← Chapters

ရယ်စရာကောင်းသော မိန်းကလေး

Vol. 5 Ch. 46

ရယ်စရာကောင်းသော မိန်းကလေး

Vol. 5 Ch. 46

"ဘာ ဘာပြောတယ်ကွ မင်းဟာ နောက်တခေါက် အနီရောင်ပြစ်ဒဏ်ထိပြန်ပြီ ဟုတ်လား"

ညတစ္ဆေ၏ အသံသည် လည်မျိုကို တံခါးနှင့် ညှပ်မိသည့်ပမာ စူးရှကျယ်လောင်လှ၏။ အနက်ရောင်မျက်နှာဖုံး၏ နောက်ကွယ်မှ ညတစ္ဆေ၏ အကြည့်သည် ဒေါသအပြည့်ပါနေ၏။ အလွန်တရာ စိတ်ရှုပ်ထွေးနေကြောင်း သိသာနေ၏။ သူက မေးခွန်းထုတ်လိုက်သည်။

"မင်းဘာလုပ်လိုက်ပြန်ပြီလဲ"

စုချန်းက မည်သို့မျှ မထူးခြားသော လေသံနှင့် ဖြေလိုက်သည်။

"ဘာမှမဟုတ်ပါဘူးဗျာ စုချိန်းဆိုတဲ့ကောင်ကို နည်းနည်းပါးပါး ထိုးကျိတ်မိရုံလေးပါ"

ညတစ္ဆက မေးလိုက်သည်။

"ဒဏ်ရာက တော်တော်ပဲ များသွားသလား"

စုချန်းက ခေါင်းကို ဆတ်ခနဲညိတ်လိုက်၏။ ထို့နောက် သူက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။

"သိပ်တော့မပြင်းထန်လှဘူးထင်တာပဲ ကျွန်တော်က သူ့နှာခေါင်းရိုးကို ချိုးရုံလောက် ချိုးလိုက်တာပါ မထင်မှတ်ပဲ လက်ဆက မဆိုစလောက်လေး ပြင်းထန်သွားတယ် ဒီကောင့်ရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားတယ် ဘယ်ဖက်နားရွက်ကလည်း ရစရာမရှိအောင် စုတ်ပြတ်သွားတယ်ဗျ ဒါတင်ကသေးဘူး ဒီကောင့်မျက်လုံးနှစ်လုံးလုံး ရောင်ကိုင်းသွားတဲ့အတွက် သုံးရက်လောက်တော့ ဘာမှမြင်ရမယ်မထင်ဘူး အဲ နေအုံးဗျ ညာဖက်ပုခုံးရိုးလည်း ကျိုးသွားသေးတယ် ကျွန်တော်ကတော့ ကျွန်တော့လက်ဆ နည်းနည်းများသွားရုံကလွဲပြီး သိပ်မဆိုးလှဘူးထင်နေတာ နောက်ဆုံးတော့ တခြံလုံး သည်းသည်းလှုပ်ကုန်တာပဲဗျို့"

ညတစ္ဆေက အသက်ကို ပြင်းထန်စွာ ရှုသွင်းလိုက်သည်။ သူမသည် စုချိန်း၏ စုတ်ပြတ်နေသော ပုံစံနှင့် စုမျိုးနွယ်များ၏ ဒေါသကို မှန်းဆမြင်ယောင်လာမိ၏။ (ဤနေရာတွင် ဤအကြောင်းကို အနည်းငယ် ရှင်းပြရန် လိုအပ်လာခဲ့ပေပြီ။ စာဖတ်သူများထဲမှ တချို့တလေ ယူဆသည့်အတိုင်း ညတစ္ဆေသည် မိန်းကလေးတယောက်သာ ဖြစ်လေသည်။ မူရင်းစာရေးဆရာသည် ဤအကြောင်းကို မည်သည့်အတွက်ကြောင့် ဤနေရာတွင် ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်မှန်း ကျွန်တော်မသိပါ။ သို့ရာတွင် နှစ်လိုဖွယ်ရာ ဆွဲဆောင်မှုရှိသောဟု အဓိပ္ပါယ်ရသော charmဟူသော စကားလုံးကို သုံးထားလေရာ ညတစ္ဆေသ် မိန်းလေးတဦးဖြစ်မှန်း ယုံမှားနေစရာ မလိုတော့။ မိန်းကလေးဇာတ်ကောင်ဖြစ်ခြင်းသည် သိပ်ဆိုးရွားလှသည့် အရာတော့ မဟုတ်။ ထို့ကြောင့် ဤနေရာမှစ၍ နောက်ပိုင်တွင် ညတစ္ဆေကို မိန်းကလေးနာမ်စားနှင့် သုံးနှုံးသွားမည် ဖြစ်သည်။ ဤကား စကားချပ်)

