မက်လုံးပေး၍ ဆွဲဆောင်ခြင်း
Vol. 6 Ch. 56
အသံနှင့်အတူ လူတယောက်ၤ ဆိုင်အတွင်းသို့ လမ်းလျှောက်ဝင်လာ၏။ ထိုသူသည် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ထား၏။ ထိုသူ၏ အမူအရာမှာ အိမ်နီးနားချင်းတယောက်၏ အိမ်ကို အလည်အပတ်လာသကဲ့သို့ တည်ငြိမ်အေးဆေးလှပြီး မျက်နှာမှာလည်း ပြုံးရွှင်နေ၏။ သို့သော် ထိုသူ၏ မျက်လုံးများမှာကား မသိမသာ နီရဲနေလေသည်။
ထိုသူ၏ အမူအရာမှာ အလွန် ဖော်ရွေဟန်ရှိ၏။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ၊ ဆိုင်အတွင်းရှိလူများသည် ထိုသူဝင်လာသည်နှင့် နောက်တကြိမ် ပြန်လည် တိတ်ဆိတ်သွားပြီး တိုးညှင်းသော အာမေဋိတ်သံများသာ ထွက်ပေါ်လာကြကုန်၏။
"ဆရာချန်းပါလား"
"ဟာ စီနီယာချန်းပဲ"
"ချန်းယိ ကိုယ်တိုင် ရောက်လာပါလား"
အူတူတူအတတနိုင်ဟန်ရှိသော လူတယောက်က ထိုသူ၏ အမည်ကို တိုက်ရိုက်ခေါ်ဝေါ်လိုက်ရာ ဘေးမှလူတယောက်က ကမန်းကတန်းနှင့် ပါးစပ်ကို လှမ်းပိတ်လိုက်၏။
ဟိတ်ကြီးဟန်ကြီးနှင့် ဝင်လာသူမှာ အခြားသူမဟုတ်။ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် အင်အားအကောင်းဆုံး ချီစွမ်းအားပညာရှင်သုံဦးအနက်မှ တဦးဖြစ်သည့် အနီရောင်နတ်ဆိုးမြား ချန်းယိပင် ဖြစ်လေတော့သတည်း။
မိုးပြာရောင်ဝတ်စုံကို စာပေသမားတဦးပုံစံ ဝတ်ဆင်ထားသော ချန်းယိသည် စုချန်းရှေ့တွင် ပြုံးလျက် မတ်တပ်ရပ်နေ၏။ ချန်းယိကိုကြည့်ရင်း စုချန်း အနည်းငယ်တော့ တုန်လှုပ်သွားသည်မှာ အမှန်ပင်။ အကြောင်းမှာ သွေးဆူပွက်ခြင်းနယ်ပယ်သို့ရောက်ရှိနေသော ချီစွမ်းအားပညာရှင်နှင့် ချီစုဆောင်းခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တို့အကြားဝယ် အလွန်ကြီးမားသော နယ်ပယ်ကြီးတခုလုံး ခြားနားနေသောကြောင့်ပင်။ ထို့ကြောင့် ပျော်ရွှင်ခြင်းချောက်နယ်အတွင်းဝယ် အနီရောင်နတ်ဆိုးမြားကဲ့သို့သော လူစားမျိုးသည် တည်ရှိမှုအရ အမြင့်ဆုံးသော အနေအထားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်၏။
သူသည်လည်း စုချန်း၏ ဗျစ်ရည်ဆိုင်ကို မျက်စပစ်နေခဲ့လေပြီလော။ သို့တည်းမဟုတ် ကောင်းကင်ဝံပုလွေဓားတခုတည်းကိုသာ စိတ်ဝင်စားခြင်းပေလော။ သို့တည်းမဟုတ် တမင်သက်သက် သွေးတိုးစမ်းနေခြင်းပေလော။
ထိုမေးခွန်းများ၏ အဖြေကို ချန်းယိကိုယ်တိုင်မှလွဲ၍ စုချန်းအပါအဝင် မည်သူမျှ မသိနိုင်။ သို့သော် စုချန်းသည် ချန်းယိ၏ အကြည့်ကို ရဲရဲတင်းတင်းပင် တုံ့ပြန်လိုက်သည်။
"ဒါ ရောင်းဖို့မဟုတ်ဘူးဗျ"
