← Chapters

အားနည်းချက်ကို ဖုံးကွယ်ထားခြင်း

Vol. 5 Ch. 49

အားနည်းချက်ကို ဖုံးကွယ်ထားခြင်း

Vol. 5 Ch. 49

မီးဖိုမှ မီးများ တဟုန်းဟုန်း တောက်လောင်နေ၏။ မီးဖိုပေါ်တွင်ကား ကျားကောင်ကို တံစို့ထိုးလျက် ကင်ထားလေသည်။ ကျားကောင်၏ ကိုယ်မှ စိမ့်ထွက်လာသောအဆီများသည် မီးပုံအတွင်းသို့ တစက်ချင်း စီးကျနေသောအခါ အလွန်မွှေးကြိုင်သော အနံ့အသက်တမျိုး ထွက်လာတာ့သည်။

သက်တန့်ရောင်ကျား၏အသားသည် အလွန် မွှေးကြိုင်သော်လည်း မာလှပြီး ကြမ်းတမ်းလှ၏။ ၎င်းကိုကိုက်ရခြင်းသည် မီးခိုးမှိုင်းများဝနေသော သစ်တုံးကြီးတတုံးကို ကိုက်စားနေရခြင်းနှင့် တူလှသည်။ သို့သော် ကံကောင်းသည်မှာ စုချန်းကဲ့သို့သော မူလချီစွမ်းအားပညာရှင်များ၏ သွားသည် အလွန်တရာ ကောင်းမွန်နေခြင်း ဖြစ်သည်။ သူတို့အတွက် အသား မာခြင်း၊ ပျော့ခြင်းဟူသည်မှာ ပြသနာမရှိလှ။ သူတို့အာရုံစိုက်သည်မှာ အဆိုပါ သတ္တဝါများတွင် မူလစွမ်းအင် မည်မျှ ပါသနည်းဟူသည့် မေးခွန်း၏ အဖြေကိုသာ ဖြစ်သည်။ အဆိုပါ အသားများကို စားသောက်ခြင်းဖြင့် သူတို့အတွက် မူလစွမ်းအင်ကို စုပ်ယူခြင်း၊ လှည့်ပတ်ခြင်း၊ အသုံးပြုခြင်း စသည့်စွမ်းရည်များ တိုးပွားလာစေ၏။ ထို့ကြောင့် သတ္တဝါဆိုးများ၏ အသားသည် အလွန်ကောင်းမွန်သော အားဖြည့်အစားအစာတမျိုးပင် ဖြစ်သည်။

အပူချိန်သည် အသား၏ အရည်အသွေးကို ပျက်စီးစေသောကြောင့် အချို့သော ချီစွမ်းအားပညာရှင်များသည် သတ္တဝါဆိုးများ၏ အသားကို အစိမ်းပင် စားသောက်ကြကုန်၏။ သို့သော် စုချန်းနှင့် ကျန်းယွမ်လျောင့်တို့နှစ်ယောက်မှာကား ဤမျှရိုင်းစိုင်းကြမ်းတမ်းသော လူစားမျိုးမဟုတ်လေရာ အသားကို မီးကင်ပြီးစားသောက်ရန် ပြင်ဆင်နေကြချင်း ဖြစ်သည်။ မီးအရှိန်ကောင်းလှပေရာ တခနအတွင်းဝယ် အသားမှာ စားသောက်၍ရသော အခြေအနေသို့ ရောက်ရှိလာသည်။ ထိုအခါ သူတို့နှစ်ယောက်က စားသောက်ရန် ပြင်ဆင်လိုက်ကြသည်။

မူလချီစွမ်းအားပညာရှင်များသည် အလွန်အစားကြီးသောသူများ ဖြစ်ကြလေရာ ၎င်းတို့သည် ကျားတကောင်လုံးကိုသာမက ဝက်ဝံ၊ ကျားသစ် စသည့် မည့်သည့်သတ္တဝါဆိုးများကိုမဆို တထိုင်တည်းကုန်အောင် စားသောက်နိုင်ကြ၏။ အကြောင်းမှာ ၎င်းတို့၏ စုပ်ယူခြင်းနည်းလမ်းကြောင့် ဖြစ်သည်။ စုပ်ယူခြင်းနည်းလမ်း အသုံးပြုနေသူများသည် အစာအဟာရမှရရှိသော အဟာရဓာတ်များကို သာမာန်လူများထက် လျင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိနေသည် မဟုတ်ပါလား။ ဤသို့စားသောက်နိုင်ရန်အတွက် အညစ်အကြေး၊ အစာဟောင်းများကို တကူးတက စွန့်ထုတ်နေရန် မလိုအပ်ပေ။ စားသောက်စရာများ အလွန်ရှားပါးသည့်အျိန်တွင်ကား ချီစွမ်းအားပညာရှင်များသည် လေထုထဲရှိ မူလစွမ်းအင်များကို စုပ်ယူသုံးစွဲပြီး ရက်ပေါင်းများစွာ မစားမသောက်ပဲ နေနိုင်ကြကုန်၏။

အထက်ပါအချက်များကြောင့် ချီစွမ်းအားပညာရှင်များသည် အရင်းအမြစ်များကို အများသူငှာထက် ပြည့်ဝစွာ သုံးစွဲနိုင်စွမ်းရှိကြပြီး သတ္တဝါဆိုးတကောင်ကို သတ်ဖြတ်ပြီးတိုင်း ကောင်းမွန်သော စားသောက်ဖွယ်ရာများကို ရရှိတတ်လေသည်။။

"ရော့ ဒီမှာ"

ကျန်းယွမ်လျောင့်သည် ပူပူနွေးနွေး ကင်ထားသော ကျားသားကင်မှ အသားတတုံးကို ဆွဲဖြုတ်ပြီး စုချန်းကိုကမ်းပေးရင်း လောကဝတ်လုပ်လိုက်၏။

"ကျေးဇူးပဲဗျ"