၎င်းတို့၏ ဒေါသသည် မည်မျှ ပြင်းထန်နေကြစေကာမူ စုချန်းက အနီရောင်ပြစ်ဒဏ်ကို ထပ်မံရွေးချယ်လိုက်သည်ဟူသော စကားကို ကြားလိုက်ရသောအခါ စုမျိုးနွယ်ဝင်များသည် ဒေါသကို မြိုချပြီး ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေမိကြတော့သည်။ ထိုနေ့မှစ၍ စုမျိုးနွယ်ဝင်များအားလုံးသည် စုချန်းကို အရူးတယောက်အဖြစ် သတ်မှတ်ထားလိုက်ကြ၏။ ၎င်းတို့အားလုံးသည် စုချန်း၏ စိတ်ကူးစိတ်သန်းများကို မှန်းဆနိုင်ဟန်မရှိ။ မည်သည့်အခါမျှလည်း နားလည်နိုင်မည့်ပုံမပေါ်။

ညတစ္ဆေကိုယ်တိုင်လည်း နားလည်ပုံမပေါ်။ သူမက မေးလိုက်သည်။

"မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲ"

စုချန်းက ဖြေလိုက်သည်။

"ဘာကြောင့်လည်းဆိုတော့ နှောင်ကြိုးတွေကို ချိုးဖျက်ချင်လို့ပေါ့ဗျာ တိမ်တိုက်လင်းနို့ရဲ့ သွေးဗီဇကို ကျွန်တော် လိုချင်တယ်ဗျ ပြီးတော့ ဒီထက်မက သန်မာလာချင်တယ် ကုန်ကုန်ပြောရရင်တော့ ကျွန်တော် ထိုးချင်တဲ့လူတွေကို ဘာမှ ထိန်းချုပ်နေစရာမလိုပဲ စိတ်ရှိလက်ရှိ ထိုးပစ်ချင်တာပဲ"

ဤတကြိမ်တွင်ကား သူပြောလိုက်သော စကားလုံးများအားလုံးသည် သူ့ခံစားချက်အစစ်အမှန်များသာ ဖြစ်ကြကုန်၏။ ညတစ္ဆေကား လက်မှိုင်ချရလေပြီ။ သူမအနေနှင့် ပြောစရာစကား မရှိတော့။ အတန်ကြာမှ ညတစ္ဆေက စကားဆက်သည်။ သူမ၏ လေသံသည် တစုံတခုကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားရဟန် ပေါ်နေ၏။

"အနီရောင်တောင်ကြောက ပထမတကြိမ် ပြန်လာနိုင်တာနဲ့ နောက်တကြိမ် အလွယ်တကူ ပြန်လာနိုင်မယ်လို့ မင်းမထင်သင့်ဘူး အနီရောင်တောင်ကြောမှာ ဘယ်လိုလူစားမျိုးတွေက အမြန်ဆုံး သေကုန်ကြသလဲ မင်းသိရဲ့လား"

စုချန်းက ဖြေလိုက်သည်။

"အားနည်းတဲ့လူတွေမလား"

ညတစ္ဆေက ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။

"မဟုတ်ဘူး လုံးဝမဟုတ်ဘူး အားနည်းတဲ့လူတွေဟာ သူတို့ကိုသူတို့ အားနည်းမှန်း သိတယ် ဒါကြောင့်မို့လို့ သူတို့ဟာ သူတို့စိတ်ထဲမှာ မလုပ်နိုင်ဘူးလို့ ယူဆကြတဲ့အရာကို မလုပ်ကြဘူး သူတို့အတွက် အသက်ရှင်ရေးဟာ နံပါတ်တစ်ပဲလို့ ယူဆကြတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာကို ဘယ်တော့မှ သွားလေ့သွားထ မရှိကြဘူး အမြန်ဆုံး သေတတ်တဲ့လူမျိုးတွေက ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ခွန်အားအသင့်အတင့်ရှိပြီး အနီရောင်နယ်မြေမှာ အသက်ရှင်နေထိုင်ဖူးတဲ့ အတွေ့အကြုံတချို့ ရှိတဲ့ လူစားမျိုးတွေ အနီရောင်နယ်မြေမှာ အသက်ရှင်နေထိုင်ဖူးလိုက်တာနဲ့ သူတို့တတွေရဲ့ စိတ်ထဲမှာ ဒီတောင်ကြားရဲ့ အန္တရာယ်တွေနဲ့ အသားကျသွားပြီလို့ ထင်သွားတတ်တယ် ထပ်ပြောရရင် သူတို့ဟာ အရင်တခေါက်ထက် ပိုပြီး သန်မာလာတဲ့အတွက် ပိုပြီးအန္တရာယ်ရှိတဲ့နေရာမျိုးကို သွားနိုင်ပြီလို့ ယူဆသွားတတ်တယ် အရင်ကထက် ယုံကြည်မှု ပိုရှိလာတဲ့အတွက် သူတို့တတွေဟာ အန္တရာယ်ကို ဂရုမမူပဲ နေမိကြတတ်တယ် ဒီအခိုက်အတန့်ဟာ သူတို့ရဲ့ သေခြင်းကို အဆုံးအဖြတ် ပေးသွားတော့တာပဲ"