စုချန်း၏ အဖြေကြောင့် စိတ်ဝင်တစား ကြည့်ရှုနေကြသော ဧည့်သည်များအားလုံး သက်မောချလိုက်မိသည်။ နတ်ဆိုးမျက်နှာသည် မည်သို့သော လူစားမျိုးပေနည်း။ အနီရောင်နတ်ဆိုးမြားကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ဤကဲ့သို့ ပမာမခန့် အမူအရာနှင့် ငြင်းပယ်ရဲလေသလော။ ငြင်းပယ်ရန်အတွက်လည်း အနည်းငယ်မျှပင် တွေဝေပြီး စဉ်းစားလိုက်ဟန်မပေါ်။ ဆိုးခနဲဆတ်ခနဲပင် ငြင်းပယ်လိုက်ခြင် ဖြစ်သည်။
ချန်းယိကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားဟန်ပေါ်၏။ သူက မေးလိုက်သည်။
"မင်းက တမျိုးပါလား တန်ရာတန်ကြေး ဘယ်လောက်လဲဆိုတာကိုတောင်မမေးပဲ တခါတည်း တန်းငြင်းတော့တာကိုး
စုချန်းက မတုန်မလှုပ်ကျောက်ရုပ်ဟူသော မျက်နှာပေးမျိုး လုပ်ထား၏။ ထို့နောက် သူက ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲကို ဆွဲထုတ်ရင်း ပြောလိုက်သည်။
"ခင်ဗျားပေးတဲ့ဈေးနှုန်းကို ကျုပ်သဘောမကျဘူးဗျ"
အဆင့်ကိုး မူလကိရိယာများဟူသည် ရှာဖွေတွေ့ရှိရန် ခဲယဉ်းသလို တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်၏။ အကယ်၍ ချန်းယိပေးသည့် ဈေးနှုန်းကသာ သင့်တင်လျောက်ပတ်နေခဲ့လျင် ကာယကံရှင် ဝံပုလွေဓားကိုတိုင် သူ့ဓားကို ချန်းယိထံ ရောင်းချပြီး ဖြစ်ပေလိမ့်မည်။ စုချန်းအနေနှင့် မည်သည့်ဓားမျှပင် ရရှိလိမ့်မည်မဟုတ်။ ထို့ကြောင့် ပြသနာ၏ အကြောင်းရင်းမှာ ဓား၏ တန်ဖိုးမဟုတ်။ ချန်းယိအနေနှင့် သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက် ပေးသင့်ပေးထိုက်သော ဈေးနှုန်းကို မပေးခဲ့၍သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စုချန်းက ရှည်ရှည်ဝေးဝေး မပြောလိုတော့၍ ဤဓားသည် ရောင်းရန်မဟုတ်ဟု ပါတောပိတ်ပြောလိုက်ခြင်း ဖြစ်သည်။
ချန်းယိက ရယ်သွမ်းသွေးလိုက်သည်။
"ဟဲ ဟဲ ဟဲ ဒါကို ဝယ်ဖို့ ငါသေတဲ့အထိ ကြိုးစားသွားမယ်ဆိုရင်ကောကွာ"
စုချန်းထံမှ ကြောက်ရွံ့ခြင်းကင်းမဲ့သော တုံ့ပြန်သံ ပေါ်လာ၏။
"ကျုပ်ကလည်းသေတဲ့အထိ ရောင်းမှာမဟုတ်ဘူး ဒီတော့ ခင်ဗျားအနေနဲ့ ဒီဓားကို ပိုင်ဆိုင်ချင်ရင် ကျုပ်ကို သတ်နိုင်အောင် ကြိုးစားရလိမ့်မယ်"
စုချန်း၏ ရဲရဲတောက် စိမ်ခေါ်စကားကြောင့် လူတိုင်းလိုလို မှင်သက်ကုန်ကြ၏။ အံ့သြကုန်ကြ၏။ ကြက်သေသေကုန်ကြ၏။ ထိုသူတို့၏ အံ့သြထိတ်လန့်မှုကို အပြစ်တော့မဆိုသာ။ အကြောင်းမှာ စုချန်း စိန်ခေါ်နေသောသူသည် သွေးဆူပွက်ခြင်းနယ်ပယ်အထိ ရောက်ရှိပြီးသော ချီစွမ်းအားပညာရှင်ဖြစ်သည်။ ဤလုပ်ရပ်သည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သည်နှင့် အတူတူသာဖြစ်ကြောင်း လူတိုင်း နားလည်သဘောပေါက်ထားကြ၏။
စုချန်း၏စကားကြောင့် ချန်းယိ အနည်းငယ်မျှ ဒေါသမထွက်။ သူသည် စုချန်းလက်ထဲရှိ ပစ္စည်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထိုပစ္စည်းသည် မည်သည့်အရာမှန်း သူ ဂဃနဏ မသိ။ သို့သော် အသက်လုပွဲပေါင်းများစွာကို ရင်ဆိုင်လာခဲ့သူပီပီ အန္တရာယ်အငွေ့အသက်များကိုမူကား အလိုအလျောက် ရရှိနေ၏။ သူက ပြောလိုက်သည်။
