← Chapters

စွက်ဖက်သူသေစေ

Vol. 6 Ch. 54

စွက်ဖက်သူသေစေ

Vol. 6 Ch. 54

ချီပိတ်ဆို့ခြင်းဆေးမှုန့်၏ တူညီသောဂုဏ်သတ္တိများထဲမှ တခုမှာ ဆေးခတ်ခံရသူသည် ချီစွမ်းအင်များကို ထုတ်သုံးသောအချိန်မှ သူ့ကိုယ်သူ ဆေးခတ်ခံလိုက်ရမှန်း သိရှိခြင်း ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများသည် လှုပ်လှုပ်ရှားရှား မပြုလုပ်မီအချိန်ထိ သူတို့ကိုယ်သူတို့ ဆေးခတ်ခံထားရမှန်း သိရှိနိုင်ရန် အကြောင်းမရှိ။

ဤနေရာတွင် ဝံပုလွေဓား၏ အကြီးမားဆုံးအမှားမှာ စုချန်းအား အလွန်အမင်း လျှော့တွက်မိခြင်း ဖြစ်သည်။ စုချန်းအနေနှင့် သူသောက်သုံးမည့်ဝိုင်ထဲတွင် ဆေးခတ်ရဲလိမ့်မည်ဟု ဝံပုလွေဓား လုံးဝ မျှော်လင့်မထား။ ပုံမှန်အားဖြင့် စုချန်းသည် ဤဆိုင်၏ ပိုင်ရှင်ဖြစ်နေဆဲသာ။ ထိုအခြေအနေတွင် သူ့ဆိုင်မှဝိုင်အရက်နှင့် ဖောက်သည်တယောက်ကို အဆိပ်သင့်စေခြင်းမှာ အရပ်ရပ်နေပြည်တော် ကြား၍မှ မတော်လှ။ ဤဖြစ်ရပ်များ ပြီးဆုံးသွားသည့်နောက်တွင် စုချန်းသည် မည်သည့်နည်းနှင့်၊ မည်သည့်မျက်နှာနှင့် ဤစီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည်နည်း။

အထက်ပါ ယေဘုယျ စဉ်းစားတွေးခေါ်ပုံနည်းလမ်းသည် ဝံပုလွေဓားအား ထောင်ချောက်အတွင်းသို့ သက်ဆင်းမိစေခြင်း ဖြစ်သည်။ သူ့အနေနှင့် စုချန်းဖွင့်လှစ်ထားသော ကြယ်ခူးဆွတ်ခြင်း ဗျစ်ရည်ဆိုင်နှင့် တခြားဆိုင်များ၏ အခြေအနေ မည်မျှ ကွဲပြားခြားနားနေကြောင်း တကြိမ်တခါမျှပင် မစဉ်းစားမိ။ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ဗျစ်ရည်ဆိုင်ဟူ၍ ဤတဆိုင်တည်းသာ ရှိ၏။ သင့်အနေနှင့် ဤဆိုင်တွင် သောက်သုံးရန် ဆန္ဒမရှိလျင် အခြားတနေရာကို ရှာဖွေတွေ့ရှိထားရန် လိုအပ်ပေသည်။

တဖန် လက်ရှိပြသနာတွင် ပထမဆုံး ကျူးလွန်သူမှာ ဝံပုလွေဓားဖြစ်သည်။ စုချန်းအနေနှင့် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းမျှသာ ဖြစ်သည်။ စုချန်း၏ ကာကွယ်ခြင်းနှင့် တုံ့ပြန်တိုက်ခိုက်ခြင်း နည်းလမ်းသည် အနည်းငယ် ညစ်ညမ်းပြီး မလုပ်အပ်ဟု တားမြစ်ထားသည့်တိုင်အောင် လူအများအနေနှင့် နားလည်ပေးနိုင်ဖွယ်ရာ ရှိနေ၏။

ထို့ပြင် စုချန်း ကျခံရမည့် အနီရောင်ပြစ်ဒဏ်မှာ စုစုပေါင်း ရက်ပေါင်း၁၀၀ကျော်မျှသာ ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် နောင်အနာဂတ်အလားအလာများကို ထည့်သွင်းစဉ်းစားရန် မလို။ အရေးအကြီးဆုံးမှာ ရန်သူများသည် မိမိ၏ တံခါးရှေ့တွင် ပိတ်ရပ်နေခဲ့လေပြီ။ သေရေးရှင်ရေးကာလတွင် မိမိအသက်ထက် မည်သည့်အရာက ပို၍ အရေးကြီးမည်နည်း။

