်တရာ ခြားနားခြင်းပင် ဖြစ်သည်။
ရှေးဟောင်းအာကင်နာနည်းစနစ်များသည် ရန်သူကို အဝေးမှ တိုက်ခိုက်ရန်သာ အဓိကထားပြီး အာကင်နစ်လူမျိုးများ၏ မူလစွမ်းရည်မှာလည်း အဝေးရောက်တိုက်ခိုက်မှုများ အပေါ်တွင်သာ အခြေခံထား၏။ တနည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အခြေခံအုတ်မြစ်တိုးတက်ရေးကို အထူးတလည် အာရုံစိုက်ခြင်း မရှိ။ ရန်သူကို တချက်လွှတ်တိုက်ခိုက်ရန်သာ ပစ်မှတ်ထားကြလေသည်။
စုချန်းသည် အထပ်ထပ် အခါခါ စဉ်းစားသုံးသပ်ရင်း မီးလျံစက်လုံးနည်းစနစ်သည် ရှေးဟောင်းအာကင်နာ မူလစွမ်းရည်တမျိုးပင် ဖြစ်ရမည်ဟု သုံးသပ်လိုက်သည်။ ထိုအတွေးကြောင့် သူ ပြုံးလိုက်ခြင်း ဖြစ်သည်။ ဤနည်းစနစ်တွင် မီးလုံးကြီးများဖန်တီးကာ ရန်သူကို အဝေးမှ ပစ်ခတ်တိုက်ခိုက်နိုင်၏။ ဤသို့တိုက်ခိုက်ရာတွင် တိုက်ခိုက်မှုကြောင့် မည်သို့သော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်မည်ကို အနည်းငယ်မျှ ထည့်တွက်ထားပုံမရ။
ထိုကြောင့် ဤနည်းစနစ်သည် စုချန်းတို့ခေတ်တွင် လက်ရှိအသုံးပြုနေကြသော နည်းစနစ်များနှင့် အလွန်ပင် ကွာခြားနေ၏။ လက်ရှိခေတ်၏ မူလစွမ်းရည်များမှာ ယေဘုယျအနေနှင့် အံဝင်ခွင်ကျ ဖြစ်ခြင်း၊ တာဝေး တာလတ် တာတို တိုက်ခိုက်မှုများအား အချိုးတကျ ပေါင်းစပ်ထားခြင်းနှင့် လူတယောက်၏ အင်အားကို မည်သို့အသုံးပြုမည် စသည့် အချက်အလက်များအပေါ်တွင်သာ အခြေခံထား၏။
ဥပမာအနေနှင့် ပြရလျင် စုဖေးဟူလေ့ကျင့်နေသော နေမင်းရောင်ခြည်ဓားသိုင်းသည် ပြီးပြည့်စုံသော ဓားသိုင်းတမျိုးဟု ဆိုသာ်ရ၏။ ၎င်းတွင် ဓားချက်ကိုးချက်ပါဝင်၏။ ထို့ကြောင့်ပင် ၎င်းကို တနည်းအားဖြင့် နေမင်းရောင်ခြည် ပုံစံကိုးမျိုးဟု ခေါ်ဆိုကြသည်။ နေမင်းရောင်ခြည်ဓားသိုင်းတွင် ကိုးသွယ်သော အခြေခံ ဓားလမ်းကြောင်းများ၊ ရာပေါင်းများစွာသော ပေါင်းစပ်မှုများနှင့် အသုံးပြုနည်းများ ပါဝင်၏။
စွမ်းအားသို့မဟုတ် အကွာအဝေး ရှုထောင့်မှကြည့်လျင် ဝမ်းနည်းစရာကောင်းသောအချက်မှာ အဝေးမှ ကြီးမားသော မီးလုံးကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် တစုံတယောက်၏ ဓားချက်တချက်ထက် ပို၍ သာလွန်ကောင်းမွန်နေခြင်း ဖြစ်သည်။ သို့သော် မူလစွမ်းအင်သုံးစွဲခြင်းကို ထည့်သွင်းစဉ်းစားပါက မတူညီသော ပုံစံကိုးမျိုးနှင့် ကွက်ပြောင်းများစွာ ပါဝင်သော နေမင်းရောင်ခြည်ဓားသိုင်းသည် မီးလုံးကြီးတလုံးနှင့် တကြိမ်တည်း ပစ်ခတ်တိုက်ခိုက်ခြင်းထက် ပို၍ အင်အားကြီးမားပြီး ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိပေ၏။