"ကြည့်ရတာ မင်းမှာ ကျုပ်ကိုနိုင်ဖို့ သိပ်ကိုယုံကြည်မှု ရှိနေပုံပဲ"
စုချန်းက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး ကျုပ်မှာ ခင်ဗျားကို နိုင်ဖို့ ဘာအခွင့်အရေးမှ မရှိသလို ယုံကြည်မှုလည်း မရှိပါဘူး ဒီတိုက်ပွဲမှာ ကျုပ်သေကောင်း သေသွားနိုင်တယ် ဒါပေမဲ့ မသေခင်မှာ ခင်ဗျားကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်မဲ့အပြင် ကံကောင်းထောက်မရင် ထွက်ပြေးနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်ထားတယ် သေချာတာကတော့ ကျုပ်ဟာ ဘယ်တော့မှ အလွယ်တကူ အရှုံးပေးတတ်တဲ့ လူစားမျိုး မဟုတ်ဘူးဗျ"
ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲ၊ ဝိညာဏ်မျက်လုံးတို့အပြင် တိမ်တိုက်ခြေလှမ်းဖိနပ်နှင့် မြူခိုးကြားမှမြွေခြေလှမ်းကွက်တို့မှ ရရှိသော အလျင်နှုန်းထားတို့ကို ထည့်သွင်းတွက်ချက်လျင် စုချန်းအနေနှင့် အတော်လေး ပြောင်းလွယ်ပြင်လွယ် တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရန်သူကို ရုပ်ပျက်ဆင်းပျက် မရှုံးနိမ့်အောင်တော့ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု စုချန်းက ယူဆထား၏။ ထို့ပြင် မီးလျံလက်နက် အဝေးပစ်လက်နက်ကိုပါ ထည့်သွင်းတွက်ချက်လျင် သူ၏ အနိုင်ရနိုင်ချေမှာ ပို၍ များလာခဲ့ပြီဖြစ်သည်။
ရန်သူကို အတော်အတန် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု စုချန်း ယုံကြည်ထားသော်လည်း တိုက်ပွဲ၏ ရလဒ်ကိုကား သူ့အနေနှင့် မည်သို့မျှ မမျှော်မှန်းတတ်။ သူ့တိုက်ခိုက်မှုသည် ရန်သူကို ထိမှန်လိမ့်မည်ဟု ယုံကြည်သော်လည်း ရန်သူကလည်း မိမိ တိုက်ခိုက်မှုကို မူလစွမ်းရည် အသုံးပြု၍သော်လည်းကောင်း၊ နီလာခရမ်းဝတ်စုံကဲ့သို့ မူလကိရိယာမျိုး အသုံးပြု၍သော်လည်းကောင်း ခုခံကာကွယ်နိုင်သေး၏။ နောက်ထပ်ဖြစ်နိုင်ချေတခုမှာ မိမိ၏ တိုက်ခိုက်မှုကို ရန်သူက ခုခံကာကွယ်ခဲ့လျင် အနက်ရောင်မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းသည် ရန်သူကို ဒဏ်ရာအသေးအမွှားမျှသာ ဖြစ်ပေါ်စေလိမ့်မည်။ ရန်သူသည် မည်သည့်နည်းနှင့်ဖြစ်စေ ခုခံကာကွယ်မည်သာ။ ထို့ကြောင့် မိမိ၏ တိုက်ခိုက်မှုသည် အခြေခံအားဖြင့် ရန်သူအား သေစေရန်မှာကား မည်သို့မျှမဖြစ်နိုင်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ တဖက်လူသည်လည်း ထိခိုက်မှုတစုံတရာတော့ ရှိလိမ့်မည်သာ။ ဤမျှဆိုလျင် လုံလောက်ပေပြီ။ သူယုံကြည်ထားသည်မှာကား ရန်သူသည် မိမိအား မည်သို့မျှ မီးကုန်ယန်းကုန် တိုက်ခိုက်လိမ့်မည်မဟုတ်။ အကြောင်းမှာ အင်အားကြီးမားသောသူများသည် ပို၍ ဂုဏ်မောက်တတ်သောကြောင့်ပင်။
