← Chapters

မျက်မမြင်တယောက်သည် အရာတိုင်းကို သည်းခံရန် မလွယ်ကူ

Vol. 5 Ch. 45

မျက်မမြင်တယောက်သည် အရာတိုင်းကို သည်းခံရန် မလွယ်ကူ

Vol. 5 Ch. 45

နောက်ထပ်ရက်များတွင်ကား စုချန်းသည် ကျောက်စိမ်းနန်းတော်သို့သွား၍ တန်ကျင်းထံတွင် လေ့လာသင်ယူခြင်းကို ခေတ္တမျှ ဆိုင်းငံ့ထားလိုက်၏။ ထိုအစား သူသည် ညတစ္ဆေထံမှ ဝယ်ယူထားသော စုပ်ယူခြင်းနည်းစနစ်အသစ်နှင့် မူလစွမ်းရည်များကို တရက်မျှ မပျက်ကွက်စေပဲ အားသွန်ခွန်စိုက် လေ့ကျင့်နေခဲ့လေသည်။

ဤနေရာတွင် သတိပြုရန်မှာ စုပ်ယူခြင်းနည်းစနစ်နှင့် မူလစွမ်းရည်အသီးသီးတွင် ကွဲပြားခြားနားသော စွမ်းရည်ကိုယ်စီ ရှိလေရာ လေ့ကျင့်ရာတွင်လည်း ကွဲပြားခြားနားသော နည်းလမ်းများအတိုင်း လေ့ကျင့်ရ၏။

စုပ်ယူခြင်းနည်းလမ်းများသည် လေ့ကျင့်သူ၏ အခြေခံစွမ်းအားများကို တိုးပွားစေတတ်သော သဘောရှိသည်။ ဆိုလိုသည်မှာ ၎င်းသည် မူလစွမ်းအင်များကို ပိုမိုစုဆောင်းပေးပြီး ထိုသူ၏ အင်အားကို တိုးပွားလာအောင် ကူညီပေး၏။ ထိုအခါ လေ့ကျင့်သူ၏ မူလစွမ်းအင် အဆင့်အတန်းနှင့် အင်အားသည် ညီတူညီမျှ တိုးပွားလာတော့သည်။

မူလစွမ်းရည်ဟူသည်မှာကား စုပ်ယူခြင်းနည်းလမ်းနှင့် ပြဒါးတလမ်း သံတလမ်းသာ။ မူလစွမ်းရည်ဟူသည် မူလစွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ဟူသည့် နည်းလမ်းကို လေ့လာသင်ယူခြင်းဖြစ်သည်။ တနည်းအားဖြင့် မူလစွမ်းရည်ကို တိုက်ပွဲများတွင် အသုံးပြုနိုင်အောင် လေ့ကျင့်သည့်သဘောသာ ဖြစ်၏။ ထို့ကြောင့် မူလစွမ်းရည်ကို လေ့ကျင့်ခြင်းသည် လေ့ကျင်သူ၏ အခြေခံစွမ်းအင်များ တိုးပွားလာအောင် အထောက်အကူ မပြုပေးနိုင်ချေ။ (wuxia စကားနှင့်ပြောရလျင် စုပ်ယူခြင်းနည်းလမ်းဟူသည် အတွင်းအားကျင့်စဉ်နှင့် သဘောသဘာဝတူညီ၍ အခြေခံစွမ်းအင်သည် အတွင်းအား ဖြစ်ပေမည်။ မူလစွမ်းရည်ဟူသည်မှာကား wuxiaတွင် သိုင်းပညာရှင်များလေ့ကျင့်လေ့ရှိသော ကိုယ်ဖော့ပညာ၊ ဓားပညာတို့၏ သဘောကို ဆောင်သည်ဟု ယူဆရသည် ဤကား စကားချပ်)

မူလစွမ်းရည်များနှင့် စုပ်ယူခြင်းနည်းလမ်းများတွင် တူညီသော အချက်ကို ရွေးထုတ်ပြောဆိုပါဟု ဆိုပါက နှစ်မျိုးလုံးသည် မူလကျောက်တုံးများကို ထုတ်လုပ်နိုင်သည်ဟုသာ ဆိုရန်ရှိပေ၏။

မူလကျောက်တုံးများသည် မည်သို့မည်ပုံ ဖြစ်ပေါ်လာသနည်း။ မူလစွမ်းအင်များကို လက်ခံနိုင်ရန် အထူးပြုလုပ်ထားသည် ကျောက်တုံးတတုံးအတွင်းသို့ မူလစွမ်းအင်များကို ဖြည့်သွင်းလိုက်ခြင်းအားဖြင့် မူလကျောက်တုံးများ ဖြစ်ပေါ်လာနိုင်၏။ သို့သော် အဆိုပါ မူလကျောက်တုံးများ ပြုလုပ်ရန်အတွက် မူလစွမ်းအင်များကို အသုံးပြုခြင်းသည် စွမ်းအားမွေးမြူခြင်းနှင့် မတူညီသည့်အတွက် ထိုသူ၏ အခြေခံစွမ်းအားများ တိုးပွားလာနိုင်ရန်ကား အနည်းငယ်မျှပင် အကူအညီ မရချေ။