အရာရာကို လှေကြီးထိုးသာ စဉ်းစားတွေးခေါ်တတ်ပြီး ဖောက်ထွက်တွေးခေါ်နိုင်စွမ်း နည်းပါးလှသော ငမိုက်သား ဝံပုလွေဓားသည် စုချန်းဆီမှ တုံ့ပြန်လာနိုင်သည့် အခြေအနေအတွက် တစွန်းတစမျှပင် ပြင်ဆင်ထားခြင်းမရှိ။ ဆေးခတ်ခံလိုက်ရပြီဟု သိလိုက်ရသည့်အချိန်တွင် သူ့အတွက် အစစအရာရာ နောက်ကျသွားခဲ့လေပြီ။

ဝံပုလွေဓားနှင့် သူ့ညီနှစ်ယောက်လုံးလိုလို ဆေးမိသွားခြင်းဖြစ်သည်။ သူတို့သုံးယောက်သည် အလကားရသော အသားနှင့် ဝိုင်များကို အနည်းငယ်မျှ သံသယမရှိပဲ အားရပါးရ စားသောက်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့ဗိုက်အတွင်းသို့ ချီပိတ်ဆို့ခြင်းဆေးမှုန့် ပမာဏ အတော်များများ ဝင်သွားခဲ့၏။ ထို့ဆေးမှုန့်များ၏ စွမ်းအင်ကြောင့် သူတို့၏ မူလစွမ်းအင်များကို နှစ်ရက်နှင့်နှစ်ညတိုင်တိုင် အသုံးချနိုင်တော့မည် မဟုတ်တော့။

မူလစွမ်းအင်ကိုသာ အသုံးမချနိုင်လျင် သူတို့အားလုံးသည် သာမာန်လူနှင့် အတူတူသာ ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ ခွန်အားသည် သာမာန်သိုင်းပညာရှင်များ၏ ခွန်အားထက် အများကြီး မပိုတော့။

ထိုအချိန်တွင် စုချန်းက အရက်ကောင်တာ၏ နောက်မှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာရင်း ပြောလိုက်သည်။

"မူလကျောက်တုံး တထောင်ငါးရာခုနှစ်တုံး ကျေးဇူးပြုပြီးပေးပါဗျာ"

"ခွေးမသား ငရဲမှာပဲ သွားယူပေတော့"

ဝံပုလွေဓား၏ ညီ တောင်နတ်ဆိုး၏ ပထမဆုံး တုံ့ပြန်မှုဖြစ်သည်။ ၎င်း၏ဦးနှောက်သည် လက်ရှိအခြေအနေကို သုံးသပ်နိုင်လောက်အောင် ထက်မြက်ပုံမရ။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းဆီသို့ တရှိန်ထိုး ပြေးဝင်လာ၏။

စုချန်း၏ ပုံရိပ်သည် တောင်နတ်ဆိုး၏ မျက်စိအောက်မှ ဖြတ်ခနဲ ပျောက်ကွယ်သွား၏။ သူသည် လေပေါ်သို့ ဖြတ်ခနဲ ခုန်တက်လိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် သူက တောင်နတ်ဆိုး၏ လက်နှစ်ဖက်ကို ဖမ်းဆုတ်ပြီး နောက်ပြန်လိမ်ချိုးလိုက်၏။ ဂျွတ်ခနဲ အရိုးကျိုးသံ သဲ့သဲ့ပေါ်လာပြီး တောင်နတ်ဆိုး၏ နာမည်ကျော် လက်နှစ်ဖက်သည် စုချန်း၏ လက်ချက်ကြောင့် သွင်သွင်ကျိုးကုန်တော့သည်။ စုချန်း၏ လှုပ်ရှာမှုမှာ ဤမျှနှင့် မပြီးသေး။ သူက အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် တောင်နတ်ဆိုး၏ ခြေထောက်ကို လှမ်းကန်ထည့်လိုက်၏။ နောက်ထပ် အရိုးကျိုးသံပေါ်လာပြီး တောင်နတ်ဆိုးခမျာ မြေကြီူပေါ်သို့ ဒူးထောက်လျက်သား ထိုင်ကျသွားတော့သည်။

