← Chapters

စုချန်း စီးပွားရေးစလုပ်ပြီ ၂

Vol. 6 Ch. 52

စုချန်း စီးပွားရေးစလုပ်ပြီ ၂

Vol. 6 Ch. 52

ပျော်ရွှင်ခြင်းချောက်အတွင်းရှိ ငွေကြယ်သတ္တုရိုင်းများနှင့် ပတ်သက်သော ကောလဟာလသည် ကပ်ရောဂါတခုပမာ အနီရောင်တောင်ကြောနယ်မြေတခုလုံးသို့ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့၏။ ထိုအခါ "ခွင့်သာခိုက်မှာ မလိုက်ချင်လျင် အမိုက်နင့်ပြင်ရှိသေးလား"ဟု တွေးတောကြသော လောဘသားကောင်များသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းသို့ တဖွဲဖွဲနှင့် ရောက်ရှိလာကြလေသည်။

လူဆိုသည်မှာ လောဘသားကောင်များပင် ဖြစ်ကြလေရာ လူသားတို့၏ ကြွယ်ဝချမ်းသာလိုသောဆန္ဒသည် သေခြင်းအပေါ် ထားရှိသော အကြောက်တရားကို ဒိုင်ပွဲရပ်နှင့်ပင် အနိုင်ရရှိသွားပုံရသည်။ ထိုအခါ လူသားတို့သည် မြင့်မားလှသည့် တောင်များကို ကျော်၍လည်းကောင်း၊ ပြင်းထန်စွာ စီးဆင်းနေသော မြစ်များကို ကျော်၍လည်းကောင်း၊ နက်ရှိုင်းလှသော တောအုပ်ကြီးများကို ဖြတ်၍လည်းကောင်း သားရဲသတ္တဝါဆိုးများ၏ တိုက်ခိုက်မှု အန္တရာယ်ရှိနေသော ဤအရပ်ဒေသသို့ မြွေမကြောက် ကင်းမကြောက် ရောက်ရှိလာကြကုန်၏။ သူတို့အားလုံးသည် နေ့ချင်းညချင်းပင် ချမ်းသာကြွယ်ဝလာမည်ကဲ့သို့ စိတ်ကူးယဉ်နေကြလေသည်။

သို့သော်လည်း ကံကြမ္မာတရားသည်ကား လူတိုင်းအပေါ် တသမတ်တည်း မျက်နှာသာပေးတတ်သည်မဟုတ်။

လူအများစုသည် သူတို့ရည်ရွယ်ခဲ့သောနေရာအထိ ရောက်အောင်လာနိုင်စွမ်း မရှိကြပဲ တောင်တန်းများပေါ်၌ သေဆုံးကုန်ကြလေသည်။ အသက်ရှင်၍ ရောက်လာနိုင်သူ အများစုမှာလည်း ကြိုးစားပမ်းစား ရှာဖွေကြသည့်တိုင် သတ္တုနှင့်တူသောအရာဟူ၍ ကျောက်စရစ်ခဲမျှပင် မရရှိကြလေရာ လက်ကျန်ငွေတချို့ကို အပြန်ခရီးအတွက် အသုံးပြုရင်း ခြေဗလာ လက်ဗလာနှင့် ပြည်တော်ပြန်ကြရရှာ၏။ ကံထူးသူ တချို့တလေသာ ငွေကြယ်သတ္တုများနှင့် ဖူးစာဆုံကြရ၏။ သို့သော် ထိုသူတို့မှာလည်း ကြိုးစားမှု၏ရလဒ်ကို စိုးစဉ်းမျှပင် မခံစားကြရပဲ အလဟသ ခြေကုန်လက်ပန်း ဖြစ်ရသည်ကသာ ပို၍များနေ၏။ အကြောင်းမှာ ငွေကြယ်သတ္တုတချို့ကို ရရှိ၍ လက်ပူအောင်ပင် မကိုင်ရသေး၊ ဓားပြတိုက်ခံရ၍သော်လည်းကောင်း၊ ခိုးဝှက်ခံရ၍သော်လည်းကောင်း အလဟသအဖြစ်မျိုးနှင့် ရင်ဆိုင်ကြရသောကြောင့်ပင်။