ပို၍ဆိုးသည်မှာ မိမိကိုယ်တွင်းရှိ သန့်စင်မွန်မြတ်သော မူလစွမ်းအင်များကို မူလကျောက်တုံးများအတွင်းသို့ ဖြည့်သွင်းလိုက်ချိန်တွင် မူလစွမ်းအင်သည် မသန့်စင်တော့ပဲ အရောအနှောများ ဖြစ်ကုန်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မူလကျောက်တုံးဟူသည် ကုန်ဆုံးသွားသော မူလစွမ်းအင်များကို ယာယီဖြည့်တင်းရန်သာ အသုံးကျ၏။ ထိုသူ၏ အခြေခံစွမ်းအင်များ တိုးပွားလာရန်ကား မည်သည့်နေရာကမျှ အသုံးမဝင်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် မူလကျောက်တုံးများကို ဖန်တီးခြင်းသည် တဦးတယောက်တည်းအတွက် အရန်အင်အားစုဆောင်းခြင်းသာတည်း။ တနည်းအားဖြင့် မူလကျောက်တုံးများများ စုဆောင်းမိလေ အကြင်သူသည် ချမ်းသာကြွယ်ဝလာသည့် သဘောပင် ဖြစ်သည်။

အကယ်၍ အကြင်သူသည် ကိုယ်ခန္ဓာစွမ်းအားများ စုဆောင်းဖြည့်တင်းခြင်း လုပ်ငန်းစဉ်ကို မိမိကိုယ်ခန္ဓာအတွက် အဆင့်မြှင့်တင်ခြင်းဟု ယူဆသည် ဆိုပါစို့။ ကိုယ်ခန္ဓာစွမ်းအားများ စုဆောင်းဖြည့်တင်းခြင်း၊ တိုက်ပွဲဝင်စွမ်းရည်နှင့် အရန်အင်အားများစုဆောင်းခြင်းကို မြင်းရထားသုံးစင်းအဖြစ် ဥပမာထားကြည့်လျင် တစုံတယောက်သည် ထိုမြင်းရထားသုံးစင်းလုံးကို တပြိုင်နက်တည်း စီးနင်းရန်မှာ မည်သို့မျှ မဖြစ်နိုင်။ တကြိမ်လျင် မြင်းရထားတစင်းသာ စီးနင်းနိုင်ပေလိမ့်မည်။ သို့သော်ငြားလည်း မြင်းရထားသုံစင်းကို အပြောင်းအလဲလုပ်၍ စီးနင်းနိုင်သကဲ့သို့ အထက်ပါ လုပ်ငန်းသုံးရပ်သည်လည်း တခုနှင့်တခု အပြန်အလှန် အထောက်အကူ ပြုနေကြ၏။

ရှင်းပြပါအုံးမည်။ အကယ်၍ သင်သည် မူလကျောက်တုံး အများအပြား ပြုလုပ်ထားသည် ဆိုပါစို့။ သင်သည် ချမ်းသာကြွယ်ဝနေပေပြီ။ ထိုအခါ ၎င်းမူလကျောက်တုံးများကို အသုံးပြု၍ ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းကို အထောက်အကူပြုပေးနိုင်သည့် တန်ဖိုးကြီး ဆေးပင်၊ ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်၏။ ထိုဆေးပင်၊ ဆေးဝါးများကြောင့် ကိုယ်ခန္ဓာစွမ်းအားများစုဆောင်းရာတွင် ပို၍ လျင်မြန်လာပေလိမ့်မည်။ ကိုယ်ခန္ဓာစွမ်းအားများစုဆောင်းခြင်းသည် မိမိကိုယ်ခန္ဓာ၏ အခြေခံစွမ်းအင်ကို မြှင့်တင်သည့် လုပ်ငန်းစဉ်ဖြစ်လေရာ မိမိကိုယ်တွင်း၌ မူလစွမ်းအင် များများ စုဆောင်းမိလေလေ ၎င်းမူလစွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်ရသည့် မူလစွမ်းရည်မှာလည်း ပိုမို၍ အင်အားပြင်းထန်လာမည် ဖြစ်သည်။ တဖန် ၎င်းမူလစွမ်းရည်ကို အသုံးပြု၍ သတ္တဝါဆိုးကြီးများကို သတ်ဖြတ်သောအခါ ထိုသတ္တဝါများ၏ အရေခွံ၊ အရိုး စသည်တို့ကို မူလကျောက်တုံးများနှင့် ပြန်လည်လှဲလှယ်နိုင်ပြန်၏။