စုချန်းကလည်း အသားတုံးကို လှမ်းယူရင်း ပါးစပ်ထဲထည့်ကာ ကောက်ဝါးလိုက်၏။ သူ့နှုတ်ခမ်း၌ ဆီများပေကျံသွားသည်။ မွှေးကြိုင်သော အသားကင်ရနံ့က ပတ်ဝန်းကျင်တခုလုံးကို ပျံ့လွင့်သွား၏။ လောကဝတ်လုပ်ပြီးသည်နှင့် ကျန်းယွမ်လျောင့်က မေးခွန်းထုတ်လိုက်၏။

"ဒါနဲ့ နေစမ်းပါအုံး စုမျိုးနွယ်စုရဲ့ စတုတ္ထသခင်လေးက ဘာအကြောင်းနဲ့များ အနီရောင်တောင်ကြောကို ရောက်လာရတာလဲဗျ"

စုချန်းက ခံစားမှုမရှိသောလေသံနှင့် ဖြေလိုက်သည်။

"အနီရောင်ပြစ်ဒဏ်ပဲ ဆိုပါတော့"

ကျန်းယွမ်လျောင့် မျက်လုံးပြူးသွားသည်။

"အနီရောင်ပြစ်ဒဏ်ဟုတ်လား ခင်ဗျား ဘာများလုပ်မိလို့ ခင်ဗျားရဲ့မျိုးနွယ်စုက အနီရောင်ပြစ်ဒဏ် ပေးရတာလဲဗျ"

စုချန်းက ရှင်းပြလိုက်သည်။

"အင်း ကျွန်တော်လုပ်ခဲ့တာတွေတော့ အများကြီးပဲ အမိန့်မနာခံတဲ့ အစေခံတယောက်ကို အဆင့်ကျော်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တယ် ကျွန်တော့ရဲ့မိထွေးကို ရိုက်ပုတ်လိုက်တယ် နောက်ပြီး ငါ့ရဲ့ဝမ်းကွဲညီအစ်ကိုတယောက်ကို အိပ်ယာထဲမှာ ဆယ်ရက်လောက်လဲနေအောင် လုပ်လိုက်တယ်"

ထိအခါ ကျန်းယွမ်လျောင့်က လေချွန်သံ တချက်ပြုရင်း ပြောလိုက်သည်။

"တယ်ဟုတ်ပါလား မျက်မမြင်တယောက်ဟာ ဒီလို ရက်စက်တဲ့လုပ်ရပ်မျိုးတွေကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် တခါမှ မထင်ခဲ့ဖူးဘူး"

စုချန်းက မှေးမှိန်ဖျော့တော့စွာပြုံးရင်း တဖက်လူ နားလည်အောင် ရှင်းပြလိုက်သည်။

"ခင်ဗျား ထင်သလို မဟုတ်ဘူး ကျွန်တော်ဟာ မျက်မမြင်တယောက် ဖြစ်နေလို့ကို ဒီလို ရက်ရက်စက်စက် လုပ်ဖို့ လိုအပ်နေတာပဲ အဓိက အချက်က သူတို့ရဲ့ သေကွင်းသေကွက်တွေကို ထောက်ထား ပြီးရင် ဘယ်တော့မှ မလွှတ်နဲ့ ဒါမှသာ ခင်ဗျားနဲ့ ထိုက်တန်တဲ့ လေးစားမှုမျိုးကို ပြနရလာလိမ့်မယ်"

ကျန်းယွမ်လျောင့်က စုချန်းကို အံ့သြသင့်သလို စိုက်ကြည့်လိုက်၏။ အတန်ကြာမှ သူက တစုံတရာကို သဘောပေါက်သွားဟန်ဖြင့် တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

"ဟား ဟား ဟား သိပ်ကောင်းတဲ့စကား သိပ်မှန်တဲ့ အတွေးအခေါ် လာဗျို့ ကျွန်တော့မှာ ဝိုင်နည်းနည်းပါလာတယ် ဒါကို အတူသောက်ပြီး ညီအစ်ကိုအဖြစ် အသိအမှတ် ပြုကြရအောင်"

ပြောပြောဆိုဆို ကျန်းယွမ်လျောင့်က သူ့အိတ်ထဲမှ ဝိုင်ပုလင်းတလုံးနှင့် ဖန်ခွက်နှစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဝိုင်များကို ဖန်ခွက်နှစ်ခွက်တွင် မျှထည့်လိုက်ပြီး စုချန်းကို တခွက်ကမ်းပေးရင်း ပြောလိုက်၏။

"လာဗျို့ တယောက်နဲ့တယောက် တွေ့ဆုံတဲအထိန်းအမှတ်နဲ့ တခွက်စီသောက်ရအောင် ကျွန်တော်တို့နှစ်ယောက် တောနက်ကြီးထဲမှာ လာတွေ့နေရတာကတော့ ကံတရားပေါ့ဗျာ"

စုချန်းက ခေါင်းညိတ်ရင်း ဝိုင်ကို အနည်းငယ်စုပ်သောက်လိုက်၏။ ဝိုင်မှာ ပြင်းလှ၏။ စုချန်း၏ လည်ချောင်းကို မီးစနှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"ဘယ့်နှယ်လဲ အတော်လေးတော့ ပြင်းတယ်မလား"

ကျန်းယွမ်လျောင့်က ရယ်မောရင်း မေးလိုက်သည်။ ထို့နောက် သူက သူ့ဝိုင်ခွက်ကို တကျိုက်တည်းမော့သောက်ရင်း နောက်တခွက် ထပ်ငှဲ့လိုက်ပြန်သည်။

"ကျွန်တော် ဝိုင်အပြင်းတွေ သောက်လေ့သောက်ထ မရှိဘူးဗျ"

စုချန်းက သောက်လက်စ ဝိုင်ခွက်ကို အောက်သို့ချရင်း ပြောလိုက်၏။ ထို့နောက် သူက တဖက်လူကို မေးခွန်းထုတ်လိုက်သည်။

"ဒါနဲ့ အစ်ကိုကြီးကျန်းကရော ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ"

