← Chapters

ဝံပုလွေဓား

Vol. 6 Ch. 53

ဝံပုလွေဓား

Vol. 6 Ch. 53

ဝံပုလွေဓားဟူသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ် အဆင့်ငါးအလွှာအတွင်းရှိ မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်သည်။ သူ့တွင် အနီရောင်သိမ်းငှက်နှင့် တောင်နတ်ဆိုးဟုခေါ်သော သွေးသောက်ညီအစ်ကိုနှစ်ယောက် ရှိ၏။ သူတို့နှစ်ယောက်သည်လည်း ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ် အဆင့်သုံးနှင့် အဆင့်လေးအလွှာအတွင်းရှိ ချီစွမ်းအားပညာရှင်များ ဖြစ်ကြသည်။ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းအရ ညီအစ်ကို သုံးယောက်လုံးလိုလိုသည် စုချန်းထက် ပို၍ အားကောင်းသန်မာကြ၏။

ဝိုင်အနည်းအကျည်းကို ငွေကြေးတပြားတချပ်မှ မပေးပဲ သောက်သုံးသွားခြင်းမှာ အပေါ်ယံအားဖြင့်ကြည့်လျင် ပြသနာကြီးတော့ မဟုတ်ဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် စစ်စစ်တွေးကြည့်လျင်ကား အနှစ်သာရအားဖြင့် အများကြီး ကွာခြားနေ၏။ ဤနေရာတွင် ဝိုင်အရက်၏ တန်ဖိုးသည် စုချန်း၏ ဂုဏ်သိက္ခာနှင့် သွား၍ ညီမျှနေ၏။

တနည်းအားဖြင့် ဝံပုလွေဓား ညီအစ်ကိုသုံးယောက်၏ လုပ်ရပ်သည် စုချန်းကို တမင်သက်သက် ရန်စခြင်းဖြစ်ကြောင်း သံသယရှိစရာမလို။ တဖက်တွင်လည်း အကဲစမ်းခြင်း ဖြစ်ကောင်း ဖြစ်နေနိုင်၏။

ဤလောကကြီသည် အင်အားကြီးသူကသာ အရာရာကို အောင်ပွဲခံနိုင်သော လောကကြီးဖြစ်သည်။ အင်အားနည်းသူတို့သည် အင်အားကြီးသူတို့၏ သားကောင်များသာ ဖြစ်ကြ၏။ သို့သော် တချို့သော လူမိုက်များသည်ကား ၎င်းတို့၏ ပစ်မှတ်သည် မိမိတို့ကို ပြန်လည်ဝါးမြိုစားသောက်သွားမည် လူစားမျိုး ဟုတ်မဟုတ် ဆန်းစစ်ခြင်း မရှိပဲ အာသာငမ်းငမ်းနှင့် သွားရေတမြားမြား ကျနေလေ့ရှိကြသည်။ ထို့ကြောင့် ပစ်မှတ်တခုကို ဝါးမြိုခြင်းမပြုမီ ပထမဥိးဆုံး ပြုလုပ်ရမည့်အရာမှာ ထိုပစ်မှတ်၏ အရည်အသွေးကို စမ်းသပ်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် တစုံတယောက်ကို စတင်အမဲလိုက်ရန် ဆုံးဖြတ်ပြီးပါက ထိုသူသည် မိမိတို့ စားသောက်၍ရမည့် အသားမျိုး ဟုတ်မဟုတ် ကြိုတင်သိရှိထားရန် လိုအပ်၏။ ထိုမျှသာမကသေး ထိုအသားသည် အရိုးနည်းသလား၊ အသားနည်းသလား၊ အရသာရှိသလား စသည့်အချက်အလက်များကိုလည်း ကြိုတင်ဆန်းစစ်ထားရန် လိုအပ်သည်။ နောက်ဆုံးအနေနှင့် ထိုအသားတစ်ကို တခြားဝံပုလွေများ၊ ခွေးအများ စောင့်ကြည့်နေသလားဟူသည့်အချက်ကိုလည်း ထည့်သွင်း တွက်ချက်ထားရပေလိမ့်မည်။

ထို့ကြောင့် ဝံပုလွေဓားညီအစ်ကိုများ ဗိုလ်ကျသောလုပ်ရပ်ကို ပြသနာ သေးသေးမွှားမွှားဟူ၍ လစ်လျူရှု၍ မရ။ ပျော်ရွှင်ခြင်းချောက်နက်ရှိ လူတိုင်းလိုလိုသည် စုချန်း၏ ဤပြသနာအပေါ် ကိုင်တွယ်ပုံကို စိတ်ဝင်တစားနှင့် စောင့်ကြည့်နေပေလိမ့်မည်။

အကယ်၍ စုချန်းသာ ဤကိစ္စကို လစ်လျှူရှုလိုက်ပါက ကျန်သောသူများသည်လည်း ဝံပုလွေဓား၏ ခြေရာကိုနင်းကာ အလားတူလုပ်ရပ်များကို ပမာမခန့် ပြုလုပ်လာကြမည်မှာ သေချာလှသည်။ ထိုအခါ ကျန်သော ချီစွမ်းအားပညာရှင်များသည်လည်း ထိုနည်းအတိုင်း စုချန်းအပါ် ဆက်ဆံလာကြပေလိမ့်မည်။

