ကျန်းယွမ်လျောင့်
Vol. 5 Ch. 48
အနီရောင်တောင်ကြောတွင် အမြဲတမ်း မှန်ကန်နေသော နိယာမတခု ရှိ၏။ ၎င်းမှာ တစုံတယောက်သည် တောနက်အတွင်းဝယ် ဖြုန်းတီးသည့်အချိန် များလာလေလေ အန္တရာယ်များကို ရှောင်တိမ်းရန် ပို၍ခက်လာလေလေပင် ဖြစ်သည်။ ပထမပြစ်ဒဏ်ကာလကလည်း စုချန်းသည် ရံဖန်ရံခါ လူတချို့နှင့် တွေ့ဆုံခဲ့ဖူး၏။ ထိုသို့တွေ့ဆုံတိုင်း သူတို့သည် သတင်းအချက်အလက်များနှင့် စားနပ်ရိက္ခာများ ဖလှယ်လေ့ ရှိကြသည်။
ပုံမှန်အားဖြင့် အနီရောင်တောအုပ်အတွင်းတွင် တွေ့ရှိရသော လူအများစုသည် အမဲလိုက်သမားများသာ ဖြစ်ကြလေသည်။ ထိုသို့သော လူစားမျိုးတို့သည် ခွန်အားအရာတွင် သိပ်မကြီးမားလှသော်လည်း ဤနယ်မြေတွင် မည်သို့မည်ပုံ ရှင်သန်အောင်နေထိုင်ရမည်ကို ကောင်းကောင်းသိသလို အန္တရာယ်များကို မည်သို့ရှောင်ရှားရမည်ကိုလည်း ကောင်းကောင်းကြီး ကျွမ်းကျင်ကြကုန်၏။ သူတို့သည် သတ္တဝါဆိုးကြီးများ ရောက်အလာကို အဝေးမှပင် အာရုံခံနိုင်ကြသလို လျင်မြန်စွာ ရှောင်ရှားနိုင်ကြ၏။
စုချန်းသည် သတ္တဝါဆိုးကြီးများအား မည်သို့ရှာဖွေရမည်၊ မည်သို့အမဲလိုက်ရမည်ကို မုဆိုးအိုကြီးတယောက်ထံမှ သင်ယူထားပြီးဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် စုချန်းသည် သတ္တဝါဆိုးကြီးများ ရှိမရှိ နှာခေါင်းကိုအသုံးပြု၍ ရှာဖွေနိုင်စွမ်းရှိ၏။ သူ၏ အမြင်အာရုံတခုတည်းကိုသာ အားကိုးနေခဲ့လျင် ယခုအချိန်တွင် စုချန်းအဖို့ သတ္တဝါဆိုးများကို ဤမျှ အမဲလိုက်နိုင်မည် မဟုတ်သလို အန္တရာယ်ကလည်း ပို၍ကြီးမားလာဖွယ် ရှိနေသည်။
အနီရောင်တောင်ကြောတွင် မုဆိုးများမှအပ တွေ့ရလေ့ရှိသောသူများမှာ စုချန်းကဲ့သို့ စွန့်စွန့်စားစားနှင့် သတ္တဝါဆိုးကြီးများအား အမဲလိုက်သတ်ဖြတ်နေကြသော မူလချီစွမ်းအားပညာရှင်များ ဖြစ်သည်။ သို့သော် ၎င်းတို့မှာ လူနည်းစုမျှသာ ဖြစ်၏။
သက်တံ့ရောင်အမြီးနှစ်ခွကျားနှစ်ကောင်လက်မှ လွတ်မြောက်အောင် အူယားဖားယားနှင့် ပြေးနေရရှာသော လူငယ်မှာ မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်ရပေမည်။ ပုံမှန် မုဆိုးများသာဆိုလျင် သက်တံ့ရောင်ကျားနှစ်ကောင်လက်မှ လွတ်မြောက်၍ ဤနေရာထိ ပြေးလွှားလာနိုင်စရာ အကြောင်းမရှိ။ သာမာန်မုဆိုးများသည် အင်အားနည်းသူများ ဖြစ်ကြလေရာ မျက်တောင်ပင်ခတ်ချိန်မရလိုက်ပဲ သေဆုံးသွားကြပေလိမ့်မည်။