စုချန်း တုန်လှုပ်သွား၏။ ညတစ္ဆေသည် တခါတရံတွင် ရယ်စရာကောင်းလောက်အောင် မိုက်မဲသော်လည်း သူမ၏ စကားများမှာကား မှန်ကန်လှပေ၏။

စုချန်းသည် သူမရည်ညွှန်းလိုသော လူစားမျိုးထဲတွင် ပါဝင်နေသည်မှာ သေချာ၏။ အနီရောင်ပြစ်ဒဏ်မှ အန္တရာယ်ကင်းရှင်းစွာနှင့် ပြန်လာနိုင်ပြီးနောက် စုချန်းသည် အနီရောင်တောင်ကြော၏ အန္တရာယ်များကို အထူးတလည် ကြောက်စရာဟု မယူဆတော့သည်ကတော့ အမှန်ပင်။ ယခုတကြိမ်တွင် သူသည် ပို၍ အန္တရာယ်များသောနေရာသို့ သွားရောက်၍ သားရဲသတ္တဝါများကို ပိုမိုသတ်ဖြတ်ရန် ဆုံးဖြတ်ထား၏။ ၎င်းသည် အလွန် အန္တရာယ်များပြီး အသက်ပျောက်သွားစေနိုင်လောက်သည့် တွေးခေါ်မှုမျိုး ဖြစ်သည်။ ထိုအတွေးအခေါ်ကြောင့် သူ့အနေအထားသည် သေမင်း၏ ခံတွင်းဝသို့ ဦးတည်ပြေးလွှားနေကြောင်း မြင်သာနေ၏။ သူ့အနေနှင့် အန္တရာယ်ပေါင်းများစွာမှ လွတ်မြောက်နိုင်ခဲ့သည်ဆိုစေအုံး၊ တကြိမ်မျှသာ ရှုံးနိမ့်သွားပါက သူကြိုးစားခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန်သကဲ့သို့ အချည်းနှီး ဖြစ်သွားခဲ့ပေလိမ့်မည်။

အထက်ပါအတိုင်း အတွေးပေါက်မိသောအခါ စုချန်းသည် ညတစ္ဆေကို တလေးတစားနှင့်ပင် ဦးညွှတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့ကို ဆုံးမလိုက်တာ သွေးထွက်အောင်ကို မှန်ပါတယ်ဗျာ ကျွန်တော်ဟာ အနီရောင်တောင်ကြား၏ အန္တရာယ်တွေကို လျော့တွက်ထားပြီး ကိုယ့်ရဲ့စွမ်းရည်ကို အလွန်အကျွံ အထင်ကြီးမိနေတာ အမှန်ပါပဲ"

ညတစ္ဆေအနေနှင့် သူမ၏ စကားကို စုချန်းနားထောင်လိမ့်မည်ဟု အနည်းမျှပင် မထင်ထားချေ။ ယခုတော့ စုချန်းကိုကြည့်ရင်း သူမ ဝမ်းသာအားရနှင့် ပြောလိုက်သည်။

"မင်းမဆိုးဘူး အနည်းဆုံးတော့ သင်ကြားပြသရတာ လွယ်ကူတယ်လို့ ဆိုရမယ်"

သူမ၏ လေသံမှာ ကိုယ့်ကိုယ်ကို အထင်ကြီးဟန် အတိုင်းသား ပေါ်လွင်နေ၏။ စုချန်းက သူမကိုကြည့်ရင်း ကျိတ်ရယ်လိုက်သည်။ ညတစ္ဆေက စကားဆက်သည်။