ချန်းယိ၏ တိုက်ခိုက်မှုကြောင့် စုချန်း အလူးအလဲ ခံစားရပြီး ဒဏ်ရာရရှိခဲ့လျင် ထိုရလဒ်ကို မည်သူမျှ အထင်ကြီးလိမ့်မည်မဟုတ်။ ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ မြင်ကြပေလိမ့်မည်။ အင်အားကြီးမားသူတို့တွင် ကိုယ်ပိုင်ပြိုင်ဘက်များ ရှိကြ၏။ အကယ်၍ စုချန်း၏ တိုက်ခိုက်မှုကြောင့် ချန်းယိသာ ဒဏ်ရာရခဲ့လျင် အလွန်ရှက်ဖွယ်ရာ ကောင်းပေလိမ့်မည်။ တနည်းအားဖြင့် ထိုကိစ္စသည် ရန်သူကို အခွင့်အရေး ပေးသော သဘောသာဖြစ်သည်။
တဖန် အင်အားကြီးသူများတွင် ကိုယ်ပိုင် လိုလားချက်ဟူ၍ သီးသန့်ရှိ၏။ ဗျစ်ရည်ဆိုင်၏ အမြတ်အစွန်းသည် သိပ်မနည်းလှသော်လည်း သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်အတွက်မူကား ထိုမျှလောက်နှင့် တဖက်လူကို အတင်းအကျပ် ချုပ်ကိုင်ပြီး လုယူရန်မူကား နိမ့်လွန်းနေသည်။ ၎င်းသည် ယန်ဖွင့်လှစ်ခြင်းကျွမ်းကျင်သူများ ငွေကြယ်သတ္တုတူးဖော်ရန် နိမ့်ကျလွန်းသည်ဟု ထင်မြင်ယူဆနေသည်နှင့် အလားသဏ္ဍန် တူညီ၏။
မတူညီသော အခြေအနေမျိုး ပိုင်ဆိုင်ထားကြသည့် ကွဲပြားခြားနားသော လူများသည် မတူညီသော လိုအပ်ချက်နှင့် ကွဲပြားခြားနားသည့် စဉ်းစားပုံမျိုး ရှိကြကုန်၏။
စုချန်းအနေနှင့် ချန်းယိတယောက် သူ့ကို ကြောက်ရွံအောင် လုပ်စရာမလို။ သူလုပ်ရန်လိုအပ်သည့် တခုတည်းသောအရာမှာ ချန်းယိ၏ စိတ်ထဲတွင် စုချန်း၏ ကိစ္စကို ဝင်ရှုပ်ခြင်းသည် သူ့အတွက် မျက်နှာပျက်စရာ၊ အရှက်စရာ၊ အကျိုးမရှိသော ကိစ္စတခုဖြစ်သည်ဟု ယူဆသွားစေရန်သာ ဖြစ်၏ ။ အထက်ပါ စိတ်ကူးစိတ်သန်းမျိုး သူ့ပြိုင်ဘက်ထံတွင် ပေါ်ပေါက်လာသည်နှင့် စုချန်းအတွက် တစုံတရာ ပြုလုပ်နိုင်ရန် အခွင့်အရေးမျိုး ပေါ်ပေါက်လာမည်ဖြစ်သည်။
စုချန်း၏စကားကြောင့် ချန်းယိတယောက် သေချာပေါက် စိတ်ဆိုးသွားလိမ့်မည်ဟု ထင်ရသည်။ သို့သော် ၎င်းက စိတ်မဆိုးသည့်အပြင် ဟားတိုက်ရယ်မောကာ ပြောလိုက်သည်။
"ဟား ဟား ဟား မင်းဟာ အတော်လေးသတ္တိကောင်းတဲ့ကောင်ပဲ နတ်ဆိုးမျက်နှာ မင်း ငါနဲ့အလုပ်တွဲလုပ်ဖို့ စိတ်မဝင်စားဘူးလားကွ ဟေ"
ချန်းယိ၏ စကားကြောင့် စကားဝိုင်း၏ ဦးတည်ချက်သည် တမျိုးတဖုံ ပြောင်းလဲသွားပြန်သည်။ သို့တိုင်အောင် စုချန်းက ခေါင်းခါလိုက်၏။
"ကျုပ်က တကိုယ်ရေတကာယသမားပါ တယောက်တည်း လွတ်လွတ်လပ်လပ်ပဲ အလုပ်လုပ်ချင်တယ် တခြား ဘယ်သူနှင့်မှ ပူးပေါင်းမလုပ်ချင်ဘူးဗျ"
"မင်းက တယ်လဲစိတ်လောတာကိုး သူများစကားကို လည်း ဆုံးအောင်နားထောင်စမ်းပါအုံး"
ထို့နောက် သူက မေးလိုက်သည်။
"ဥပမာကွာ..အလယ်အလတ် ဒါမှမဟုတ် ထိပ်တန်းအရည်အသွေးရှိတဲ့ စုပ်ယူခြင်းနည်းလမ်းမျိုးဆိုရင်ကော မင်း စိတ်မဝင်စားဘူးလား"
