အနီရောင်တောင်ကြောသို့ ဒုတိယအကြိမ်
Vol. 5 Ch. 47
စုချန်းတယောက် အနီရောင်တောင်ကြောသို့ ဒုတိယအကြိမ် သွားရောက်ရမည့်နေ့ရက်ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့ပြန်ချေပြီ။ ဤယနေ့တွင်လည်း ပထမအကြိမ်ကဲ့သို့ပင် မျိုးနွယ်စုတစုလုံး စုချန်းကို လိုက်ပို့ရန် ရောက်ရှိလာကြပြန်၏။
နောက်ဆုံးတခေါက်နှင့် ကွာခြားသွားသည်မှာကား ဤတကြိမ်တွင် စုခေါ့ကျိသည် သူ့နှလုံးသားအတွင်းရှိ အမုန်းတရားကို ဖုံးကွယ်၍ မရတော့ခြင်းပင် ဖြစ်သည်။ သူသည် မျိုးနွယ်စု တူသားများအပေါ်တွင် ထားရှိရမည့် အခြေခံယဉ်ကျေးမှုမျိုးကိုပင် လုပ်ဆောင်နိုင်စွမ်း မရှိရှာတော့။ တနည်းအားဖြင့် သူသည် စုချန်းအပေါ်တွင် ဟန်ဆောင်ပန်ဆောင် သနားညှာတာသော အမူအရာမျိုးပင် မပြနိုင်ရှာတော့ဟု ဆိုနိုင်သည်။ စုချန်းကို ကြည့်နေသော စုခေါ့ကျိ၏ အကြည့်တွင် အဆိပ်အတောက်များ၊ မုန်းတီးမှုများ၊ သွေးဆာနေဟန်များနှင့် အတိပြီးနေတော့သည်။ အကယ်၍ ထိုနေရာတွင် မျိုးနွယ်စုခေါင်းဆောင်သာ ရှိမနေခဲ့လျင် စုခေါ့ကျိသည် နေရာမှ တဟုန်ထိုးပြေးထွက်ပြီး စုချန်းကို ကောင်းကောင်းကြီး သင်ခန်းစာပေးမိပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင်ကြီး စုချန်းချဲ့၏ အမူအရာမှာကား စိတ်ရှုပ်ထွေးနေဟန်ရှိသည်။ ၎င်းသည် ချစ်လှစွာသော မြေးငယ်အား တွေတွေကြီး စိုက်ကြည့်နေရှာသည်။ အတန်ကြာမှ သူက စကားစ၏။
"ဖိုးဖိုးက ငါ့မြေးကို နောက်တကြိမ် ထပ်မေးအုံးမယ် မင်းအနေနဲ့ အနီရောင်ပြစ်ဒဏ်ကို ရွေးချယ်လိုက်ပြီဆိုတာ သေချာရဲ့လား သေချာစဉ်းစားပါ ခုနေနောက်ဆုတ်မယ်ဆိုရင် အချိန်မီသေးတယ် တကယ်လို့ စိတ်ပြောင်းသွားမယ်ဆိုရင် အနီရောင်ပြစ်ဒဏ်ကို ပယ်ဖျက်ပြီး ဖိုးဖိုးက ငါ့မြေးကို နောက်ထပ် ပြစ်ဒဏ်တမျိုးနဲ့ ဒဏ်ခတ်လို့ရတယ်"
စုချန်းက ခေါင်းခါယမ်းလိုက်သည်။
"မပြောင်းပါဘူးခင်ဗျာ ကျွန်တော့အနေနဲ့ အခုပဲ အနီရောင်တောင်ကြောကို ထွက်ခွာချင်ပါတယ်"
အကြီးအကဲက သက်ပြင်းချရင်း စကားစသည်။
"ကောင်းပြီ အနီရောင်ပြစ်ဒဏ်ကို အတည်တကျ ရွေးချယ်လိုက်ပြီဆိုတော့ အရာအားလုံးဟာ စည်းကမ်းအတိုင်းပဲ ဖြစ်စေရမယ် ပြစ်ဒဏ်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင် လုပ်ဆောင်ပါ ဒီအတောအတွင်းမှာ ကျုပ်တို့အနေနဲ့ မင်းကို ဘာအကူအညီမှ ပေးမှာမဟုတ်ဘူး အရာအားလုံးကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်ရလိမ့်မယ် ပြစ်ဒဏ်ကာလဟာ ရက်ပေါင်း ၁၀၀တိတိ ဖြစ်မယ် ပြစ်ဒဏ်ကာလအတွင်းမှာ မင်းဟာ အနောက်ဘက်နယ်မြေမှာရှိတဲ့ အနက်ရောင်တောင်ထိပ်ကို သွားရလိမ့်မယ် အဲဒီမှာ အာရုံတက်ချိန်တိုင်း ပန်းတပွင့် ပွင့်လေရှိတဲ့ အနီရောင်သွေးကြာပန်းကို ရှာဖွေရမယ် သွေးကြာပန်းဟာ ပွင့်ချပ်ခြောက်ခုရှိပြီး ထူးခြားဆန်းပြားတဲ့ သင်းရနံ့မျိုး ရှိတယ် သွေးကြာပန်းကို တွေ့ပြီဆိုတာနဲ့ ကျောက်စိမ်းသေတ္တာထဲမှာ လုံလုံခြုံခြုံ သိမ်းဆည်းပြီး ဒီကိုယူခဲ့ရမယ် ဒီတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ပြီးပြီဆိုရင် နောက်ထပ်တာဝန်တခု ရှိသေးတယ် အဲဒီတာဝန်က ဘာလဲဆိုတော့ သံသစ်ပင်တပင်ရဲ့အကိုင်းကို ယူလာခဲ့ဖို့ပဲ သံသစ်ပင်တွေဟာ တောင်ထွဋ်တစ်ရာတောင်မှာ ရှိတယ် သံသစ်ပင်အကိုင်းကို ဖြတ်တောက်တဲ့နေရာမှာလည်း သစ်ပင်ရဲ့ အမြစ်နဲ့ ဦးခေါင်းပိုင်းကို ချန်ခဲ့ရမယ် သံသစ်ပင်ရဲ့ အမြစ်မှာ ဆူးတွေရှိနေတတ်တဲ့အတွက် သတိတော့ထား ဒါ့အပြင် မင်းယူလာခဲ့တဲ့ သံသစ်ပင်ရဲ့သက်တမ်းဟာ နှစ်ပေါင်း၃၀ထက် မကြီးသေးတဲ့ သံသစ်ပင်ဖြစ်ရမယ်"
စစ်မှန်သော အနီရောင်ပြစ်ဒဏ်တွင် သီးခြားတာဝန်များ ထည့်သွင်းထားတတ်သည်။ ထိုသို့ ထည့်သွင်းထားရခြင်းမှာလည်း အလကားတော့မဟုတ်။ ပြစ်ဒဏ်ကျခံရသူသည် မိမိသွားလိုသည့် လမ်းကြောင်းကို ကြိုတင်သတ်မှတ်ထားပြီး တောအုပ်အတွင်းသို့ မဝင်တော့ပဲ ပြစ်ဒဏ်ကာလ ပြီးဆုံးသည်အထိ တနေရာရာတွင် ပုန်းအောင်းနေခြင်းမျိုးကို တားဆီးရန် ဖြစ်သည်။
ပြီးခဲ့သော တခေါက်တွင်ကား စုချန်းချဲ့သည် စုချန်း၏ ဒုက္ခိတဘဝနှင့် အနီရောင်ပြစ်ဒဏ်ကို မိမိသဘောအလျောက် ရွေးချယ်ခြင်းဟူသော အချက်နှစ်ချက်အပေါ် မူတည်ကာ စုချန်းအပေါ် သက်ညှာစဉ်းစားခဲ့၏။ ထို့ပြင် ထိုတခေါက်က စုချန်း၏ အပြစ်ကလည်း သိပ်မကြီးလှ။ ၎င်းအနေနှင့် အရိုအသေတန်လှသော အစေခံတယောက်ကို ဆုံးမမခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ပထမအကြိမ်ပြစ်ဒဏ်တွင် စုချန်းချဲ့သည် သီးခြားတာဝန်များကို ထည့်သွင်းခဲ့ခြင်း မရှိပေ။ ထို့အတွက်ကြောင့်လည်း စုချန်းတယောက် အနီရောင်တောင်ကြောမှ ပြန်လာနိုင်ခြင်းဟု သူက ယူဆထား၏။
ယခုတကြိမ်တွင်ကား စုချန်း ရိုက်နှက်လိုက်သူမှာ တခြားသူမဟုတ်။ စုချိန်း ဖြစ်နေ၏။ တဖန် စုချန်းသည် အနီရောင်ပြစ်ဒဏ်ကိုပင် ထပ်မံရွေးချယ်ခဲ့လေရာ အခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။ စုချန်းသည် မျက်မမြင်တယောက် ဖြစ်နေသည့်တိုင် စုချန်းချဲ့အနေနှင့် ပထမတကြိမ်ကလို သက်ညှာမှုမျိုး မပြုနိုင်တော့။