ကျန်းယွမ်လျောင့်က မဆိုင်းမတွပင် ပြန်လည်ဖြေကြားလိုက်သည်။

"လူတချို့ဟာ ပျော်ရွှင်ခြင်းချောက်နက်ထဲမှာ ငွေကြယ်သတ္တရိုင်းတချို့ကို ရှာဖွေတွေ့ရှိခဲ့ကြတယ် သူတို့ထင်နေတာက ဒီအနားတဝိုက်မှာ သတ္တုကြောကြီး ရှိနိုင်တယ်ပေါ့ ဒီတော့ ကျွန်တော်လည်း ကံလေးများကောင်းမလားလို့ သတ္တုကြောအရှာထွက်လာတာပဲ"

စုချန်း လန့်ဖြတ်သွား၏။

"ဗျာ ငွေကြယ်သတ္တုသိုက် ဟုတ်လားဗျ"

ငွေကြယ်သတ္တုရိုင်းဟူသည် မူလချီစွမ်းအားပညာရှင်များ အသုံးပြုလေ့ရှိပြီး အလွန်ရှားပါးသော သတ္တုတမျိုး ဖြစ်သည်။ ၎င်းသတ္တုကို မူလစွမ်းအင်သုံး ပစ္စည်းကိရိယာများ တည်ဆောက်ရန်နှင့် မူလစွမ်းအင်နှင့်ဆက်စပ်ပစ္စည်းများ ပြန်လည်အသုံးပြုရာတွင် အသုံးပြုနိုင်၏။ ထိုသို့အသုံးပြုရာတွင်လည်း ထိုသတ္တုရိုင်းမျိုးက တကယ့်ထိပ်တန်းပင် ဖြစ်သည်။ ထိုမျှသာမကသေး အနှီသတ္တုကို ကိုယ်ခန္ဓာစွမ်းအားများတည်ဆောက်ရာတွင် အကူပစ္စည်းအနေနှင့်လည်း အသုံးပြုနိုင်၏။

ငွေကြယ်သတ္တုရိုင်းသည် ရှားပါးပစ္စည်းဖြစ်လေရာ အစုလိုက်အပြုံလိုက် တွေ့နိုင်ရန် ခဲယဉ်း၏။ တစွန်းတစမျှ တွေ့ရှိခဲ့လျင်ပင် အနီးတဝိုက်တွင် ငွေကြယ်သတ္တုသိုက် ရှိနိုင်သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်ပေသည်။ ကျန်းယွမ်လျောင့်၏ စကားအရ ငွေကြယ်သတ္တုရိုင်းတချို့ကို ရှာဖွေတွေ့ရှိသူမှာ သာမာန်အမဲလိုက်မုဆိုးများပင် ဖြစ်နိုင်၏။ ထိုသူတို့သည် ငွေကြယ်သတ္တုရိုင်း၏ ပကတိတန်ဖိုးကို မည်သို့မျှ သိမြင်ဖွယ်ရာမရှိ။ ထူထူးဆန်းဆန်း လှပနေသော အရာဟုယူဆ၍ ကောက်ယူခဲ့သော သဘောမျိုးသာ ဖြစ်ဖွယ်ရာရှိသည်။

ထို့ကြောင့်ပင် အနှီပုဂ္ဂိုလ်သည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ငွေကြယ်သတ္တုသိုက် တည်ရှိနေဖွယ်ရှိသည်ဟူသော သတင်းအချက်အလက်ကို မထိန်းသိမ်းနိုင်ခဲ့ခြင်းပင်။ ထိုအခါ ချမ်းသာကြွယ်ဝလိုသည့် ပုဂ္ဂိုလ်များအားလုံးသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းသို့ စုပြုံရောက်ရှိလာကြတော့သည်။ ကျန်းယွမ်လျောင့်သည်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်များထဲမှ တဦးသာ ဖြစ်သည်။ ကောလဟလ စတင်ပျံ့လွင့်လာသည်နှင့် ၎င်းသည် ဘဝတွင် ပထမဆုံး ငွေကြေးအစုလိုက်အပြုံလိုက်တော့ ရချေပြီဟူသော မျှော်လင့်ချက်နှင့် အနီရောင်တောင်ကြောသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ချီစွမ်းအားပညာရှင်များသည် မူလကျောက်တုံးများကို ထုတ်လုပ်နိုင်ပြီး ငွေကြေးအဖြစ် ဖလှယ်နိုင်စွမ်းရှိသော်လည်း ကျားကြီးခြေရာကြီးဆိုသကဲ့သို့ သာမာန်လူများထက်ပင် ငွေကြေးပြတ်လပ်လှပေ၏။ တဖန် မူလကျောက်တုံးများ ထုတ်လုပ်ခြင်းသည် တစုံတယောက်၏ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းကို သွား၍သက်ရောက်နေပြန်သည်။ တနှစ်မျှ ကြိုးစားပမ်းစား အလုပ်လုပ်ခြင်းကြောင့် မူလကျောက်တုံး သုံးရာမှ လေးရာခန့်အထိ ရရှိနိုင်၏။ သို့သော် ထိုပမာဏမှာ သုံးစွဲရန် မလုံလောက်။ ထို့ကြောင့် ချီစွမ်းအားပညာရှင်များသည် မည်သည့်နေရာက ငွေကြေးရနိုင်မည်နည်း ဟူသည့်အချက်ကို အမဲရိုး လိုက်ရှာနေသော ခွေးများကဲ့သို့ အမြဲတစေ လိုက်လံအနံ့ခံနေရတော့သည်။

ပျော်ရွှင်ခြင်းချောက်နက်အတွင်းရှိ ငွေကြယ်သတ္တရိုင်းသိုက်သည်ကား ချီစွမ်းအားပညာရှင်များအတွက် အလွန်ရခဲလှသည့် အခွင့်အရေးပေတည်း။