"ညီလေး တောင်နတ်ဆိုး"

ဝံပုလွေဓား၏ ငိုသံပါသော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် ၎င်းသည် စုချန်းဆီသို့ ကျွဲကြီးတကောင်ပမာ ဒုန်းစိုင်းပြေးဝင်လာတော့သည်။ သို့သော် ၎င်းတွင် မည်သည့်မူလစွမ်းအားမျှ မရှိလေရာ ပြေးဝင်လာသော အရှိန်နှင့် အင်အားမှာ သာမာန်မျှသာ ဖြစ်သည်။ ယုတ်စွအဆုံး သူကိုင်ထားသော ကောင်းကင်ဝံပုလွေဓားသည်ပင် အဆင်တန်ဆာတခုထက် မပိုလှ။

စုချန်း၏ ပုံရိပ်သည် အရိပ်တခုပမာ ဒုတိယအကြိမ်မြောက် ပျောက်ကွယ်သွားပြန်၏။ သူသည် ဝံပုလွေဓား၏ တိုက်ခိုက်မှုကို လွယ်လင့်တကူပင် ဘေးသို့ ခြေတလှမ်းရွေ့ပြီး ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် သူက ဝံပုလွေဓား၏ လက်ကောက်ဝတ်ကို ဖမ်းဆုတ်ပြီး နောက်လှန်ချိုးလိုက်သည်။ ထိုမျှသာမကသေး သူက ဝံပုလွေဓား၏ ဟာလာဟင်းလင်းဖြစ်နေသော ဝမ်းဗိုက်ကိုလက်သီးတချက် ပစ်သွင်းလိုက်၏။ ပြင်းထန်လှသော နာကျင်မှုကြောင့် ဝံပုလွေဓား၏ မျက်လုံးများ ပြာဝေသွားလေသည်။

ဝံပုလွေဓား၏ အခြေအနေ စိတ်ချရသည်နှင့် စုချန်းက နောက်ကို ချာခနဲလှည့်ရင်း အနီရောင်သိမ်းငှက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ စုချန်းသည် မူလစွမ်းအင်များကို အပြည့်အဝ သုံးစွဲထားရာ သူ့လှုပ်ရှားမှုမှာ သူရဲပူးကပ်နေတမျှ မြန်ဆန်လှ၏။ မြန်လွန်း၍ အရိပ်ကြီးတရိပ် လူးလားပျံသန်းနေသကဲ့သို့သာ ထင်ရသည်။ ထို့နောက်တွင်ကား စုချန်းသည် ငမိုက်သားသုံးယောက်၏ ကြားထဲဝယ် ငှက်တကောင်ကဲ့သို့ ပျံသန်းကာ ပြင်းထန်စွာ လှည့်ပတ်တိုက်ခိုက်နေတော့သည်။ သူ၏ တိုက်ခိုက်မှုကြောင့် အရိုးကျိုးသံများ တဖြောင်းဖြောင်း ထွက်ပေါ်နေရာ သံစုံတီးဝိုင်းကြီးတခုမှ အချက်ကျကျ တီးမှုတ်နေသံနှင့်ပင် တူနေသေး၏။ ိထိုစဉ် ထွက်ပေါ်နေသော အသံများအားလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားသည်။ စုချန်းသည်ကား ခန်းမအလယ်တွင် မားမားကြီး မတ်တပ်ရပ်လျက်။ သူ့ရန်သူသုံးယောက်ဖြစ်သော ဝံပုလွေဓား၊ အနီရောင်သိမ်းငှက်နှင့် တောင်နတ်ဆိုးတို့ သုံးယောက်လုံးမှာ မတ်တပ်ရပ်နိုင်စွမ်း မရှိတော့ပဲ မြေကြီးပေါ်တွင် တုံးလုံးပက်လက် လဲကျနေခဲ့ရှာလေပြီ။ သူတို့၏ ခြေလက်များအားလုံးသည် ရစရာမရှိအောင် ကျိုးကြေကုန်ကြပြီ ဖြစ်လေရာ အဘယ်မှာ မတ်တပ်ရပ်နိုင်အံ့နည်း။