အလွန် အရေအတွက်နည်းပါးသော လူတချို့သာ ငွေကြယ်သတ္တုကိုပိုက်ပြီး ချောချောမောမော အိမ်ပြန်ရောက်ကြကုန်၏။ တနည်းအားဖြင့် လူတန်းစားနှစ်ရပ်သာ ဤနေရာတွင် အကျိုးခံစားခွင့်ရှိသည်ဟု ကံကြမ္မာက ဖန်တီးထားသကဲ့သို့ပင် ထင်ရလေသည်။

ထိုလူတန်းစားနှစ်ရပ်အနက် ပထမလူတန်းစားမှာ မူလချီစွမ်းအားပညာရှင်များကဲ့သို့ အင်အားကြီးသူများနှင့် မူလချီစွမ်းအားပညာရှင်များ ဖြစ်သည်။ ထိုသူတို့သည် ကိုယ်ပိုင် ငွေကြယ်သတ္တုရိုင်းများ ရှာဖွေ၍လည်းကောင်း၊ အခြားသူများကို သူတို့အတွက် ရှာဖွေပေးရန် ခိုင်းစေ၍လည်းကောင်း အကျိုးအမြတ်များ ရရှိကြ၏။

ဒုတိယလူတန်းစားများကိုကား ဦးနှောက်သမားများဟု နာမည်ပေးလျင် သင့်တော်ပေလိမ့်မည်။ ဦးနှောက်သမားများသည် ကံကြမ္မာကိုယုံ၍ ပုံအပ်ပြီး အကောင်အထည်မရှိသော အိပ်မက်နောက်သို့ လိုက်နေကြသူများမဟုတ်။ ထိုသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် အခွင့်အရေးများ ရှာဖွေပြီး ကြွယ်ဝချမ်းသာလာအောင် လုပ်ယူကြလေသည်။

ဦးနှောက်သမားများမှာ လီရှုနှင့် စုချန်းကဲ့သို့သော လူစားမျိုးများ ဖြစ်ကြ၏။

ပျော်ရွှင်ခြင်းချောက်၏ အောက်ခြေမှာ ချိုင့်ဝှမ်းကြီးတခုသဖွယ် ဖြစ်ပေါ်နေ၏။ ထိုနေရာဝယ် လူရာကျော်ခန့် စုပေါင်းနေထိုင်သောအခါ စားဝတ်နေရေး၊ အညစ်အကြေးများစွန့်ပစ်ခြင်းသည် ကြီးမားသော ပြသနာကြီးတရပ်သဖွယ် ဖြစ်ပေါ်လာတော့သည်။ တစုံတယောက်ကသာ ထိုပြသနာများကို ဖြေရှင်းပေးပြီး ဝန်ဆောင်မှုပေးခဲ့လျင် သူတို့အနေနှင့် ထိုသူကို အဖိုးအခ ကြီးမားစွာ ပေးကြလိမ့်မည်သာ။

လီရှု တကြိမ်က ပြောခဲ့ဖူး၏။ ပြင်ပကမ္ဘာမှ အလုပ်သမားများထက် ဤနေရာမှ အလုပ်သမားများသည် အခကြေးငွေ သုံးဆပိုယူသည် ဟူသောစကားပင်။ ဖြစ်ပေါ်နေသော အခြေအနေအရ ထိုအခကြေးငွေမှာ များလှသည်ဟု မဆိုသာ။ တူညီသောသဘောတရားအရ ကုန်စည်များသည်လည်း ဤနေရာတွင် အပြင်နှင့်စာလျင် သုံးဆမှငါးဆအထိ ပို၍ ဈေးကြီးလာတော့သည်။