ဤပညာရပ်နှစ်မျိုးအကြား ဤမျှ ကွဲပြားခြားနားနေရခြင်းအတွက် အကြောင်းပြချက် ပေးရလျင်ကား မတူညီသောလလိုအပ်ချက်နှင့် မတူညီသော အင်အားများ ရှိကြသည့် မျိုးစိတ်နှစ်စိတ်သည် မတူညီသော အချိန်ကာလတွင် အထက်ပါ နည်းစနစ်များကို ဖန်တီးခဲ့ခြင်းကြောင့်သာဟု ဆိုရတော့မည်။
လွန်ခဲ့သော ရှေးအတီတေကာလက ဤကမ္ဘာမြေကြီးဝယ် မူလစွမ်းအင်ဟူသည် အလွန်ပေါများ၏။ အာကင်နစ်များသည် ညဏ်ရည်ညဏ်သွေး အလွန်ထက်မြက်သော်လည်း ရုပ်ပိုင်းဆိုင်ရာတွင်ကား အားနည်းလှသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် အဝေးရောက်တိုက်ခိုက်မှုများကိုသာ အထူးတလည် အားကိုးခဲ့ပုံရသည်။ သူတို့အတွက် အားသာချကတခု ဖြစ်ခဲ့သည်မှာ ထိုခေတ်ထိုအခါက မူလစွမ်းအင်ကို ချွေတာသုံးစွဲရန် မလိုအပ်ခဲ့ခြင်းပင်။
ယနေ့ခေတ်ကာလတွင်ကား မူလစွမ်းအင်သည် အလွန် ပါးလျားသွားခဲ့ပြီ ဖြစ်သလို ကိုယ်ခန္ဓစွမ်းအား မွေးမြူရသည်ကလည်း အလွန် ခက်ခဲလာ၏။ ထိုအခါ မူလစွမ်းရည်၏ အစွမ်းသတ္တိကို မည်သို့မည်ပုံ အပြည့်အဝ အသုံးပြုနိုင်မည်နည်းဟူသော မေးခွန်းကလည်း အခရာကျလာ၏။ ဤနေရာတွင် ဖြည့်စွက်ပြောရလျင် လူသားမျိုးစိတ်များသည် အာကင်နစ်များထက် ရုပ်ပိုင်းဆိုင်ရာတွင် ပို၍ သန်မာကြလေရာ ၎င်းတို့အသစ်တီထွင် အသုံးပြုလာသည့် ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းနည်းလမ်းများနှင့် တိုက်ခိုက်ရေးနည်းစနစ်များမှာ ရှေးယခင်က အာကင်နစ်များ အသုံးပြုခဲ့သည့် နည်းလမ်းများအပေါ် တဖြည်းဖြည်း လွှမ်းမိုးသွားခြင်း ဖြစ်သည်။
သို့တိုင်အောင် ရှေးဟောင်းမူလစွမ်းရည်တချို့မှာကား အချိန်ကာလပေါင်းများစွာကို ဖြတ်ကျော်ခဲပြီး ယခုတိုင် ကျန်ရှိနေကြသေး၏။ မီးလျံစက်လုံးနည်းစနစ်သည် အဆိုပါ ရှေးဟောင်းမူလစွမ်းရည်များထဲမှ တမျိုးဖြစ်ပုံရသည်။ ရှေးဟောင်းမူလစွမ်းရည်များသည် လက်ရှိခေတ်ကာလနှင့် မသင့်လျော်တော့ဟု ပြောနိုင်သော်လည်း တချို့အခြေအနေများတွင်ကား အလွန်ပင် အသုံးဝင်နေသေးကြောင်းကိုတော့ မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ ထိုအခါ ထိုနည်းစနည်များသည် အချိန်ကာလ အတန်ကြာအောင် ပစ်ပယ်ခံထားရပြီးမှ လူအများ၏ မျက်စိရှေ့မှောက်သို့ အချိန်မရွေး ပြန်လည်ရောက်ရှိလာနိုင်ချေ ရှိ၏။ အချိန်မရွေး ရေပန်းစားလာနိုင်ချေ ရှိ၏။ သို့တည်းမဟုတ် ထာဝရ ပျောက်ကွယ်သွားခြင်းမျိုးလည်း ဖြစ်သွားနိုင်ပေသည်။