ချန်းယိ၏စကားကြောင့် လူတိုင်းလိုလို စုချန်းကို မနာလိုသောမျက်လုံးများနှင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။ စုပ်ယူခြင်းနည်းလမ်း၏ အရည်အသွေး မြင့်မားလေလေ ရရှိရန် ပိုမိုခက်ခဲလေလေပင် ဖြစ်သည်။ ချန်းယိ၏ လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် သူ့ထံတွင် အဆင့်မြင့် စုပ်ယူခြင်းနည်းလမ်း ပိုင်ဆိုင်ထားသည့် သဘောရှိနေသည် မဟုတ်ပါလား။
ချန်းယိတယောက် မည်သို့ပင် ဆွဲဆောင်နေစေကာမူ စုချန်းက ခေါင်းကိုသာ တွင်တွင်ခါယမ်းနေ၏။ ချန်းယိ ကမ်းလှမ်းနေသည့် စုပ်ယူခြင်းနည်းလမ်းမျိုးကို သူ ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သူသည် စုမျိုးနွယ်စု၏ ရတနာ၊ တန်ဖိုးရှိအရင်းအမြစ်များကိုပင် စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်၏။ ထိုသို့သော လူစားမျိုးသည် ယခုမှ စတွေ့သာ ချန်းယိ၏ လက်ဆောင်ကို အဘယ်မှာ တန်ဖိုးထားနိုင်အံ့နည်း။
စုချန်း၏ ငြင်းပယ်မှုကြောင့် ချန်းယိ စိတ်မဆိုးပါ။ သူက ခေါင်းကိုဆတ်ခနဲ ညိတ်ရင်းပြောလိုက်သည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ တခုတော့ရှိတယ် ဒီနေ့ မင်းပြောခဲ့တဲ့စကားတွေကို မမေ့စေနဲ့နော် ကောင်းကောင်း မှတ်ထားပါ နတ်ဆိုးမျက်နှာ"
စုချန်းက တလေးတစားနှင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။
"အစ်ကိုကြီးချန်းရဲ့ သင်ပြမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နတ်ဆိုးမျက်နှာ နားလည်သဘောပေါက်ပါပြီ"
အမှန်တော့ ချန်းယိ၏ ဆိုလိုရင်းကို စုချန်း နားလည်ပြီးဖြစ်သည်။ အမှန်တော့ ချန်းယိသည် လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားကို အနည်းငယ်မျှ စိတ်မဝင်စား။ သူစိတ်ဝင်စားသည်မှာ စုချန်းကိုသာ ဖြစ်သည်။ အစောပိုင်းတွင် ချန်းယိသည် စုချန်း၏ ပြသနာ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်ခဲ့၏။
စုချန်းတယောက် အမှန်တကယ် သတ္တိကောင်းသူမှန်း သိလိုက်ရသောအခါ သူက စုချန်းကို သူ့ဖက်သို့ပါအောင် ဆွဲဆောင်သိမ်းသွင်းကြည့်၏။ သို့သော် စုချန်းသည် ထိပ်တန်းစုပ်ယူခြင်းနည်းလမ်းကိုပင် စိတ်ဝင်စားပုံမရပဲ အလွယ်တကူ ငြင်းပယ်လိုက်ခြင်းသည် သူ့တွင် ကျောထာက်နောက်ခံပြုစရာရှိနေမှန်း သိသာသွားစေ၏။ ထို့ကြောင့် ချန်းယိသည် စုချန်းအား ဆွဲဆောင်သိမ်းသွင်းရန် အကြံအစည်ကို လက်လျှော့လိုက်ခြင်း ဖြစ်သည်။