ထို့ကြောင့် အထက်ပါ လုပ်ငန်းသုံးရပ်သည် တခုနှင့်တခု အပြန်အလှန် အထောက်အကူ ပြုနေသည်ဟု ဆိုထားခြင်း ဖြစ်သည်။ မည်သည့် လုပ်ငန်းစဉ်ကို ပို၍ အာရုံစိုက်မည်၊ တိုးတက်အောင် ပြုလုပ်မည်ဆိုသည်မှာ လေ့ကျင့်သူ၏ ဦးစားပေးနှင့် ရွေးချယ်မှုအပေါ်တွင်သာ မူတည်နေ၏။

အကယ်၍ သင်သည် စီးပွားရေးလုပ်ငန်းများကို ဝါသနာပါသောသူ ဖြစ်ပါက မူလကျောက်တုံးအများအပြား ပြုလုပ်ကာ ၎င်းမူလကျောက်တုံးများကို အရင်းအနှီးအဖြစ် အသုံးချနိုင်၏။ အကယ်၍ သင်သည် စွန့်ဦးတီထွင်ရသည့် လုပ်ငန်းများအား မနှစ်သက်သူ၊ မလိုအပ်ပဲ စွန့်စားမှု မလုပ်လိုသူ ဖြစ်ပါက စုပ်ယူခြင်းနည်းလမ်းကို အသားပေး လေ့ကျင့်ကာ မိမိကိုယ်ခန္ဓာ၏ စွမ်းအင်များ ဖြေးဖြေးနှင့်မှန်မှန် တိုးပွားလာစေရန် ဆောင်ရွက်နိုင်၏။ အကယ်၍ သင်သည် တိုက်ခိုက်ခြင်းကို နှစ်သက်သူဖြစ်ပါက မူလစွမ်းရည်များကို အသားပေး လေ့ကျင့်နိုင်၏။ သို့သော် ထိုသို့လေ့ကျင့်ရန် မိမိကိုယ်ခန္ဓာ၏ အခြေခံစွမ်းအင်များကို အထိုက်အလျောက် စုဆောင်းထားရန်တော့ လိုအပ်ပေ၏။ အုတ်မြစ်မရှိပဲ အထပ်မြင့်အဆောက်အဦးများ မဆောက်လုပ်နိုင်သည့် သဘောပင်။

စုချန်းသည် မည်သည့်လမ်းကြောင်းကို ဦးစားပေး လျှောက်လှမ်းမည်နည်းဟု မေးခွန်းထုတ်စရာမလို။ သူသည် တတိယလမ်းကြောင်းကို ဦးစားပေးလျှောက်လှမ်းရန် ရွေးချယ်လိုက်၏။ ၎င်းလမ်းကြောင်းသည် အစွန်းရောက်အဟန်ရှိပြီး အန္တရာယ် အကြီးမားဆုံးလမ်းကြောင်းဖြစ်သော်လည်း အစွမ်းသတ္တိရရှိရန် အမြန်ဆုံးနှင့် ရေရှည်အာရုံစိုက်နိုင်သော လမ်းကြောင်းလည်း ဖြစ်နေပြန်၏။ မူလချီစွမ်းအားပညာရှင်များဟူသည် သူရဲကောင်းတို့၏ လမ်းစဉ်ကို လျှောက်လှမ်းနေသူများ ဖြစ်သည်။ အသန်မာဆုံးနှင့် အရဲရင့်ဆုံးသော သူရဲကောင်းများသည်သာ ဤလမ်းကြောင်းပေါ်တွင် အဝေးဆုံးသို့ရောက်အောင် လျှောက်လှမ်းနိုင်ကြ၏။

စုချန်းအတွက်မှာမူကား ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်ရခြင်းအတွက် ရိုးရှင်းသော အကြောင်းပြချက် ရှိနေ၏။ ၎င်းမှာ စွမ်းအင်အလင်းစက်မှုနများပင် ဖြစ်သည်။ အနီရောင်နယ်မြေတွင် တိုက်ပွဲပေါင်းအလီလီ ဆင်နွှဲခဲ့ပြီးနောက် မမျှော်လင့်ပဲ သူသည် မူလစွမ်းအင်အလင်းရောင်များကို မြင်တွေ့လာနိုင်ခဲ့၏။ ထို့ကြောင့်ပင် စုချန်းက လေအလျင်တွင်ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်နှင့် ဝိညာဏ်မျက်လုံးကျင့်စဉ်တို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