ငွေကြေးမတတ်နိုင်သူများသည် ထိုဈေးနှုန်းများကို လိုက်မမှီဟု ထင်ရသော်လည်း ငွေကြယ်သတ္တုရိုင်းတချို့ကို ကံကောင်းထောက်မစွာ ရရှိသူများကား အမြဲလိုလိုပင် ရှိနေတတ်၏။ တညတာမျှ ငွေကြေးချမ်းသာလာသည်နှင့် ထိုသူတို့သည် ညတွင်းချင်း ငွေကြေးဖြုန်းတီးလိုစိတ်များ ပေါ်ပေါက်လာတတ်၏။ အကြောင်းမှာ ပျော်ရွှင်ခြင်းချောက်နက်တွင် မနက်ဖြန်ဟူသည်မှာ ရေရာသော ကိစ္စမဟုတ်။ အချိန်မရွေး ဓားပြတိုက်မည့်သူများ ပေါ်လာတတ်သလို သတိတချက်လစ်သည်နှင့် ခိုးဝှက်ခံရနိုင်ပေရာ ရှာဖွေထားသမျှ မျက်တောင်တခတ်အတွင်း ကိစ္စချောသွားနိုင်၏။ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ထိုကဲ့သို့သော လူစားမျိုးများမှာ ပေါများလှ၏။ ထိုမျှသာမကသေး မူလချီစွမ်းအားပညာရှင်များသည်လည်း ငွေကြေးကို မက်မောတတ်သူများမဟုတ်လေရာ ၎င်းတို့လိုအပ်နေသော ပစ္စည်းအတွက် တန်ရာတန်ကြေးထက် ပိုပေးရသည်ကို အနည်းငယ်မျှ ဂရုစိုက်ကြသည်မဟုတ်။

စုချန်း အဓိကရည်ရွယ်ထားသော ဖောက်သည်များမှာ ထိုကဲ့သို့သော လူစားမျိုးများ ဖြစ်ကြလေသည်။ လေးရက်ခန့်ကြပြီးနောက် စုချန်းတယောက် ပျော်ရွှင်ခြင်းချောက်နက်အတွင်းသို့ နောက်တကြိမ် ပြန်လည်ရောက်ရှိလာ၏။ သူရောက်ရှိလာသည့်အချိန်တွင် ဝိုင်အရက်ဆိုင်နှင့် အထွေထွေပစ္စည်းအရောင်းဆိုင်တို့ ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ပြီးစီးသလောက် ဖြစ်နေခဲ့လေပြီ။ စုချန်းသည် ဗလာလက်မဲ့နှင့် ပြန်လာခြင်းမဟုတ်။ သူနှင့်အတူ ပြင်ပကမ္ဘာမှ မြောက်များစွာသော ကုန်ပစ္စည်းများ ပါလာ၏။

စုချန်း၏ စီးပွားရေးလုပ်ငန်းကား စတင်ခဲ့လေပြီ။ သူယူလာသော ကုန်ပစ္စည်းများကား အမျိုးအစား စုံလင်လှသည်။ သလင်းကျောက်မီးအိမ်များ၊ အနားယူရာတွင် အသုံးပြုနိုင်သည့် ရွက်ဖျင်တဲများအပြင် လူသားတို့၏ နေ့စဉ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ရေပုံး၊ အင်တုံ၊ အိပ်ယာ၊ လက်သုတ်ပဝါနှင့် မျက်နှာသုတ်ပဝါများ ပါဝင်၏။ စုချန်း၏ ဆိုင်တွင် နောက်ထပ်ရောင်းချသော အဓိကပစ္စည်းများမှာ သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မရှိမဖြစ် အရေးကြီးသော ဂေါ်ပြား၊ ပေါက်ဆွ၊ တူရွင်း စသည်တို့ ဖြစ်ကြသည်။

ထိုမျှသာမကသေး စုချန်း၏ ဆိုင်တွင် ကိုကိုကာလသားများအကြိုက် ဝိုင်အရက်မျိုးစုံနှင့် အသား၊ ဟင်းသီးဟင်းရွက်များလည်း ရသေး၏။ အသားကုန်ကြမ်းမှာ ပြသနာမရှိလှ။ အနီးအနားရှိ သားရဲသတ္တဝါဆိုးများကို သတ်ဖြတ်ခြင်းမှ အလွယ်တကူ ရရှိနိုင်သော်လည်း ဝိုင်နှင့် ဟင်းသီးဟင်းရွက်များမှာကား ရှားပါးပစ္စည်းပင် ဖြစ်သည်။

ထိုကုန်ပစ္စည်းများကို သိုလှောင်ရန် စုချန်းတယောက် ကျန်းယွမ်လျောင့်၏ လေဟာနယ်လက်စွပ်ကို အပြည့်အဝ အသုံးပြုရသည့်အပြင် လူသုံးယောက်ခန့် ထမ်းပိုးရမည့် အိတ်ကြီးတလုံးကိုလည်း လွယ်ထားရသေးသည်။ လီရှုခမျာ ထိုအိတ်ကြီးကိုမြင်သောအခါ မည်သို့မျှ မစဉ်းစားတတ်ရှာတော့။