"ဒီလိုသိရပြီဆိုတော့ မင်းအနေနဲ့ စိတ်ပြောင်းသွားလောက်ပြီထင်တယ် ဟုတ်ရဲ့လား"

စုချန်းက ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်သည်။

"မဟုတ်သေးဘူးဗျ ကျွန်တော့အနေနဲ့ သွားတာကတော့ သွားရမှာပဲ ဘာလို့လဲဆိုတော့ စုချိန်းကို ထိုးလိုက်မိလို့ ပြစ်ဒဏ်က ချမှတ်ခံလိုက်ရပြီလေ ကျွန်တော် ဆိုလိုတာက ခင်ဗျားရဲ့စကားက ကျွန်တော့ကို ပိုပြီးသတိရှိဖို့၊ ပိုပြီး ဂရုတစိုက်နဲ့ ပြင်ဆင်ထားဖို့၊ အရာရာကို ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ဆောင်ဖို့ သတိပေးလိုက်သလိုပဲ ဒီလိုပြောတာနဲ့ ကျွန်တော် အလွယ်တကူ အရှုံးပေးလိုက်ပြီလို့ မဆိုလိုဘူးလေ အစတုန်းကတော့ ကျွန်တော်ဟာ အနက်ရောင်မျဉ်းကြောင်းဓားနဲ့ နီလခရမ်းဝတ်စုံနှစ်မျိုးတည်းကိုပဲ ငှားမလို့ ဒါပေမဲ့ ကြည့်ရတာ ပစ္စည်းလေးမျိုးလုံးကို ပြန်ငှားရတော့မယ်နဲ့ တူတယ် ဒါ့အပြင် ပထမတခေါက်ထက် ဆေးနဲ့ ဝိညာဏ်ဆက်ကြောင်း မှော်ပုလဲတွေ ပိုပြီး လိုအပ်လာပုံရတယ် ဒါတွေကိုကော ခင်ဗျားအနေနဲ့ ပေးနိုင်မလားဗျ"

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ညတစ္ဆေက ဒေါသထွက်သွားပုံရသည်။ သူမက ပြောလိုက်၏။

"ကျုပ်က မင်းက သနားလို့ စိတ်ပြောင်းသွားမလား အကြံပေးတယ် ခုတော့ မင်းက ပိုတောင်ဆိုးနေပါလားကွ အရင်တခေါက်ထက်တောင် ပိုပေးဖို့ ပြောနေသေးတယ် ဟုတ်လား"

စုချန်းက ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"ဟာ ခင်ဗျား အဲလိုတော့ မပြောနဲ့လေဗျာ ခုဟာက နှစ်ဦးနှစ်ဖက် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေတာ မဟုတ်ဘူးလား ဒါ့အပြင် အရင်တခေါက် ကိစ္စပြီးတာနဲ့ ကျွန်တော် ငှားထားတဲ့ ပစ္စည်းတွေအကုန်လုံးကို ပြန်ပေးခဲ့တာပဲ မဟုတ်ဘူးလား ဘာပစ္စည်းများ ကျန်ခဲ့လို့လဲ"

ညတစ္ဆေက ရွဲ့လိုက်၏။

"မင်းသုံးထားပြီးသားတွေကိုတော့ ပြန်မပေးရသေးဘူးလေ"

စုချန်းက မကျေမနပ်နှင့် ပြောလိုက်သည်။

"ဒီတခေါက် ကျွန်တော့ကိုယ်ပိုင် မူလကျောက်တုံးတွေကိုပဲ သုံးမယ်လေဗျာ ဒါတောင် မလုံလောက်သေးဘူးလား ဒါကိုမှ ခင်ဗျားက မကျေနပ်သေးရင် ခုပေးမဲ့ ဆေးတွေနဲ့ ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲတွေရဲ့ တန်ဖိုးကို တွက်လိုက်ဗျာ ကျွန်တော် ဝယ်လိုက်မယ် ကျွန်တော် ထင်ပါတယ် ခင်ဗျားပေးမဲ့ ပစ္စည်းတွေက အညံ့စားတွေဆိုတော့ သိပ်လဲတန်ဖိုးမရှိလောက်ပါဘူး ဟိုတခေါက် ခင်ဗျားဆီက မူလစွမ်းရည်တွေ ဝယ်ယူလိုက်လို့ ကျွန်တော့မူလကျောက်တုံးတွေ အတော်လေး ကုန်သွားတယ် ဒါကြောင့် ကျွန်တော့လက်ထဲမှာ ကျောက်တုံး များများစားစားတော့ မကျန်တော့ဘူးဗျ"

"ဒါကျတော့......."