မျက်မမြင်တယောက်အဖို့ ခက်ထန်ကြမ်းတမ်းလှသော ပတ်ဝန်းကျင်မျိုးတွင် တိကျသော တည်နေရာကို ရှာဖွေပြီး ရှာဖွေခိုင်းလိုက်သော ပစ္စည်းများကို ယူလာဖို့ဆိုသည်မှာ အလွန်ပင် ခက်ခဲလှ၏။ ဤတကြိမ် အနီရောင်ပြစ်ဒဏ်သည် သူ့အတွက် မပြန်လမ်းမှန်း စုချန်းတယောက် သဘောပေါက်လာစေလိုသော ဆန္ဒ စုချန်းချဲ့တွင် အပြည့်အဝ ရှိလေသည်။ အနီရောင်တောင်ကြောသည် အလိုရှိသလို ဝင်ထွက်သွားလာနိုင်သည့် နေရာဌာနမျိုး မဟုတ်သလို မိမိ လိုအပ်သည့်အချိန်တွင် ငှက်တကောင်ကဲ့သို့ ပျံသန်းထွက်ခွာနိုင်သည့် အဆောင်လက်ဖွဲ့မျိုးလည်း စုချန်းတွင် ရှိနေသည်မဟုတ်။
သို့သော် စုချန်းကား အန္တာရာယ်များ ရောပြွမ်းနေသောလမ်းကိုသာ ဇွတ်မှိတ်လျှောက်လှမ်းရန် ဆုံးဖြတ်ထားခဲ့လေပြီ။ ထို့နောက် သူက အလွန်တရာ တည်ငြိမ်လှသောလေသံနှင့် ပြောလိုက်သည်။
"ဖိုးဖိုး ဒီနေ့ကို ကောင်းကောင်းကြီး သတိရနေမှာပါဗျာ"
စကားဆုံးသည်နှင့် စုချန်းသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားလေတော့သည်။ စုချန်းချဲ့သည် စုချန်း၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ရှာ၏။ အဖိုးအို၏ စိတ်အတွင်းတွင်ကား စုမျိုးနွယ်စုသည် တစုံတရာကို ဆုံးရှုံးသွားသကဲ့သို့ မဖော်ပြနိုင်သော ခံစားချက်များ ဖြစ်ပေါ်နေတော့သည်။ သူသည် ထိုခံစားချက်ကို မေ့ပျောက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြည့်၏။ သို့သော် အနှီခံစားချက်သည် မြေကြီးပေါ်တွင် မြဲမြံစွာ အမြစ်တွယ်နေသော သစ်ပင်ကြီးကဲ့သို့ မည်သိုမျှ ဖယ်ထုတ်၍ မရအောင် ဖြစ်နေတော့သည်။ ထိုအခါ အဖိုးအိုသည် နေမထိထိုင်မသာဖြစ်ခြင်း၊ ချီတုံချတုံဖြစ်ခြင်း စသော ခံစားချက်မျိုးစံကို တပြိုင်နက်တည်း ခံစားရနေရှာတော့သည်။
___________________×××______________×××_______
ဤတကြိမ်တွင်ကား အပိုဆောင်းတာဝန်များ ပါလာခဲ့ရာ ထိုတာဝန်များကို ပြစ်ဒဏ်ကာလအတွင် ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုအပ်ပေ၏။ ထို့ကြောင့် စုချန်းသည် သူ ပထမအကြိမ် ရွေးချယ်ခဲ့သောလမ်းကြောင်းအတိုင်း မသွားတော့ပဲ အနီရောင်နယ်မြေ၏ နယ်နမိတ်မျဉ်းလွန်သ်နှင့် အနောက်ဘက်အနက်ရောင်တောင်ထိပ်သို့ တည့်တည့်မတ်မတ်ပင် ဦးတည်လျှောက်လာခဲ့တော့သည်။
အနောက်ဘက်အနက်ရောင်တောင်ထိပ်နှင့် တောင်ထွဋ်တရာတောင်ထိပ်သည် အနီရောင်တောင်ကြောတွင် ထင်ရှားသော နေရာများ ဖြစ်ကြသည်။ ထို့ကြောင့် ရှာတွေ့ရန်မှာ သိပ်မခက်လှ။ သို့သော် အဆိုပါနေရာ နှစ်နေရာမှာ တနေရာနှင့်တနေရာ အလွန်ဝေးကွာလှပြီး တနေရာမှ နောက်တနေရာသို့ရောက်ရှိရန် အလွန်ကျယ်ပြောလှသော တောနက်ကြီးများကို ဖြတ်သန်းသွားရ၏။ ထို့ကြောင့် စုချန်းအဖို့ ထိုအန္တရာယ်များကို ရှောင်တိမ်းလိုလျင်ပင် ရှောင်တိမ်းနိုင်ရန် မလွယ်ကူလှ။ ထို့ကြောင့် ထိုသို့ရှောင်တိမ်းမည့်အစား မည်သည့်အခြေအနေ၊ မည်သို့အန္တရယ်၊ မည်သည့်တိုက်ပွဲမျိုးနှင့် ကြုံတွေ့ရစေကာမူ ကျော်လွှားရှင်သန်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပြီး လာမည့်ဘေးကို ပြေးတွေ့ခြင်းသာလျင် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
အနီရောင်ပြစ်ဒဏ်၏ ပထမနေ့ရက်တွင်ကား စုချန်းတယောက် မည်သည့်အခက်အခဲမျှမရှိပဲ ဖြတ်သန်းနိုင်ခဲ့၏။ သူသည် အလွန်လျင်မြန်စွာ ခရီးဆက်လာခဲ့ရာ ဒုတိယနေ့ရက်တွင်ကား ရိုင်းစိုင်းကြမ်းတမ်းသော သတ္တဝါဆိုးကြီးတကောင်နှင့် စတင်ကြုံတွေ့ရတော့သည်။ ၎င်းသတ္တဝါသည် အလယ်အလတ်အဆင့်ရှိပြီး ချီစုဆောင်းခြင်းနယ်ပယ်၏ အထက်တန်းပညာရှင်အဆင့်နှင့် တူညီနေရာ စုချန်းတယောက် ခြေကုန်သုတ်ရတော့သည်။ ကံကောင်းထောက်မသည်မှာ ၎င်းသတ္တဝါသည် အင်အားကြီးမားသော်လည်း လျင်မြန်မှုအရာတွင်ကား အတန်ငယ် နည်းပါးလေရာ စုချန်းတယောက် ပွတ်ကာသီကာနှင့် လွတ်မြောက်နိုင်ခဲ့၏။
အနီရောင်တောင်ကြော၏ ပွဲဦးထွက်မှာကား မလှပခဲ့လေရာ စုချန်း၏ ယုံကြည်မှုများ အတော်အတန်ပင် ကျဆင်းသွား၏။ သူသည် တချိန်က ညတစ္ဆေပြောခဲ့ဖူးသော စကားများကို ပြန်လည်ကြားယောင်လာလေသည်။ ထိုအခါ စုချန်းသည် ယခင်ကထက် ပို၍ ဂရုစိုက်လာ၏။
တခါတရံတွင်ကား စုချန်းက ကျိတ်၍ ဆုတောင်းမိသည်။ ၎င်းမှာ သူ့မျက်လုံးများသည် အလွန်ဝေးကွာလှသော အရပ်ဒေသမှ သားရဲသတ္တဝါဆိုးများကို မြင်နိုင်ပါစေဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အန္တရာယ်တစုံတခု ပေါ်ပေါက်လာပါက ၎င်းတို့ကို အဝေးမှပင် မြင်နိုင်ပြီး ကြိုတင်ရှောင်ရှားနိုင်မည် ဖြစ်သည်။
သို့သော် စုချန်းက ထိုဆုတောင်းမျိုးကို ကြာရှည် တွေးတောနေခြင်းမရှိပဲ မိမိ၏ စိတ်အာရုံမှ အလျင်အမြန်ပင် မောင်းထုတ်လိုက်၏။ အကြောင်းမှ ထိုဆုတောင်း၊ ထိုစိတ်ကူးစိတ်သန်းမျိုးသည် သူ့အား အင်အားနည်းသူကို အနိုင်ကျင့်တတ်ပြီး အင်အားကြီးသူကို ကြောက်ရွံံ့နှိမ့်ချတတ်သော လူစားမျိုး ဖြစ်သွားစေလိမ့်မည်ဟု တွေးမိသောကြောင့်ပင်။ သိပ်မဝေးလှသော အနာဂတ်တွင် သူ့အနေနှင့် မြောက်များလှစွာသောအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိရာ သူ့အနေနှင့် ယခုထက်ပို၍ သန်မာနေရန် လိုအပ်၏။ ထိုသို့သန်မာလာစေရန်မှာလည်း ကြုံတွေ့လာသမျှသော အန္တရာယ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ဝံ့ရန် လိုအပ်နေသည်။