ထိုသူတို့သည် ပထမဦးဆုံး စုချန်း၏ ဆိုင်တွင် အခကြေးငွေမပေးပဲ ဝိုင်အရက်များနှင့် အသားများကို စားသောက်ကြပေလိမ့်မည်။ ထို့နောက်တွင်ကား သူတို့အလိုရှိသမျှကို စည်းမရှိ ကမ်းမရှိ ယူငင်သုံးစွဲကြပေလိမ့်မည်။ နောက်ဆုံးတွင် စောင့်ရှောက်ခဟု အမည်တပ်ကာ စုချန်းထံတွင် ပိုက်ဆံတောင်းကြပေလိမ့်မည်။ အမှန်တော့ စုချန်းအနေနှင့် အင်အားသုံး၍ ပြန်လည်တုံ့ပြန်နိုင်၏။ ၎င်းမှာ သူ့ကို သွေးတိုးစမ်းနေသော ချီစွမ်းအားပညာရှင်သုံးယောက်နှင့် မည်မျှ အပေးအယူ ပြုလုပ်နိုင်မည်ဟူသော အချက်ပေါ်တွင် မူတည်နေ၏။

စုချန်းတွင် ခိုင်မာသော ကျောထောက်နောက်ခံများ ရှိသလော။ သို့မဟုတ် အလွန်အဖိုးထိုက်တန်သော ရတနာပစ္စည်းများ ရှိသလော။ သို့တည်းမဟုတ် အခြားတစုံတခုများ ရှိသလော။ ဤမေးခွန်းများ၏ အဖြေကို မည်သူမျှ မသိ။ သို့သော် ဤပြသနာကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စုချန်းအနေနှင့် ပြသနာနှင့် လိုက်လျောညီထွေဖြစ်နိုင်သည့် နည်းဗျူဟာတမျိုးမျိုး ဖော်ထုတ်ထားရန် လိုအပ်၏။ ထိုနည်းဗျူဟာကို ကြည့်ခြင်းအားဖြင့် နောင်အခါ စုချန်းအပေါ် မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်း လူတိုင်းလိုလို နားလည်သဘောပေါက်သွားကြပေလိမ့်မည်။

အနှီစမ်းသပ်မှုလေးသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်း စုချန်းအတွက် ပထမဆုံး ပြသနာ ဖြစ်လာတော့သည်။ ဤပြသနာကိုသာ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့လျင် နောင်အခါ စုချန်းကို မည်သူမျှ ပြသနာရှာရဲတော့မည်မဟုတ်။ သူ့အနေနှင့်လည်း စီးပွားရေးကို အေးအေးချမ်းချမ်းနှင့် ဆက်လက်လုပ်ကိုင်နိုင်ပေလိမ့်မည်။ အကယ်၍ ဤပြသနာကို မဖြေရှင်းတော့ဟု စုချန်း ဆုံးဖြတ်လိုက်ပါကလည်း ပြသနာတော့မရှိ။ သူ့အနေနှင့် စုဆောင်းထားသော ငွေများကို ယူငင်သိမ်းဆည်းပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားနိုင်၏။

စုချန်းကား အသက်အရွယ်အားဖြင့် အလွန်ငယ်ရွယ်သေးသူ ဖြစ်သည်။ သို့သော် သူရရှိခဲ့သည့် အတွေ့အကြုံများမှာကား လိုအပ်သည်ထက်ပင် ပိုနေခဲ့လေပြီ။ အတွေ့အကြုံများပြားခြင်းဟူသော အကြောင်းတရားသည် လူတို့၏ အတွေးစိတ်ကို နားလည်နိုင်ခြင်း၊ ခန့်မှန်းနိုင်ခြင်း စသော အကျိုးတရားတို့ကို ဖြစ်ပေါ်စေ၏။ တနည်းအားဖြင့် စုချန်းသည် လူတို့ ဖုံးကွယ်ထားသော အတွေးအကြံများ၊ စိတ်ကူးစိတ်သန်းများကို ကြိုတင်ခန့်မှန်း သိရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ပြသနာ၏ တစွန်းတစကို လီရှုထံမှ ကြားသိလိုက်ကတည်းက စုချန်းအနေနှင့် အစီအစဉ်တရပ် ရေးဆွဲထားပြီး ဖြစ်သည်။ ထိုအခါ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ကျုပ် သဘောပေါက်ပြီ ညနေကျရင် ဒီကိစ္စကို ကျုပ်ပဲ ကိုင်တွယ်လိုက်မယ်"