ညတစ္ဆေသည် သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေ၏။ ထို့နောက် သူမက ပြောလိုက်သည်။

"အင်း...မဖြစ်နိုင်စရာတော့ မရှိဘူးလို့ ဆိုရမယ် ဒါပေမဲ့ ငါ့အနေနဲ့ တထိုင်တည်းဆုံးဖြတ်လို့တော့ မရဘူးကွ ပြန်ပြီး အစီရင်ခံရအုံးမယ်"

စကားဆုံးသည်နှင့် ညတစ္ဆေသည် လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွား၏။ ဒုတိယညတွင် သူမသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာပြန်သည်။ ရောက်ရောက်ချင်းပင် သူမက လိုရင်းကို တန်းပြော၏။

"အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေက မှာလိုက်တယ် မင်းနဲ့ ဆွေးနွေးမှုတချို့ လုပ်ပြီးတာနဲ့ အရင်တခါအတိုင်း မူလကိရိယာလေးမျိုးကို ငှားရမ်းပေးမယ်တဲ့ ဒါတင်မကသေးဘူး မင်းလိုအပ်သမျှ ဆေးနဲ့ ဝိညာဏ်ဆက်ကြောင်း မှော်ပုလဲတွေကိုပါ အခမဲ့ ထောက်ပံ့ပေးအုံးမတဲ့ ပိုပြီး ထူးခြားတာက ဒီတခါ ထောက်ပံ့ပေးမဲ့ ဆေးတွေက တကယ့်ထိပ်တန်းတွေ ပထမတန်းစားတွေချည်းပဲ ကချော်ကချွတ် တခုမှ မပါဘူး"

"ပထမတန်းစားတွေ ဟုတ်လား ဖြစ်နိုင်မှလည်းပြောပါဗျာ"

စုချန်းက ညတစ္ဆေ၏ စကားကို မယုံကြည်ဟန်နှင့် ပြောလိုက်သည်။ သူ့ပုံစံမှာ ကောက်ရိုးပုံထဲ အပ်ပျောက်သည်ကို လိုက်ရှာသည်ကမှ ဖြစ်နိုင်ချေရှိအုံးမည်။ ညတစ္ဆေ၏ စကားက မည်သို့မျှ မဖြစ်နိုင်ဟု ယူဆသော ပုံစံမျိုး ဖမ်းထား၏။ ညတစ္ဆေက ပြောလိုက်သည်။

"မင်းသာ ငါတို့ကို ကူညီပြီး တစုံတခုကို ပြုလုပ်ပေးမယ်ဆိုရင် ဒါက မဖြစ်နိုင်စရာ မရှိပါဘူးလေ"

စုချန်းက မေးလိုက်သည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ"

ညတစ္ဆေက သူမ သိချင်နေသော မေးခွန်းကို မကွယ်ဝှက်ပဲ မေးလိုက်၏။

"အချိန်တော်တော်ကြာကတည်းက ဟန်မြစ်ကိုဖြတ်ပြီး သင်္ဘောတွေနဲ့ စုမျိုးနွယ်စုဆီ ကုန်ပစ္စည်းတွေ တင်ပို့နေတာ ရှိသလား"

စုချန်း အားရပါးရ ရယ်မောလိုက်သည်။

"ခင်ဗျား ပြောနေတာ ရှောင်စီးအဖွဲ့အစည်းနဲ့ သဘောတူထားတဲ့ သစ်တင်ပို့ရေးလုပ်ငန်း ဖြစ်မယ် ဟုတ်တယ်ဗျ ဒီလုပ်ငန်းကို ကျွန်တော့ဦးလေး စုဖေးဟူက ဦးစီးလုပ်ကိုင်နေတယ် ဘာဖြစ်လို့လဲ ခင်ဗျားတို့အဖွဲ့အစည်းက ဒီလုပ်ငန်းကိုများ စိတ်ဝင်စားနေသလား"

ညတစ္ဆေက ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင်တော့ မဟုတ်ဘူး ငါတို့က တချို့ပစ္စည်းတွေ မှောင်ခိုသွင်းတဲ့နေရာမှာ မင်းကို ကူညီစေချင်တာ"

စုချန်းသည် အလွန်တရာ အကင်းပါးသူ ဖြစ်သည်။ သူက ညတစ္ဆေ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ သူက မေးလိုက်သည်။