ကျန်းယွမ်လျောင့်သည် ယခုအချိန်ထိ စုချန်းနှင့် မဟာမိတ်ပြုရန်ကိစ္စကို လက်လျော့သေးဟန်မတူ။ သူက ထပ်မံတိုက်တွန်းလိုက်ပြန်သည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်သည် အတော်အတန် ခင်မင်ရင်းနှီးလာခဲ့ပြီဖြစ်ရာ တယောက်နှင့် တယောက် အခေါ်အဝေါ် အသုံးအနှှုံးတချို့ ပြောင်းလဲစ ပြုလာခဲ့လေပြီ။ စုချန်းက ကျန်းယွမ်လျောင့်ကို အစ်ကိုကြီးကျန်းဟုခေါ်၍ ကျန်းယွမ်လျောင့်က စုချန်းကို ညီလေးစုဟု တယောက်နှင့်တယောက် ခေါ်ဝေါ်သုံးနှုံးကြလေသည်။

"ဒါကြောင့်မို့ ညီလေးစုကို ကျုပ်က တိုက်တွန်းနေတာပေါ့ ခုဆိုရင် ပျော်ရွှင်ခြင်းချောက်နက်ကို လူတိုင်းလိုလို သွားနေကြပြီ ဒီနေရာမှာ ဆရာမရှိဘူး လူတိုင်း သွားပိုင်ခွင့်ရှိနေတယ် ဘာကန့်သတ်ချက်မှမရှိဘူး ဒီတော့ ဆက်တွေးကြည့်ရင် ကျိန်းသေပေါက် အငြင်းပွားမှုတွေ ပေါ်ပေါက်လာလိမ့်မယ် ဘာစည်းကမ်း ဘာကျင့်ဝတ်မှ မလိုက်နာတဲ့ နေရာမျိုးမှာ ဒီလို အငြင်းပွားမှုတွေ ပေါ်ပေါက်လာတယ်ဆိုရင်လည်း သိပ်တော့မဆန်းဘူးပေါ့ တယောက်ယောက်က ကြောက်စရာ ယုတ်မာတဲ့လုပ်ရပ်မျိုး လုပ်ခဲ့ရင်တောင် ဘာပြသနာမှ တက်လာစရာမရှိတော့ လူတွေကို မကောင်းမှုလုပ်ဖို့ ရက်စက်ယုတ်မာဖို့ ပိုပြီး အားပေးနေသလို ဖြစ်နေတော့တာပေါ့ အင်အားနည်းပါးသူတွေကတော့ အဲဒီနေရာကို ရောက်သွားရင် ထိုင်ပြီး ဆုတောင်းနေဖို့သာ ရှိတော့တာပဲ ဒါကြောင့်မို့လို့ ကျုပ်က ညီလေးစုကို အတူတကွ လုပ်ဆောင်ဖို့ တိုက်တွန်းနေရတာပေါ့ ကျုပ်တို့နှစ်ယောက်သာ အတူတကွ ကြိုးစားဆောင်ရွက်ကြရင် ရလာတဲ့အခွင့်အရေးကို အမိအရ ယူနိုင်လိမ့်မယ်လို့ ကျုပ်က ယူဆထားတယ်"

စုချန်းက တဖက်လူ၏ စကားကို အနည်းငယ်မျှ ဂရုမစိုက်ချေ။ သူသည် သာမာန်မျှသာ တုံ့ပြန်ရင်း အစားအသောကိုသာ အာရုံစိုက် စားသောက်နေ၏။

စုချန်း၏ အမူအရာကိုကြည့်ရင်း ကျန်းယွမ်လျောင့် အတော်လေး အံသြသွား၏။ သူက မချင့်မရဲနှင့် ပြောလိုက်သည်။

"ညီလေးစုက ခုချိန်ထိ စိတ်မဝင်စားသေးဘူးပေါ့ ဟုတ်လား ကျုပ်အခုပြောနေတာ ငွေကြယ်သတ္တရိုင်းနော် အလွန်သေးငယ်တဲ့ အပိုင်းအစလေးတခုတောင် မူလကျောက်တုံး ထောင်သောင်းနဲ့ချီပြီး တန်ကြေးရှိနေတာနော်"

စုချန်း ပြောလိုက်၏။

"ဘယ်စိတ်ဝင်စားမလဲ အဲဒီနေရာကို သွားဖို့ အစ်ကိုကြီးကျန်းအတွက်သာ အင်မတန်အရေးတကြီး လိုအပ်နေပြီး ကျွန်တော့အတွက်ကတော့ အဲဒီလို လုပ်စရာမှ မလိုတာဗျ ကျွန်တော်ကတော့ ဒီမှာပဲ နေခဲ့ပြီး သတ္တဝါဆိုးကြီးတွေကို အမဲလိုက်မယ် သူတို့ရဲ့ အသွေးအသားတွေကို စားသောက်မယ် သူတို့ရဲ့ အရေပြားတွေကို စုဆောင်းထားမယ် ထပ်ပြောရရင် မရေရာမသေချာတဲ့ သတ္တသိုက်ကို လိုက်ရှာပြီး ကုန်ဆုံးသွားမဲ့အချိန်မှာ ကျွန်တော့အနေနဲ့ ခုထက်ပိုပြီး ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းကို လေ့ကျင့်နိုင်လိမ့်မယ် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီးကို ရရှိနိုင်စေလိမ့်မယ်ဗျ"

ကျန်းယွမ်လျောင့်က သက်ပြင်းချလိုက်သည်။

"ဒါက နှေးလွန်းအားကြီးတယ် တစုံတယောက်ဟာ ကံကြမ္မာအလှည့်အပြောင်းနဲ့မကြုံပဲ အလွယ်တကူ မချမ်းသာလာနိုင်ဘူး"

စုချန်းက အားရပါးရ ရယ်မောရင်း မေးလိုက်သည်။

"ဒါက အစ်ကိုကြီးကျန်းရဲ့ ဘဝအပေါ် ခံယူချက်လား ကျွန်တော်ဟာ မျက်မမြင်တယောက်ပေမဲ့ ဒါမျိုးတော့ လက်မခံနိင်ဘူးဗျို့ ဒါနဲ့ နေစမ်းပါအုံး ဟင်းခတ်အမွှေးအကြိုင်ဘူးလေးရော ဘယ်မှာတုန်း အစ်ကိုကြီးကျန်း ဒါလေး ခနလောက် ကိုင်ပေးနိုင်မလား ဒီအသားလွှာအပေါ် ကျွန်တော် အမွှေးအကြိုင်လေး နည်းနည်း ထပ်ဖြူးလိုက်အုံးမယ်"