တလဟူသော အချိန်ကာလအတွင်း စုချန်းတယောက် လေအလျင်တွင် ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်ကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့ရာ ထိုက်သင့်သလောက်တော့ အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုရမည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ သိသိသာသာပင် တော့တင်းသန်မာလာ၏။ အင်အားကြီးထွားလာ၏။ နတ်ဘုရားကိုယ်ထည်အဆင့်ကိုးအလွှာတွင် ရှိခဲ့စဉ်က စုချန်း၏ ခွန်အားသည် မြင်းဆယ်ကောင်အနေအထားတွင် ရှိနေခဲ့ပြီး ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ စတင်ဝင်ရောက်မိချိန်တွင်ကား မြင်းအကောင်နှစ်ဆယ်၏ အင်အားမျိုးကို ရရှိခဲ့ပြီး ဖြစ်သည်။ ယခု လေအလျင်တွင်ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်ကို တလတာမျှ လေ့ကျင့်ပြီးသော အချိန်တွင်ကား သူ့ခွန်အားသည် နောက်ထပ် မြင်းဆယ်ကောင်စာမျှ တိုးပွားလာခဲ့၏။ သူ၏ လျင်မြန်မှုနှင့် တုံပြန်မှုမှာလည်း သိသိသာသာပင် မြန်ဆန်လာခဲ့၏။

ဝိညာဏ်မျက်လုံး၏ တိုးတက်မှုမှာကား လေအလျင်တွင်ပန်းများပွင့်ခြင်းထက်စာလျင် နှေးကွေးလှသည်။ တလမျှ လေ့ကျင့်ပြီးသည့်တိုင် စုချန်းသည် မူလစွမ်းအင်၏ ပဏာမ ရှေ့ပြေးအဆောင်လက်ဖွဲ့ကိုသာ ရရှိခဲ့သေားသည်။ တိကျသော စွမ်းအင်ပုံစံကို နေရာချထားနိုင်ခြင်း မရှိသေး။ တိကျသော မူလစွမ်းအင်ပုံစံဆိုသည်မှာ အာကင်နာနည်းစနစ်များကို အသုံးပြုရာတွင် မဖြစ်မနေ ဖန်တီးရသော အထူးအစိတ်အပိုင်းတမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ချီစွမ်းအားပညာရှင်တယောက်သည် အာကင်နာနည်းစနစ်ပါ စွမ်းရည်များကို ထုတ်သုံးနိုင်ရန် တိကျသော မူလစွမ်းအင်ပုံစံတခုကို ကြိုတင်စုစည်းတည်ဆောက်ထားရ၏။ ထို့ကြောင့် အာကင်နာနည်းစနစ်ကို အသုံးပြုသူတိုင်းတွင် မူလစွမ်းအင်ပုံစံများ ရှိကြ၏။ သို့သော် တူညီသော အာကင်နာနည်းစနစ်ကို လေ့ကျင့်ထားကြသော်လည်း ၎င်းစွမ်းအင်ပုံစံများမှာကား တယောက်နှင့်တယောက် အပ်ချမတ်ချ မတူညီပဲ အနည်းငယ် ကွဲပြားခြားနားနေလေ့ရှိ၏။

ဤနေရာတွင် နှိုင်းယှဉ်၍ ပြောရလျင် လက်ရှိခေတ်ကာလတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသော မူလစွမ်းရည်များတွင်ကား အဆိုပါ စွမ်းအင်ပုံစံများကို တည်ဆောက်ရန် မလိုအပ်။ စွမ်းအင်အဆောင်လက်ဖွဲ့မျှသာ လိုအပ်၏။ တိုက်ပွဲဖြစ်ပွားချိန်တွင် ၎င်းတို့သည် အဆိုပါ စွမ်းအင်အဆောင်လက်ဖွဲ့ကို နှိုးဆွပြီး မူလစွမ်းရည်များကို ထုတ်လွှတ်တိုက်ခိုက်ကြလေသည်။ ထို့ကြောင့် မူလစွမ်းအင်အဆောင်လက်ဖွဲ့သည် တိကျသောမူလစွမ်းအင်ပုံစံနှင့်စာလျင် ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိသော်လည်း အင်အားအရာတွင်ကား အတော်လေး နည်းပါး၏။

ဤသည်ကို သုံးသပ်ကြည့်လျင် မည်သည့်အခြေအနေမျိုးတွင် ရှေးဟောင်းအာကင်နာနည်းစနစ်များသည် ဝေးလံသော အကွာအဝေးနှင့် ပေါက်ကွဲအားပြင်းထန်သော တိုက်ခိုက်မှုတို့ကိုသာ အာရုံစိုက်လေ့ရှိကြောင်း တွေ့မြင်ရမည်ဖြစ်သည် ။ လက်ရှိခေတ် နည်းစနစ်များမှာကား အာကင်နာနည်းစနစ်များနှင့် မတူလှ။ ၎င်းတို့သည်ကား ရေရှည်တည်တံနိုင်မှု၊ လိုလျောညီထွေရှိမှုနှင့် မလိုအပ်ပဲ မူလစွမ်းအင်များကို အချည်းနှီး မဖြုန်းတီးမိစေရန်ကိုသာ ပိုမို အာရုံစိုက်ကြ၏။