"မှောင်ခို ဟုတ်လား ခင်ဗျားပြောနေတာ တရားမဝင် သွင်းကုန်တွေပေါ့"

သို့သော် စုချန်း၏ ကောက်ချက်စောသွားပုံရသည်။ ညတစ္ဆေက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး ငါတို့နဲ့ ပြိုင်ဖက် အဖွဲ့အစည်းကို မသိစေချင်တဲ့ ပစ္စည်းတချို့လောက်ပဲ"

စုချန်းက သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဒီကိစ္စက ကျွန်တော့ဦးလေး လုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ အကျိုးစီးပွားကို မထိခိုက်စေဘူးဆိုရင် ကျွန်တော် လုပ်ပေးလို့ရပါတယ် ဒါပေမဲ့ ခင်ဗျား ကျွန်တော့ကိုပေးတဲ့ ဆေးဝါးတွေနဲ့ ပစ္စည်းတွေက ဈေးပေါပြီး အားနည်းချက်ရှိတဲ့ ပစ္စည်းတွေချည်းပဲ ဒီလောက်နဲ့ အပေးအယူလုပ်ဖို့ကတော့ စဉ်းစားစရာ ဖြစ်နေတယ်ဗျ"

ညတစ္ဆေ ခေါင်းရှုပ်သွား၏။ သူမက မေးလိုက်သည်။

"မင်းဘာလိုချင်တာလဲ"

"အရင်တခေါက် ခင်ဗျားဆီက မူလစွမ်းရည်တွေ ဝယ်ယူဖို့ မူလကျောက်တုံး မလုံလောက်တော့ မျိုးနွယ်စု စီးပွားရေးလုပ်ငန်းတွေဆီကနေပြီး ကျွန်တော် ချေးငှားလိုက်ရတယ် ဒါက ပမာဏအနေနဲ့ သိပ်မများဘူးဆိုပေမဲ့ ကျွန်တော် အတော်လေး ခေါင်းရှုပ်နေတာဗျ"

ညတစ္ဆေက

"ငါတို့က မင်းကို မူလကျောက်တုံး သုံးရာ ထပ်ပေးမယ်"

စုချန်းက

"တစ်ထောင်"

စုချန်း၏ တောင်းဆိုချက်ကြောင့် ညတစ္ဆေ၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူမက သတိပေးလိုက်သည်။

"ဟေ့ ငါတို့က မင်းကို ပစ္စည်းတချို့ သယ်ယူပို့ဆောင်ပေးဖို့ပဲ ပြောနေတာနော်"

စုချန်းက ပျင်းရိငြီးငွေ့သော ပုံစံနှင့် ပြောလိုက်သည်။

"ခင်ဗျားအနေနဲ့ မျိုးနွယ်စု သခင်လေးတယောက်ကို ကိုယ့်ဖက်ပါအောင် သိမ်းသွင်းချင်တယ်ဆိုရင် ဒီထက်ပိုပြီး အရင်းအနှီး စိုက်သင့်တာပေါ့ဗျာ"

ညတစ္ဆေ အတန်ကြာမျှ မှင်သက်သွား၏။ ထို့နောက် သူမက အားရပါးရ ရယ်မောလိုက်သည်။

"မင်းက အတော်လည်တဲ့ကောင်ပဲ ကြိုပြီးသိနေပြီပေါ့လေ"

စုချန်း၏ အတွေးမှာ ရိုးရိုးလေးပင် ဖြစ်သည်။ လျှို့ဝှက်အဖွဲ့အစည်းသည် အလွန်အင်အားကြီးသော်လည်း ကုန်ပစ္စည်းတချို့သယ်ဆောင်ရန် စုချန်းအား ရုတ်တရက် တောင်းဆိုလာ၏။ ဤမျှ အင်အားကြီးမားသော အဖွဲ့အစည်းသည် ပစ္စည်းတချို့သယ်ဆောင်ရန် သာမာန်အားဖြင့် စုချန်းအား တောင်းဆိုနေရန် မရှိ။ စုမျိုးနွယ်စုထဲတွင် ဤအဂတိလိုက်စားမှုအား လုပ်ဆောင်မည့်သူ ဒုနှင့်ဒေးပင်။ဤတချက်သည် အလွန် သံသယဝင်စရာ ကောင်းနေ၏။ ထို့ကြောင့် ၎င်းတို့၏ အကြောင်းပြချက်သည် ယုတ္တိမတန်ဟု စုချန်းက ယူဆလိုက်ခြင်း ဖြစ်သည်။