လီရှုက လိမ္မာပါးနပ်သော အမူအရာနှင့် ခေါင်းညိတ်ပြရင်း ထွက်ခွာသွား၏။

______________×××_______________×××__________

မှောင်စပျိုးခဲ့လေပြီ။ အမှောင်ဝင်လာသည်နှင့်အမျှ ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်သည်လည်း တဖြည်းဖြည်း လူစည်ကားစပြုလာ၏။

တနေ့တာလုံး မောကြီးပန်းကြီးနှင့် တူးဆွနေကြရသော သတ္တုတူးဖော်ရေးသမားများသည် ညနေစောင်းသည်နှင့် ၎င်းတို့အိပ်ကပ်ထဲတွင် တူးဖော်ရသမျှ ငွေကြယ်သတ္တုစတို့ကိုထည့်ကာ ပျော်ရွှင်ခြင်းချောက်နက်၏ တခုတည်းသော စိတ်ထွက်ပေါက် သို့မဟုတ် အပန်းဖြေနေရာသို့ အလျိုလျှို ချီတက်လာကြကုန်၏။ အကယ်၍ စုချန်း၏ ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်သာ မရှိပါက သူတို့အားလုံးသည် အပြင်ဖက်တွင်သာ ဖြစ်သလို နေထိုင်ကြရပေလိမ့်မည်။ စုချန်းသည် ဆိုင်အပြင်ဘက်တွင် တဲကြီးတလုံး ထိုးထားပြီး လူတရာကျော်ခန့် ထိုင်နိုင်အောင် ထိုင်ခုံများ ပြုလုပ်ထား၏။ ထိုလူများအားလုံးကို အဆင်ပြေပြေ ရောင်းချနိုင်ရန် အလုပ်သမားများလည်း တိုး၍ ငှားယမ်းထားရလေသည်။

မွှေးကြိုင်သင်းပျံ့သော ဝိုင်ရနံ့များသည် ပတ်ဝန်းကျင်တခုလုံးသို့ ပျံ့လွင့်ကုန်၏။ စကားပြောသံများမှာလည်း တိုး၍ ဆူညံလာတော့သည်။ တခါတရံတွင်ကား မိန်းမပျိုများ ဟိုမှသည်မှ လမ်းသလားနေသည်ကို တွေ့မြင်ရသည်။ တဏှာရူးတချို့သည် လက်များကို ဆန့်တန်းကာ မိန်းမပျိုများကို လိုက်လံဆွဲယမ်းနေသော မြင်ကွင်းမျိုးမှာ နေ့တဓူဝ မြင်တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်သည်။

သို့သော် ဤယနေ့တွင်ကား အခြေအနေမှာ တမျိုးတဖုံ ထူးခြားနေ၏။ အကြောင်းမှာ အရက်ကောင်တာနောက်တွင် ဝိုင်အရက်များကို ရောင်းချပေးနေသူမှာ လက်ထောက်လီရှုမဟုတ်ပဲ ဆိုင်ပိုင်ရှင် နတ်ဆိုးမျက်နှာကိုယ်တိုင် ဖြစ်နေခြင်းပင်တည်း။ သူသည် မျက်နှာဖုံးတခုကို တပ်ဆင်ထားရ မည်သူတဦးတယောက်မျှ သူ့မျက်နှာကို မမြင်ရ။ သို့သော် စားသုံးသူများအားလုံး ကောင်းမွန်စွာ မြင်တွေ့ရသည်မှာ အလွန် ယုတ်မာဟန်ရှိပြီး ကြောက်မက်ဖွယ် နတ်ဆိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသော ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်ပိုင်ရှင်၏ လက်အစုံမှာ နုပျိုသော လူငယ်တဦး၏ လက် ဖြစ်နေခြင်းကိုပင်တည်း။

ထိုစဉ် ဧည့်သည်တဦးက တဟေးဟေး တဟားဟား ရယ်မောရင်း မေးလိုက်သည်။

"ဟာ ဒီနေ့ ထူးထူးဆန်းဆန်း သူဌေးကိုယ်တိုင် လာရောင်းနေတာကိုး ဘာကြောင့်ပါလိမ့်"

စုချန်းက အရေးမစိုက်သော လေသံနှင့် ဖြေလိုက်သည်။

"ဒီနေ့ည ကျုပ်သွားစရာမရှိဘူးလေဗျာ ဒါကြောင့် ပျင်းတာနဲ့ ဒီဖက်လှည့်လာတာ"

ထိုအခါ အလွန်ပါးလွှာပြီး စွဲမက်ဖွယ်ရာကိုယ်လုံးကို ထင်းထင်းကြီး လှစ်ပြထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတဦးက စုချန်းကို ကလူ၏သို့မြူ၏သို့ကြည့်ရင်း ပြောလိုက်သည်။

"အို သူဌေးကလည်း ဒီလောက်ပျင်းနေရင် ဘာကြောင့် အိမ်အနောက်မှာ ကျွန်မနဲ့အတူလာပြီး အချိန်မဖြုန်းတာလဲ အဲဒီမှာ နေရာကလည်း အကျယ်ကြီး ရှုမျှော်ခင်းတွေကလည်း လှပါဘိသနဲ့"