ညတစ္ဆေယူဆောင်လာသော စွမ်းရည်ပုလဲကုံးများအနက် လေးဆယ်ရာခိုင်နှုန်းသည် ရှေးဟောင်အာကင်နာ နည်းလမ်းများဖြစ်ပြီး နောက်ထပ် လေးဆယ်ရာခိုင်နှုန်းမှာ ယခုခေတ် အသုံးပြုနေသော မူလစွမ်းရည်များ ဖြစ်သည်။ ကျန်ရှိသော နှစ်ဆယ်ရာခိုင်နှုန်းမှာ အထက်ပါ စွမ်းရည်နှစ်မျိုးကို ပေါင်းစပ်ဖော်ထုတ်ထားသော နောက်ဆုံးပေါ် မူလစွမ်းရည်များ ဖြစ်သည်။ ထို့ကြောင့် အနှီနှစ်ဆယ်ရာခိုင်နှုန်းသည်သာ တန်ဖိုးအကြီးမားဆုံး ဖြစ်နေပြီး ၎င်းတို့ကို ဆန်းသစ်ထားသော အာကင်နာနည်းစနစ်များဟုပင် တင်စားနိုင်၏။
ညတစ္ဆေ ကနဦး ပြောပြခဲ့သော စကားများ၊ များပြားလှသေ ရှေးဟောင်းအာကင်နာနည်းစနစ်များကို ကိုယ်စားပြုထားသည့် ပုလဲကုံးများ၊ ဆန်းသစ်ထားသော အာကင်နာ နည်းစနစ်များ စသော အချက်သုံးချက်ကို ဆက်စပ်တွေးတောပြီးနောက် လျှို့ဝှက်အဖွဲ့အစည်းအပေါ် စုချန်း၏ နားလည်မှုသည် ပိုမို နက်ရှိုင်းလာ၏။ သို့သော်ငြားလည်း သူသည် စကားတခွန်းမျှ မပြောပဲ ပါးစပ်ကို တင်းတင်းစေ့ထား၏။ ထို့နောက် သူက သူလိုအပ်နေသည့် မူလစွမ်းရည်များကို တိတ်တိတ်ဆိတ်ဆိတ်ပင် ရွေးချယ်လိုက်လေသည်။
"မင်း ရွေးချယ်လို့ ပြီးပြီလား"
ညတစ္ဆေက မေးလိုက်သည်။ ၎င်း၏ အသံမှာ ပါးစပ်ထဲတွင် ပြည့်သိပ်နေသော မုန့်များကြောင့် ဗလုံးဗထွေး ဖြစ်နေ၏။ စုချန်းက ပုလဲကုံးသုံးကုံးကို ကောက်ယူရင်း ပြောလိုက်သည်။
"ရွေးချယ်စရာတွေ အတော်များတာပဲ"
ညတစ္ဆေက ပုလဲကုံးများကို လှမ်းကြည့်ရင်း မသဲမကွဲ ပြောလိုက်၏။
"လေအလျင်တွင်ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာ နည်းစနစ်၊ ဝိညာဏ်မျက်လုံး၊ ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်း ဒီတော့ မင်းရွေးထားတာက ဒီသုံးမျိုးပေါ့ ဟုတ်လား"
လေအလျင်တွင်ပန်းများပွင့်ခြင်း နည်းစနစ်ဟူသည် အလွန်ရှားပါးသော လက်ခံခြင်းမူလစွမ်းရည် အုပ်စုဝင် နည်းစနစ်တမျိုးဖြစ်သည်။ ၎င်းတွင် ပြင်းထန်စွာ ပေါက်ကွဲနိုင်သော စွမ်းရည်များ မပါဝင်ချေ။ သို့သော် တစုံတယောက်သည် ထိုကျင့်စဉ်တွင် ပညာရှင်အဆင့် ရောက်လာသည်နှင့်အမျှ လေ့ကျင့်သူ၏ ခွန်အား၊ လျင်မြနမှု၊ တုံ့ပြန်မှုနှင့် ကိုယ်ခန္ဓာတခုလုံး ဟန်ချက်ညီ တိုးတက်လာစေရန် ဖန်တီးပေးသည်။ အခြေခံအားဖြင့် ၎င်းသည် လေ့ကျင့်သူကို ရုပ်နှင့်စိတ် တပြိုင်နက် တိုးတက်လာစေသည့် နည်းစနစ်မျိုးဖြစ်ပြီး ဆန်းသစ်ထားသော အာကင်နာနည်းစနစ်များထဲတွင် ပါဝင်၏။ ဤနည်းစနစ်ကို စုချန်းရွေးလိုက်သည့် အကြောင်းပြချက်မှာ အနက်ရောင်မျဉ်းကြောင်းဓားကြောင့် ဖြစ်သည်။
အဆင့်ရှစ် မူလကိရိယာဖြစ်သော အဆိုပါဓားသည် သုံးစွဲရာတွင် လွယ်ကူ၏။ သို့သော် စွမ်းအင်အများအပြား သုံးစွဲရခြင်းကြောင့် ဓား၏ စွမ်းအင်အပြည့်အဝကို တသမတ်တည်း ထုတ်ဖော်သုံးစွဲရန်မှာ မလွယ်ကူလှ။ ချီစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်ပြီးသည့်တိုင် စုချန်းသည် ဓား၏ သွေးစက်ဝိုင်းကို လေးကြိမ်သာ အပြည့်အဝ အသုံးပြုနိုင်၏။ ထိုအခါ သူ၏ ရုပ်ပိုင်းဆိုင်ရာကို ပိုမို အင်အားကောင်းလာအောင်ပြုလုပ်မှသာ ထိုဓားကို အသုံးပြု၍ အဆင်ပြေမည်ဟု စုချန်း သဘောပေါက်လာ၏။
လေအလျင်တွင်ပန်းများပွင့်ခြင်း နည်းစနစ်နှင့်ဆိုလျင် သူ့ရုပ်ပိုင်းဆိုင်ရာသည် ယခုထက်ပို၍ ဆထက်တမ်းပိုး တိုးတက်လာမည် ဖြစ်သည်။ သူမျှော်လင့်သည်မှာ အနက်ရောင်မျဉ်းကြောင်းဓားကို ယခုထက်ပို၍ အကြိမ်ရေများများ အသုံးပြုနိုင်ရန်ပင်။ သို့သော် ညတစ္ဆေသည် စုချန်းအနေနှင့် အနက်ရောင်မျဉ်းကြောင်းဓားကို နောက်ထပ်အသုံးပြုရန် အခွင့်အရေး မရှိတော့ဟု ယူဆထားလေရာ စုချန်းက ထိုအကြောင်းကို ညတစ္ဆေအား မပြောပြတော့ပဲ လျှို့ဝှက်ထားလိုက်သည်။ သိပ်မကြာလှသောကာလတွင် ဤဓားသည် သူ့လက်အတွင်းသို့ နောက်တကြိမ် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု စုချန်းတယောက် အပ်ချမတ်ချ ယုံကြည်ထား၏။
ဝိညာဏ်မျက်လုံးဟူသည်မှာကား ဝိညာဏ်နှင့် ဆဌမအာရုံကို တွဲဖက်အသုံးပြုရသော နည်းစနစ်မျိုး ဖြစ်သည်။ ၎င်းသည်လည်း တီထွင်ဆန်းသစ်ထားသော အာကင်နာနည်းစနစ်တမျိုးသာ ဖြစ်သည်။ အသုံးပြုသည်သည် တဖက်လူကို စိုက်ကြည့်ပြီး ဆဌမအာရုံကို နှိုးဆွကာ စိတ်ညှို့တိုက်ခိုက်သည့် ပုံစံတမျိုးဟုလည်း ဆိုနိုင်၏။ ဤနည်းစနစ်ကို စုချန်းရွေးချယ်ရာတွင် အကြောင်းပြချက် နှစ်ခုရှိ၏။ ပထမတချက်မှာ သူသည် ဝိညာဏ်မျက်လုံးစွမ်းရည်ကို ရရှိသွားခဲ့ပါက အသုံးပြုရာတွင် မည်သည့်ထူးခြားချကက်များ ဖြစ်ပေါ်လာသနည်းဟူသည် မေးခွန်း၏ အဖြေကို သိရှိလို၏။ ဒုတိယ အကြောင်းပြချက်မှာ သူ၏ စိတ်စွမ်းအင်ကို ပိုမို မြင့်မားလာစေလိုသောကြောင့် ဖြစ်သည်။