တဖန် လျှို့ဝှက်အဖွဲ့အစည်းသည် အနီရောင်တောင်ကြောခရီးစဉ်အတွက် မိမိအား တန်ဖိုးကြီးသော ပစ္စည်းများကို အလွယ်တကူ ငှားရမ်းခဲ့၏။ ထိုမျှသာမကသေး။ အင်မတန် ဈေးကြီးလှသော ဝိညာဏ်မျက်လုံးကဲ့သို့ မူလစွမ်းရည်မျိုးကို သူ့အား ဈေးပေါပေါနှင့် ရောင်းချခဲ့ပြန်သည်။

အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်လျင် လျှို့ဝှက်အဖွဲ့အစည်းသည် မိမိအား ဆွဲဆောင်သိမ်းသွင်းရန် ကြိုးစားနေသည်ဟု စုချန်းက သဘောပေါက်လိုက်၏။ ၎င်းတို့၏ လုပ်ရပ်မှာ အလွန်ပင် သိသာထင်ရှားနေသည် မဟုတ်ပါလား။

တဖန် စုချန်းသည် သူ သတ်ဖြတ်ခဲ့သော လင်ချီးအကြောင်း ပြန်လည် တွေးတောမိပြန်၏။ လင်ချီးသည် လင်မျိုးနွယ်စုမှ ဖြစ်သော်လည်း လျှို့ဝှက်အဖွဲ့အစည်းအတွင်းသို့ ရောက်ရှိနေ၏။ ထို့ကြောင့် လျှို့ဝှက်အဖွဲ့အစည်းသည် နေရာအနှံ့အပြားတွင် သူ့လူများကို သွတ်သွင်းရန် ကြိုးစားနေကြောင်း သိသာထင်ရှားနေပေပြီ။ ထိုလူများသည် ကိုယ်ခန္ဓာစွမ်းအားများ စုဆောင်းခြင်းကျင့်စဉ်ကို နက်ရှိုင်းစွာ လေ့ကျင့်ထားသော မူလချီစွမ်းအားပညာရှင်များလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အထက်တန်းစားအရာရှိများလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် မျိုးနွယ်စုများ၊ ဂိုဏ်းအဖွဲ့အစည်းများမှ လူငယ်သခင်လေးများလည်း ဖြစ်နိုင်သည်။

အကယ်၍ လင်ချီးကဲ့သို့သော မျိုးနွယ်စုမှ အဆွယ်အပွားများသည်ပင် ထိုက်တန်သော တန်ဖိုးရှိနေလျင် စုချန်းကဲ့သို့သော စတုတ္ထသခင်လေးသည် အဘယ်ကြောင့် တန်ဖိုး မကြီးမားရမည်နည်း။ ထပ်ပြောရလျင် စုချန်းကိုသာ သူတို့ဖက်ပါအောင် သိမ်းသွင်းနိုင်ပါက သူတို့၏ လျှို့ဝှက်ချက်သည်လည်း ပေါက်ကြားရန် ခဲယဉ်းသွားပေလိမ့်မည်။ မိမိတို့၏ လျှို့ဝှက်ချက်ကို သိရှိထားသူတယောက်အား သတ်ဖြတ်လိုက်ခြင်းထက် မိမိတို့ဖက်ပါအောင် သိမ်းသွင်းလိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

ဤနည်းလမ်းသည် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားနိုင်သည့် နည်းလမ်းဖြစ်သည်။ စုချန်းအနေနှင့်လည်း ထိုကိစ္စကို အထူးတလည် ငြင်းဆန်နေရန် အကြောင်းမရှိချေ။ လက်ရှိတွင် စုချန်း၏ စိတ်အခြေအနေသည် အလွန်တရာ ပြတ်သားသော အခြေအနေတွင် ရှိ၏။

သူသည် သူနှင့် စုမျိုးနွယ်စုအကြားရှိ ပတ်သက်မှုများအားလုံးကို အပြီးတိုင် ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူသည် အလွန်ငယ်ရွယ်သေးသည့် လူငယ်တယောက်မျှသာ ဖြစ်သည်။ ဤမျှ ငယ်ရွယ်သောလူငယ်တဦးသည် ကြမ်းတမ်းခက်ထန်လှသော လောကကြီးတွင် အမှီသဟဲမရှိပဲ ရှင်သန်ရန် ခက်ခဲလှ၏။ လျှို့ဝှက်အဖွဲ့အစည်းသည် နောင်တချိန်တွင် ပြသနာတက်နိုင်သည်မှန်သော်လည်း လက်ရှိတွင် အမှီသဟဲကောင်းတခု ဖြစ်နိုင်သည်ဟု စုချန်းက ယူဆထားလေသည်။