သို့တိုင်အောင် ချန်းယိသည် သူမထွက်ခွာမီ စုချန်း ကနဦးပြောခဲ့သည့် တကိုယ်ရေတကာယသမားဟူသော စကားလုံးကို ရည်ရွယ်ပြီး သတိပေးခဲ့သေး၏။ ၎င်းသတိပေးစကား၏ အဓိပ္ပါယ်မှာ စုချန်းအနေနှင့် နောင်တချိန်တွင် တစုံတယောက်၏ နောက်လိုက်ဖြစ်ရန် အကြောင်းဖန်လာခဲ့လျင့် ချန်းယိက လက်ဦးမှုရစေရန် ကြိုးစားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤနေရာတွင် တစုံတယောက်ဟူသည်မှာ ချန်းယိနှင့် အဆင့်တူ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ အခြား ချီစွမ်းအားပညာရှင်များကို ဆိုလို၏။
ချန်းယိ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်တော့မှ စုချန်းတယောက် အသက်ကိုဝအောင် ရှုမိတော့သည်။ သူ့လက်ထဲရှိ ဝိညာဏ်ဆက်ကြောင်းမှော်ပုလဲကား ချွေးများဖြင့် ရွှဲနစ်လျက်ရှိလေ၏။ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်နှင့် နဖူးတွေ့ဒူးတွေ့ အငြင်းအခုန် ပြုလုပ်ရသည့် ဖိအားကား အမှန်တကယ်ပင် ကြီးမားလှချေသည်တကား။ မည်သို့ဆိုစေ စုချန်းကား ဤအခက်အခဲကို ကျော်လွှားနိုင်ခဲ့ချေပြီ။
ချန်းယိ ထွက်ခွာသွားသည်နှင့် လူတိုင်းလိုလိုသည် စုချန်းအား လူထူးလူဆန်းတယောက်သဖွယ် ငေးမောကြည့်ရှုနေကြလေသည်။ နတ်ဆိုးမျက်နှာသည် မည်သူနည်း။ ဤပုဂ္ဂိုလ်သည် သူ့ကဲ့သို့ ချီစွမ်းအားပညာရှင်ငါးယောက်ကို အချိန်တိုအတွင်း ရှင်းပစ်နိုင်သည့် ချန်းယိကဲ့သို့ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချိစွမ်းအားပညာရှင်တယောက်၏ ရှေ့မှာပင် အကြောက်အလန့်မရှိ ခံပက်ရဲ၏။ တယ်လဲခေါင်းမာလှသော လူထူးလူဆန်းပေတကား။ ဤပုဂ္ဂိုလ်သည် အနိုင်ရရှိရန်အတွက်ဆိုလျင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကိုသာမက ခိုးကြောင်ခိုးဝှက် အဆိပ်ခတ်သော နည်းလမ်းမျိုးပါမကျန် မည်သည့်နည်းလမ်းကိုမဆို လက်မတွံ့ပဲ အသုံးပြုရဲပုံရသည်။ ဤကဲ့သို့ ခေါင်းမာပြီး ရက်စကကြမ်းကြုတ်လှသော ပုဂ္ဂိုလ်မျိုးနှင့် မျက်နှာချင်းဆိုင် တွေ့ရသောအခါ အကောင်းဆုံးသောနည်းလမ်းမှာ သူတို့ကို ရန်မစရန်သာ ဖြစ်လေတော့သည်တကား။
_____________×××_________________×××___________
သူတပါးကို ကြောက်လန့်စေရန် အကောင်းဆုံးသော နည်းလမ်းမှာ မိမိသည် အလွန်လက်ရဲဇက်ရဲနိုင်သူဖြစ်ကြောင်း၊ သွေးဆာနေသူဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ ကြယ်ခူးဆွတ်သူဗျစ်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လူတိုင်းလိုလိုသည် စုချန်း၏ စီးပွားရေးလပ်ငန်းများကို လက်ဝါးကြီးအုပ်ရန်အကြံကို စွန့်လွှတ်လိုက်ကြ၏။
ထိုနေ့မှစ၍ စုချန်း၏ စီးပွားရေးလုပ်ငန်းသည် ပို၍ တည်ငြိမ်လာ၏။ စုချန်း ဆိုင်တွင်မရှိသည့်အချိန်မျိုး၌ပင် မည်သည့် ပြသနာမျိုးမှ ပေါ်ပေါက်လာခြင်း မရှိတော့။ ထို့ကြောင့် စုချန်းအတွက် အချိန်ပို၍ရလာ၏။ ယခင်ကထက်ပို၍ ကုန်ပစ္စည်းများ စုဆောင်းနိုင်စွမ်း ရှိလာ၏။