"ဟား ဟား ဟား ခေါင်ရမ်းပန်းလေးကတော့ သူဌေးနတ်ဆိုးမျက်နှာကို နောက်တကြိမ် ဆွဲဆောင်သိမ်းသွင်းဖို့ ကြိုးစားနေပြန်ပြီ"

ဝိုင်လာသောက်သော ဧည့်သည်တယောက်က ရယ်သွမ်းသွေးကာ လှောင်ပြောင်လိုက်သည်။ စုချန်းကို ဆွဲဆောင်လိုက်သော အမျိုးသမီး၏ အမည်မှာ ခေါင်ရမ်းပန်းလေး ဖြစ်ပြီး ကြယ်ခူးဆွတ်သူဗျစ်ရည်ဆိုင်တွင် လာရောက်အခြေစိုက်နေကြသော ပြည့်တန်ဆာများအနက်မှ တယောက်ဖြစ်၏။ သူမသည် စုချန်းကို အလွန်တရာမှပင် မျက်စိကျနေဟန်ရှိပြီး အခွင့်အခါကြုံတိုင်း သူမနှင့်အတူ ပျော်ပါးရန် စုချန်းကို ဆွဲဆောင်လေ့ရှိသည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာ သူမ၏ အကြံအစည်မှာ တခါမျှ အောင်မြင်သည်ဟူ၍ မရှိ။ စုချန်းသည် သူမကို မည်သည့်အခါကမျှ စိတ်ဝင်စားဟန် မပြခဲ့။

စုချန်းဟူသော လူငယ်သည် အမျိုးသမီးမြင်တိုင်း ငမ်းငမ်းတက်နေသူမဟုတ်။ သူသည် ခေါင်ရမ်းပန်းလေး၏ တွတ်တီးတွတ်တာစကားများကို မကြားဟန်ပြုကာ ပီဘိ အလုပ်သမားတယောက်ကဲ့သို့ ဝိုင်ခွက်များကိုသာ သန့်ရှင်းရေး လုပ်နေ၏။

သို့တိုင်အောင် သူ့အား လျစ်လျူရှု၍ မနေနိုင်အောင် ပြုလုပ်လာသူတချို့ ရှိနေ၏။

"စိတ်ပျက်စရာပဲ ဒီကောင့်ရဲ့ပစ္စည်းက သေနေတာကွ ဒီတော့ မင်းအနေနဲ့ သူ့ကို ဘယ်လိုပဲ ဆွဲဆောင်ဆွဲဆောင် အလကားပဲ ဒီကောင့်ရဲ့ပစ္စည်းက မာလာမှာမဟုတ်ဘူး"

အပြင်ဘက်မှ ရိုင်းစိုင်းလှသော စကားသံတသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

အပြင်ဘက်မှလူ ပြောလိုက်သောစကားသည် တယောက်နှင့်တယောက် ကျီစယ်နောက်ပြောင်ခြင်းဟူသော အတိုင်းအတာကို ကျော်လွန်နေ၏။ ""ပွဲကတော့စပြီ"ဟု လူတိုင်း၏ရင်ထဲတွင် မှတ်ချက်ပြုလိုက်ကြသည်။

စကားကို ဟောင်ဖွာဟောင်ဖွာပြောရင်း လမ်းလျှောက်လာသူမှာ အရပ်ရှည်၏။ ကိုယ်ခန္ဓာအနေအထားမှာ အချိုးအစားကျန၏။ ထိုလူ၏ အရပ်သည် စုချန်းထက် သိသိသာသာပင် ရှည်လျားနေပြီး မြင်ရုံနှင့် အောက်ထစ် ခုနှစ်ပေတော့ရှိမည်ဟု ယူဆရသည်။ ရှည်လျားသောအရပ်နှင့် လိုက်ဖက်ညီစွာ အချိုးအစားကျနသော ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့် အရပ်ခုနှစ်ပေရှိသူများအနက် စံပြကိုယ်ခန္ဓာတည်ဆောက်ပုံကို ပြသရမည်ဆိုလျင် ထိုလူကိုသာ လက်ညိုးထိုးပြဖွယ်ရာ ရှိသည်။

ထိုလူ၏ ကြွက်သားများမှာ ကြီးထွားသန်မာလှပြီး မျက်နှာတခုလုံး အမွေးအမြင်များနှင့် ဖုံးအုပ်နေ၏။ ထိုလူသည် ကျောပါ်တွင် ဝံပုလွေတကောင်၏ ကိုယ်ခန္ဓာဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ဓားကြီးတလက်ကို လွယ်ပိုးထားသည်။ ဝံပုလွေခေါင်းသည် အတွင်းဖက်သို့ လှည့်နေပြီး လမင်းကို မြိုချနေဟန် ရှိသည်။ အနှီဓားမြတ်မှာ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားဟု လူသိများကြသော မူလကိရိယာလက်နက်တမျိုး ဖြစ်သည်။