ဓမ္မဒိဌာန်ကျကျ စဉ်းစားကြည့်လျင်ကား လက်ရှိနည်းစနစ်များသည် လက်ရှိခေတ်နှင့် ပို၍ အံဝင်ခွင်ကျရှိကြောင်း၊ ပို၍သင့်တော်ကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ ထို့ကြောင့်လည်း ရှေးဟောင်းအာကင်နာနည်းစနစ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်းပင်။

သို့သော် စုချန်းရရှိလိုက်သော ဆန်းသစ်တီထွင်ထားသည့် အာကင်နာနည်းစနစ်မှာကား အနည်းငယ် ကွဲပြား၏။ ၎င်းသည် ရှေးဟောင်းအာကင်နာနည်းစနစ်နှင့် လက်ရှိခေတ် နည်းစနစ်များမှ အားနည်းချက်ကိုယ်စီကို ဖယ်ထုတ်ပြီး တီထွင်ထားခြင်း ဖြစ်လေရာ လေ့ကျင့်သူသည် မူလစွမ်းအင်အဆောင်လက်ဖွဲ့နှင့် မူလစွမ်းအင်ပုံစံ နှစ်မျိုးလုံးကို တည်ဆောက်ထားရန် လိုအပ်ပြီး ရှေးဟောင်းအာကင်နာနည်းစနစ်ထက် ပို၍ ပြင်းထန်ပြီး လက်ရှိခေတ်နည်းစနစ်များထက်လည်း ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိသည်ဟု ဆိုရမည်။ သို့သော် စွမ်းအင်လက်ဖွဲ့နှင့် စွမ်းအင်ပုံစံနှစ်မျိုးလုံးကို တည်ဆောက်ရခြင်းကြောင့် လေ့ကျင်ရာတွင်ကား အလွန် ခက်ခဲလှပေ၏။

လေအလျင်တွင်ပန်းများပွင့်ခြင်းနည်းစနစ်သည် သိပ်မခက်ခဲလှ။ လေ့ကျင့်ရာတွင် လွယ်ကူ၏။ ထို့ကြောင့် ဤလေ့ကျင့်ခန်းကိုကား စုချန်းတယောက် အတော်လေး ပေါက်မြောက်အောင် လေ့ကျင့်နိုင်ခဲ့၏။ သို့သော် ဝိညာဏ်မျက်လုံးသည်ကား လမ်းကြောင်းနှစ်မျိုးကို ပေါင်းစပ်ထားသော စံပြပုံစံတမျိုးဖြစ်လေရာ သူ့ခမျာ အတော်လေးပင် ခက်ခက်ခဲခဲ လေ့ကျင့်နေရရှာသည်။

တလခန့်လေ့ကျင့်ပြီးနောက် စုချန်းသည် ဝိညာဏ်မျက်လုံးကို စတင်နှိုးဆွနိုင်ခဲ့၏။ ဝိညာဏ်မျက်လုံးကျင့်စဉ်သည် အမှန်တကယ်ပင် ခက်ခဲလှ၏။ နှိုးဆွတိုင်း အချိန်ကုန်ပြီး စွမ်းအင်အမြောက်အများ ထုတ်သုံးရလေ့ရှိရာ တိုက်ပွဲစဉ်များအတွင် လက်တွေ့သုံးစွဲနိုင်ရန်ကား အတော်လေးပင် ဝေးကွာနေသေး၏။ ဝိညာဏ်မျက်လုံးသည် သူ့မျက်လုံးများပေါ်တွင် အကျိုးသက်ရောက်မှု ရှိမရှိ လေ့လာသုံးသပ်ရန်ကိုမူကား စုချန်းက လတ်တလောတွင် လက်လျော့ထားလိုက်၏။ ထိုသို့ လေ့လာသုံးသပ်နိုင်ရန်အတွက် ဝိညာဏ်မျက်လုံးအပေါ် ပိုမိုနားလည်ရန်နှင့် ယခုထက် ပိုမိုလေ့ကျင့်ရန် လိုအပ်နေသေး၏။

တနေ့တွင်ကား စုချန်းအဖို့ အံ့သြသင့်စရာ ကိစ္စတခု ပေါ်ပေါက်လာ၏။ ထိုအံ့သြမှုမှာ အခြားတော့မဟုတ်။ မြူခိုးကြားမှ မြွေခြေလှမ်းကွက်များ၏ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော အံ့သြမှုပင် ဖြစ်သည်။ ထိုနေ့တွင် စုချန်းသည် မြူခိုးကြားမှမြွေခြေလှမ်းကွက်များကို ပြန်လည် လေ့ကျင့်နေခဲ့၏။ ထိုအခိုက်မှာပင် သူက စိတ်ကူးတမျိုးရလာပြီး ထိုခြေလှမ်းကွက်များကို မူလစွမ်းအင်များနှင့် ပေါင်းစပ်လေ့ကျင့်လိုက်၏။ စုချန်း မျက်လုံးပြူးသွား၏။ အကြောင်းမှာ ထိုခြေလှမ်းကွက်များသည် ကြောက်မက်ဖွယ်ရာ မြန်ဆန်လာသောကြောင့် ဖြစ်သည်။