ကုန်စည်များအားလုံးသည် ကာလပေါက်ဈေးတန်ဖိုးထက် သုံးဆမှ ငါးဆအထိ ဈေးကြီး၏။ တန်ဖိုးနိမ့် နေ့စဉ်သုံးပစ္စည်းများကိုမူကား ဆယ်ဆနှင့်အထက် ဈေးတင်ထား၏။ သို့တိုင်အောင် စုချန်းယူဆောင်လာသော ကုန်ပစ္စည်းများ၏ တဝက်တိတိသည် ရက်ချင်းပင် ရောင်းထွက်ကုန်လေသည်။

ဝယ်သူများအနေနှင့် စုချန်းဆိုင်မှလွဲ၍ တခြား ရွေးချယ်စရာ မရှိ။ အကြောင်းမှာ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ဆိုင်ဟူ၍ စုချန်း၏ ဆိုင်တဆိုင်သာ ရှိနေသောကြောင့်ပင်တည်း။ ကုန်ပစ္စည်းများကို အတင်းအဓမ္မယူငင်သိမ်းပိုက်ခြင်းဟူသော အကြံအစည်မှာလည်း ရယ်ဖွယ်ရာပင် ကောင်းနေသေး၏။ ဆိုင်ရှင်သည် မူလချီစွမ်းအားပညာရှင်ဖြစ်ကြောင်း သူတို့အားလုံး အတိုင်းသား တွေ့မြင်နေရသည် မဟုတ်ပါလား။

မသေချာမရေရာသောအနေအထားတွင် မည်သူက ချီစွမ်းအားပညာရှင်တယောက်ကိုအတိုက်အခံ လုပ်မည်နည်း။ လူတိုင်းလိုလိုသည် သူတို့ကိုသူတို့ ကောင်းကင်နှင့်မြေကြီးအကြားဝယ် အကြီးမြတ်ဆုံးဟု ယူဆကြသော်လည်း ပုံမှန်အားဖြင့်ကား အသက်ရှည်လေ့မရှိကြ။ ထိုကဲ့သို့သော လူစားမျိုး ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ရှိမရှိ မည်သူမျှ မသိနိုင်သော်လည်း ယခုအချိန်ထိတော့ စုချန်းကို ပြသနာရှာမည့်သူဟူ၍ တယောက်မျှ ပေါ်မလာသေး။

စုချန်း၏ အရောင်းအဝယ်မှာကား ကောင်းလှ၏။ သူသည် ကုန်ပစ္စည်းများ မပြတ်လတ်အောင် အဆက်မပြတ် စုဆောင်းနေရလေသည်။ ရောက်ရှိလာသမျှ ကုန်ပစ္စည်းများမှာကား ရက်ပင်မကူးပဲ ပြုတ်ပြုတ်ပြုန်းအောင် ရောင်းကုန်လေ၏။ တခါတရံ ကုန်ပစ္စည်း မပြတ်လတ်မီ ကြိုတင်ပစ္စည်းများ ဝယ်ယူရန် ခရီးထွက်ရသည့်အချိန်မျိုးတွင် လက်ထောက်ဖြစ်သူ လီရှုအား လက်ကျန်ပစ္စည်းများကို ပုံမှန် ရောင်းပေးနေရန် မှာကြားခဲ့ရလေ၏။

ဤနေရာတွင် ကုန်ပစ္စည်းများ မပြတ်လပ်စေရန် စုချန်း၏ စီမံခန့်ခွဲပုံအချို့အား ရှင်းပြပေအံ့။ စုချန်းသည် ပထမတကြိမ် ကုန်ပစ္စည်းများ ဝယ်ယူရန် ခရီးထွက်ကတည်းက မုဆိုးတချို့နှင့် အပေးအယူ ပြုလုပ်ခဲ့၏။ ထိုအပေးအယူမှာ အနှီမုဆိုးများသည် ထိုက်တန်သော အခကြေးငွေယူ၍ ပြင်ပကမ္ဘာမှ ပစ္စည်းများ သယ်ဆောင်ကာ ကြယ်ခုနှစ်ပွင့်တောင်ဆီသို့ အရောက်ပို့ပေးရန် ဖြစ်သည်။