ထိုလူသည် ဘယ်နှင့်ညာတွင် လူတယောက်စီ ခြံရံလျက် လမ်းလျှောက်လာခြင်း ဖြစ်သည်။ လူနှစ်ယောက်အနက် တယောက်သည် အနီရောင်သားမွေးဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုလူ၏ လမ်းလျှောက်ပုံမှာ အလွန်တရာ ပေါ့ပါးသွက်လက်လွန်းပေရာ ငှက်တကောင် လေထဲတွင် ပျံဝဲနေသကဲ့သို့ ထင်မှတ်ရသည်။ ကျန်တယောက်မှာကား အလွန်ရှည်လျားသော လက်နှစ်ဖက်ကို ပိုင်ဆိုင်ထားပြီး သူ၏ လက်နှစ်ဖက်သည် ဒူးဆစ်များကိုပင်ကျော်လွန်၍ တွဲလောင်းကျနေ၏။ ထိုလူ၏ နှာခေါင်းမှာကား မည်သူနှင်မျှ မတူပဲ အလွန်ကြီးမားလှသည်။ ထိုလူသည် လက်မောင်းအားကောင်းခြင်းနှင့် အထူး နာမည်ကြီး၏။

ဝံပုလွေဓား၊ အနီရောင်သိမ်းငှက်နှင့် တောင်နတ်ဆိုး၊ ညီအစ်ကိုသုံးယောက် ရောက်ရှိလာခဲ့ပေပြီ။

ထိုလူသုံးယောက် ဝင်လာသည်နှင့် ဧည့်သည်များအားလုံး အလိုအလျောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ မူလက ဆူညံပွက်လောရိုက်နေသော ဗျစ်ရည်ဆိုင်တဆိုင်လုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်သည်။

ဝံပုလွေဓားသည် ဘေးဘီဝဲယာကိုငဲ့ကြည့်ရင်း အသံနက်ကြီးနှင့် ရယ်မောလိုက်ကာ စုချန်းဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာ၏။ ထို့နောက် သူက ညစ်ကျယ်ကျယ်နိုင်သောအသံနှင့် ရယ်မောကာ ပြောလိုက်သည်။

"ဆိုင်ရှင်သူဌေးကြီး နတ်ဆိုးမျက်နှာကိုယ်တိုင် လာရောက်ရောင်းချနေတာကိုး ဘယ့်နှယ်လဲသူဌေးရဲ့ ကြည့်ရတာ ကျုပ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးချင်လို့နဲ့တူတယ် ဟား ဟား ဟား "

စုချန်းသည် ခံစားမှုမရှိသည့် လေသံနှင့် တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့က အင်အားကြီးမားတဲ့ သူတွေပဲ ဒီလိုလူမျိုးတွေက ဘာပညာမှမတတ်ရှာတဲ့ ကျုပ်လက်ထောက်ကို မခြောက်လှန့်သင့်ဘူးလေဗျာ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို ဒီနေရာမှာ စီးပွားရေး ဆက်မလုပ်စေချင်မှန်းသာ အစောကြီးက သိခဲ့ရင် ကျုပ်ကိုယ်တိုင် ခင်ဗျားတို့နဲ့လာပြီး ဆေးနွေးမှာပေါ့"

တဆက်တည်းပင် သူက မေးလိုက်သည်။

"ကဲ အခု ဘာသောက်ကြမလဲ"

ဝံပုလွေဓားက စုချန်းကို တင်းမာသော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ဖြေလိုက်သည်။

"အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးဆိုတဲ့ဟာကို ချကွာ ဒါပေမဲ့ ငါတို့မှာ ခြူးတပြားမှ ပါမလာဘူး ဒီတော့ မင်းကိုလည်း တပြားမှမပေးနိုင်ဘူး"

ဗလာချီ မိုက်ကြေးခွဲလိုက်သော စကားဖြစ်သည်။ သို့သော် စုချန်းက ဝံပုလွေဓား၏ စကားကို မကြားဟန်ပြုလိုက်၏။ သူသည် ထိုသူကို အနည်းငယ်မျှပင် ငဲ့မကြည့်ပဲ ဝိုင်ကို ဖန်ခွက်များအတွင်းသို့ ဂရုတစိုက်နှင့် ငှဲ့လိုက်၏။ ထို့နောက် သူက ဝိုင်အကြောင်းကို ဝံပုလွေဓားအား အနည်းငယ် ရှင်းပြလိုက်ပြန်သည်။

"ကျုပ်ဆီမှာ လီကျေးလက်ဒေသကလာတဲ့ အနှစ်သုံးဆယ်သက်တမ်းရှိ အနီရောင်သမီးပျိုဆိုတဲ့ ရှားပါးဝိုင်တမျိုး ရထားတာရှိတယ် ဒီတော့ ခင်ဗျားတို့ ဒီမှာပဲ ထိုင်သောက်မလား ဒါမှမဟုတ် နေရာတနေရာရှာပြီး ထိုင်ကြမလား ဝိုင်ကို ကျုပ်လာပို့ပေးမယ်"