အရောင်အသွေးစုံလှသော အရေခွံများကို ပိုင်ဆိုင်ထား၍ သက်တန့်ရောင်အမြီးနှစ်ခွကျားဟူသည် အတော်လေး တန်ဖိုးရှိ၏။ ပုံမှန်အတိုင်းသာဆိုလျင် စုချန်းအနေနှင့် ဤကဲ့သို့သော အခွင့်အရေးကို မည်သို့မျှ လက်လွတ်ခံလိမ့်မည် မဟုတ်။ ထိုအခါ စုချန်းသည် လူငယ်ပြေးလွှားနေသည့် လမ်းကြောင်းပေါ်ရှိ သစ်ပင်တပင်ပေါ်သို့ ချက်ချင်းတက်ကာ ပုန်းအောင်းနေလိုက်သည်။
လူငယ်သည် ကြောက်အားလန့်အားနှင့် အစွမ်းကုန် ပြေးလွှားနေ၏။ ၎င်းသည် သစ်ပင်ပေါ်တွင် စုချန်း ပုန်းအောင်းနေသည်ကို သတိထားမိဖို့ ဝေးစွ။ မည်သည့်အရာမျှကိုပင် မြင်ဟန်မတူ။ သူ၏ တခုတည်းသောအာရုံမှာ ပြေးလွှားရန်သာ ဖြစ်သည်။ ကျားနှစ်ကောင်ကလည်း လူငယ်၏ နောက်ကိုသာ သဲကြီးမဲကြီး လိုက်နေရာ တခနအတွင်းတွင် ပြေးသူနှင့်လိုက်သူတို့သည် စုချန်းကို ဖြတ်ကျော်သွားကြကုန်၏။
သက်တံရောင်ကျားကြီးနှစ်ကောင်သည် စုချန်းကို လျင်မြန်စွာ ဖြတ်ကျော်သွား၏။ ထိုအခိုက်မှာပင် စုချန်းက အံ့သြသင့်ဖွယ်ရာ လှုပ်ရှားမှုတခုကို ပြုလုပ်လိုက်တော့သည်။ ကျားနှစ်ကောင် သစ်ပင်အောက်မှ အဖြတ်ဝယ် စုချန်းက နောက်နားခပ်ကျကျရှိ ကျားတကောင်၏ ကျောပေါ်သို့ သစ်ပင်ပေါ်မှ ကျွမ်းပစ်ကာ ခုန်ချလိုက်ခြင်း ဖြစ်သည်။
ကျောပေါ်သို့ တစုံတရာပြုတ်ကျလာပြီး ၎င်းတစုံတရာသည် မိမိကျောပေါ်တွင် ဟန်ကျပန်ကျ ထိုင်နေသည်ကို သိလိုက်ရသော သက်တန့်ရောင်အမြီးနှစ်ခွကျားသည် ကျယ်လောင်သောအသံဖြင့် ဟိန်းဟောက်ပြီး ၎င်း၏ ရှည်လျားလှသော သံမဏိအမြီးနှစ်ခွဖြင့် စုချန်းကို တစစီ ကြေမွသွားအောင် ရိုက်ချလိုက်တော့သည်။ စုချန်းဝတ်ဆင်ထားသော နီလာခရမ်းကိုယ်ကျပ်ဝတ်စုံသည် တောက်ပလာပြီး ကျားကြီး၏ အမြီးရိုက်ချက်ကို ကာကွယ်လိုက်တော့သည်။ တချိန်တည်းမှာပင် စုချန်း၏ ညာဖက်လက်က ကျား၏လည်မျိုကို ပြင်းထန်စွာ ဖမ်းဆုတ်လိုက်တော့သည်။
လည်မျိုနေရာသည် သက်တန့်ရောင်ကျား၏ သေကွင်းသေကွက်နေရာများအနက်မှ တခုဖြစ်သည်။ စုချန်း၏ ပြင်းထန်သော ဖမ်းဆုတ်မှုကြောင့် ကျားကြီးခမျာ သေလုမြောပါး ခံစားလိုက်ရသည်။ လက်ရှိ သူ့အနေအထားသည် ခွန်အားချင်းသက်သက် နှိုင်းယှဉ်လျင် သက်တန့်ရောင်အမြီးနှစ်ခွကျားတကောင်နှင့် အဆင့်တူဟု ဆိုနိုင်၏။ လေအလျင်တွင်ပန်းများပွင့်ခြင်းကိုယ်ခန္ဓာနည်းစနစ်ကို စတင်လေ့ကျင့်ခဲ့ကတည်းက စုချန်း၏ အင်အားသည် လျင်မြန်စွာ တိုးပွားလာခဲ့လေရာ လက်ရှိတွင် စုချန်းအဖို့ သက်တန့်ရောင်ကျားတကောင်နှင့် စီးချင်းထိုးရခြင်းသည် အထူးတလည် မှုစရာ မဟုတ်တော့။