အဆိုပါမြင်ကွင်းသည် ဧည့်သည်များအားလုံးကို ကြက်သေသေသွားစေ၏။ ထို့နောက်တွင်ကား လူတိုင်းလိုလို၏ ရင်ထဲတွင် အကြောက်တရားများ ဖုံးလွှမ်းလာတော့သည်။ နတ်ဆိုးမျက်နှာဟူသော ပုဂ္ဂိုလ်သည် အလွန်တရာ လျှို့ဝှက်လွန်းရုံမက သူ့နည်းလမ်းများကလည်း ရက်စက်လှချေသည်တကား။ သူသည် ဝံပုလွေဓားကို မည်သည့်အခါကမျှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ကြောင်း သိသာထင်ရှားနေခဲ့လေပြီ။

"စုစုပါင်း မူလကျောက်တုံး တထောင့်ငါးရာခုနှစ်လုံး ခင်ဗျားက မပေးနိုင်ဘူးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ယူရတော့မှာပေါ့"

ပြောပြောဆိုဆို သူက ဝံပုလွေဓား၏ တကိုယ်လုံးကို လှန်လှောရှာဖွေလိုက်သည်။ အတွင်း၌ကား ဝံပုလွေဓား အချိန်အတန်ကြာအောင် စုဆောင်းထားခဲ့သည့် ငွေကြယ်သတ္တုရိုင်းတချို့ ရှိနေ၏။ စုချန်းက သတ္တုရိုင်းတချို့ကို လက်ဖြင့် ဆကြည့်ရင်း ပြောလိုက်သည်။

"ထင်ထားတာထက်တောင် နည်းနေတာပဲ မတတ်နိုင်ဘူး ရသလောက်တော့ ယူရမှာပဲ ကျုပ်က ဒီသတ္တုတွေကို မူလကျောက်တုံးနှစ်ရာနဲ့ ဈေးဖြတ်လိုက်တယ်"

ဝံပုလွေဓားသည် တကိုယ်လုံး အရိုးများ ကျိုးကြေနေသော်လည်း စိတ်ကတော့ မလျော့သေး။ စုချန်း၏ ဈေးဖြတ်သံကို ကြားလိုက်သောအခါ သူက စုချန်းက စားမတတ်ဝါးမတတ်သော အမူအရာနှင့် ကြည့်လိုက်သည်။ အကြောင်းမှာ သူ့အတွင်းအိတ်အတွင်းဝယ် အလွန်သန့်စင်သော ငွေကြယ်သတ္တု ဆယ်ကီလိုတိတိ ရှိနေသောကြောင်ပင်။ ထိုသတ္တုများ၏ တန်ဖိုးသည် မူလကျောက်တုံး အလုံးနှစ်ထောင်နှင့် ညီမျှ၏။ ယခုတော့ စုချန်းက ထိုသတတုများကို အဆမတန် ဈေးနှိမ်ပြီး မူလကျောက်တုံးနှစ်ရာနှင့် တန်ဖိုးဖြတ်နေသည် မဟုတ်ပါလား။

သို့တိုင်အောင် လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားနှင့်စာလျင် ငွေကြယ်သတ္တုများ ရရှိသည့်တန်ဖိုးက တော်သေးသည်ဟု ဆိုရမည်။ စုချန်းသည် မူလကျောက်တုံး တသောင်းခန့် တန်ကြေးရှိသည့် ကောင်းကင်ဝံပုလွေဓားကို ငါးရာနှင့် တန်ဖိုး ဖြတ်လိုက်သည် မဟုတ်ပါလား။ ဝံပုလွေဓားသည် စုချန်းကို အော်ဟစ်ဆဲဆိုချင်စိတ်များ ပေါ်ောက်လာ၏။ သို့သော် သူမည်သို့မျှ မတတ်နိုင်။ သူ့မေးရိုးတခုလုံးသည် စုချန်း၏ လက်ချက်ကြောင့် သွင်သွင်ကျိုးသွားခဲ့ပြီ ဖြစ်လေရာ ဗလုံးဗထွေးအသံများသာ ထွက်လာနိုင်ရှာတော့သည်။