ထိုအခါ ကျန်းယွမ်လျောင့်က ဦးခေါင်းကို ဟိုဖက်သည်ဖက်လှည့်ရင်း ပြောလိုက်သည်။

"ဟာ ထူးဆန်းလိုက်တာ ခုနကပဲ ဒီဘူးဟာ ဒီနေရာမှာ ရှိသေးတယ် ခု ဘယ်ရောက်သွားပါလိမ့် ကျုပ်အထားမှားပြီထင်တယ်"

စုချန်းက

"ရှာမတွေ့လည်းနေပါစေတော့ဗျာ ကျွန်တော်လည်း အတော်လေး ဗိုက်တင်းနေပြီပဲ"

ကျန်းယွမ်လျောင့်က

"မင်း သွားတော့မှာပေါ့"

စုချန်းက

"ဟုတ်တယ်ဗျ"

ထိုအခါ ကျန်းယွမ်လျောင့်က သူ့လက်ထဲရှိ ဝိုင်ခွက်ကိုမြှောက်ရင်း ပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလဲ ကျုပ်တို့ နောက်ဆုံးတခေါက် ဆုတောင်းပြီး လမ်းခွဲကြတာပေါ့"

စုချန်းကလည်း ဆွေကြီးမျိုးကြီးမှ လာသူဖြစ်လေရာ ကျင့်ဝတ်စည်းကမ်းများကို နားလည်၏။ သူကလည်း ဝိုင်ခွက်ကို ပြန်လည် မြှောက်ပြလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် ဝိုင်များကို တကျိုက်တည်း မော့ချလိုက်တော့သည်။

ဝိုင်များကို အားရပါးရ မော့သောက်ပြီးသည်နှင့် ကျန်းယွမ်လျောင့်က ဝိုင်ခွက်ကိုပစ်ချရင်း ပြောလိုက်သည်။

"ညီလေးစု မင်းဟာ တကယ်ထူးခြားတဲ့ လူစားမျိုးပဲ ကိုယ်လက်အင်္ဂါ မသန်စွန်းဘူးဆိုပေမဲ့ တကယ့်ကို သန်မာပေတာကိုး မျက်လုံးမမြင်တာတောင် အနီရောင်တောင်ကြောကို လာရဲတာတခုနဲ့တင် မင်းဟာ အတော်လေး ချီးကျူးစရာကောင်းနေပြီး လေးစားပါတယ် ညီလေးစု တကယ်ကို လေးစားပါတယ်"

စုချန်းသည် တလုံးတပါဒမျှ ပြန်လည်ပြောဆိုခြင်းမရှိပဲ တိတ်ဆိတ်စွာ နားထောင်နေ၏။ ကျန်းယွမ်လျောင့်က စကားဆက်ပြန်သည်။

"ခက်တာက မင်းမှာ ပြတ်သားတဲ့ ရည်ရွယ်ချက်ရှိတယ် ထက်မြက်တဲ့ စိတ်စွမ်းအင်ရှိတယ် ဆိုပေမဲ့ ငယ်ရွယ်သေးတဲ့အတွက် လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူး"

စုချန်း၏ အမူအရာကား အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိ။ ပကတိ ငြိမ်သက်နေ၏။ သူက မေးလိုက်သည်။

"အစ်ကိုကြီးကျန်းက ဘာကိုများ ဆိုလိုချင်တာပါလိမ့်"

ကျန်းယွမ်လျောင့်က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"မင်းရဲ့ မူလစွမ်းအင်ကို လှည့်ပတ်ကြည့်လိုက်စမ်း ငါ ဘာကိုဆိုလိုသလဲဆိုတာ သဘောပေါက်လာလိမ့်မယ်"

စုချန်းက ခေါင်းကိုငုံ့ရင်း သောက်လိုက်စ ဝိုင်ခွက်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဝိုင်ထဲမှာ ဆေးခတ်လိုက်တယ်ပေါ့ ဒါဘာသဘောလဲ အစ်ကိုကြီးကျန်း"

ကျန်းယွမ်လျောင့်က လက်နှစ်ဖက်ကို ဆန့်တန်းရင်း အားရပါးရ ရယ်မောက ပြောလိုက်သည်။

"ဟား ဟား ဟား ဘာသဘောရမှာလဲ မင်းရဲ့ မူလကိရိယာတွေကြောင့်ပေါ့ကွာ ဒီဝတ်စုံတွေဟာ အင်မတန် အဖိုးထိုက်တန်ပေတာပဲ ဒါတွေကြောင့်ပဲ မင်းလို မျက်မမြင်တယောက်အနေနဲ့ အနီရောင်တောင်ကြောမှာ အန္တရာယ်ကင်းကင်းနဲ့ လျှောက်သွားနိုင်တာပေါ့ ဒီလိုပစ္စည်းမျိုးကို ငါ့အနေနဲ့ ဘယ်လက်လွတ်ခံနိုင်ပါ့မလဲ ဟဲ ဟဲ ဟဲ"

စုချန်းက မေးလိုက်၏။

"ဒီလိုပစ္စည်းမျိုးအတွက်နဲ့ ခင်ဗျားက ကိုယ့်ရဲ့ကျေးဇူးရှင်ကို ကျေးဇူးကန်းတယ်ပေါ့လေ ဟုတ်လား"

စုချန်း၏စကားကို ကြားလိုက်ရသောအခါ ကျန်းယွမ်လျောင့်က ခေါင်းကိုမော့ရင်း အားရပါးရ ရယ်မောလိုက်သည်။ တဆက်တည်းမှာပင် သူ၏ မိုးပြာရောင်အကြေးခွံဓားကို မြှောက်ရင်း ပြောလိုက်သည်။