သားရဲသတ္တဝါဆိုးများကို အမဲလိုက်လိုက်၊ လေကျင့်လိုက်နှင့် တလခန့်အကြာ စုချန်းသည် မူလစွမ်းရည်ကို အသုံးပြုရာတွင် ပို၍ ကျွမ်းကျင်မှုရှိလာ၏။ သူ၏ ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းနယ်ပယ်သည်လည်း ချီစုဆောင်းခြင်းနယ်ပယ် ဒုတိယအလွှာအတွင်းသို့ တရားဝင် ဝင်ရောက်နိုင်ခဲ့၏။ ကြယ်ပွင့်အနေနှင့်လည်း အဝါရောင်ကြယ် ဆယ့်ခုနှစ်လုံးမှ နှစ်ဆယ်သုံးလုံးအထိ တိုးမြှင့်နိုင်ခဲ့လေသည်။ အဆိုပါ တိုးတက်မှုနှုန်းသည် ယခင်လကထက် အဆပေါင်းများစွာ လျင်မြန်လာသည်ဟု ဆိုရမည်။ အကြောင်းမှာ သူ့ခွန်အား တိုးပွားလာလေလေ ပျော်ရွှင်ခြင်းချောက်နက်ပတ်ပတ်လည်ရှိ သားရဲသတ္တဝါဆိုးများကို ပို၍ သတ်ဖြတ်နိုင်ခဲ့သောကြောင့်ပင်။
သို့သော်ငြားလည်း အဆိုပါ အကျိုးကျေးဇူးများ အကုန်လုံး ထည့်ပေါင်းလျင်ပင် စုချန်း၏ ချမ်းသာကြွယ်ဝလာမှုကို မမှီသေးချေ။ တလခန့်သော အချိန်လေးအတွင်းဝယ် စုချန်းသည် မူလကျောက်တုံး နှစ်သောင်းအထိ စုဆောင်းနိုင်ခဲ့၏။ ထိုအထဲတွင် ဝံပုလွေဓားနှင့် အခြားလေးယောက်၏ လက်ဆောင်များ မပါသေး။ ဝံပုလွေဓားနှင့် သူ့ညီအစ်ကိုများသည် စုချန်းကို ငွေကြယ်သတ္တု ဆယ့်နှစ်ကီလို၊ မူလကျောက်တုံးလေးရာ၊ အဆင့်ကိုး မူလကိရိယာတမျိုးနှင့် သန့်စင်ထားသော ဓားနှစ်လက်ကို လက်ဆောင်ပေးခဲ့၏။
အဆိုပါ သန့်စင်ထားသော ဓားနှစ်လက်သည် မူလကိရိယာများ မဟုတ်သော်လည်း သာမာန်ဓားများထဲတွင်တော့ ကောင်းပေ့ဟု တင်စားရမည့် ဓားများဖြစ်သည်။ ထိုမျှသာမကသေး အလွန်ရှားပါးသော အားဖြည့်ဆေးဘက်ဝင် အပင်တမျိုးဖြစ်သည့် မသေသောမြက်ပင်ဟူသော အပင်တမျိုးကိုလည်း စုချန်း ရရှိလိုက်၏။ ထိုဆေးပင်ကိုကား ကျောက်စိမ်းသေတ္တာအတွင်းဝယ် သိမ်းဆည်းထားလေသည်။
ပိုင်မောင်နှံမှာလည်း အတော်ပင် ချမ်းသာလှ၏။ စုချန်းသည် ထိုလင်မယားထံမှ ငွေကြယ်သတ္တု ရှစ်ကီလိုနှင့် မူလကျောက်တုံး ရှစ်ရာအထိ သပိတ်ဝင်အိတ်ဝင် ရရှိလိုက်သည်။ ထိုပစ္စည်းများအပြင် အပိုဆောင်းအနေနှင့် မိုးကြိုးဓားဟု လူအများခေါ်ဆိုကြသည့် ဓားစွမ်းရည်တမျိုးကို သိုမှီးထားသော မူလစွမ်းရည်ပုလဲတမျိုးကိုပါ စုချန်းက ရရှိလိုက်သေး၏။ မျိုးနွယ်စုများအတွင်း တူညီသော စွမ်းရည်များကို လွှဲပြောင်းရန် အသုံးပြုလေ့ရှိသည့် မူလစွမ်းရည် ပုလဲလုံးများအပြင် အခြား မူလစွမ်းရည်ပုလဲလုံးများသည် တခါသုံးသာဖြစ်သည်။
ပိုင်မောင်နှံထံမှ စုချန်း ရရှိလိုက်သောပုလဲသည် ထိုကဲ့သို့သော ပုလဲမျိုး ဖြစ်ပုံရသည်။ ထိုလင်မယားနှစ်ယောက်လုံးသည် ဓားသမားများ ဖြစ်ကြ၍ ပုလဲကို လက်တွေ့ အသုံးချရန် လိုအပ်ခဲ့ပုံမရ။ သို့သော် စုချန်းကတော့ ပုလဲ၏ စွမ်းရည်ကို ကျကျနနပင် လေ့လာခဲ့၏။