ပြင်ပကမ္ဘာနှင့် ကြယ်ခုနှစ်ပွင့်တောင်အကြား လမ်းသည်ကား သားရဲသတ္တဝါဆိုးများ ကျင်လည်ကျက်စားခြင်း မရှိလှ။ ထိုမျှလောက်ဆိုလျင် မုဆိုးများအနေနှင့် အနှီပစ္စည်းများကို ပန်းတိုင်သို့ အရောက်ပို့ရန် လုံလောက်လေသည်။ ထို့ကြောင့် စုချန်းအတွက် အထူးတလည် လုပ်စရာဟူ၍ ကြယ်ခုနှစ်ပွင့်တောင်ဆီသို့ သွားရောက်ကာ ကုန်ပစ္စည်းများအား လက်ခံရန်နှင့် နောက်တကြိမ် လိုအပ်သော ပစ္စည်းများအား မုဆိုးများကို မှာကြားရန်သာ ဖြစ်သည်။ ထို့ကြောင့် စုချန်း၏ ဆိုင်တွင် ကုန်ပစ္စည်းများဟူ၍ အထူးတလည် ပြတ်လပ်ခြင်းမရှိပဲ အချိန်မီ ရောင်းချပေးနိုင်ခဲ့လေသည်။

ထို့ကြောင့် စုချန်းအတွက် အပိုထွက်ငွေများ ရှိနေသော်လည်း ထိုထွက်ငွေသည် ပေးရသည်နှင့်တန်အောင် စုချန်းကို အချိန်များစွာ အကုန်သက်သာစေခဲ့၏။ ကြယ်ခုနှစ်ပွင့်တောင်ဆီသို့သွားရောက်၍ ပစ္စည်းများ လက်ခံခြင်း၊ ပြန်လည် သယ်ယူခြင်းလုပ်ငန်းမှာ တနေ့တာခရီးမျှသာ ဖြစ်လေရာ ပြန်ရောက်သည်နှင့် သူ၏ မူလရည်ရွယ်ချက်ဖြစ်သော သားရဲသတ္တဝါဆိုးများအား အမဲလိုက်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်၏။ ဤသို့နှင့် စုချန်းသည် စီးပွားရေးလုပ်ငန်းနှင့် ကိုယ်ခန္ဓာစွမ်းအားများ စုဆောင်းခြင်း လုပ်ငန်း ဤလုပ်ငန်းးနှစ်မျိုးတွင် မည်သည့်လုပ်ငန်းကိုမျှ မပျက်ကွက်စေပဲ မှန်မှန်ကြီး လုပ်ကိုင်ချီတက်လာခဲ့လေသည်။

ဤသို့နှင့် စုချန်း၏ ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်နှင့် အထွေထွေကုန်ပစ္စည်းအရောင်းဆိုင်သည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။

ဤနေရာတွင် မည်သည့် အခွန်အတုတ်မျှ မရှိသလို ငှားရမ်းခလည်း မရှိ။ စုချန်းတွင် အလုပ်သမားလေးဦးသာ ရှိ၏။ ထိုလေးဦးသည် ဆိုင်နှစ်ဆိုင်တွင် တာဝန်အသီးသီးကို ခွဲဝေယူကြရ၏။ ထိုမျှမကသေး သူက အစားအသောက်များ ချက်ပြုတ်ရန် စားဖိုမှုးတဦးကိုပင် ငှားထားလိုက်သေး၏။ လီရှုမှာကား ဆိုင်နှစ်ဆိုင်၏ အရောင်းအဝယ်များအားလုံးကို တာဝန်ယူအုပ်ချုပ်ရသည့် ဆိုင်ကြီးကြပ်ရေးမှုး ဖြစ်လာတော့သည်။

နေ့စဉ်သုံးပစ္စည်းများ၊ ဝိုင်နှင့် အခြားပစ္စည်းများ ရောင်းချခြင်းမှအပ စုချန်း၏ နောက်ထပ် အဓိကလုပ်ငန်းတခုမှာ ငွေကြယ်သတ္တုရိုင်းများ ဝယ်ယူခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာတွင် သန့်စင်သော ငွေကြယ်သတ္တုချောင်း တချောင်း၏ တန်ကြေးမှာ မူလကျောက်တုံး နှစ်ဆယ်မျှပင် ရှိ၏။ ပျော်ရွှင်ခြင်းချောက်အတွင်း၌ကား တစုံတယောက်အနေနှင့် ရောင်းချင်သည်ဖြစ်စေ၊ မရောင်းချင်သည်ဖြစ်စေ ထိုပစ္စည်း၏ တန်ဖိုးသည် အလိုအလျောက် ထက်ဝက်ခန့် ကျဆင်းသွားတော့သည်။