စုချန်းသည် ဝံပုလွေဓား၏ အမူအရာကို အနည်းငယ်မျှ ဂရုမစိုက်။ သူက အနီရောင်သိမ်းငှက်နှင့် တောင်နတ်ဆိုးတို့၏ အတွင်းအိတ်များကို လှန်လှောရှာဖွေရာ ငွြေက်သတ္တု လေးကီလိုခွဲနှင့် သုံးကီလိုခွဲတို့အား ထပ်မံတွေ့ရှိရပြန်ရာ တန်ကြေးထက် ဆယ်ပုံပုံ တပုံမျှသာ ဈေးဖြတ်ပြီး သိမ်းယူလိုက်၏။ ငမိုက်သားသုံးကောင်၏ အတွင်းအိတ်များအတွင်းဝယ် အခြားပစ္စည်းတချို့လည်း ရှိနေ၏။ သို့သော် စုချန်းက ထိုပစ္စည်းများကို မတွေ့သကဲ့သို့ ဟန်ဆောင်ပြီး ငွေကြယ်သတ္တုများအတွက်သာ ဈေးဖြတ်ကာ သူ့အပိုင်အဖြစ် သိမ်းယူလိုက်တော့သည်။

ထို့နောက် စုချန်းသည် ကောင်းကင်ဝံပုလွေဓားကို ဆွဲယူကာ ဝံပုလွေဓား၏ မျက်နှာရှေ့တွင့် ဝေ့ယမ်းရင်း ပြောလိုက်၏။

"ဒီဓားကိုပါ ထည့်တွက်ရင်တောင် မူလကျောက်တုံး တထောင်ဖိုးပဲ ရှိအုံးမယ် ဒီတော့ ခင်ဗျာတို့သုံးယောက် ကျုပ်အပေါ် အကြွေး ငါးရာခုနှစ်တုံး တင်နေသေးတယ်"

တဆက်တည်းမှပင် သူက သူ့လက်ထောက်ကို လှမ်းခေါ်လိုက်၏။

"ဟေ့ လီရှု မင်း ခုထိ ထွက်မလာသေးဘူးလား"

လီရှုတယောက် အပြေးအလွှား ပေါက်ချလာရင်း ပြောလိုက်သည်။

"တပည့်ကျော် ရောက်ပါပြီ ဆရာလေး"

စုချန်းက အမိန့်ပေးလိုက်သည်။

"သူတို့ကို ခေါ်သွားစမ်း လာမဲ့ရက်တွေမှာ သူတို့အကြွေးတွေ ကြေသွားတဲ့အထိ ဒီမှာ အလုပ်လုပ်ခိုင်းရမယ်"

"ဟုတ်ကဲ့ဆရာလေး"

လီရှုသည် စုချန်း၏ အမိန့်အတိုင်း ဝံပုလွေဓားတို့သုံးယောက်ကို သယ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။ ထိုအခိုက်မှာပင် စကားသံတသံ ထွက်ပေါ်လာ၏။

"နတ်ဆိုးမျက်နှာ ခင်ဗျားရဲ့ လုပ်ရပ်က တဆိတ်ကလေး မပြင်းထန်လွန်းဘူးလား"

စုချန်းက အသံထွက်ပေါ်လာသောနေရာကို ချာခနဲ လှည့်ကြည့်လိုက်၏။ သူရပ်နေသော နေရာနှင့် မလှမ်းမကမ်းတွင် ထိုင်နေသော အမျိုးသား၊ အမျိုးသမီး စုံတွဲတတွဲကို သူမြင်တွေ့လိုက်ရသည်။

စုချန်းက ထိုစုံတွဲကို ချက်ချင်းမှတ်မိလိုက်၏။ ထိုစုံတွဲသည် လက်ထပ်ပြီးခါစ လင်မယားနှစ်ယောက်ဖြစ်ပြီး လင်လုပ်သူ၏ အမည်မှာ ပိုင်ဖန်းဟု ခေါ်သည်။ သူတို့နှစ်ဦးလုံးလိုလိုပင် ချီစုဆောင်းခြင်းနယ်ပယ်ရှိ မူလချီစွမ်းအားပညာရှင်များ ဖြစ်ကြ၏။ စုချန်းအား စကားလှမ်းပြောလိုက်သူမှာ အမျိုးသမီး ဖြစ်သည်။ ထိုအခိုက်မှာပင် သူမက စုချန်းအား စိုက်ကြည့်ရင်း စကားဆက်သည်။