ဝံပုလွေဓားသည် မူလက အရက်ကောင်တာ၌ပင် ထိုင်၍ သောက်သုံးရန် စိတ်ကူးထားသော်လည်း စုချန်း၏ "ကျုပ် လာပို့ပေးမယ်" ဟူသော စကားကို ကြားသောအခါ အတွေးတမျိုး ပြောင်းသွား၏။ ထိုအခါ သူက ကျယ်လောင်စွာ ပြောလိုက်သည်။

"ကောင်းပြီး ဝိုင်အရက်တွေကို ကျုပ်တို့ဝိုင်းကို လာပို့ပေး"

ပြောပြောဆိုဆို သူက စားပွဲဝိုင်းတခုဆီသို့ ဦးတည်ကာ လမ်းလျှောက်သွားလေ၏။ ဆိုင်တခုလုံးတွင် လူများ ပြည့်နှက်နေရာ စားပွဲအလွတ်ဟူ၍ တလုံးမျှပင် မရှိ။ ထိုအခါ ဝံပုလွေဓား ရွေးချယ်လိုက်သော စားပွဲတွင် မူလစားသောက်နေသော သာမာန် သိုင်းသမားများသည် ၎င်းအတွက် ကပျာကယာပင် နေရာဖယ်ပေးကြကုန်၏။

ဝံပုလွေဓားသည် ထိုစားပွဲတွင် ဝက်တကောင်ကဲ့သို့ တအစ်အစ်မြည်လျက် ထိုင်ချလိုက်၏။ ထို့နောက် သူက ခေါင်းကိုချာခနဲလှည့်ကာ ဝိုင်အရက်ငှဲ့နေသော စုချန်းကို အကဲခတ်နေလေသည်။ စုချန်းကိုကြည့်ရင်း သူတွေးတောနေသည်မှာကား...

"ကြည့်ရတာ နတ်ဆိုးမျက်နှာဆိုတဲ့ကောင်က အလကားပဲ ငါဒီလောက်ဖိအားပေးနေတာတောင် ဒီကောင် ခေါင်းငုံ့ပြီး ခံနေတယ် ခွေးမသားတော့ ကြောက်ဒူးတုန်နေပြီထင်တယ်" ဟူ၏။

အထက်ပါအတိုင်း စဉ်းစားတွေးတောပြီး ဝံပုလွေဓားသည် စုချန်းအား လူကြောက်တယောက်ဟု အလွယ်တကူ ကောက်ချက်ချလိုက်၏။ ထို့နောက် သူသည် စုချန်းအား နောက်တကြိမ် မည်သို့ ကောက်ကျစ်ယုတ်မာရမည်နည်းဟု အကြံထုတ်နေလေသည်။

ဗျစ်ရည်ဆိုင်နှင့် အထွေထွေပစ္စည်းအရောင်းဆိုင်သည် အလွန်တရာ ငွေဝင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ ထိုလုပ်ငန်းများကိုသာ သူ့အနေနှင့် လက်လွှဲယူနိုင်ခဲ့ပါက အဘယ်မျှ ကောင်းလိုက်မည်နည်း။ သို့သော် ပျော်ရွှင်ခြင်းချောက်နက်ဟူသည် သူတယေက်တည်းနေထိုင်သော နေရာမဟုတ်။ လူအများအပြား စောင့်ကြည့်နေသော အနေအထားတွင် ထိုလုပ်ငန်းများကို အင်အားသုံးပြီး ရယူလိုက်သည့်တိုင် ရေရှည်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူလှ။

ထို့ကြောင့် 'ပိုနေမြဲကျားနေမြဲ'ဆိုသလို နတ်ဆိုးမျက်နှာကို မူလနေရာတွင် ဆက်လက်ထားရှိပြီး သူက စောင့်ရှောက်ခဟု ခေါင်းစဉ်တပ်ကာ တိတ်တဆိတ် အခကြေးငွေ ယူနေခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ထို့ပြင် သူသည် လောဘကြီးသူမဟုတ်။ ထို့ကြောင့် ရရှိလာသမျှသော ဝင်ငွေ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို သူက ယူမည်။ နှစ်ဆယ်ရာခိုင်နှုန်းဟု သဘောထားကြီးကြီးနှင့် နတ်ဆိုးမျက်နှာအား ပေးလိုက်မည်။ သို့သော် ထိုအတွေးကို ဝံပုလွေဓားက ချက်ချင်း ပယ်ဖျက်လိုက်သည်။ "အို ဒီလိုကောင်မျိုးက ဆယ်ရာခိုင်နှုန်းဆို တော်ရော့ပေါ့ ကိုးဆယ်-တစ်ဆယ်ပဲ ကောင်းပါတယ်"ဟု သူက နောက်ဆုံးပိတ် ဆုံးဖြတ်လိုက်၏။