နောက်ထပ် သက်တန့်ရောင်ကျားတကောင်သည် လူငယ်၏ နောက်သို့ပြေးလိုက်နေရာမှ သူ့အဖော်၏ ကြောက်ခမန်းလိလိအော်သံကို ကြားလိုက်ရရာ နောက်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် စုချန်းသည် ဒဏ်ရာရနေသောတကောင်ကို အပြီးသတ် သုတ်သင်ရန် ဟန်ပြင်နေ၏။ သူ့အဖော်၏ အန္တရာယ်ကို မြင်သောအခါ ၎င်းကျားကြီးသည် လူငယ်နောက်သို့ လိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး စုချန်းဆီသို့ မျက်နှာမူလိုက်၏။
"ရပ်လိုက်စမ်း"
စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တချိန်တည်းမှာပင် ဝိညာဏ်မျက်လုံးကို အသုံးပြုရန် ပြင်ဆင်လိုက်၏။ စုချန်း၏ မျက်လုံးအစုံမှ ထွက်ပေါ်လာသော အလင်းတန်းများသည် သက်တန့်ရောင် အမြီးနှစ်ခွကျား၏ မျက်လုံးများကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ကျားကြီး၏ ကိုယ်ခန္ဓာသည် ပြင်းထန်စွာ တုန်လှုပ်သွား၏။ သိပ်မကြာမီ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားပြီး ကျောက်ရုပ်ပမာ ငြိမ်သက်သွားတော့သည်။
ထိုအခိုက်မှာပင် ထွက်ပြေးနေသောလူငယ်သည် ချကချင်းပင် သတိဝင်လာပြီး ကျောက်ရုပ်ပမာ ငြိမ်သက်နေသော ကျားကြီး၏ လည်ပင်းကို ဓားနှင့် တချက်တည်း ခုတ်ပိုင်းလိုက်လေသည်။ လူငယ်၏ လုပ်ရပ်ကြောင့် စုချန်း အတော်လေး စိတ်ပျက်သွား၏။ တန်ဖိုးကြီးမားသော သက်တန့်ရောင်ကျား၏ နောက်ထပ်အရေခွံတခုကား ပျက်စီးသွားခဲ့ပြန်လေပြီ။
ကျားအရေခွံပျက်စီးမည်ကို နှမြောသော်လည်း စုချန်းသည် သူခွစီးထားသော ကျား၏ လည်မျိုကို ပို၍ ပြင်းထန်စွာ အားစိုက်ဖြစ်ညှစ်လိုက်၏။ အသက်ပျောက်မတတ် လည်ပင်းအစ်သော ဝေဒနာကြောင့် ကျားကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး မိမိကျောပေါ်ရှိလူသားကို ခါထုတ်နိုင်ရန် အသည်းအသန် ကြိုးစားတော့သည်။ ထို့နောက်တွင်ကား အသက်လုနေကြသော လူသားနှင့်ကျားသည် ဘတပြန်ကျားတပြန်လုံးထွေးလူးလိမ့်ကာ ပြေးလွှားနေသော လူငယ်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ လူငယ်သည် အလွန်တရာ စိတ်ရှုပ်ထွေးလာ၏။ လူနှင့်ကျားတွင် မည်သူအနိုင်ရရှိသွားမှန်း သူ့အနေနှင့် ဝေခွဲမရ ဖြစ်နေသည် မဟုတ်ပါလား။