"သူတို့လုပ်ခဲ့တာဆိုလို့ ရှင့်ဆိုင်က ဝိုင်အရက်တချို့ကို အလကားသောက်တာနဲ့ ရှင့်ဆီက အသားဟင်းတချို့ကို အလကား စားခဲ့တာပဲရှိတယ် ရှင်သိမ်းယူလိုက်တဲ့ ဓားတလက်နဲ့တင် ဒီလိုဆိုင်မျိုး ဆယ်ဆိုင်လောက် ဝယ်လို့ရနေပြီ ဒါတောင် ရှင်က သူတို့ကို ရှင့်ဆိုင်မှာ အစေခံလုပ်ခိုင်းအုံးမယ် ဒါ တအား ရက်စက်ရာကျမနေလွန်းဘူးလားရှင့်"

စုချန်းက အမျိုးသမီးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အော်.....ဒီလိုလား...ဒါကြောင့် အမျိုးသမီးပိုင်က ကျုပ်အလုပ်ကို ဝင်ပြီး စွက်ဖက်တာပေါ့ ဟုတ်လား"

အမျိုးသမီးက လေးလေးမှန်မှန်ပင် ပြောလိုက်သည်။

"ကျွန်မက မှန်မှန်ကန်ကန်ဖြစ်ဖို့ ကြိုးစားကြည့်တာပါ"

စုချန်းက ရယ်မောလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ဖုံးအုပ်ထားသော နတ်ဆိုးမျက်နှာဖုံးကြောင့် မည်သူမျှ သူ့အပြုံးကို မမြင်ရချေ။ ထို့နောက် စုချန်းက စကားဆက်သည်။

"အမျိုးသမီးပိုင်ဟာ ဒီလောက် စာနာစိတ်ကြီးမားလိမ့်မယ်လို့ ကျုပ်မသိခဲ့ဘူးဗျ ဒီလို စာနာစိတ်ကြီးမားတဲ့သူတယောက်က ဒီလူသုံးယောက် ကျုပ်အပေါ် မတရားလုပ်နေတာ မြင်ရဲ့သားနဲ့ ဘာကြောင့်များ ဝင်မတားခဲ့တာပါလိမ့်"

အမျိုးသမီးပိုင်၏ မျက်နှာသည် ဆေးနီနှင့် ဖြန်းပက်လိုက်သကဲ့သို့ နီရဲသွား၏။ သူမက မခံချိမခံသာသော လေသံနှင့် ပြောလိုက်သည်။

"အို..ဝိုင်နည်းနည်းနဲ့ အသားနည်းနည်းပါပဲ ဒီပစ္စည်းတွေလောက်နဲ့ ဒီလောက်ထိ လုပ်ဖို့ လိုလို့လားရှင့်"

စုချန်းက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်သည်။

"ဒီတော့ ပြောပါအုံး ကျုပ်က အမျိုးသမီးပိုင်ရဲ့ အကြံအတိုင်း သူတို့ကို လွှတ်ပေးလိုက်ရမလား"

အမျိုးသမီးပိုင်က ပြန်လည် ပြောဆိုလိုက်သည်။

"ရှင်က ဓားနဲ့ပိုက်ဆံကို ယူပြီးပြီပဲ ဒီတော့ သူတို့ကို လွှတ်လိုက်တာ ပိုပြီး အကျိုးသင့်အကြောင်းသင့် ဖြစ်တာပေါ့ရှင်"

စုချန်း မည်သို့မျှ ပြန်မပြော။ သို့သော် သူ့နှလုံးအိမ်အတွင်း၌ကား သတ်ဖြတ်လိုစိတ်များသည် ပင်လယ်ရေမျက်နှာပြင်မှ လှိုင်းလုံးကြီးများ မြင့်တက်လာသကဲ့သို့ တဖွားဖွားနှင့် ပေါ်ပေါက်လာတော့သည်။ ဝံပုလွေဓားနှင့် သူ့ညီနှစ်ယောက်သည် အရည်အချင်း နိမ့်ပါး၍ မဟုတ်ပဲ ဆေးမိသွားခြင်းကြောင့်သာ မရှုမလှ ခံလိုက်ရကြောင်း လူတိုင်းလိုလို နားလည်၏။ ထိုသူများကို လွှတ်ပေးလိုက်ခြင်းသည် ကျားကို တောနက်အတွင်းသို့ လွှတ်ပေးလိုက်ခြင်းနှင့် အတူတူသာ။ နှစ်ရက်မပြည့်ခင် ထိုသုံးယောက်သည် စုချန်းကို သတ်ဖြတ်ရန် ပြန်လာလိမ့်မည်မှာ သေချာလှသည်။