ဝံပုလွေဓားတယောက် အတွေးနယ်ချဲ့နေစဉ် စုချန်းက ဝိုင်ခွက်များကို သယ်ဆောင်လာခဲ့ပြီ ဖြစ်သည်။ ဗျစ်ရည်ဆိုင်၏ လျှို့ဝှက်ဆန်းကြယ်သော ပိုင်ရှင်ကိုယ်တိုင် သူတို့အား ပြုစုဧည့်ခံသောအခါ ဝံပုလွေဓားတို့သုံးယောက် အထူးပင် ပီတိဖြစ်နေကြ၏။ ထို့နောက်သူတို့သည် စကားတပြောပြောနှင့် အစားအသောက်များကို အားရပါးရ စားသောက်ကြတော့သည်။ စုချန်းသည် အလုပ်သမားတဦးသဖွယ် ဘေးတွင် အသင့်ရပ်စောင့်ပြီး သူတို့လိုအပ်သမျှ လိုလေသေးမရှိအောင် ဧည့်ခံနေရှာ၏။

ဆိုင်အတွင်း ရောက်ရှိနေသော ဧည့်သည်များအားလုံးသည် စုချန်းတယောက် စွမ်းရည်ထုတ်ပြမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။ သို့သော် သူတို့မျှော်လင့်ထားသည်နှင့် တခြားစီ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသည့်ပမာ ပြုမူနေသော စုချန်းကိုကြည့်ကာ စိတ်ပျက်လာကြ၏။

ထိုအခါ ဧည့်သည်တယောက်က မနေနိုင်တော့ပဲ ပျက်ရယ်ပြုလိုက်တော့သည်။

" လက်စသတ်တော့ ကျုပ်တို့လူက ငကြောက်တယောက် ဖြစ်နေတဲ့အပြင် ကျောထောက်နောက်ခံ အင်အား စွမ်းရည် ဗလာနတ္တိနဲ့ လူစားမျိုးပဲဗျ ဝံပုလွေဓားက ဒီလောက်ထိ အနိုင်ကျင့်နေတာကို ကြိတ်မှိတ်သည်းခံနေတာကိုကြည့်ရင် ဒီတချက်က အလိုလို သိသာနေပြီ"

နောက်တယောက်က

"ဘာပဲဖြစ်ဖြစ် ဟိုဖက်က သုံးယောက်တောင်ဗျ ပြီးတော့ သူတို့မှာ မူလကိရိယာတမျိုး ရှိနေတယ်"

ထိုစဉ် တယောက်က ပြောလိုက်ပြန်သည်။

"ဟာ ကျုပ်တို့လူဆီမှာလည်း မူလကိရိယာတမျိုး ရှိနေတာပဲဗျ"

ထိုလူ၏ စကားကြောင့် စုချန်း၏ ခြေထောက်တွင် ဝတ်ဆင်ထားသော တိမ်တိုက်ခြေလှမ်းဖိနပ်ကို အတော်များများ သတိထားမိသွား၏။

"အို သူ့ဟာက ထွက်ပြေးဖို့ပဲ အသုံးဝင်တာဗျို့"

အထက်ပါ စကားသံများအားလုံးသည် စုချန်းကို အနည်းငယ်မျှပင်အနှောင့်အယှက် မပြုနိုင်ချေ။ သူသည် ပါးစပ်ကိုပိတ်ရင်း ဝိုင်များကို ငှဲ့မြဲတိုင်း ငှဲ့နေ၏။ တခါတလေတွင် စားပွဲခုံကိုပင် သန့်ရှင်းရေးလုပ်လိုက်သေးသည်။

စုချန်း၏ အပြုအမူကိုကြည့်ရင်း စောင့်ကြည့်နေသူများအားလုံး၏ စိတ်ထဲတွင် ဤလူသည် ငကြောက်တဦး ဖြစ်သည်ဟု တထစ်ချ ယူဆလိုက်ကြတော့သည်။ ထိုအခါ ဧည့်သည်တချို့သည် ပိုမိုအတင့်ရဲလာပြီး စုချန်းအား မထီမဲ့မြင် ပြုကြတော့သည်။ လှောင်ပြောင်ကြတော့သည်။ တချို့ဆိုလျင် စုချန်းဆီမှ အမြတ်ထုတ်ရန်ပင် ကြံစည်တွေးတောနေကြတော့သည်။

အကောင်းစားဝိုင်သုံးခွက်စီသောက်ပြီး ချပေးသမျှ အစားအောက်များကို ဗိုက်ကားအောင် စားသောက်ပြီးသောအခါ ဝံပုလွေဓားက ထိုင်ရာမှထရပ်ရင်း ပြောလိုက်သည်။

"ကဲ ဒီနေ့အဖို့တော့ ဗိုက်လဲဝနေပြီဆိုတော့ တော်လောက်ပြီ"

ပြောပြောဆိုဆို သူက သူ့ညီနှစ်ယောက်နှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ထိုအခါ စုချန်းက ဟန့်တားလိုက်သည်။ နောက်ဆုံးတွင်ကား ကိုယ်တော်ချောတယောက် စကားပြောလာခဲ့ချေပြီ။