သို့မှာသာ နောင်တချိန် လက်ကျန် ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲကို အသုံးပြုရန် အခြေအနေမျိုး ကြုံလာပါက သူ့ဝိညာဏ်သည် မည်သည့် ထိခိုက်ဒဏ်ရာမှ မရတော့ပဲ မှော်ပုလဲ၏ စွမ်းရည်ကို ခံနိုင်ရည် ရှိလာမည် ဖြစ်သည်။ တချိန်တည်းမှာပင် ဝိညာဏ်မျက်လုံးကျင့်စဉ်ကို ကျင့်ကြံအားထုတ်နေသည့်အချိန်တွင် သူ့မျက်လုံးများ နောက်တကြိမ် ဆင့်ကဲပြောင်းလဲလာမည်လားဟု စုချန်းက မျှော်လင့်မိနေပြန်သည်။ ထို့ကြောင့် ဝိညာဏ်မျက်လုံးနည်းစနစ်သည် သူ့အတွက် တချက်ခုတ် အချက်များစွာပြတ် ဟုဆိုနိုင်ပေ၏။ ထို့ကြောင့် မျက်မမြင်များသည်ပင် ဤနည်းစနစ်ကို လေ့ကျင်နိုင်ကြပေလိမ့်မည်။
ဤနည်းစနစ်ကို စုချန်း ရွေးချယ်ရာတွင် နောက်ထပ် ထူးခြားသော ပရိယာယ်တမျိုး ရှိနေသေး၏။ အကြောင်းမှာ သူသည် မျက်မမြင်တယောက်ဟု လူအများက ယူဆထားလေရာ မျက်လုံးကို အသုံးပြု၍ တိုက်ခိုက်ရသော နည်းစနစ်ကို အသုံးပြုလိမ့်မည်ဟု မည်သူကမျှ ယူဆလိမ့်မည် မဟုတ်။ ထိုနည်းတူစွာ သူ့မျက်လုံးကို စိုက်ကြည့်ရန်လည်း မည်သူကမျှ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။ ၎င်းသည် ရန်သူနှင့်တိုက်ခိုက်ရာတွင် သူ့ကို အခွင့်အလမ်းများစွာ ဖန်တီးပေးပေလိမ့်မည်။ ထပ်ပြောရလျင် ဝိညာဏ်မျက်လုံးကို အသုံးပြုခြင်းကြောင့် သူ့မျက်လုံးများ ယခုထက်ပို၍ နိုးထလာပေလိမ့်မည်။
အထက်ပါ အချက်အလက်များကြောင့် စုချန်းတယောက် ဝိညာဏ်မျက်လုံးနည်းစနစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ညတစ္ဆေ၏ အတွေးမှာကား တမျိုးဖြစ်သည်။ သူက စုချန်းတယောက် အလွန်လောဘကြီးသည်ဟု ယူဆနေ၏။ ဝိညာဏ်မျက်လုံးကဲ့သို့သော စိတ်ဝိညာဏ်၊ ဆဌမအာရုံတို့ကို နှိုးဆွတိုက်ခိုက်ရသော မူလစွမ်းရည်မျိုးသည် အင်မတန် ရှားပါးပြီး တတ်ကျွမ်းအောင်မြင်ရန် အလွန် ခက်၏။ နောက်ဆုံး တတ်ကျွမ်းခဲ့သည်ထားအုံး၊ ကောင်းမွန်စွာ အသုံးမချနိုင်ခဲ့လျင် သဲထဲရေသွန်သည်နှင့် အတူတူသာ။
စုချန်း နောက်ဆုံးရွေးချယ်လိုက်သော မူလစွမ်းရည်မှာ ပြေးနေသောဖားစုပ်ယူခြင်း နည်းလမ်းဖြစ်သည်။ ၎င်းသည် အလွန်တရာတည်ငြိမ်သော စုပ်ယူခြင်း နည်းလမ်းတမျိုး ဖြစ်သည်။ ရှေးဟောင်းအာကင်နာနည်းစနစ်ဖြစ်သော ပြေးနေသောဖားစုပ်ယူခြင်းစွမ်းရည်သည် လေ့ကျင့်သူအား အသက်ရှုလမ်းကြောင်းမှသာမကပဲ အရေပြားများကိုပါ ဖြတ်၍ မူလစွမ်းအင်များကို စုပ်ယူနိုင်စေရန် ကူညီပေး၏။