ထိုအခါ စုချန်းက ညတစ္ဆေမှတဆင့် မူလစွမ်းရည်များ ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလိုက်သည်။ ကမ်းလှမ်းမှုတွင် ရည်ရွယ်ချက် နှစ်ခုပါ၏။ ပထမရည်ရွယ်ချက်မှာ မူလစွမ်းရည်များကို အမှန်တကယ် ဝယ်ယူလိုခြင်း ဖြစ်သည်။ ဒုတိယမှာ လျှို့ဝှက်အဖွဲ့အစည်းအား သူက တဖ်လှည့်နှင့် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ တဖက်အဖွဲ့အစည်းကလည်း နှယ်နှယ်ရရတော့မဟုတ်။ စုချန်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပင် နားလည်သဘောပေါက်ပုံရသည်။ ၎င်းတို့သည် အလွန်တရာ တန်ဖိုးကြီးလှသော မူလစွမ်းရည်များကို ဈေးပေါပေါနှင့် ရောင်းချပေးခဲ့၏။ ထို့ကြောင့် စုချန်းနှင့် လျို့ဝှက်အဖွဲ့အစည်းသည် အပေးအယူ ဆက်လုပ်၍ ရသွားလေသည်။

ထို့နောက်တွင်ကား အရာအားလုံးသည် မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်ခဲ့ပြီး လျှို့ဝှက်အဖွဲ့အစည်းအနေနှင့် စုချန်းကို သိမ်းသွင်း၍ ရမရ စမ်းသပ်သည့် အခြေအနေထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် စုချန်းနှင့် လျှို့ဝှက်အဖွဲ့အစည်းသည် တဖက်နှင့်တဖက် မိမိကိုယ်ကျိုးအတွက် အသုံးချနိုင်ရန် ကြိုးစားနေကြခြင်းပင်။

ထိုအခါ စုချန်းက ပျင်းရိငြီးငွေ့စွာ ပြောလိုက်၏။

"ငါးစာကသာ လုံလောက်အောင် ကြီးမားနေမယ်ဆိုရင် ငါးစာမှန်း သိနေရင်တောင် မြိုမိမှာပဲ ကျွန်တော်စိတ်ပူတာက သိမ်းသွင်းခံရခြင်း မခံရခြင်းဆိုတဲ့ ပြသနာမဟုတ်ဘူး တန်ရာတန်ကြေးကိုပဲဗျ"

ညတစ္ဆေက ခေါင်းကို ဆတ်ခနဲညိတ်လိုက်သည်။

"ကောင်းပြီလေ မူလကျောက်တုံး တထောင်ပဲထားလိုက်တော့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရေရှည်တည်တံ့ပါစေ အကျိုးဖြစ်ထွန်းပါစေ"

စုချန်းကလည်း တူညီသောစကားနှင့် တုံ့ပြန်လိုက်သည်။

"ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရေရှည်တည်တံ့ပါစေ အကျိုးဖြစ်ထွန်းပါစေ"

ထို့နောက် စုချန်းက စကားကိုရပ်ကာ ကောက်ခါငင်ခါ မေးခွန်းထုတ်လိုက်၏။

"ခင်ဗျားဟာ အမျိုးသမီးတယောက် မဟုတ်ဘူးလား ခုချိန်ထိ ဖုံးကွယ်ထားတာ ဖုံးရကျိုးမနပ်တော့ဘူးထင်တယ်"

ညတစ္ဆေ၏ မျက်လုံး ဝိုင်းစက်သွားသည်။ သူမက မေးလိုက်သည်။

"ငါ အမျိုးသမီးတယောက်ဆိုတာ မင်း သိနေခဲ့တယ်ပေါ့ ဟုတ်လား"

စုချန်းက ဖြေလိုက်၏။

"ခင်ဗျားဟာ မိန်းမတယောက် ဖြစ်နေမှပဲ တော်ရုံတန်ရုံလူက ဒီလိုရူးသွပ်မိုက်မဲတာမျိုးကို သည်းခံနိုင်မှာဗျ"

စုချန်း၏ စကားကြောင့် ညတစ္ဆေတယောက် ပြင်းထန်စွာ ဒေါသထွက်လာတော့သည်။

All Chapters