တခနအကြာတွင် တောအုပ်ကြီးသည် နဂိုအတိုင်း သက်ဝင်လှုပ်ရှားလာ၏။ လူငယ်တယောက်သည် မြေလမ်းလေးအတိုင်း ကျားအသေကောင်ကြီးကိုကိုင်လျက် လမ်းလျှောက်လာလေသည်။ နောက်ဆုံးတွင် စုချန်းတယောက် အနိုင်ရရှိသွားလေပြီ။ ထိုအခါကျမှ ပြေးလွှားလာသောလူငယ်က စိတ်သက်သာရသွား၏။ စုချန်းသည် ကျားသေ၏ အလောင်းကို သစ်ပင်တပင်၏ ဘေးတွင်ပစ်ချပြီး ထက်ခြမ်းခွဲရန် ပြင်ဆင်လိုက်၏။ ထို့နောက် သူက လူငယ်ကို ပြောလိုက်၏။
"မင်းဟာ ကိုယ့်ကိစ္စ ကိုယ်ပြီးအောင် မလုပ်ခဲ့ဘူး ဒါကြောင့် ငါကဝင်ပြီး ကူညီခဲ့ရတယ် ဒီတော့ ဒီကျားသေက ငါနဲ့ တဝက်ဆိုင်တယ်လို့ ဆိုရမယ်"
လူငယ်က ကျယ်လောင်သောအသံနှင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"အို မလိုပါဘူးကွ ငါ့ဟာငါလည်း သတ်နိုင်ပါတယ်"
သူ့စကားအတိုင်းပင် သူကိုင်ထားသော မိုးပြာရောင်အကြေးခွံဓားမှ အလင်းတန်း အမြောက်အများ ထွက်လာပြီး ကျားသေကို ထိမှန်သွားရာ ကျားကိုယ်မှာ သွေးများသည် မိုးဦးကျတွင် စီးဆင်းလာသော တောင်ကျချောင်းရေများကဲ့သို့ ပန်းထွက်လာတော့သည်။ လူငယ်၏ မထင်မှတ်သော လုပ်ရပ်ကြောင့် စုချန်း အငိုက်မိသွား၏။ တားမြစ်ချိန်ပင် မရလိုက်။ သူက ဒဏ်ရာဗလပွနှင့် သေနေသော သက်တန့်ရောင်ကျားကိုကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါယမ်းလိုက်သည်။
ဓားနှင့်အချက်ပေါင်းများစွာ ခုတ်ထစ်ခံထားရသော အရေခွံသည် အဘယ်မှာ တန်ဖိုးရှိတော့မည်နည်း။ အတန်ကြသောအခါမှ လူငယ်သည် သက်တန့်ရောင်ကျား လုံးဝသေဆုံးသွားပြီဟု ယူဆလိုက်ပုံရသည်။ နေရာတွင် ထိုင်ချရင်း ဟောဟဲဟောဟဲနှင့် မောပန်းနေရှာ၏။ သူက နဖူးပေါ်ရှိချွေးများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့ ခင်ဗျားမှာ ဓားရှိရဲ့သားနဲ့ ဘာကြောင့်မသုံးတာလဲ ခင်ဗျားမို့လို့ သက်တန့်ရောင်ကျားကို လက်သီးနဲ့ ထိုးသတ်ဖို့ စဉ်းစားရဲတယ်"
လူငယ်က စုချန်းကျောပေါ်ရှိ အနက်ရောင်မျဉ်းကြောင်းဓားကို လက်ညှိုးထိုးပြရင်း မေးလိုက်ခြင်း ဖြစ်သည်။ စုချန်းက ဖြေလိုက်သည်။
"သက်တန့်ရောင်အမြီးနှစ်ခွကျားရဲ့ အရေခွံက သိပ်အဖိုးတန်တာဗျ ပျက်စီးသွားရင် နှမြောစရာကောင်းတယ်"