"မင်းပြောတဲ့အတိုင်း မင်းက ငါ့ကိုကယ်ခဲ့တာတော့ အမှန်ပဲ ဒီတော့ ဘာဖြစ်သလဲ ငါက မင်းကိုသတ်ပစ်လိုက်ရင် ဒီလျှို့ဝှကချက်က အလိုလို ပျောက်ကွယ်သွားမှာပဲလေ ငါခုနက မင်းကို သတိပေးပြီးသားလေကွာ ကုသိုလ်ကံအကြောင်းတရားနဲ့ မဆုံစည်းရင် လူဆိုတာ လွယ်လင့်တကူ မချမ်းသာလာနိုင်ဘူးဆိုတာလေ လူသူမရှိတဲ့ အရပ်ဒေသတွေမှာ စည်းမျဉ်းမရှိ ကန့်သတ်ချက်မရှိတဲ့အတွက် လူတွေရဲ့ မသိစိတ်ထဲက မကောင်းဆိုးဝါးက ခေါင်းထောင်လာနိုင်တယ်ကွ အဆမတန် အင်အားကောင်းလာနိုင်တယ်ကွ ဒါပေမဲ့ မင်းက အင်မတန် ရိုးသားလွန်းတော့ ငါဆိုလိုတာကို ဘယ်နားလည်နိုင်ပါ့မလဲ ယမမင်းနဲ့ တွေ့တော့ မေးကြည့်လိုက်ပေါ့ကွာ ဗဟုသုတ တိုးတာပေါ့ ဟား ဟား ဟား"

အထက်ပါစကားများကို ပြောဆိုနေခိုက် ကျန်းယွမ်လျောင့်၏ မျက်နှာပေါ်တွင် သွေးဆာသော အရိပ်အယောင်များ ယှက်သန်းနေ၏။ သူက စကားဆက်ပြန်သည်။

"မင်း စဉ်းစားကြည့်စမ်း ဒီလိုနေရာမှာ မျက်မမြင်တယောက်က မူလကိရိယာတွေကို ဝတ်ဆင်ပြီး လမ်းသလားနေပုံက ဘာနဲ့တူသလဲဆိုတော့ ကလေးတယောက်က ရွှေထည်ပစ္စည်းတွေကိုကိုင်ပြီး အင်မတန် လူရှုပ်တဲ့ ဈေးတန်းလိုနေရာမှာ လမ်းလျှောက်နေတာနဲ့ တူနတယ်ကွ ဒီလိုလူစားမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်ကို ဘယ်လိုဖုံးကွယ်ရမှန်းမသိတော့ လာပါ ငါ့ခေါင်းကို လာဖြတ်ကြပါလို့ ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ ဒါကြောင့် အနှေးနဲ့အမြန်ဆိုသလို မင်းကတော့ သေမှာပါပဲ ဒါဆိုရင် အခြားလူတယောက်က ကြားကနေပြီး အမြတ်ထွက်သွားလိမ့်မယ် ဒီတော့ ငါ့ညီနဲ့ အရင်ဆုံးတွေ့ဆုံလိုက်ရတဲ့ အစ်ကိုကြီးကျန်းဟာ ဒီအကျိုးအမြတ်တွေကို ရရှိဖို့ မထိုက်တန်ပေဘူးလား"

စကားဆုံးသည်နှင့် ကျန်းယွမ်လျောင့်က သူ့လက်ထဲမှဓားနှင့် စုချန်း၏ ခေါင်းကို ခုတ်ချလိုက်သည်။ ဓားချက်သည် ရက်စက်လှ၏။ ကြမ်းတမ်းလှ၏။ ပြင်းထန်လှ၏။ ဤဓားတချက်ကို မြင်လိုက်ရသည်နှင့် ကျန်းယွမ်လျောင့်တွင် လောဘစိတ်မှအပ မည်သည့် ဂရုဏာတရားမျှ မရှိကြောင်း သိသာထင်ရှားနေခဲ့လေပြီ။ သို့သော် မိမိကိုယ်တွင်းမှ ထူးခြားသော ခံစားမှုတခုကြောင့် ကျန်းယွမ်လျောင့် မျက်လုံးပြူးသွား၏။ အကြောင်းမှာ သူသည် မူလစွမ်းအင်များကို လုံးဝထိန်းချုပ်၍ မရသောကြောင့်ပင်။ သူ့ကိုယ်ခန္ဓာတခုလုံးသည် ဟာလာဟင်းလင်းဖြစ်နေပြီး အားအင်ကုန်ခန်းနေသကဲ့သို့ ကျန်းယွမ်လျောင့် ခံစားလိုက်ရ၏။

ကျန်းယွမ်လျောင့်ခမျာ ခေါင်းနားပန်းကြီးသွားရှာ၏။ သူက ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

"ချီစွမ်းအင်ပိတ်ဆို့ဆေးမှုန့်ပါလား"

ချီစွမ်းအင်ပိတ်ဆိုဆေးမှုန့်သည် စုချန်း၏ အစာအိမ်အတွင်းသို့ ရောက်ရှိနေရမည့်အစား အဘယ်ကြောင့် သူစားသုံးမိရလေသနည်း။ ကျန်းယွမ်လျောင့် မည်သို့မျှ နားလည်နိုင်စွမ်း မရှိတော့။ ထိုအခိုက်မှာပင် စုချန်းက လက်သီးကိုဆုပ်ကာ ကောက်ကျစ်ယုတ်မာလှသော ငမိုက်သားအား အားရပါးရပင် ထိုးချလိုက်တော့သည်။ မူလစွမ်းအင်အပြည့်အဝပါဝင်သော လက်သီးချက်သည် ကျန်းယွမ်လျောင့်၏ မျက်နှာကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး သကောင့်သားအား လေပေါ်သို့ ပျံဝဲသွားစေတော့သည်။

"မင်း အဆိပ်မမိဘူး ဝို်င်ခွက်ကို လှဲထားတယ်ပေါ့လေ"