ထို့ကြောင့် မည်သူက မည်မျှပင် ဖိနှိပ်နေစေကာမူ သူ၏ အဓိကရည်မှန်းချက်မှာ ယခုထက်ပို၍ သန်မာလာစေရန်၊ အင်အားကြီးမားလာစေရန်သာ ဖြစ်သည်။ နောက်ရက်များတွင်ကား စုချန်းသည် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများ တကောင်တလေမျှကို ခြွင်းချက်အနေနှင့်ပင် မတွေ့ခဲ့ရချေ။ အနီရောင်တောင်ကြောင်သို့ရောက်ရှိပြီး လေးရက်မြောက်နေ့တွင်ကား စုချန်းသည် အဆင့်နိမ့်သားရဲသတ္တဝါဆိုးတကောင်ဖြစ်သော တောင်သင်းခွေချပ်သားရဲသတ္တဝါဆိုးနှင့် စတင်ရင်ဆိုင်မိတော့သည်။ မူလကိရိယာလေးမျိုးကို အသုံးပြုပြီး စုချန်းက ထိုသတ္တဝါဆိုးကို အလွယ်တကူပင် သတ်ဖြတ်လိုက်နိုင်၏။
မျဉ်းကြောင်းဓားမှ ထွက်ပေါ်လာသော သွေးစက်ဝိုင်းသည် သတ္တဝါဆိုး၏ ကိုယ်ကိုနှစ်ခြမ်းကွဲသွားစေ၏။ ၎င်း၏ ကိုယ်မှ စီးကျလာသော သွေးများကြောင့် စုချန်း၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ရဲရဲနီသွားလေသည်။ ထို့နောက်တွင်ကား စုချန်းသည် ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်းကို အသုံးပြုပြီး လေထဲတွင် ပေါလောပေါ်နေသော စွမ်းအင်အလင်းစက်များကို စုပ်ယူလိုက်၏။
ကြိုတင်မျှော်လင့်ထားသည့်အတိုင်း စွမ်းအင်အလင်းမှုန်အတော်များများကို စုချန်း စုပ်ယူလိုက်နိုင်၏။ မူလက စုချန်းသည် ထောင်ပေါင်းများစွာသော အလင်းစက်မှုန်များအနက် အလင်းစက်မှုန် ဆယ့်သုံးမှ ဆယ့်လေးစက်ခန့်အထိသာ စုပ်ယူနိုင်သော်လည်း ယခုတကြိမ် ပြေးနေသောဖားနည်းလမ်းကို အသုံးပြုလိုက်သော အခါတွင်ကား အလင်းစက်မှုန် နှစ်ဆယ်ကျော်ခန့်အထိပင် စုပ်ယူနိုင်ခဲ့လေသည်။ တိုးတက်မှုနှုန်းထားမှာကား အံ့မခန်းပင်တည်း။
ဤနှုန်းထားအတိုင်းသာသွားလျင် သတ္တဝါဆိုးတကောင် သတ်ဖြတ်ပြီးတိုင်း သူ့အင်အားသည် အဖြူရောင်ကြယ်နှစ်လုံး သို့မဟုတ် အဝါရောင်ကြယ် ဝ.၂နှုန်းထားဖြင့် တိုးမြင့်သွားပေလိမ့်မည်။ ချီစုဆောင်းခြင်းနယ်ပယ်၏ အမြင့်ဆုံးအနေအထားမှာ အဝါရောင်ကြယ် အလုံးတရာဖြစ်လေရာ သူ့အနေနှင့် အဆင့်နိမ့် သတ္တဝါဆိုး အကောင်ငါးရာအထိ သတ်ဖြတ်နိုင်မှ ချီစုဆောင်းခြင်းနယ်ပယ်ကို ကျော်ဖြတ်နိုင်မည်ဟု ယူဆရသည်။
သို့သော် ယခုတွက်ချက်မှုက ရာနှုန်းပြည့်တော့ မမှန်နိုင်ဟု စုချန်းက ယူဆထားသည်။ အကြောင်းမှာ စွမ်းအင်စုပ်ယူရာတွင် တသမတ်တည်း နှုန်းထားဖြင့် စုပ်ယူနိုင်ရန် ခဲယဉ်းသည့်အပြင် သတ္တဝါဆိုးအသီးသီးသည်လည်း ကွဲပြားခြားနားေသော စွမ်းအင်ပမာဏများကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။ မည်သည့်ဆိုစေ အချိန်အတိုင်းအတာတခု ကြာမြင့်သည့်အချိန်တွင် စုချန်း၏ အင်အား အဆမတန် တိုးပွားလာမည်ကတော့ သေချာလှသည်။