လူငယ်က ရယ်မောရင်း ပြောလိုက်သည်။
"မူလကိရိယာတွေကို ဝတ်ဆင်ထားနိုင်တဲ့လူတယောက်က ဒါမျိုး ပြောနေရသေးသလားဗျ"
ပထမကျားတကောင်နှင့် တိုက်ခိုက်ချိန်ဝယ် နီလာခရမ်းဝတ်စုံ၏ ကာကွယ်မှုသာမရှိလျင်ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သော်လည်း စုချန်းတယောက် ၎င်းကို သတ်နိုင်လိမ့်မည်မဟုတ်ကြောင်း လူငယ်က ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးဖြစ်သည်။ တဖန် စုချန်းလွယ်ထားသောဓားနှင့် ဝတ်ဆင်ထားသောဖိနပ်များမှာလည်း ထူးဆန်းသော ပုံသဏ္ဍန်များ ရှိကြ၏။ ထိုပစ္စည်းများသည် မူလကိရိယာများပင် ဖြစ်နိုင်သည် မဟုတ်ပါလား။
မူလကိရိယာလေးမျိုးမဆိုထားနှင့်၊ သုံးမျိုးမျှ ပိုင်ဆိုင်ထားသူကိုပင် အနီရောင်တောင်ကြောတွင် အလွန်တွေ့ရခဲသော မြင်ကွင်းမျိုး ဖြစ်သည်။ စုချန်းကလည်း ပြန်လည်ရယ်မောလိုက်သည်။
"ခင်ဗျားကိုကြည့်ရတာလဲ မူလကိရိယာတမျိုးမှ မရှိပေမဲ့ ဘာအကျိုးအမြတ်မှ မက်မောဟန်မတူဘူး"
စုချန်း၏စကားကြောင့် လူငယ်၏မျက်နှာက ရှက်သွေးဖြန်းသွားသည်။ သူက ဖြေလိုက်၏။
"တကယ်တော့ မမက်မောတာမဟုတ်ဘူး ယုံကြည်မှုမရှိတာပါ ခင်ဗျားသာမကူညီရင် ကျွန်တော်တယောက်တည်း ဒီကောင်တွေကို သတ်နိုင်မယ်မထင်ဘူး"
စုချန်းက ပြောလိုက်သည်။
"ကျွန်တော်ကတော့ ခင်ဗျားနဲ့ ပြောင်းပြန်ပဲဗျ ဒီကောင်တွေကို ရှင်းပစ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ် တကယ်တော့ တိုက်ပွဲတပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတာဟာ ကျွန်တော်တို့ရဲ့ နောက်ခံအင်အားမဟုတ်ပဲ ယုံကြည်မှုရှိဖို့က အဓိကလို့ ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်ထားတယ်"
လူငယ်၏မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွား၏။ ထို့နောက် သူက ရယ်မောလိုက်သည်။
"ခင်ဗျားပြောတာ မှန်ပါတယ်ဗျာ ဒါနဲ့ ကျွန်တော့နာမည်က ကျန်းယွမ်လျောင့် ပါ အနောက်ဘက်တောင်ကုန်း ကျန်းမျိုးနွယ်စုက လာတာပါ"
"စုချန်း ...စုမျိုးနွယ်စု"