ငွေကြယ်သတ္တုများ ရှာဖွေတွေ့ရှိကြသော ချီစွမ်းအားပညာရှင်များနှင့် သိုင်းသမားများသည် ထိုတန်ဖိုးကို မြင်သောအခါ ဆိုင်ရှင်၏ ခေါင်းပုံဖြတ်မှုကို ကျိန်ဆဲကြကုန်၏။ သို့သော် ကျိန်ဆဲ၍သာ ကျိန်ဆဲကြသည်။ သိပ်မကြာမီပင် "ငါတို့ ဒီပစ္စည်းကို ကြာကြာကိုင်မထားနိုင်ဘူး" "သုံးစရာ ပိုက်ဆံလဲမရှိတော့ဘူး" စသည့်အကြောင်းပြချက်များနှင့် အလားတူ အကြောင်းပြချက်များ ပေါ်ပေါ်လာကြကာ မတတ်သာပဲ အံကြိတ်ရောင်းချကြရပြန်သည်။

ထိုသူတို့သည် ပြင်းပြင်းထန်ထန် ရှာဖွေ၍ ရရှိလာသော ငွေကြယ်သတ္တုများကို ခေါင်းပုံဖြတ်သော စုချန်းထံ၌ပင် မတတ်သာပဲ ဈေးနှိမ့်ရောင်းချကြရပြီး နောက်ဆုံးတွင်ကား မထူးဇာတ်ခင်းကာ ဝိုင်အရက်နှင့် အသားများ ဝယ်ယူကာ တပျော်တပါး စားသောက်ကြရလေသည်။ တချို့ဆိုလျင် ထိုပိုက်ဆံကိုအသုံးပြုကာ မိန်းမရွှင်များပင် ခေါ်ယူပျော်ပါးကြတော့သည်။ အများစုမှာ ထွေထွေထူးထူး စဉ်းစားမနေကြတော့ပဲ ပိုက်ဆံကုန်သည့်တိုင်အောင် အားရပါးရ ပျော်ပါးကြလေ၏။

မိန်းမရွှင်များ။ မှန်ပေ၏။ စုချန်း၏ ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်တွင် ဝိုင်အရက်မျိုးစုံသာမက မိန်းမရွှင်များပါ ရရှိနိုင်၏။ ထိုအမျိုးသမီးများကို စုချန်း ခေါ်လာခြင်းတော့မဟုတ်။ ၎င်းတို့သည် မိမိတို့ သဘောဆန္ဒအလျောက် လာရောက် အရောင်းအဝယ်ပြုနေကြခြင်းသာ ဖြစ်သည်။ စုချန်းအနေနှင့်ကား ထိုကဲ့သို့သော အလုပ်မျိုးကို မလုပ်သလို ထိုအမျိုးသမီးများအတွက်လည်း မည်သည့်အခကြေးငွမျှ ကောက်ယူခြင်းမရှိ။ သို့တိုင်အောင် မိန်းမရွှင်များရောက်လာခြင်းသည် သူ့ဆိုင်အား တဖက်လှည့်နှင့် အကျိုးရှိစေခဲ့သည်ဟု ဆိုရမည်။ မိန်းမရွှင်များကြောင့် ငွေကြေးသုံးဖြုန်းမှု ပို၍များလာခဲ့သလို ဆိုင်၏ ရောင်းအားမှာလည်း အဆမတန် တက်လာခဲ့လေသည်။

စုချန်းနှင့် သဘောတူညီမှုယူကာ လုပ်ကိုင်ကြသည့် အမဲလိုက်သမားအုပ်စုကလည်း လေးစုမှ ခြောက်စုအထိ မြင့်တက်လာခဲ့ရာ များပြားလှသော ကုန်ပစ္စည်းများကို သိုလှောင်ရန် ယခုထက်ပို၍ ဝင်ဆံ့သော လေဟာနယ်လက်စွပ်တကွင်း ဝယ်ယူရန်အထိ စုချန်းအဖို့ စဉ်းစားနေရလေသည်။