ထိုအဖြစ်ဆိုးမျိုးနှင့် နိဂုံးချုပ်ရမည်ကို စုချန်း မလိုချင်။ အကောင်းဆုံးနည်းလမ်းမှာ ဝံပုလွေဓားညီအစ်ကိုသုံးယောက်အား အပြီးတိုင် သုတ်သင်လိုက်ခြင်း ဖြစ်သည်။ ငမိုက်သားသုံးကောင်အား လက်စတုံးလိုက်ခြင်းအားဖြင့် နောင်အနာဂတ်တွင် ဖြစ်လာနိုင်မည့် ပြသနာများအား တခါတည်း ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် စုချန်းသည် ထိုသူတို့အား တခါတည်း မသတ်ဖြတ်ခဲ့ပေ။ သတ်ဖြတ်ရမည့်အစား အစေခံအဖြစ် ခိုင်းစေရန်သာ ရွေးချယ်ခဲ့၏။ ထိုအတွက် ထိုလူများအနေနှင့် အနည်းငယ် ခံစားရကောင်း ခံစားရမည်။ အရှက်ရကောင်း ရမည်။ သို့မဟုတ် နာကြည်းကောင်း နာကြည်းပေလိမ့်မည်။ သို့သော် အသက်တော့သေလိမ့်မည် မဟုတ်။ ဆိုလိုသည်မှာ စုချန်းသည် လူသုံးယောက်ကို သတ်ဖြတ်ရမည့်အစား အစေခံအဖြစ်ခိုင်းစေကာ မာန်စွယ်ချိုးလိုက်သည့် သဘောဖြစ်သည်။ ထိုအဖြစ်ကြောင့် ထိုလူသုံးယောက်သည် စုချန်းကို ရန်ပြုဖို့ဝေးစွ၊ အရှက်ရကာ ပျော်ရွှင်ခြင်းချောက်နက်မှာ အမြန်ဆုံး ထွက်ခွာသွားကြပေလိမ့်မည်။

ဗျစ်ရည်ဆိုင်အတွင်းရှိ ဧည့်ပရိတ်သတ်များအားလုံးသည် စုချန်း၏ ရည်ရွယ်ချက်ကို တိတိကျကျ မသိသော်လည်း သူတို့အားလုံး၏ အတွေ့အကြုံမှာလည်း မနည်းလှပေရာ စုချန်းတယောက် ဝံပုလွေဓားညီအစ်ကိုသုံးယောက်၏ အသက်ကို ကယ်ဆယ်ရန်ကြိုးစားနေကြောင်း ကောင်းစွာ နားလည်ထားကြ၏။ ယခုတော့ အမျိုးသမီးပိုင်က သူတို့သုံးယောက်အား အပြီးအပိုင် လွှတ်ပေးရန် တောင်းဆိုနေခဲ့ပေပြီ။ သို့သော် သူမ၏ လုပ်ရပ်မှာ လူကယ်နေသည်နှင့်မတူပဲ လူသတ်ရန် ကြံစည်နေခြင်းနှင့်သာ တူနေ၏။

အကြောင်းမှာ စုချန်းအနေနှင့် ဝံပုလွေညီအစ်ကို သုံးယောက်အား ဤအတိုင်း လွှတ်ပေး၍ မရ။ အစေခံအဖြစ် ခိုင်းလျင်ခိုင်း၊ မခိုင်းလျင် သတ်ပစ်ရန်သာ ရှိပေတော့သည်။ အမျိုးသမီးပိုင်သည်ကား သူများဓားကိုငှားကာ လူသတ်ခိုင်းနေလေပြီ။ စုချန်းအနေနှင့် ဝံပုလွေဓားကို အခွင့်သာတုန်း သတ်လျင်သတ်၊ မသတ်လျင် နောင်တချိန်တွင် ဝံပုလွေဓားက သူ့ကို ပြန်သတ်သွားပေလိမ့်မည်။