စုချန်းက ကျားအရေခွံကို ဂရုတစိုက်နှင့် ခွာနေရင်း ကျန်းယွမ်လျောင့်ကို ပြန်လည်မိတ်ဆက်လိုက်သည်။ အနောက်ဘက်တောင်ကုန်းသည် မြောက်ပိုင်းမြို့တော်နှင့် သိပ်မဝေးလှ။ ၎င်းတို့ကို အနီရောင်တောင်ကြောနယ်မြေအတွင်း၌ပင် ထည့်သွင်းစဉ်းစားနိုင်၏။ သို့သော် အနောက်ဘက်ဒေသသည် မြောက်ပိုင်းထက် ပို၍ အင်အားတောင့်သည်မှာကား အမှန်ပင်။ စုချန်းသည် အနောက်ဘက်ဒေသ၏ နာမည်ကျော် ကျန်းမျိုးနွယ်စုအကြောင်းကို ယခင်ကပင် ကောင်းကောင်းကြားဖူး၏။ ကျန်းမျိုးနွယ်စုသည် အလွန်ရှေးကျသော မျိုးနွယ်စုဖြစ်ပြီး စုမျိုးနွယ်စုထက် ပို၍ အင်အားတောင့်တင်း၏။
စချန်း၏ နာမည်ကို ကြားလိုက်ရသောအခါ ကျန်းယွမ်လျောင့် လန့်ဖြတ်သွား၏။ သူက ကမန်းကတန်း မေးလိုက်သည်။
"ဘာ စုချန်း ဟုတ်လား ဒါဆိုရင် မြောက်ပိုင်းမြို့တော် စုမျိုးနွယ်စုက စုချန်းပေါ့"
စုချန်း အံ့သြသင့်သွား၏။ ထို့အတူ မဆိုစလောက် လန့်ဖြတ်သွားလေသည်။ သူသည် နှိမ့်ချ၍ နေတတ်သူဖြစ်သော်လည်း တခြားသူများက သူ့နာမည်ကို အဘယ်ကြောင့် ကြားဖူးနေရသနည်း။ ကျန်းယွမ်လျောင့်က ရှင်းပြလိုက်သည်။
"ကျွန်တော့မှာ မြောက်ပိုင်းမြို့တော်က သူငယ်ချင်းတချို့ရှိတယ် ဒါကြောင့် ခင်ဗျားရဲ့ အနေအထားကို ကောင်းကောင်း ကြားဖူးထားတာ ဒါပေမဲ့ ခု ခင်ဗျားကို ကြည့်ရတာ မျက်မမြင်တယောက်နဲ့လည်း မတူပါလား တကယ့် လူကောင်းတယောက်လိုပဲ"
စုချန်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ကျွန်တော် မြင်နေရတယ်လို့ တခါမှ မပြောမိသေးပါဘူး တကယ်တော့ တချို့အရာတွေကို လုပ်ဆောင်ဖို့ မျက်လုံးမြင်နေရဖို့ မလိုအပ်ဘူးဗျ"
ထိုအခိုက်မှာပင် ကျားသေ၏ နောက်ဆုံး ကျန်နေသော အရွတ်သည် စုချန်း၏ ဓားချက်ကြောင့် ပြတ်ထွက်သွား၏။ ထိုအခါ စုချန်းက သူ့လက်ကို မြှောက်ပြလိုက်သည်။ အလွန်ကောင်းမွန်ပြီး ပြည့်စုံသော ကျားအရေခွံတခုကား ရရှိခဲ့လေပြီ။ ကျန်းယွမ်လျောင့်ခမျာမှာကား စုချန်းကိုကြည့်ကာ အံ့သြသင့်၍ မဆုံးတော့။
တဖန် စုချန်းသည် ကျားအရိုးစုကို ခွဲခြမ်းပြီး သူ၏ လက်ကို အဆုံးထိရောက်အောင် နှိုက်လိုက်၏။ သူက ကျောရိုးဆစ်များ အဆုံးသတ်သောနေရာကို လိုက်လံစမ်းသပ်နေခြင်း ဖြစ်သည်။ အဆုံးထိရောက်သည် သူက ကျား၏ ကျောရိုးဆစ်ကြီးတခုလုံးကို ဆွဲထုတ်လိုက်တော့သည်။ ကျား၏ ကျောရိုးဆစ်မကြီးသည် ကျားတကောင်လုံးတွင် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ၎င်းကို သွေးဗီဇဆေးဝါးများ ဖြည့်တင်းရာတွင် အသုံးပြုနိုင်သလို အင်အားတိုးပွားစေသော ဝိုင်များဖောက်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။