အမှန်တော့ ဤနည်းစနစ်သည် ပညာရှင်အဆင့် နည်းစနစ်မျိုးမဟုတ်။ အဆင့်နိမ့်နည်းစနစ်မျိုးသာ ဖြစ်သည်။ အရေပြားမှတဆင့် စုပ်ယူနိုင်သည်ဟု ဆိုသော်လည်း နာမည်ခံမျှသာ ဖြစ်လေရာ ထိရောက်မှု သိပ်မရှိလှဟု ဆိုနိုင်သည်။ သို့သော် မူလစွမ်းအင်များကို စုပ်ယူခြင်းဟူသည် နှစ်ရှည်လများ လေ့ကျင့်ရသည့် ပညာခန်းတမျိုးသာ ဖြစ်လေရာ လေ့ကျင့်သူ၏ ပကဓိအင်အားကသာ ပို၍ အရေးကြီးလေသည်။ ဤနည်းစနစ်ကို စုချန်း ရွေးချယ်လိုက်သည့် အကြောင်းပြချက်က ရိုးရိုးလေး ဖြစ်သည်။ မူလစွမ်းအင်အလင်းစက်များသည် သူ၏ အရေပြားကိုဖြတ်၍ ဝင်သွားကြခြင်း ဖြစ်လေရာ ဤနည်းစနစ်သည် သူနှင့် အသင်တော်ဆုံး ဖြစ်နေ၏။
ယေဘုယျ ကောင်းခြင်း မကောင်းခြင်းသည် ပဓာနမကျ။ သူနှင့်အသင့်တော်ဆုံး နည်းလမ်းသည်သာ အကောင်းဆုံး ဖြစ်သည်။
သို့သော် စုချန်းတွင် ညတစ္ဆေအားပေးရန် အကြောင်းပြချက်က အရန်သင့် ရှိနေ၏။
"ကျွန်တော့မှာ ပိုက်ဆံမှ သိပ်မရှိတာ ဒီတော့ အဆင့်နိမ့်စွမ်းရည်တွေကိုပဲ ဝယ်ယူနိုင်တာပေါ့" ဟူ၍ ဖြစ်သည်။ ထိုအကြောင်းပြချက်သည် ရာနှုန်းပြည့်မုသားဟုတော့ မဆိုနိုင်။ အကြောင်းမှာ မူလစွမ်းရည်နှစ်မျိုးနှင့် စုပ်ယူခြင်းနည်းလမ်းတမျိုးအတွက်ပင် အဆင့်နိမ့်မူလကျောက်တုံး တထောင်ခန့် ကျသင့်သွားသောကြောင့် ဖြစ်သည်။ စုချန်းတွင် ထိုမျှလောက်သော မူလကျောက်တုံး မရှိလေရာ သူကနဦး သိမ်းပိုက်ထားသော စီးပွားရေးလုပ်ငန်းလေမျိုးမှ မူလကျောက်တုံးများကို ယူ၍ ငွေချေလိုက်ရ၏။
ညတစ္ဆေမှာကား စုချန်းတယောက် အမှန်တကယ်အသုံးဝင်မည့် စွမ်းရည်များကို မဝယ်ယူပဲ အလွန်အသုံးနည်းသည့် စွမ်းရည်များကိုသာ ရွေးချယ်ဝယ်ယူခဲ့ခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နေဟန်တူသည်။
"မင်းကတော့ အမှားကြီး ကျူးလွန်မိနေပြီ"
သူ့အကြံညဏ်များသည် မည်သို့မျှ အကျိုးမထူးတော့မှန်း သိရှိဟန်ဖြင့် ညတစ္ဆေက စုချန်းအား ဂရုဏာသက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ စုချန်းက ပြောလိုက်သည်။
"ခင်ဗျားနဲ့ ဆက်သွယ်လို့ရမဲ့ နည်းလမ်းတခုလောက် ပေးထားပါလား ဒီကနေ့ ဝယ်ယူလိုက်တာတွေနဲ့ ပတ်သက်ပြီး နောင်တရလာတဲ့တနေ့ ကျွန်တော့အနေနဲ့ နောက်ထပ် စွမ်းရည်အသစ်တချို့ကို ရွေးချယ်ဝယ်ယူနိုင်တာပေါ့"