လူပေါင်းမြောက်များစွာသည် ချောက်နက်အတွင်းဝယ် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေရသော်လည်း အချည်းနှီးသာ ဖြစ်ကြကုန်၏။ သူတို့၏ စည်းစိမ်ချမ်းသာသည် တဒင်္ဂမျှသာ ခံလိုက်ပြီး သူတို့ရှာဖွေထားသမျှ အရာအားလုံးသည် နောက်ဆုံးတွင် စုချန်း၏ လက်ဝယ်သို့သာ သက်ဆင်းကုန်ကြလေသည်။ မူလကတည်းက ငွေကြေးဆင်းရဲသော ငမွဲများသာ စုချန်း၏ ခေါင်းပုံဖြတ်မှုမှ လွတ်ငြိမ်းခမ်းသာခွင့် ရရှိကြရှာသည်။

ထိုအခါ လူတိုင်းလိုလိုသည် နတ်ဆိုးမျက်နှာအတွက်သာ အလုပ်လုပ်နေကြရသည်ဟူသော ဟာသဆန်ဆန်စကားတခု ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် အလိုအလျောက် ပျံ့လွင့်လာတော့သည်။ တချို့လူများကမူ နတ်ဆိုးမျက်နှာသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် အချမ်းသာဆုံပုဂ္ဂိုလ်ဟုပင် ပြောဆိုကုန်ကြ၏။ နတ်ဆိုးမျက်နှာဟူသည်မှာ စုချန်းပင်ဖြစ်သည်။ သူသည် နတ်ဆိုးမျက်နှာဖုံးကို တချိန်လုံး ဝတ်ဆင်ထားလေရာ သူ့မျက်နှာ မည်သူမျှ မမြင်ဖူးချေ။ လူတိုင်းလိုလိုက သူ့အား နတ်ဆိုးမျက်နှာဟုသာ ခေါ်ဆိုကြ၏။

လောကတွင် 'အပင်မြင့်လာလေလေ လေတိုက်လာလေလေ' ဟူသော ဆိုရိုးစကားရှိသည်။ လူတယောက်သည် အလွန်အမင်း ကြွယ်ဝချမ်းသာလာသောအခါ တခြားလူများအတွက် အားကျစရာ သို့မဟုတ် မနာလိုဖြစ်စရာ ခံစားချက်များကို ဖြစ်ပေါ်လာစေတတ်သည်။ ထိုအခါ လူတချို့က ရည်ရွယ်ချက်ရှိရှိ ပြသနာရှိသည့် အခြေအနေမျိုးနှင့် ကြုံတွေ့လာနိုင်ချေရှိ၏။ မူလချီစွမ်းအားပညာရှင်များပင် ထိုအခြေအနေမျိုးကို မရှောင်လွှဲနိင်။

တနေ့တွင်ကား စုချန်းသည် နောက်ဆုံးရောက်လာသော ကုန်စည်များကို သယ်ဆောင်၍ ပြန်လာ၏။ ထိုအခိုက်မှာပင် လီရှုတယောက် စိုးရိမ်ပူပန်သော မျက်နှာထားနှင့် သူ့အား စောင့်ကြိုနေကြောင်း တွေ့ရှိလိုက်ရသည်။ စုချန်းက စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားပြီး မေးလိုက်သည်။

"လီရှု ဘာဖြစ်တာလဲဗျ"

လီရှုက ဖြေလိုက်သည်။

"ဝံပုလွေဓားနဲ့ သူ့ညီအစ်ကိုနှစ်ယောက် မနေ့ညက လာသောက်တယ် ပိုက်ဆံတော့ တပြားမှပေးမသွားဘူး ဆရာလေး"

တဖန် လီရှုက ခေတ္တမျှ စကားကိုရပ်လိုက်၏။ ထို့နောက် သူက စကားဆက်သည်။

"သူတို့က ပြောသွားတယ် နောက်ထပ် သူတို့အနေနဲ့ ပိုက်ဆံ တပြားမှ မပေးနိုင်တော့ဘူးတဲ့ ဆရာလေး"

All Chapters