သက်တန့်ရောင်အမြီးနှစ်ခွကျားသည် အဆင့်နိမ့်သားရဲသတ္တဝါဆိုးဖြစ်သော်လည်း ၎င်းမှထုတ်လုပ်သည့် သွေးဗီဇဆေးဝါးသည် အတော်လေးကောင်းမွန်သလို အားဖြည့်ဝိုင်၏ အရည်အသွေးမှာကား ထိပ်တန်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် အားဖြည့်ဝိုင်၏ ဈေးနှုန်းသည်လည်း ပြည့်စုံကောင်းမွန်သော သက်တန့်ရောင်ကျားအရေခွံတခွံပြီးလျင် ဈေးအကြီးဆုံးပင် ဖြစ်သည်။
ထိုအခိုက်မှာပင် ကျန်းယွမ်လျောင့်က သူ၏ လက်ကို စုချန်း၏ မျက်နှာရှေ့တွင် လှုပ်ရမ်းလိုက်၏။ စုချန်း အမှန်တကယ် မျက်ကန်း ဟုတ်မဟုတ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ စုချန်းသည် သူလုပ်လက်စ ကျားအသေကောင်အပေါ်တွင်သာ အာရုံစိုက်လျက် ကျန်းယွမ်လျောင့်၏ လှုပ်ရှားမှုကို မမြင်ဟန်ပြုထားလေသည်။ ထိုအခါ ကျန်းယွမ်လျောင့်က စိတ်ထဲတွင် ကျိတ်၍ရေရွတ်လိုက်သည်။
"အင်း သူတကယ်ကို ကန်းနေတာပဲ ခုနကတိုက်ပွဲမှာ သက်တန့်ရောင်ကျားနဲ့ အနီးကပ်တိုက်ခိုက်ဖို့ကြိုးစားတာ သိပ်တော့လဲ အံ့သြစရာ မရှိဘူးလို့ ဆိုရမယ် မျက်ကန်းတယောက်အတွက် အနီးကပ်တိုက်ခိုက်တာဟာ အကောင်းဆုံးနည်းလမ်းပဲကိုး"
ထိုအခါ ကျန်းယွမ်လျောင့်က အလိုအလျောက်ပင် စုချန်းကို တောင်းဆိုမှုအသစ်တခု ပြုလုပ်လိုက်၏။ သူက ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံတာဟာ ကံတရားပဲဗျ အနီရောင်နယ်မြေဟာ တကယ်ကြောက်ဖို့ကောင်းတယ် နေရာတိုင်းမှာ အန္တရာယ်တွေရှိပြီး ခြေတလှမ်းမှားလိုက်တာနဲ့ အသက်ပျောက်သွားနိုင်တယ် အတွေ့အကြုံ ဘယ်လောက်ပဲ ရင့်ကျက်တဲ့လူမျိုး ဖြစ်နေပါစေ တစက္ကန့်လောက် သတိလွတ်သွားတာနဲ့ အစစအရာရာ ဆုံးရှုံးသွားနိုင်တယ် ဒီတော့ ခင်ဗျားနဲ့ကျွန်တော်နဲ့ အတူတူသွားရင် မကောင်းဘူးလား နှစ်ယောက်ဆိုတော့ ဘာကြီးနဲ့ပဲ ရင်ဆိုင်တွေ့တွေ့ လက်တွဲတိုက်ခိုက်နိုင်တယ် ခုလိုမျိုး ထွက်ပြေးနေစရာ မလိုတော့ဘူးပေါ့"
သို့သော် စုချန်းက ငြင်းဆန်လိုက်၏။
"ကျွန်တော်က တယောက်တည်းသွားဖို့ပဲ စိတ်ဝင်စားတယ်ဗျ"