ကျန်းယွမ်လျောင့်က ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။ စုချန်း၏ လုပ်ရပ်များသည် ပိရိသေသပ်လှပြီး တဆင့်ချင်း ရှေ့တိုးလှမ်းလျှောက်သွားပုံမျိုး ဖြစ်၏။ စုချန်းက ပြောလိုက်သည်။

"ခင်ဗျားကို ကျွန်တော် ဟင်းခတ်အမွှေးအကြိုင်တွေ ရှာပေးဖို့ ပြောသားပဲ အဲဒီကတည်းက ဝိုင်ခွက်ကို ကျွန်တော် လှဲခဲ့လိုက်ပြီဗျ"

ကျန်းယွမ်လျောင့် အလွန်တရာ အံ့သြသွား၏။ သူက မေးလိုက်သည်။

"မင်း ငါ့ကို သတိထားမိပြီးသားပေါ့ ဟုတ်လား"

စုချန်းက ညင်သာသော လေသံနှင့် ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် စတွေ့ကတည်းက ခင်ဗျားကို ကျွန်တော် မယုံခဲ့ပါဘူးဗျာ"

"ဘာကြောင့်လဲ ငါတော့ ဘယ်လိုမှနားမလည်နိင်တော့ဘူး"

ကျန်းယွမ်လျောင့်၏ လေသံက ဖျော့တော့လှသည်။ သူသည် မြေကြီးပေါ်ဝယ် ပုံပျက်ပန်းပျက် လဲကျနေ၏။ သူ့ကိုကြည့်ရသည်မှာ အရာရာတိုင်းကို လက်မြှောက်အရှုံးပေးဟန် ပေါ်နေသော်လည်း သူ့မျက်လုံးများသည်ကား တစုံတရာကို ကြိုးစားအားထုတ်နေသေးဟန် ရှိ၏။ စုချန်းသည် ထိုအချင်းအရာကို ကောင်းကောင်းကြီး တွေ့မြင်နေရသော်လည်း မမြင်ဟန်ပြုကာ ၎င်း၏ မေးခွန်းကို ဖြေလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့ ကျေးဇူးတရားကို မသိတတ်မှုကြောင့်လို့ပဲ ဆိုရမယ် သက်တန့်ရောင်ကျားကို ကျုပ်သတ်ပြီးပြန်လာတော့ ခင်ဗျားကို မေးခဲ့တယ် ကျုပ်ရဲ့အကူအညီကို ထပ်လိုသေးလား တကယ်လို့ လိုသေးတယ်ဆိုရင် ခင်ဗျားပိုင်တဲ့ သက်တန့်ရောင်ကျားတဝက် ကျုပ်ကိုပေးရမယ်ဆိုတာလေ ခင်ဗျား ဘာပြန်ဖြေခဲ့သလဲ မှတ်မိရဲ့လား"

ကျန်းယွမ်လျောင့်က တွေဝေသောမျက်နှာနှင့် ဖြေလိုက်သည်။

"မလိုဘူးလို့ ဖြေခဲ့တယ်လေ"

"သိပ်မှန်တာပေါ့ မလိုဘူးလို့ ခင်ဗျား ဖြေခဲ့တယ်"

စုချန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

"ခင်ဗျားကိုခင်ဗျား ငါဟာ အတော်လေး လောဘကြီးတယ်လို့များ မတွေးမိဘူးလား စဉ်းစားကြည့်လေ ခင်ဗျားရဲ့အသက်ကို ကျွန်တော်ကယ်လိုက်တယ် ဒါတောင် သက်တန့်ရောင်ကျားကို တယောက်တဝက်ခွဲမယ့်လုပ်ရပ်ကို ခင်ဗျား ဘာမှ မတားမြစ်ခဲ့ဘူး တကယ်လို့ကျွန်တော်က တယောက်ယောက်ကို ကယ်လိုက်ပြီဆိုပါစို့ သူတို့ရဲ့ တုံ့ပြန်မှုက..ဥပမာဗျာ..ခင်ဗျားကတော့ ကျွန်တော့ကို ကယ်လိုက်ပြီ ဒီတော့ ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ခင်ဗျားယူပါ ...ဒီလိုပဲ ဖြစ်သင့်တာဗျ"

ကျန်းယွမ်လျောင့် ကြက်သေသေနေ၏။ သူ့အနေနှင့် တပုံးတပါဒမျှ မဟနိုင်ရှာတော့။ သို့သော်ငြားလည်း ခရမ်းနက်ပြာရောင်လျှို့ဝှက်လက်နက်သုံးမျိုးသည် ၎င်း၏ ဘယ်ဖက်လက်မှ တိတ်ဆိတ်စွာ ထွက်ပေါ်နေ၏။ အကယ်၍ တစုံတယောက်ကသာ ၎င်းကိုတွေ့ရှိလျင် အဆိုပါ လက်နက်များသည် အဆိပ်လက်နက်များဖြစ်ကြောင်း မြင်တွေ့ရပေလိမ့်မည်။

စုချန်းက စကားဆက်သည်။

"တကယ်တမ်းပြောရရင် ကျုပ်စိတ်ဝင်စားတာကလည်း ကျားမဟုတ်ဘူးဗျ ခင်ဗျားရဲ့ စိတ်နေစိတ်ထားကို သိချင်လို့ စကားတောက်ကြည့်တဲ့သဘောပဲ ကျေးဇူးတရားကိုတောင် မသိတတ်တဲ့လူမျိုးဟာ တခြား ဘာပဲလုပ်လုပ် အံ့သြစရာ မရှိတော့ဘူးလေဗျာ"

စုချန်း၏စကားကိုကြားရသောအခါ ကျန်းယွမ်လျောင့်က ခါးသက်စွာ ရယ်မောလိုက်သည်။

"လက်စသတ်တော့ အဲဒီလိုကိုး ငါဟာ မျက်မမြင်ဒုက္ခိတတယောက်လောက်တောင် အသုံးမကျတဲ့၊ ကျေးဇူးတရား မသိတတ်တဲ့ လူတယောက် ဖြစ်နေပြီ ဆိုပါတော့ အေးလေ ဒီအနေအထားမှာ မျက်မမြင်တယောက်လောက်တောင် မြင်နိုင်စွမ်းမရှိတာ သိပ်တော့လည်းအံ့သြစရာ မရှိတော့ဘူးပဲ ဒါပေမဲ့........"