"ခင်ဗျားတို့ရဲ့ ဝိုင်အရက်ဖိုးတွေ မပေးရသေးဘူးလေ မေ့နေပြီထင်တယ်"

"ဘာကွ"

ဝံပုလွေဓား၏ ခြေလှမ်းများက တဝက်တပျက်နှင့် ရပ်တန့်သွား၏။ သူက နောက်ကို လှည့်လိုက်သည်။ လူအများ၏ စိတ်ဝင်စားမှုသည် တရှိန်ထိုး မြင့်တက်လာ၏။ မကြာမီ တစုံတခု ဖြစ်ပျက်တော့မည်မှန်း သိသာထင်ရှားနေခဲ့လေပြီ။ သူတို့အားလုံးသည် ဝံပုလွေဓားတို့ ညီအစ်ကိုသုံးယောက်အား စုချန်း မည်သို့ကိုင်တွယ်မည်ကို အထူးပင် စိတ်ဝင်စားနေကြလေသည်။

ဝံပုလွေဓား၏မျက်နှာက မဲခနဲဖြစ်သွား၏။

"ကျုပ်မှာပေးစရာ တပြားမှမရှိဘူးဆိုတာ မင်းကို ပြန်ပြောနေစရာ မလိုတော့ဘူးထင်တယ်"

စုချန်းက တဖက်လူ၏ စကားကိုမကြားသကဲ့သို့ စကားဆက်သည်။

"ဝိုင်ခြောက်ခွက်နဲ့အသား ၁၅ကီလိုအတွက် အဆင့်နိမ့်မူလကျောက်တုံး ခုနှစ်တုံး ကျသင့်ပါတယ် ဒါ့အပြင် မနေ့က ခင်ဗျားတို့ စားထားတာတွေအတွက် မူလကျောက်တုံး ဆယ့်ငါးတုံး ကျသင့်ပါမယ် ဒီတော့ ခင်ဗျားတို့ စုစုပေါင်းပေးရမှာက မူလကျောက်တုံး တထောင့်ငါးရာနဲ့ ခုနှစ်လုံးပါ"

ဆိုင်အတွင်းရှိနေသော လူများအားလုံးသည် စုချန်းပြောလိုက်သောအရေအတွက်ကြောင့် လန့်ဖြတ်ကုန်ကြ၏။ ယုတ်စွအဆုံး ဝံပုလွေဓားကိုယ်တိုင်ပင် လန့်သွား၏။ သူက လှောင်ပြောင်သောအသံနှင့် ပြောလိုက်သည်။

"မင်းက ဆိုင်ရောင်းနေပြီး အတွက်အချက်ကျတော့ ညံ့လှချည်လား ပထမ ခုနှစ်တုံး ဒုတိယ ဆယ့်ငါးတုံး ဘယ်ကနေပြီး တထောင့်ငါးရာခုနှစ်တုံးက ရောက်လာတာလဲ"

စုချန်းက ဖြေလိုက်သည်။

"ကျုပ်မမှားပါဘူး ခင်ဗျား တညမပေးတာနဲ့ အတိုး အဆတစ်ရာတိတိ တက်လာပါတယ် ဒါက ကျုပ်ဆိုင်ရဲ့ သံမဏိစည်းကမ်းပါ"

ဝံပုလွေဓား၏မျက်နှာက အေးစက်သွား၏။ သူက ပြောလိုက်သည်။

"မင်းကတော့ သေချင်နေပြီထင်တယ်"

စုချန်းက စကားဆက်သည်။

"ခင်ဗျား ဒီပမာဏကို လက်ငင်း မပေးနိုင်ဘူးဆိုရင်လည်း ရပါတယ် ခင်ဗျားရဲ့ဓားကို ကျုပ်က မူလကျောက်တုံး ငါးရာနဲ့ တန်ဖိုးဖြတ်ပေးလိုက်မယ် ကျန်တာကိုတော့..."

ဝံပုလွေဓားသည် စုချန်း၏ စကားကို ဆက်၍နားမထောင်လိုတော့။ သူက ကျောပေါ်ရှိ လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားကို ဆွဲထုတ်ကာ စုချန်းက ချိန်ရွယ်ရင်း အော်ဟစ်လိုက်သည်။

"မင်း သေဖို့သာပြင်ပေတော့"

သို့သော် ဝံပုလွေဓားသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းနိုင်ပြီး မဟန်နိုင်တော့သကဲ့သို့ တကိုယ်လုံး ယိမ်းထိုးလာ၏။ ထို့နောက် သူသည် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ သူက သူ့ကိုယ်သူ အံ့သြတကြီးနှင့် ကြည့်လိုက်၏။ တဖန် စုချန်းကို လှမ်းကြည့်လိုက်ပြန်သည်။ ၎င်း၏ မျက်လုံးထဲတွင်ကား ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်နေ၏။

"မင်း.....မင်း.....ခွေးမသား.....ငါ့ကို အဆိပ်ခတ်လိုက်တယ်ပေါ့လေ ဟုတ်လား"

All Chapters