စွမ်းအင်အလင်းမှုန်များကို မြင်တွေ့နိုင်ခြင်းသည် စုချန်း၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ သူ့အနေနှင့် ထိုလျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ အသိမပေးနိုင်။ သို့သော်ငြားလည်း စုချန်း၏စကားကြောင့် ကျန်းယွမ်လျောင့်က အတွေးတမျိုးပေါက်သွား၏။ သူက စုချန်း၏ မူလကိရိယာလေးမျိုးကို တချက်စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာလဲ ခင်ဗျားက မူလကိရိယာတွေ ပိုင်ဆိုင်ထားတဲ့အပြင် သိုင်းပညာကလည်း ကျွန်တော့ထက်မြင့်တော့ အတူမသွားချင်ဘူးပေါ့ ဟုတ်လား ဒီလိုလုပ်ဗျာ ခင်ဗျားက ရလာတဲ့ အကျိုးအမြတ်ကို ခြောက်ဆယ်ရာခိုင်နှုန်းယူ ကျွန်တော်က လေးဆယ်ရာခိုင်နှုန်းပဲယူမယ် ဟုတ်ပြီလား"
"အကျိုးအမြတ်ကို ခွဲဝေတာက ပြသနာ မဟုတ်ပါဘူးဗျာ"
စုချန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း ပြောလိုက်သည်။ ထိုအချိန်တွင် သူသည် သက်တန့်ရောင်ကျား၏ အမြီးမှစ၍ ကျောရိုးတခုလုံးကို ဆွဲထုတ်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူက သက်တန့်ရောင်ကျား၏ ဖိုအင်္ဂါကို သတိထား၍ ဆုပ်ကိုင်လိုက်၏။ ၎င်းသည် သက်တန့်ရောင်ကျား၏ တကိုယ်လုံးတွင် နောက်ဆုံးကျန်ရစ်သော အဖိုးတန်ပစ္စည်းဖြစ်သည်။
သို့သော် ကျန်းယွမ်လျောင့်က အားမလျှော့သေးပဲ ထပ်မံ ကမ်းလှမ်းလိုက်ပြန်၏။
"ခင်ဗျားက ခုနှစ်ဆယ်ရာခိုင်နှုန်းယူဗျာ ကျွန်တော်က သုံးဆယ်ရာခိုင်နှုန်းရရင် ဖြစ်တယ် ဒီတခါတော့ ခင်ဗျားလက်ခံလောက်ပါပြီ ဟုတ်တယ်မလား"
တဖန် သူက ထိုမျှလောက်နှင့် အားမရသေးပဲ ထပ်ပြောလိုက်သေးသည်။
"ဟေ့ စုချန်း သေချာစဉ်းစားနော် ခင်ဗျားက မျက်လုံးလည်းမမြင်ဘူး ဒီတော့ ကျွန်တော်ကသာ ခင်ဗျားရဲ့မျက်လုံးအဖြစ် ဆောင်ရွက်ပေးမယ်ဆိုရင် ခင်ဗျားအတွက် ပိုပြီးဘေးကင်းမယ် ပိုပြီး သက်တောင့်သက်သာရှိလာမယ် ဒါက ခင်ဗျား ကျွန်တော့ရဲ့အသက်ကိုကယ်ခဲ့လို့ ပြန်ပြီး ကျေးဇူးပြုတဲ့သဘောပဲဗျ"
စုချန်းက လက်မခံပါ။ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"ကျွန်တော် ပြောပြီးပြီပဲ အကျိုးအမြတ်က ပြသနာမဟုတ်ပါဘူးလို့"
ထိုအခိုက်မှာပင် ဓားရောင်တချက် ဝင်းလက်သွား၏။ သက်တန့်ရောင်ကျား၏ ဖိုအင်္ဂါသည် အရင်းမှ ပြတ်တောက်သွားလေသည်။ ထိုအခါ စုချန်းက ကျားဖိုအဂါၤကို အဝေးသို့ လွှင့်ပစ်ရင်း ပြောလိုက်သည်။
"ခင်ဗျားကသာ ကျွန်တော့ကို တကယ်ကျေးဇူးတင်တယ်ဆိုရင် မီးဖိုပြီး ကျားသားချက်ပြုတ်တဲ့နေရာမှာ ကူညီပေးစမ်းပါ စားပြီးသောက်ပြီးသွားရင် ကျွန်တော်တို့ လမ်းခွဲလို့ရပြီ"