စုချန်းသည် အမျိုးသမီးပိုင်၏ ရည်ရွယ်ချက်ကို တိတိကျကျ သိသည်မဟုတ်။ သို့သော် သူမ၏ လုပ်ရပ်သည်ကား စုချန်း မပြုလုပ်လိုသော လူသတ်ခြင်းအလုပ်ကို ထပ်မံလုပ်ဆောင်ရန် တွန်းပို့နေသကဲ့သို့ ရှိလေသည်။ ထိုအခါ စုချန်းက အမျိုးသမီးပိုင်၏ ယောက်ကျာ်းဖြစ်သူ ပိုင်ဖန်းကို ဖြတ်ခနဲ စိုက်ကြည့်လိုက်၏။ ကိုယ်တော်ချောသည်ကား မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ တွေတွေကြီး ထိုင်နေလေသည်။

နောက်ဆုံးတွင်ကား စုချန်း သဘောပေါက်လိုက်ပေပြီ။ တဖက်လူတွင် ရည်ရွယ်ချက် တစုံတရာ ရှိနေ၏။

ဤယနေ့တွင် စုချန်းသည် ဝံပုလွေညီအစ်ကိုသုံးယောက်ကို အနိုင်ယူရန် ခပ်ပေါပေါ လှည့်ကွက်တခုကို ပြုလုပ်ခဲ့ရ၏။ လှည့်ကွက်က အပေါစားဖြစ်နေသည့်အပြင် အဖြစ်အပျက်ကလည်း မြန်ဆန်လွန်းရာ မည်သူမျှ စိတ်ကျေနပ်မှု ရလိုက်ပုံမရ။ လူသစ်များသည် ပြင်းထန်သောတိုက်ပွဲကို မြင်တွေ့လိုနေသူများဖြစ်သည်။ တဖန် အင်အားသုံးခြင်းနှင့် လှည့်ကွက်ဟူသည် များစွာကွာခြား၏။ အင်အားသုံးတိုက်ခိုက်ကြသော တိုက်ပွဲသည်သာ လူအများကို စိတ်ကျေနပ်စေနိင်သည် မဟုတ်ပါလား။ ဤနေရာတွင် စုဝေးနေကြသော လူများအားလုံးသည် ထိုတိုက်ပွဲမျိုးကိုငံ့လင်နေသူများ ဖြစ်ကြ၏။

"အင်း....ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာတော့ တယောက်ယောက်ကို သတ်ရတော့မယ်နဲ့တူတယ်"

အတွေးနှင့်အတူ စုချန်းက သက်ပြင်းကျိတ်၍ ချလိုက်မိသည်။ ထို့နောက် သူက ပြောလိုက်သည်။

"ကောင်းပြီလေ ဒီလိုဆိုတော့ သူ့ကို ခင်ဗျားပဲ ယူလိုက်ပေတော့"

စကားအဆုံးတွင် ဝံပုလွေဓား၏ ကိုယ်ခန္ဓာသည် အမျိုးသမီးပိုင်ဆီသို့ ဝုန်းခနဲ ပျံသန်းသွား၏။ စုချန်းက ခြေထောက်နှင့် ကန်ထည့်လိုက်ခြင်းပင်။

"ခစ် ခစ် ခစ် ဒီလိုဆိုရင်တော့ သိပ်ကောင်းတာပေါ့"

အမျိုးသမီးပိုင်သည် တခစ်ခစ် ရယ်မောကာ လေထဲတွင် ပျံသန်းလာသော ဝံပုလွေဓား၏ ကိုယ်ခန္ဓာကို ဖမ်းထိန်းရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် လင်ဖြစ်သူ ပိုင်ဖန်း၏ ကြောက်လန့်တကြား သတိပေးသံ ထွက်ပေါ်လာတော့သည်။

"မိန်းမ သတိထား"

အမျိုးသမီးပိုင် တုန်လှုပ်သွား၏။ သူမမြင်တွေ့လိုက်ရသောအရာမှာ ဝံပုလွေဓား၏ ရင်ဘတ်ရှေ့မှ ထွက်ပေါ်လာသော မျက်စေ့ကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပသည့် ဓားရောင်တချက်။ ထိုအလင်းရောင်သည် လမင်း၏ အလင်းရောင်ကဲ့သို့ ဖြူဖွေးတောက်ပေနေ၏။ အန္တရာယ်များလှသည့်အခြေအနေသို့ ရောက်နေသည့်တိုင် အမျိုးသမီးပီပီ "လှလိုက်တာ"ဟု သူမတွေးတောနေဆဲဖြစ်သည်။

All Chapters