ဤနေရာအရောက်တွင် ကျန်းယွမ်လျောင့်က သူ၏ စကားကို ဆွဲ၍ပြောလိုက်၏။ သူ့လေသံကလည်း ရုတ်တရက် ခက်ထန်လာ၏။

"ဒါနဲ့ပဲ မင်းနိုင်သွားပြီလို့ မဆိုလိုဘူးကွ"

ရွှီ!!!!!!!!!

စကားဆုံးသည်နှင့် ကျန်းယွမ်လျောင့်၏ လက်မှလျှို့ဝှက်လက်နက်သုံးမျိုးသည် အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် စုချန်းဆီသို့ ပြေးဝင်လာ၏။ လက်နက်များ၏ အလျင်က မြန်ဆန်သလောက် ပြေးဝင်လာသော ပုံသဏ္ဍန်ကလည်း ဆန်းကြယ်၏။ မထင်မှတ်သော ရှုထောင့်မျိုးစုံမှ ပျံ့လွင့်လာခြင်း ဖြစ်သည်။ လက်စသတ်တော့ ကျန်းယွမ်လျောင့်သည် ဤပညာကို အသုံးပြုခွင့်ရစေရန် တမင်သက်သက် အချိန်ဖြုန်း အင်အားစုဆောင်းနေခြင်းပေတကား။

အဆိပ်လက်နက်များ ပျံ့လွင့်လာသည်နှင့် စုချန်းဝတ်ဆင်ထားသည့် တိမ်တိုက်ခြေလှမ်းဖိနပ်သည် အရောင်များ ဝင်းလက်တောက်ပလာ၏။ တဆက်တည်းမှာပင် ၎င်း၏ ကိုယ်ခန္ဓာသည် လေပေါ်သို့ ပေါ့ပါးစွာ မြောက်တက်သွားတော့သည်။ ထိုအခါ ပထမ လျှို့ဝှက်လက်နက်သည် စုချန်း၏ ခြေထောက်အောက်မှ တဟုန်ထိုး ဖြတ်ကျော်သွားတော့သည်။ ဒုတိယလက်နက်ကိုကား စုချန်းက လေပေါ်၌ပင် မီးခိုးငွေ့ပမာ တွန့်လိန်ကွေးကောက်ရင်း ရှောင်တိမ်းလိုက်ပြန်၏။ တတိယတခုကိုကား စုချန်းအနေနှင့် မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့။ ထိုအခါ စုချန်းသည် သူ၏ ကိုယ်ခန္ဓာကို လေထဲ၌ပင် တပတ်လည်အောင် လှည့်လိုက်ပြီး နောက်ဆုံးလက်နက်ကို ကျောဖြင့်ခံပေးလိုက်တော့သည်။ နီလာခရမ်းဝတ်စုံ၏ အစွမ်းကြောင့် နောက်ဆုံးလက်နက်သည်လည်း ဒေါင်ခနဲ မြည်သံနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

ကျန်းယွမ်လျောင့်တယောက် အင်မတန် စိတ်ပျက်အားငယ်သွား၏။ စုချန်း၏ လုပ်ရပ်သည် မျက်မမြင်တယောက် လုပ်ဆောင်နိုင်သည့် အရာမျိုးမဟုတ်။ ထိုအခိုက်မှာပင် သူသည် တစုံတရာကို တိတိပပပင် နားလည်သဘောပေါက်သွားတော့သည်။ သူက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။

"မင်း.....မင်း.....မျက်မမြင် မဟုတ်ဘူး"

စုချန်းကား အေးဆေးတည်ငြိမ်လှသည်။ သူ့မျက်နှာပေါ်တွင် မထီမဲ့မြင်နိုင်သော အပြုံးတမျိုး ဖြစ်ပေါ်နေ၏။ သူက ပြောလိုက်သည်။

"လွန်ခဲ့တဲ့ လေးနှစ်တာကာလက ကျွန်တော်ဟာ အဖိုးကြီးတယောက်နဲ့ မမျှော်လင့်ပဲ ဆုံခဲ့ရတယ်ဗျ သူက ပြောတယ် ကျွန်တော်ဟာ ညဏ်ရည်ညဏ်သွေးကောင်းပေမဲ့ ပါးစပ်ဖွာတယ် ကိုယ့်ရဲ့အားနည်းချက်ကို မဖုံးကွယ်တတ်ဘူး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မနေတတ်ဘူး ဒါကြောင့်မို့လို့ သူက ကျွန်တော့ရဲ့ မျက်လုံးတွေကို ပြောင်းလဲပေးခဲ့တယ် ဒီထက်ပိုပြီး မြင်နိုင်အောင်ပေါ့ ဒါတင်မကသေးဘူး သူက ကမ္ဘာလောကကြီးနဲ့ လူသားတွေရဲ့ တကယ့်သဘာဝကိုပါ မြင်တွေ့လာနိုင်အောင် ကူညီခဲ့သေးတယ် အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ကိုယ့်ရဲ့အားနည်းချက်ကို သူတပါး မမြင်အောင် ဖုံးကွယ်တတ်လာတယ် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေထိုင်တတ်လာတယ် ကဲ လာခြင်းကောင်းသော ခရီး ဖြစ်ပါစေဗျာ"

စုချန်းသည် ပြောပြောဆိုဆို ကျန်းယွမ်လျောင့်၏ လည်မျိုကို ဓားနှင့် တချက်တည်း ပိုင်းချလိုက်တော့သည်။ ငမိုက်သား၏ ကြောက်ခမန်းလိလိ အော်ဟစ်သံသည် အနီရောင်တောင်ကြောတဝိုက် ပျံ့လွင့်သွား၏။ ထို့နောက်တွင်ကား လောကကြီးသည် ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

All Chapters