ပြေးနေသောဖားစုပ်ယူခြင်းနည်းလမ်း၏ စုပ်ယူနိုင်သော ပမာဏကို ခန့်မှန်းတွက်ချက်ပြီးနောက် စုချန်းက စိတ်မရှည်တော့။ သူသည် အနီရောင်တောင်ကြော၏ နက်ရှိုင်းသော နယ်မြေအတွင်းသို့ ဦးတည်ကာ ဆက်လက်ထွက်ခွာလာခဲ့လေသည်။ အနီရောင်တောင်ကြော၏ နက်ရှိုင်းသော နယ်မြေအတွင်းသို့ ရောက်ရှိလာလေလေ စုချန်းသည် ယခင်ထက် ပို၍များပြားသော သတ္တဝါဆိုးများအား စတင်တွေ့ရှိစပြုလာ၏။ အစပိုင်းတွင် သူသည် နှစ်ရက်တကြိမ် သုံးရက်တကြိမ်ခန့်သာ သတ္တဝါဆိုးကြီး တကောင်စ နှစ်ကောင်စ တွေ့ရှိရသော်လည်း နောက်ပိုင်းတွင်ကား နေ့စဉ်နေ့တိုင်းလိုလို သတ္တဝါဆိုကြီးများနှင့် ကြုံတွေ့စပြုလာတော့သည်။
ယခုအချိန်တွင် စုချန်းသည် တရားဝင်ချီစွမ်းအားပညာရှင်တယောက် ဖြစ်နေခဲ့ပေပြီ။ ထိုမျှသာမကသေး သူ့တွင် မူလကိရိယာလေးမျိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။ တဖန် သူသည် တိုက်ပွဲဝင်ရာတွင် အလွန် အတွေ့အကြုံ ရင့်ကျင်နေခဲ့ပေပြီ။ လတ်တလောအခြေအနေအရ အနီရောင်တောင်ကြောတခုလုံးတွင် သူ့ကို တယောက်ချင်းယှဉ်နိုင်သူ အတော်လေး ရှားပါးနေခဲ့ပြီဟု ဆိုနိုင်၏။ အဆင့်နိမ့်သတ္တဝါဆိုးများသည် သူ့ပြိုင်ဘက် မဟုတ်တော့။ တဦးချင်းသာ ရင်ဆိုင်ရလျင် စုချန်းအနေနှင့် ၎င်းတို့ကို မရဏစခန်းသို့ အလွယ်တကူပင် ပို့ဆောင်နိုင်၏။ သို့သော် များသည်ထက်များပြားသော သတ္တဝါဆိုးများနှင့် ရင်ဆိုင်လာရသော အခါတွင်ကား မခန့်မှန်းနိုင်သော အခြေအနေများ ရုတ်ချည်းပေါ်ပေါက်လာတော့သည်။
တခါတရံတွင်ကား စုချန်းသည် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများနှင့်သာမက အလွန်ဆိုးဝါးသည့် သတ္တဝါဆိုးများနှင့်ပါ ရင်ဆိုင်ကြုံတွေ့လာရ၏။ အနှီသတ္တဝါမျိုးနှင့် ကြုံတွေ့ရသောအခါတွင်ကား စုချန်းခမျာ ထွေထွေထူးထူး စဉ်းစားနိုင်ခြင်းမရှိ။ နောက်ကျသောခြေထောက်သစ္စာဖောက်ဟု သဘောထားကာ ခြေကုန်သုတ်ရလေသည်။ တိမ်တိုက်ခြေလှမ်းဖိနပ်များသည်ကား လတ်တလောအခြေအနေတွင် စုချန်း အသုံးအများဆုံး ပစ္စည်းများပင် ဖြစ်ကြလေသည်။
ညတစ္ဆေ၏ စကားကား ခြွင်းချက်မရှိ မှန်ကန်လှပေ၏။ အကြင်သူသည် အင်အားကြီးလာသည်နှင့်အမျှ ယုံကြည်မှုတိုးပွားလာတတ်ရာ ထိုသို့သော လူစားမျိုးသည်ပင် အန္တရာယ်နှင့် ပို၍ ကြုံတွေ့တတ်ရ၏။ နောက်ဆုံးတခေါက် အနီရောင်တောင်ကြားသို့ လာရောက်ခဲ့စဉ်က စုချန်းတယောက် လေးကြိမ်ခန့်သာ ခြေလွတ်လက်လွတ်နှင့် ထွက်ပြေးခဲ့ရသည်။ ဤတခေါက်တွင်ကား ဆယ်ရက်မျှပင် မပြည့်သော အချိန်ကာလအတွင်း သူ့ခမျာ မတူညီသောအုပ်စုသုံးစု၏ လက်အောက်မှ လွတ်မြောက်အောင် အသည်းအသန် ပြေးလွှားခဲ့ရပြီး ဖြစ်သည်။