မိုးကြိုးဓား၏ အင်အားမှာ သိပ်မပြင်းထန်လှသလို ၎င်း၏ ဖျက်ဆီးနိုင်စွမ်းကလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ သို့သော် မိုးကြိုးဓား၏ အားသာချက်တခုမှာ အလွန် ပြောင်းလွယ်ပြင်လွယ်ရှိပြီး အနီးရော အဝေးပါ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ၎င်းကို ဓားအဖြစ် အသုံးပြုနိုင်သလို အနီးကပ် ပစ်လွှတ်နိုင်သောဓားမြှောင်အဖြစ်သာမက အဝေးရှိပစ်မှတ်များကို ထိရောက်စွာပစ်ခတ်နိုင်သော ဓားမြှောင်အဖြစ်လည်း အသုံးပြုနိုင်၏။
ထို့ပြင် သုံးစွဲရာတွင်လည်း စွမ်းအင် အထူးတလည် မကုန်ခန်းလှ။ တခါတရံတွင် လိုအပ်သလို အင်အားတိုးမြှင့်ကာ ပစ်လွှတ်၍ ရသေး၏။ ထို့ကြောင့် မိုးကြိုးဓားသည် ပစ်လွှတ်မှု တခုချင်းစီအရ အင်အားမကြီးလှသောလည်း ကြီးမားသော တိုက်ပွဲများတွင်ကား အထူးပင် အသုံးဝင်လာနိုင်ဖွယ်ရှိသည်။ တနည်းအားဖြင့် ဤပစ္စည်းသည် လက်ရှိခေတ် မူလစွမ်းရည်ကို အထူးတလည် ဖော်ကျူးနိုင်သည့် ပစ္စည်းမျိုးဟု တင်စားရပေလိမ့်မည်။
ကောင်းကင်ဝံပုလွေဓားအပါအဝင် ရရှိလိုက်သော အကျိုးအမြတ်များသည် စုချန်းတယောက် ဆိုင်တွင် တလခန့် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်နှင့် ညီမျှ၏။ ဆိုင်တွင် တလခန့် အလုပ်လုပ်သည်ဆိုရာဝယ် သာမာန်အချိန်မျိုးမဟုတ်။ ဈေးကွက်တခုလုံးကို စုချန်းတယောက်တည်း လက်ဝါးကြီးအုပ်ထားသည့် အချိန်မျိုးကို ဆိုလိုသည်။ ထို့ကြောင့် အများသူငှာ ပြောဆိုနေကြသလို လူသတ်ခြင်းသည် အမြန်ဆုံး ချမ်းသာရန် နည်းလမ်းဖြစ်သည်ဟူသော စကားမှာ မမှား။ အတိုင်းမသိ အကျိုးအမြတ် များလှသည် မဟုတ်ပါလား။ သို့သော် ထိုသို့ပြုလုပ်ရန် အကြီးမားဆုံး လိုအပ်ချက်တခု ရှိနေသေး၏။ ထိုလိုအပ်ချက်မှာ အခြားမဟုတ်။ သူတပါးကို သတ်ဖြတ်ရန် ကြိုးစားရင်း မိမိအသက် ပါမသွားစေရန်ပင် ဖြစ်သည်။
သို့သော် ထိုနည်းလမ်းသည် စုချန်း ရွေးချယ်ထားသော နည်းလမ်းမဟုတ်။ သူ စုဆောင်းထားသည့် မူလကျောက်တုံးအများစုမှာ ငွေကြယ်သတ္တုများ လှဲလှယ်ရာမှ ရရှိလာခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုသတ္တုများကို တန်ရာတန်ကြေးထက် တဝက်ခန့်ဈေးချပြီး ဝယ်ယူလျင်ပင် သူ့အတွက် နှစ်ဆခန့် မြတ်ပြီးဖြစ်သည်။ ဤတွက်ချက်ပုံအရ တလလျင် သူ့အတွက် မူလကျောက်တုံး သုံးသောင်းခန့် မြတ်စွန်းပေလိမ့်မည်။
အခြားသူများအား သတ်ဖြတ်ခြင်းဖြင့် ရရှိနိုင်သော အမြတ်အစွမ်းများကို ဖယ်ပြီးသကာလ နှစ်သောင်းများသော မူလကျောက်တုံးပမာဏသည်ပင် မရေတွက်နိုင်လောက်သော လူပေါင်းများစွာ၏ စိတ်နှလုံးကို လှုပ်ရှားစေရန် လုံလောက်၏။ ထို့ကြောင့် စုချန်း ရရှိနေသော အကျိုးအမြတ်များကို လက်ရှိအချိန်တွင် မည်သူမျှ အတင်းအဓမ္မ မလုယူသေးဟုဆိုသော်လည်း နောက်တချိန်တွင် ရှိမလာဟု မည်သူမျှ မပြောနိုင်။ လူဆိုသည်မှာ လောဘသားကောင်များပင် ဖြစ်ကြသည် မဟုတ်ပါလား။