မြူခိုးကြားမှ မြွေခြေလှမ်းဟူသည် ကနဦးကတည်းက မူလစွမ်းရည်တမျိုးဖြစ်ပြီး မူလစွမ်းအင်ကို ပိုင်ဆိုင်ထားမှသာလျင် ၎င်း၏စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်အသုံးချနိုင်သော ပညာရပ်တမျိုးဖြစ်သည်။ ဤသို့သာမဟုတ်လျင် ကုမျိုးနွယ်စု၏ မူပိုင်ပညာရပ်ဟု အဘယ်မှာ ဆိုနိုင်အံ့နည်း။ စုချန်းသည် မူလစွမ်းအင်အဆောင်လက်ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်လေရာ ဤတကြိမ်တွင် ၎င်းကို ထုတ်ဖော်အသုံးချလိုက်ခြင်း ဖြစ်သည်။

အမှန်တော့ ၎င်းခြေလှမ်းကွက်များသည် စုချန်းတယောက် မူလချီစွမ်းအားပညာရှင်အဖြစ် ရောက်ရှိလာခဲ့ကတည်းက တဖြည်းဖြည်း နိုးထလာခဲ့ပြီး ဖြစ်သည်။ သို့သော် စုမျိုးနွယ်စု၏ မီးလျံထဲမှကျားလက်သီးပညာရပ်မှာကား ကိုယ်ခန္ဓာနှင့် အသားကျအောင် ပြုပြင်မွမ်းမံသည့် အဆင့်၌သာ ရှိနေသေးရာ အဆောင်လက်ဖွဲ့ကိုအသုံးပြု၍ နှိုးဆွနိုင်ခြင်းမရှိ။ ထို့ကြောင့် စုချန်းအနေနှင့် ဤလက်သီးကွက်များကို မူလစွမ်းရည်အဖြစ် အသုံးချလိုပါက ထပ်မံလေ့ကျင့်ရန် လိုအပ်နေပေသေးသည်။

ဆိုလိုသည်မှာ စုချန်းတွင် တိုက်ပွဲများ၌ အသုံးချနိုင်သည့် မူလစွမ်းရည်သုံးမျိုးကို ပိုင်ဆိုင်ထားခဲ့လေပြီဟု ဆိုလိုခြင်း ဖြစ်သည်။ သူ၏ ခွန်အားမှာလည်း ယခင်က အဆင့်မျိုး မဟုတ်တော့။ အဆင့်ပေါင်းများစွာ ခုန်ပျံကျော်လွှား၍ တိုးတက်နေခဲ့လေပြီ။

ကံမကောင်းအကြောင်းမလှစွာပင် သူ၏ အခြေခံ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်း အဆင့်အတန်းမှာကား ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေး။

လွန်ခဲ့သော တလခွဲခန့်က စုချန်းသည် ချီစုဆောင်းခြင်းနယ်ပယ် ပထမအလွှာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အဝါရောင်ကြယ် ဆယ့်နှစ်လုံးအနေအထားတွင် ရှိခဲ့၏။ တလခွဲလွန်မြောက်ပြီးသည့်အချိန်တွင်လည်း စုချန်းသည် ချီစုဆောင်းခြင်းနယ်ပယ် ပထမအလွှာနှင့် အဝါရောင်ကြယ် ဆယ့်နှစ်လုံးအနေအထားတွင်သာ ရှိနေသေး၏။

၎င်းမှာ အခြားကြောင့်မဟုတ်။ တလခွဲဟူသော အချိန်ကာလတလျှောက်လုံး မူလစွမ်းရည်များကိုသာ ကြိုးစားလေ့ကျင့်နေခဲ့ခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ကြောင့်သာ ဖြစ်သည်။ သို့သော် စုချန်းကား အနည်းငယ်မျှ ဂရုမစိုက်။ မူလစွမ်းရည်များကိုသာ ဆက်လက်လေ့ကျင့်မြဲ လေ့ကျင့်နေ၏။ ဤမတိုင်မီကတည်းက သူ့သည် အလွန်ရှည်လျားသည့် ကာလရှည်စီမံချက်တခုကို ချမှတ်ထားပြီးလေပြီ။ ဤယနေ့သည်ကား ၎င်းကိုလုပ်ဆောင်ရန် အလွန်သင့်တော်သည့် နေတနေ့ပေတည်း။