ထိုအချက်သည် စုချန်း၏စိတ်ကို အလွန်နာကျင်စေ၏။ အမှန်တော့ ဤသည်မှာပင် လူသားတယောက်၏ ဘဝအစစ်အမှန် ဖြစ်သည်။ သာမာန်လူသားတယောက်သည် မည်မျှပင် အင်အားကြီးမားလာစေကာမူ ကောင်းကင်ဘုံပမာ မကျော်လွှားနိုင်သော အတားအဆီးဟူ၍ ရှိနေစမြဲသာ။ အထက်ပါအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ လူတချို့သည် လက်မြှောက်အရှုံးပေးရန် ဆုံးဖြတ်လိုက်ကြ၏။ တချို့မှာကား အရှုံးမပေးပဲ ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ကြသည်။
စုချန်းသည်ကား ဒုတိယအုပ်စုဝင် လူစားမျိုးဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော အခြေအနေမျိုးသည် စုချန်းအား ယခင်ထက်ပို၍ ဂရုစိုက်ရန်၊ ယခင်ထက်ပို၍ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ရန်မျှသာ ပြုလုပ်နိုင်၏။ အန္တရာယ်များလှသော ပတ်ဝန်းကျင်မျိုးကို ဖြတ်ကျော်နေရသော်လည်း စုချန်းသည် သူ၏ မူလရည်ရွယ်ချက်ဖြစ်သော တိုက်ခိုက်ရေးစွမ်းရည်နှင့် မူလစွမ်းရည်များကို တိုးတက်အောင် ပြုလုပ်ရန်ကိုမူကား အနည်းငယ်မျှပင် မမေ့လျော့ခဲ့ချေ။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အနီရောင်နယ်မြေတွင် ကြုံတွေ့ရသည့် အသက်လုတိုက်ပွဲများသည် စုချန်း၏ သက်စောင့်အင်အားနှင့် ငုပ်လျှိုးနေသော စွမ်းရည်တို့ကို နှိုးဆွပေးခဲ့ပုံရသည်။ အကြောင်းမှာ လဝက်ခန့်ကာလတိုလေးအတွင်း ဝိညာဏ်မျက်လုံးကို အသုံးချရာတွင် သူ့အနေနှင့် သိသိသာသာ အောင်မြင်မှုရလာခြင်းကြောင့်ပင် ဖြစ်သည်။ ယခုအချိန်တွင် သူသည် ထူးထူးထွေထွေ ပြင်ဆင်မှုမျိုး လုပ်နေစရာ မလိုတော့ပဲ ဝိညာဏ်မျက်လုံးကို အလွယ်တကူ အသုံးချနိုင်ခဲ့ပေပြီ။ သို့ရာတွင် ဝိညာဏ်မျက်လုံး၏ ရှုပ်ထွေးလှသော အသုံးပြုပုံကြောင့် သူ့အနေနှင့် အချိန်တော့ ယူနေရသေး၏။
ဤသည်မှာပင် ဝိညာဏ်ပိုင်းဆိုင်ရာကို အသုံးပြုရသော မူလစွမ်းရည်များ၏ ထူးခြားသော ဂုဏ်သတ္တိတမျိုး ဖြစ်သည်။ ၎င်းကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားသော လူစားမျိုးပင်လျင် ထိုစွမ်းရည်မျိုးကို ကြိမ်ဖန်များစွာ ထုတ်သုံးနိုင်ရန် မလွယ်ကူလှ။ မည်သို့ဆိုစေ ဝိညာဏ်မျက်လုံးကို အသုံးပြုနိုင်ခြင်းသည် စုချန်း၏ အင်အားတိုးပွားရေးကို တနည်းတဖုံ အထောက်အကူ ပြုခဲ့လေသည်။ အကြောင်းမှာ အလွန်အင်အားကြီးသော သတ္တဝါဆိုးမျိုး မဟုတ်လျင် စုချန်းက ၎င်းတို့ကိုထိန်းချုပ်ကာ အချင်းချင်း တိုက်ခိုက်စေနိုင်သောကြောင့်ပင်။