ကောင်းကင်သည် အလွန်ကြည်လင်နေ၏။ နေမင်းကြီးသည်ကား စူးရှစွာ ထွန်းလင်းတောက်ပနေသည်။ စုချန်းသည် ကျောက်စိမ်းနန်းတော်မှ ပြန်လည်ရောက်ရှိလာ၏။ မြင်းရထားပေါ်မှ ဆင်းလိုက်သည်နှင့် အစေခံလူငယ်တယောက်က သူ့ကို လာရောက်နှုတ်ဆက်သည်။

"ဟော စတုတ္ထသခင်လေးတောင် ပြန်ရောက်လာပြီ"

စုချိန်း၊ မိုဒါယန်နှင့် စတုတ္ထမယ်တော် ယန့်ဝူရွှန်းတို့ကို သူ့ခြေဖဝါးအောက်တွင် ပြားပြားဝပ်စေခဲ့ကတည်းက စုချနး၏ နာမည်သည် အလွန်ကျော်ကြားလာ၏။ မည်သည့်အစေခံမျှ သူ့ကို မလေးမစား လုပ်ရဲဖို့ဝေးစွ၊ စေ့စေ့ပင်မကြည့်ဝံ့ကြရှာတော့။ မျက်မမြင်တဦး ဖြစ်နေသည့်တိုင် စုချန်းသည် စော်ကား၍ရမည့်သူမျိုးမဟုတ်မှန်း လူတိုင်းလိုလို နားလည်သဘောပေါက်သွားကြလေပြီ။ သို့သော်ငြားလည်း စုချန်းနှင့် အဆင့်တူ သခင်လေးများမှာကား ယခုတိုင် သူ့ကို မထီမဲ့မြင် ပြုလုပ်နေကြဆဲ ဖြစ်သည်။

စုချန်းသည် အစေခံလူငယ်ကို အဖြေပေးပြီး တံခါးဝကို ဖြတ်၍ လျှောက်လာခဲ့၏။ ထိုအခိုက်မှာပင် စုချန်းဆီသို့ ဦးတည်လျှောက်လာသော လူငယ်လေးတဦးကို မြင်တွေ့လိုက်ရသည်။ ထိုလူငယ်မှာ စုချိန်းပင် ဖြစ်သည်။ မည်သည့်အရာကို အလျင်လိုနေမှန်းမသိသော စုချိန်းသည် နောက်မှ ကျားလိုက်လာသကဲ့သို့ အသော့လျှောက်လာ၏။ သူကို ဘေးဘီကို ငေးမကြည့်ပဲ ခေါင်းငိုက်စိုက်ချပြီ အလျင်အမြန် လမ်းလျှောက်လာရာ စုချန်းနှင့် တည့်တည့်ကြီးပင် ရင်ဆိုင်တိုးမိတော့သည်။ စုချန်းနှင့် ထိုသို့ ရင်ဆိုတိုးမိလိမ့်မည်ဟု စုချိန်းခမျာ မျှော်လင့်ထားပုံမရ။

အမှန်တကယ်အားဖြင့် ဤပြသနာသည် ကြီးမားလှသည်မဟုတ်သော်လည်း စုချိန်း၏ မျက်နှာတခုလုံးကား မဲမဲမှောင်သွား၏။ ဒေါသထွက်နေသော လူငယ်က ငေါက်ငန်းလိုက်သည်။

"တောက် ဒီမျက်ကန်းကတော့ကွာ ဘာကြောင့် သူများလမ်းကို ပိတ်ရပ်နေတာလဲကွ"

အမှန်တော့ အထက်ပါစကားသည် စုချိန်း၏ နှုတ်မှ အလိုအလျောက် လွှတ်ခနဲ ထွက်သွားခြင်း ဖြစ်သည်။ သူသည် စုချန်းအပေါ် နှစ်အတန်ကြာသည်အထိ အနိုင်ယူနေခဲ့သည်ဖြစ်ရာ ထိုသို့သော အပြောအဆို အသုံးအနှုံးမျိုးဖြင့် အသားကျနေပြီ ဖြစ်၏။ ထို့ကြောင့် ထွေထွေထူးထူးပင် စဉ်းစားစရာမလိုပဲ စုချန်းကိုနှိမ့်ချသော စကားမျိုးကို အလွယ်တကူပင် ပြောလိုက်မိလေသည်။ အကယ်၍ စဉ်းစားမိလျင်လည်း စုချိန်းအနေနှင့် ထိုကဲ့သို့သော စကားမျိုးကို ပြောလိုက်မည်သာ ဖြစ်သည်။