အင်အားတိုးပွားလာသည်နှင့်အမျှ စုချန်းသည် မကြာခဏ တိုက်ခိုက်ရန် ရွေးချယ်ခွင့် ရှိလာ၏ ။ ထိုနည်းတူစွာ ယခင်ကြုံတွေ့ခဲ့ရသည့် မမျှော်လင့်နိုင်သည့် အခြေအနေဆိုးမျိုးကိုလည်း ရှောင်လွှဲနိုင်စ ပြုလာ၏။ မမျှော်လင့်နိုင်သော အခြေအနေဆိုးမျိုး လျော့နည်းလာသည်နှင့်အမျှ အန္တရာယ်မှာလည်း တဖြည်းဖြည်း ပိုမိုလျော့နည်းလာ၏။ ထိုအခါ မူလစွမ်းအင်အလင်းစက်မှုများ စုပ်ယူနိုင်သည့် ပမာဏ ပိုမိုတိုးတက်လာသလို လေ့ကျင့်ရေးအတွက် အသုံးပြုနိုင်သည့် အချိန်မှာလည်း ပိုမိုများပြားလာ၏။ ဤသို့နှင့် အရာအားလုံးသည် စက်ဝိုင်းတခုပမာ လှည့်ပတ်ရင်း စုချန်း၏ အခြေခံစွမ်းအင်စုဆောင်းမှုနှင့် အင်အားတိုးပွားလာရေးတို့ကို အချက်ကျကျ အကျိုးပြုနေကြတော့သည်။
အနီရောင်တောင်ကြောသို့ ရောက်ရှိပြီး တလဟူသော ကာလအတွင်း စုချန်းသည် စုချန်းချဲ့ပေးအပ်ခဲ့သော တာဝန်နှစ်ရပ်ကို အလုံးစုံပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့လေပြီ။ ထိုနည်းတူစွာ သူသည် အဆင့်နိမ့်သတ္တဝါဆိုး နှစ်ဆယ့်လေးကောင်တိတိ သတ်ဖြတ်ခဲ့ပြီးလေပြီ။ သူ၏ ချီစုဆောင်းခြင်းနယ်ပယ်မှာလည်း နောက်တဆင့်သို့ ရောက်ရှိခဲ့ပြီးလေပြီ။ သူ့အင်အားမှာလည်း အဝါရောင်ကြယ် ဆယ့်နှစ်လုံးမှ ဆယ့်ခုနှစ်လုံးအထိ ရောက်ရှိခဲ့လေပြီ။ တချိန်တည်းမှာပင် သူသည် ဝိညာဏ်မျက်လုံးမူလစွမ်းရည်နှင့် ရင်းနှီးသည်ထက် ရင်းနှီးလာခဲ့ပေပြီ။
စချန်းအား အခြားလူများနှင့် ကွဲပြားစေသောအချက်မှာ သူသည် လက်တွေ့တိုက်ပွဲဝင်ရခြင်းမရှိ၍ မူလစွမ်းရည်များကို စုဆောင်းရာတွင်သာ အထူးတလည် အာရုံစိုက်နိုင်သောကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ကျွဲကူးရေပါဆိုသလို ခုန်ပျံကျော်လွှား တိုးတက်လာခြင်း ဖြစ်သည်။
ဤယနေ့တွင်ကား စုချန်းသည် တောင်ပူစာငယ်တလုံးကို တွေ့လိုက်၏။ ထိုအခါ သူသည် ပုံမှန်လုပ်နေကျအတိုင်း တောင်ထိပ်သို့တက်ရောက်ကာ သူအမဲလိုက်ရမည့် သတ္တဝါများရှိမရှိ ပတ်ဝန်းကျင်တခုလုံးကိုအကဲခတ်ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် သူသည် အံ့သြစရာကောင်းသော မြင်ကွင်းတခုကို တွေ့မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းမှာ ခပ်လှမ်းလှမ်းမှ အမောတကောနှင့် ပြေးလွှားလာနေသော လူသားတယောက်။ ထိုလူသား၏ နောက်တွင်ကား ကြောက်မက်ဖွယ်ရာ သက်တန့်ရောင်ကျားနှစ်ကောင်။