အကြောင်းမှာ သူသည် တချိန်က စုချန်းကို ရှုံးနိမ့်ခဲ့ဖူးသော်လည်း ၎င်းတိုက်ပွဲတွင် စုချန်းတယောက် ကံကောင်းထောက်မ၍သာ သူ့ကို အနိုင်ယူသွားသည်ဟု စုချိန်းက အမြဲတစေ ယူဆထားခဲ့၏။ အကယ်၍ နောက်တကြိမ်သာ ပြန်လည်တိုက်ခိုက်ခွင့်ရခဲ့ပါက စုချန်းကို မရှုံးနိုင်ဟု သူက ယုံကြည်ထား၏။ ဤသို့ ယုံကြည်နေရခြင်းမှာလည်း အကြောင်းပြချက် ရှိလေသည်။ စုချန်းသည် စုယွဲ့နှင့်မိုဒါယန်ကို ပြားပြားဝပ်အောင် အနိုင်ယူခဲ့သည့်တိုင် စုမျိုးနွယ်စု တတိယမျိုးဆက်များထဲတွင် သူသာလျင် အသန်မာဆုံးဟု စုချိန်းက မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေခြင်းကြောင့် ဖြစ်၏။

စုချိန်း၏ ရိုင်းစိုင်းလှသော စကားကိုကြားလိုက်သည်နှင့် စုချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ"

စုချိန်းကလည်း အနည်းငယ်မျှ မလျော့ပါ။ သူက ဒေါသတကြီးနှင့်ပင် တုံ့ပြန်လိုက်သည်။

"ငါဘာပြောလိုက်သလဲ ဟုတ်လား မင်းဟာ မျက်ကန်းတယောက် ဘာကြောင့် ငါ့လမ်းကို လာပိတ်နေသလဲလို့ ပြောလိုက်တာလေ အဲဒီတော့ ဘာဖြစ်သလဲ မင်းက မကျေနပ်ဘူးလား"

ငါကမင်းကို မျက်ကန်းတယောက်လို့ခေါ်လိုက်တော့ မင်းက ဘာများလုပ်နိုင်မှာမို့လို့လဲ..........

အတွေးနှင့်အတူ စုချိန်းသည် နောက်ကို ခြေလှမ်းအနည်းငယ်ခန့် တိတ်ဆိတ်စွာ ဆုတ်လိုက်၏။ စုချိန်း၏ အပြုအမူကို စုချန်း ကောင်းစွာ မြင်နေရ၏။ သို့သော် သူက မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။ ထို့နောက် သူက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်၏။

"ပြီးခဲ့တဲ့ အနီရောင်ပြစ်ဒဏ်ကာလမှာ အကျိုးအမြတ် နည်းနည်းပါးပါး ရခဲ့ပေမဲ့ တိမ်တိုက်လင်းနို့ကို မရခဲ့တဲ့အတွက် ငါအမြဲပဲ နောင်တရနေမိတယ် ငါဘာကြောင့် အနီရောင်ပြစ်ဒဏ်ကို ခံယူဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ မင်း သိတယ်မလား"

စုချန်း၏ စကားကြောင့် စုချိန်းတယောက် မအူမလည် ဖြစ်သွားရှာ၏။ သူ့အနေနှင့် စုချန်း၏ စကားကို မည်သို့မျှ နားမလည်နိုင်ချေ။ စုချန်းက စကားဆက်ပြန်သည်။

"ငါဆိုလိုတဲ့အဓိပ္ပါယ်ကို မင်းနားလည်ရဲ့လား ငါ အဲဒီကို ထပ်ပြီးသွားချင်နေသေးတယ်ကွ"

စကားဆုံးသည်နှင့် စုချန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ စုချန်း၏ အမူအရာကြောင့် ကျောရိုးထဲမှ စိမ့်ခနဲ အေးစက်သွားပြီး စုချိန်းတယောက် ထပ်မံနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။ စုချန်း၏ ကိုယ်ခန္ဓာသည် အရိပ်တခုပမာ ရှေ့သို့တိုးထွက်လာပြီး စုချိန်းအနီးသို့ပူးကပ်ကာ ၎င်း၏ ရင်ဝကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ သူ၏ ဘယ်ဖက်လက်သည်ကား မြွေတကောင်ပမာ စုချိန်း၏ လည်မျိုကို ဖမ်းဆုတ်ထားလိုက်၏။ ထို့နောက် သူက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

"မင်းကို ချုပ်ထားပြီ ဘာတတ်နိုင်သေးလဲ"

စုချိန်း အလွန်တရာ အံ့သြသွား၏။ သူသည် အလွန်အမင်း ဂရုစိုက်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း မည်သို့မျှ မတတ်သာပဲ အလွယ်တကူ ဖမ်းချုပ်ခံလိုက်ရ၏။ ထိုအခိုက်မှာပင် စုချန်း၏ လက်သီးချက်သည် စုချိန်း၏ နှာခေါင်းရိုးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။

All Chapters